ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သင်္ကန်းအစ ကြာပန်းက

သင်္ကန်းအစ ကြာပန်းက

                   “သင်္ကန်းဆိုတာ မအပ်တဲ့ဆိုးရည်၊ မအပ်တဲ့အရောင်များကို ပယ်စွန့်ပြီး အပ်တဲ့ဆိုးရည်၊ အပ်တဲ့အရောင်များဖြင့် ဆိုးထားတဲ့အတွက် ‘ကသာဝေန ရတ္ထံ ကာသာဝံ’ လို့ ပါဠိလို ခေါ်ရတယ်၊ ကာသာဝ, ကာသာယ, စီဝရ အမည်ရတဲ့ သည်သင်္ကန်းဟာ ဘယ်ကစခဲ့သလဲဆိုရင် ‘သင်္ကန်းအစ ကြာပန်းက’ လို့ ဆိုရလိမ့်မယ် ကွယ့်”

                   “ဘယ်အတွက်ကြောင့်တုန်း ဘုရား”

                        “ကမ္ဘာ့နိမိတ်ဖြစ်တဲ့ ကြာပန်းအတွင်း တန်ခိုးအားဖြင့် ဖြစ်ပေါ်လာတဲ့ သင်္ကန်းက စတင်ခဲ့တဲ့အတွက်ကြောင့် ပေါ့ကွယ်”

                   “ကြာပန်းအတွင်းက သင်္ကန်းဖြစ်ပေါ်လာတယ်ဆိုတဲ့ စကားဟာကျမ်းလာ စကားပဲလားဘုရား၊ တပည့်တော်က ပုံပြင်များလားလို့”

                   “ပုံပြင်မဟုတ်ပါဘူး၊ ကျမ်းလာစကားပါပဲ၊ သုတ်မဟာဝါ အဋ္ဌကထာ စာမျက်နှာ ၅၊ မဟာပဓာနသုတ်အဖွင့်မှာ ရှိပါတယ်”

                   “ဖွင့်ဆိုပုံနည်းနည်းလောက် နာချင်လိုက်တာဘုရား”

                   “သည်ကမ္ဘာကြီးတည်စက ကမ္ဘာမြေကြီးဟာ ရေပြင်ပေါ်တည်တဲ့ ကြာရွက်လို ရေပြင်ထက်မှာတည်နေသတဲ့၊ မဟာဗောဓိပလ္လင်တော်တည်ရာအရပ်ဟာ ကမ္ဘာပျက်စဉ်ကလည်း နောက်ဆုံးမှပျက်ပြီး တည်ပြန်တော့လည်း ရှေးဦးစွာတည်သတဲ့၊ ရှေးဦးစွာတည်တဲ့ ထိုမြေပြင်ထက်မှာ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကြာတစ်ရုံပေါက်သတဲ့၊ အကယ်၍ ယခုဖြစ်ပေါ်တဲ့ကမ္ဘာအတွင်း ဘုရားမပွင့်ဘူးဆိုလျှင် ကြာရုံက အပွင့်မပွင့်ဘူး၊ ဘုရားပွင့်မယ်ဆိုမှ ကြာရုံကပွင့်သတဲ့၊ နှစ်ဆူ, သုံးဆူ, လေးဆူ, ငါးဆူပွင့်မယ်ဆိုလျှင် အစဉ်အတိုင်း နှစ်ပွင့်၊ သုံးပွင့်၊ လေးပွင့်၊ ငါးပွင့်အထိပွင့်တယ်၊ အဲသည်ကြာပန်းတွေဟာလည်း အရိုးတစ်ခုတည်းမှာသာ ပန်းအချပ်ကဲ့သို့ ပွင့်ကြသတဲ့၊ အရိုးတစ်ခု အပွင့်တစ်ခုမဟုတ်ကြဘူးတဲ့၊ ပုဗ္ဗနိမိတ် ကြာပွင့်တဲ့အချိန်မှာ သုဒ္ဓါဝါသဗြဟ္မာများဟာ ကြာပွင့်ရာဌာနကို လာရောက်ကြည့်ရှုကြပြီး ကြာပွင့်တာမမြင်လျှင် လောကကြီးဟာ အမိုက်တိုက်သာဖြစ်လိမ့်မယ်၊ သေကုန်သောသတ္တဝါများဟာ အပါယ်ဘုံသို့ လားကြလိမ့်မယ်၊ နတ်ပြည်၊ ဗြဟ္မပြည်များဆိတ်သုန်းကြလိမ့်မယ်လို့ ညည်းတွားကြပြီး ကြာပွင့်ကိုမြင်တဲ့အခါ နှစ်သက်ဝမ်းမြောက်ကြသတဲ့၊ ပွင့်တဲ့ကြာရဲ့အတွင်းမှာလည်း ပွင့်တော်မူသောဘုရားရှင်များ သုံးဆောင်တော်မူဖို့ ပရိက္ခရာရှစ်ပါး တန်ခိုးအားဖြင့်ပါကြသတဲ့၊ သည်အကြောင်းကို သံဝရပျို့မှာ -

                   “ဝိဝဋ္ဋဝယ်၊ ဘဒ္ဒလက္ခဏာ၊ ပေါ်ဦးခါက၊ သင်္ချာအနေ၊ သိန်းကုဋေဟု၊ တွက်ရေစက္ကဝါ၊ မြေတကာ၏၊ အချာဓိပတိ၊ ဗောဓိရှေ့ပြင်၊ ပလ္လင်ရောက်ရာ၊ ရပ်ခန်းဝါထက်၊ ငါးဖြာခက်မ၊ ငုံပွပွ၌၊ ဘုရာ့ပရိက္ခရာ၊ လေးဆယ်ပါလျက်၊ ဗြဟ္မဦးညိတ်၊ ရွှင်သည့်စိတ်နှင့်၊ နိမိတ်ဆိုရာ၊ ငါးပွင့်ကြာတွင်လို့ စပ်ဆိုထားတယ်ကွယ့်”

                   “မှန်ပါ-ကြာပွင့်အတွင်း ပရိက္ခရာ ရှစ်ပါး ပါတယ်ဆိုပြီး သံဝရပျို့ကျတော့ ဘုရားပရိက္ခရာ လေးဆယ်ပါလျက် လို့ ဘယ့်အတွက်ကြောင့် စပ်ဆိုရတာလဲ ဘုရား”

                   “ယခုဘဒ္ဒကမ္ဘာက ဘုရားငါးဆူပွင့်မှာမို့ ပုဗ္ဗနိမိတ်ကြာကလည်း ငါးပွင့် ပွင့်သကိုးကွယ့်၊ တစ်ပွင့်တစ်ပွင့်မှာ ပရိက္ခရာရှစ်ပါးစီပါလေတော့ ကြာငါးပွင့်မှာ ပရိက္ခရာ ၄၀-ပါတော့တာပေါ့ကွယ်”

                   “ဟုတ်ပါပြီဘုရာ့၊ ဗြုန်းကနဲဆိုတော့ တပည့်တော် နားလျှံသွားမိတယ်၊ ဆက်ပြီး မိန့်တော်မူပါဦး”

                   “အဲသည် ကြာငါးပွင့်အတွင်းက ပရိက္ခရာများကို သုဒ္ဓါဝါသ ဗြဟ္မာများက ဗြဟ္မာပြည်ကို ဆောင်ယူသွားပြီး ဘုရားလောင်းများတောထွက်တော်မူကြတဲ့အခါ လာရောက်ဆက်ကက်ကြမြဲဖြစ်တယ်၊ သည်ကြာသင်္ကန်းအကြောင်းကို တို့ငယ်ငယ်က ပဟေဠိတေးထပ် ရေးစပ်ဖူးသေးတယ်ကွယ့်”

                   “အဲဒီ ပဟေဠိတေးထပ်လည်း မိန့်တော်မူပါဦ”

                   “ပဟေဠိတေးထပ်က သည်လိုကွယ့်”

ပဟေဠိတေးထပ်

လောကမှာ လျှမ်းဝေတင့်

ပန်းငွေပွင့် ငုံအာ၊

ဖြစ်အဦး ပျက်နောက်ရာဝယ်

ထွက်ပေါက်လာ ပေါ်ထွန်း၊

တစ်ရုံ၌ လင့်မကွာသည် . . .၊

ပွင့်ပဉ္စာ တိုး၍မစွန်း . . .။

ရံခါ၌ ပွင့်မမြင်

အသင့်ပင် ဉာဏ်ထွန်း၊

တစ်ပွင့်လျှင် ဆံဝန်းက

မှန်မယွန်း ရှစ်ဖြာ၊

ကိုးပုဂ္ဂိုလ် ဆွတ်မခူးသာဘူး

ထွက်အဖူး ပန်းမြတ်မာလာ . . .။

ချွေဆွတ်သူ မပန်သာတယ်

စံကွာသူ ပန်ထိုက်တဲ့၊

ဉာဏ်နှိုက်လို့ လေးကဝိပုဂ္ဂိုလ်

တွေးသိထုတ်ဆို . . .။

မေးလိုက်တဲ့ ပုဒ်အလိုကို

နှုတ်ချိုချို မိန့်ကြားပါ့လေး . . .။

                   “သည်တေးထပ်က ကြာသင်္ကန်းကို ဝှက်ဆိုထားတဲ့ ပဟေဠိတေးထပ်ပေါ့ကွယ်၊ သုဒ္ဓါဝါသဗြမဟ္မာမင်းဟာ သည်ကြာသင်္ကန်းကို ဗြဟ္မာ့ပြည်ဆောင်ယူထားပြီး သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတော့ နေရဉ္ဇရာမြစ်ကမ်းမှာ လာရောက် ဆပ်ကပ်တယ်မဟုတ်လား”

                   “မှန်ပါ ဘုရား”

                   “အလောင်းတော် သိဒ္ဓမင်းသားကတော့ သည်ကြာသင်္ကန်းနှင့်ပင် ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တယ်၊ ဒါကြောင့် ‘သင်္ကန်းအစ ကြာပန်းက’ လို့ ပြောခဲ့တာပေါ့ကွယ်”

                   “တင်ပ့ါ နားရှင်းပါပြီ ဘုရား”

                   “ပုဗ္ဗနိမိတ်ကြာပန်းအတွင်း ဓမ္မတာအတိုင်း ဖြစ်ပေါ်လာတဲ့ သင်္ကန်းဟာ လူလုပ်တာမဟုတ်တဲ့အတွက် ယခုသင်္ကန်းများလို အခန်းငယ်, အခန်းကြီးတွေပါသလား မပါဘူးလားဆိုတာကိုတော့ အသေအချာ မပြောနိုင်ဘူး၊ အလျားအနံဘယ်လောက်ရှိတယ်ဆိုတာလည်း မသိဘူးပေါ့၊ သို့သော်လည်း သည် ပုဗ္ဗနိမိတ်ကြာသင်္ကန်းဟာ  သင်္ကန်းသမိုင်းရဲ့ အဦးအစတော့ အမှန်ပဲပေါ့၊ ဘုရားအလောင်းတော်ဟာ သည်ကြာသင်္ကန်းကိုဝတ်ရုံပြီးတော့ ဘုရားအဖြစ်ကို ရောက်တော်မူတယ်၊ ဘုရားဖြစ်ပြီးတဲ့နောက် သာသနာတော်အတွင်းကို ပဉ္စဝဂ္ဂီငါးဦး ပထမဝင်ရောက်လာကြတယ်၊ အဲသည်နောက် နာလကထေရ်နှင့် ယသသူဌေးသား ဝင်ရောက်လာပြန်တယ်။

                   နောက်တစ်ခါ ယသသူဋ္ဌေးသားရဲ့ သူငယ်ချင်းဟောင်း ငါးကျိပ်လေးဦး တို့ ဝင်ရောက်လာကြပြန်တယ်၊ သည်ပုဂ္ဂိုလ်တွေအားလုံး ဧဟိဘိက္ခုရဟန်းတွေချည်းဖြစ်လို့ ထိုပုဂ္ဂိုလ်များဝတ်ရုံတဲ့ သင်္ကန်းဟာ လူလုပ်တာမဟုတ်တဲ့ ဣဒ္ဓိဇသင်္ကန်းတွေချည်းဖြစ်ကြတယ်ကွယ့်၊ အဲသည်နောက် ဘဒ္ဒဝဂ္ဂီနောင်ညီသုံးကျိပ်တို့နှင့် ရသေ့ညီနောင် ရှစ်ထောင်တို့ ရဟန်းဖြစ်ကြပြန်တယ်၊ သည်ပုဂ္ဂိုလ်တွေဟာလည်း ဧဟိဘ္ခိုတွေချည်းမို့ ကိုယ်တော်များသုံးဆောင်ကြတဲ့ သင်္ကန်းတွေဟာလည်း ဣဒ္ဓိဇသင်္ကန်းတွေချည်းဖြစ်ကြတယ်၊ သည်အချိန်တိုင်အောင် လူနတ်လှူဒါန်းတဲ့ သင်္ကန်းကို ဘုရားရှင် ခွင့်ပြုတော်မမူသေးတဲ့အတွက် ရဟန်းပြုလိုတဲ့ပုဂ္ဂိုလ်ဟာ ဣဒ္ဓိဇသင်္ကန်းကိုဖြစ်စေ၊ ဣဒ္ဓီဇသင်္ကန်ကိုမရခဲ့လျှင် ပံ့သကူသင်္ကန်းကိုဖြစ်စေ သုံးဆောင်ကြရတယ်၊ ကိုယ့်မှာ သင်္ကန်းသပိတ် ပရိက္ခရာရှီပြီးဖြစ်စေကာမူ ပံ့သကူသင်္ကန်းမဟုတ်ခဲ့လျှင် ဘုရားရှင် ခွင့်ပေးတော်မမူဘူးကွယ့်”

                   “ဆရာတော်အမိန့်ရှိမှ တပည့်တော် စဉ်းစားမိသွားတယ်ဘုရား”

                   “ဘာများ စဉ်းစားမိတာတုန်းကွယ့်”

                   “ပက္ကုသာတိ မင်းကြီးအကြောင်း စဉ်းစားမိတာပါ ဘုရား”

                   “ဘယ်လိုများစဉ်းစားမိတာတုန်း”

                   “ပက္ကုသာတိမင်းကြီးဟာ ဂန္တရတိုင်းကထွက်ကြွတော်မူလာစဉ်က သပိတ် သင်္ကန်းဖြင့် ရဟန်းအသွင်နှင့် ကြွတော်မူလာတယ်၊ ဘုရားရှင်နှင့်တွေ့လို့ ဓာတုဝိဘင်္ဂသုတ် ကြားနာတဲ့အခါ ပုထုဇဉ်ဘဝကလွတ်ပြီး အနာဂါမ်တည်တော်မူတယ်၊ သည်အခါ သာသနာတော်အတွင်း ရဟန်းပြုလိုတဲ့အတွက် ဘုရားရှင်ထံ ခွင့်တောင်းတော့ ဘုရားရှင်က ရှိရင်းသင်္ကန်း သပိတ်ပရိက္ခရာဖြင့် ရဟန်းခွင့်ပေးတော်မမူဘဲ ရဟန်းပြုလိုလျှင် သကိတ်သင်္ကန်းရှာချေလို့ ခိုင်းတော်မူလိုက်တယ်၊ ပက္ကုသာတိမင်းကြီးမှာ သပိတ်သင်္ကန်းရှိပြီး ဖြစ်ပါလျက်နှင့် ဘာကြောင့် ဘုရားရှင် သပိတ်သင်္ကန်းအရှာခိုင်းပါလိမ့်မလဲလို့  စိတ်ထဲမှာ သံသယရှိနေတာ ခုမှပဲ ရှင်းတော့တယ်ဘုရား၊ ဆက်ပြီးအမိန့်ရှိတော်မူပါဦး”

                   “ဒါကြောင့် ဘုရားရှင်ပွင့်တော်မူစက ရဟန်းမှန်လျှင် ဣဒ္ဓိဇသင်္ကန်းနှင့် ပံ့သကူသင်္ကန်းနှစ်မျိုးကိုသာ ဘုရားရှင်ခွင့်ပြုတော်မူခဲ့တယ်၊ အခြားသင်္ကန်းမျိုးကို ခွင့်ပြုတော်မမူဘူးကွယ့်၊ ဘယ်တော့မှ ဒါယကာလှူတဲ့သင်္ကန်း ခွင့်ပြုတော်မူသလဲဆိုတော့ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခါ ဆေးဆရာကြီး ဇီဝကရဲ့ လျှောက်ထားချက်ကြောင့် ဒါယကများကပ်လှူတဲ့ သင်္ကန်း အလှူခံစေလို့ ဘုရားရှင်ခွင့်ပြုတော်မူတယ်၊ သည်လိုခွင့်ပြုရာမှာလည်း-

                   “ရဟန်းတို့ - ဒါယကာတို့လှူသောသင်္ကန်းကို ငါခွင့်ပြု၏၊ ပံ့သကူ သင်္ကန်းဆောင်လိုသောရဟန်းလည်း ဆောင်လေ၊ ရဟန်းတို့ မည်သည့် သင်္ကန်းကို ဆောင်သည်ပင်ဖြစ်စေ သင်္ကန်းဖြင့်ရောင့်ရဲခြင်းကို ငါ ချီးမွမ်းတော်မူတယ်” 

လို့ မိန့်တော်မူတယ်၊ 

ဆိုလိုရင်းက ဘယ်သင်္ကန်းကိုဆောင်သည်ပင်ဖြစ်စေ သင်္ကန်းအပေါ်တက်မက်သော တဏှာကင်းမှုနှင့် ရသမျှ ရောင့်ရဲတင်းတိမ်မှုက အဓိကဖြစ်တယ်လို့ ဆိုလိုရင်းဖြစ်တယ်၊ ဘုရားရှင်က သင်္ကန်းလှူဒါန်းမှု ခွင့်ပြုတယ်ဆိုတော့ ဒါယကာ ဒါယိကာမများက သင်္ကန်းမျိုးစုံ ပေးလှူကြတယ်၊ သည်အခါမှာ ဘုရားရှင်က ခုံ, ပိုး, ဝိ, ဘန်, ကမ္ဗလံ ပိုက်ဆံချည်ခြောက်ပါးကို လို့ သံခိပ်စပ်ထားရတဲ့ သင်္ကန်းခြောက်ထည်ကို ခွင့်ပြုတော်မူတယ်”

                   “သံခိပ်ရဲ့ အဓိပ္ပာယ်ကိုလည်း နည်းနည်း မိန့်တော်မူပါဦး ဘုရား”   

                                                          သင်္ကန်းခြောက်မျိုး

                   “သံခိပ်ရဲ့ အဓိပ္ပာယ်က 

(၁) ခေါမသင်္ကန်း၊ 

(၂) ပိုးသင်္ကန်း၊ 

(၃) ဝါချည်သင်္ကန်း၊ 

(၄) ချည်ငါးပါးရောတဲ့သင်္ကန်း၊ 

(၅) ကမ္ဗလာသင်္ကန်း၊ 

(၆) ပိုက်ဆံချည်နှင့် ရက်တဲ့သင်္ကန်းများဖြစ်ကြတယ်၊ သည်သင်္ကန်းခြောက်မျိုးဟာ အခြေခံမူလသင်္ကန်းပဲကွယ့်”

                   “မူလမဟုတ်တဲ့ သင်္ကန်းရယ်လို့ ရှိသေးသလားဘုရား”

                   “မူလမဟုတ်တဲ့ အနုလောမသင်္ကန်းဆိုတာလည်း ရှိသေးတယ်၊ အနုလောမသင်္ကန်းခြောက်မျိုးကို ‘ဋုံ, သော, ဒု, စိ၊ ဒေ,ဣဒ္ဓိ၊ ခြောက်ထည်အနုပြား’ လို့ သံခိပ်စပ်ထားကြတယ်ကွယ့်၊ သံခိပ်ရဲ့အဓိပ္ပာယ်က (၁) ပဋ္ဋုဏ္ဏတိုင်းက ဖြစ်တဲ့သင်္ကန်း၊ (၂) ဒုကူလခေါ်တဲ့ ဘွဲ့ဖြူသင်္ကန်း၊ (၃) သောမာရတိုင်းကဖြစ်တဲ့သင်္ကန်း၊ (၄) စိန်တိုင်းက ဖြစ်တဲ့သင်္ကန်း၊ (၅) ဒေဝဒိန္နခေါ်တဲ့ နတ်လှူသော သင်္ကန်း၊ (၆) ဣဒ္ဓိဇခေါ်တဲ့ တန်းခိုးကြောင့်ဖြစ်တဲ့သင်္ကန်း သည်သင်္ကန်းခြောက်မျိုးနှင့်တကွ နောက်မှဖြစ်ပေါ်လာတဲ့ တက်ထရွန်စတဲ့ ချည်သင်္ကန်းမျိုးကို အနုလောမသင်္ကန်းလို့ ခေါ်ဆိုရတယ်ကွယ့်”

                   “မူလသင်္ကန်းများဟာ ယခုခေတ်မှာလို ချုပ်ပုံဆိုးပုံ ဟုတ်ပါ့မလား ဘုရား”

                   “မူကတော့ ခုခေတ်မှာလို ဘယ်မှာ ပုံမှန်ဦးမလဲကွယ့်၊ ပညတ်ချက် စည်းကမ်းချက်ကလည်း မရှိသေးပဲကိုး၊ ဒါကြောင့် အချို့ရဟန်းတော်များဟာ သင်္ကန်းကို နွားချေးနှင့် ဆိုးလိုဆိုး, မြေနီနှင့် ဆိုလိုဆိုးမို့ သင်္ကန်းအရောင်တွေ မကောင်းအောင်ဖြစ်နေကြတယ်၊ ဒါကြောင့် ဘုရားရှင်က ဆိုးရည်ခြောက်မျိုးကို ခွင့်ပြုတော်မူရတာပေါ့၊ ဆိုးရည်ကို ဆိုးပုံဆိုးနည်းနှင့်တကွ ပညတ်ချက်ထုတ်လိုက်တော့ ရဟန်းတော်များရဲ့ သင်္ကန်းအရောင်ဟာ ကြည်ညိုဖွယ်ဖြစ်လာပြီ၊ သို့သော်လည်း ချုပ်ပုံချုပ်နည်းကတော့ မဟုတ်သေးဘူး၊ သူချုပ်ချင်သလိုချုပ်၊ ကိုယ်ချုပ်ချင်သလိုချုပ်နှင့် ပုံပျက်နေသေးတယ်”

                   “တစ်ရက်တော့ ဘုရားရှင်ဟာ ရာဇဂြိုလ်ပြည်က ဒက္ခိဏဂီရိဇနပုဒ်ကို ဒေသစာရီကြွချီတော်မူတယ်၊ ကြွချီတော်မူရင်း မဂဓတိုင်းသားတို့ရဲ့ လယ်ကန်သင်းဖွဲ့ထားတာကို မြင်တော်မူတယ်၊ ကန်သင်းဖွဲ့ထားသတဲ့၊ လယ်နှစ်ကွက်ရဲ့ အကြားမှာတည်ရှိတဲ့ အကန့်ငယ်က လယ်ကိုရေသွင်းဖို့ဖွဲထားတဲ့ ရေမြောင်ငယ်ပဲကွယ့်၊ စနစ်တကျ ကန်သင်းဖွဲ့ထားတဲ့ မဂဓလယ်ကို မြင်တော်မူတော့ ဘုရားရှင်က အာနန္ဒာ - မဂဓ လယ်ကန်သင်းဖွဲ့ပုံမြင်ရဲ့လား လို့ မေးတော်မူတယ်၊ ရှင်အာနန္ဒာက မြင်ပါကြောင်း လျှောက်ထားတော့ ဘုရားရှင်က သင်ဟာ လယ်ကန်သင်းဖွဲ့ထားသလို သင်္ကးန်ကို စီရင်နိုင်ပါ့မလား လို့ မေးတော်မူတယ်၊  ရှင်အာနန္ဒာက စီရင်နိုင်ပါတယ် ဘုရား လို့ လျှောက်ထားပြီး ဒက္ခိဏဂီရိဇနပုဒ်က ရာဇဂြိုလ်ပြန်ရောက်တဲ့အခါ မဂဓလယ်ကွက်သဏ္ဌာန် သင်္ကန်းချုပ်ပြီး ဘုရားရှင်ထံပြသတယ်၊ သည်အခါ ဘုရားရှင်က ချီးမွမ်းတော်မူပြီး ရဟန်းများဟာ မဖြတ်သောသင်္ကန်းများကို မသုံးဆောင်ရ၊ ဖြတ်သောဒုကုဋ်၊ ဖြတ်သာကိုယ်ဝတ်၊ ဖြတ်သောသင်းပိုင်များကိုသာ သုံးဆောင်စေလို့ ခွင့်ပြုတော်မူတယ်ကွယ့်

                   ဘုရားရှင်က ဘာကြောင့် လယ်ကွက်သဏ္ဌာန် ဖြတ်ချုပ်ရတာလဲ ဘုရား

                   အထည်ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်တော့ သူတစ်ပါး မရချင်တဲ့ အကြောင်းကတစ်ကြောင်း၊ စနစ်တကျချုပ်ထားလို့ ကြည်ညိုဖွယ်ဆောင်တာက တစ်ကြောင်း၊ ပုညက္ခေတံ္တ အနုတ္တရံ ဆိုတဲ့အတိုင်း သံဃာတော်သည် ကောင်းမှုတည်းဟူသောမျိုးစေ့၏ တည်ရာ လယ်မြေနှင့်တူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တာကတစ်ကြောင်း သည်အကြောင်းသု့းမျိုးကြောင့် သင်္ကန်းကို လယ်ကွက်သဏ္ဌာန် ဖြတ်ချုပ်တော်မူစေခြင်းဖြစ်တယ်ကွယ့်

                   သင်္ကန်းများရဲ့ အလျားအနံကိုလည်း အမိန့်ရှိတော်မူပါဦး

                   ပါတိမောက် ရတနဝဂ်မှာ ရဟန်းသည် ဘုရားရှင်ရဲ့ သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းပမာဏထက်လွန်သော သင်္ကန်းများကို မသုံးဆောင်ရ၊ သုံးဆောင်လျှင် ပါစိတ်အာပတ်သင့်စေလို့ ပညတ်ချက်ရှိတယ်၊ ဒါကြောင့် ရဟန်းတော်များရဲ့ သင်္ကန်းဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်အောက် ငယ်ရမယ်ကွယ့်၊ ဘုရားရှင်ရဲ့ သင်္ကန်းတော်က ဘုရားရှင်ရဲ့ အထွာနှင့် အလျား ၉-ထွာ, အနံ ၆-ထွာရှိတယ်၊ အဲသည်အတိုင်းအတာအောက် နည်းနည်းလျော့လျှင် အပ်တော့တာပဲ၊ ကင်္ခါ ပထမ ကထိနသိက္ခာပုဒ်မှာ အယုတ်ဆုံးအတိုင်းအတာအားဖြင့် နှစ်ထပ်သင်္ကန်းကြီးနှင့် ဧကသီသင်္ကန်းမှာ အလျားငါးတောင် တောင်ဆုပ်ရှိရမယ်၊ အနံနှစ်တောင်ရှိရမယ်တဲ့၊ သည်အောင်တော့ မငယ်စေရဘူးတဲ့ကွယ်၊ သည့်ထက် သေးငယ်သော်လည်းကောင်း၊ ဘုရားရှင်ရဲ့သင်္ကန်းထက် ကြီးသော်လည်းကောင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုအပ်ဘူး၊ ပရိက္ခရာစောဠအဖြစ် ဖြင့်သာ ဆောက်တည်ထားအပ်တယ်တဲ့ကွယ်

                   မှန်ပါ - သင်္ကန်းဝတ်ရုံပုံကိုလည်း အမိန့်ရှိပါဦး

 

***ဆက်ရန်**

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၇) သင်္ကန်းဝတ်ရုံနည်း၊ သင်္ကန်းတင်နည်းနစ်မျိုး

***ကောက်နုတ်ချက်***

နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ

ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍

ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ

ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ

Views: 15

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Aye Thida Moe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
21 hours ago
ukkmaung posted photos
yesterday
ukkmaung posted photos
Oct 7

Birthdays

There are no birthdays today

Members

© 2018   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service