ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဓုတင်(၁၃)ပါး ကျင့်ဆောင်နည်းများ

ဓုတင်(၁၃)ပါး ကျင့်ဆောင်နည်းများ

 

ဓုတင်= ကိလေသေ ဓုဏောတီတိ ဓုတော။
ကိလေသာကို ခါထုတ်ဖျက်ဆီးတတ်သော ယောဂီပုဂ္ဂိုလ်သည် ‘ဓုတ’ မည်၏။

-ဓုတဿ အင်္ဂံ= ဓုတင်္ဂံ
ကိလေသာကို ခါထုတ်ဖျက်ဆီးဖို့ရာ အကြောင်းအင်္ဂါဖြစ်သော သမာဒါနစေတနာ သည် ဓုတင်္ဂ(ဓုတင်) မည်၏။

ဓုတင်္ဂ = (ဓုတ+အင်္ဂ) ဓုတင်။
(က) ကိလေသာတို့ကို- ခါတွက်- ဖျက်ဆီး-စွန့်-ပယ်-တတ်သော ရဟန်း၏-အကြောင်း-အင်္ဂါ ``သမာဒါန စေတနာ``ကို ဓုတင်လို့ ခေါ်ပါသည်။
(ခ) ကိလေသာတို့ကို- ခါတွက်- ဖျက်ဆီး-စွန့်-ပယ်-တတ်သော ဉာဏ်ဟူသော အကြောင်း-အင်္ဂါ-ရှိသော ``သမာဒါန စေတနာ``ကို ဓုတင်လို့ ခေါ်ပါသည်။
(ခ) ကိလေသာတို့ကို- ခါတွက်- ဖျက်ဆီး-စွန့်-ပယ်-တတ်သော အကျင့်၏ အကြောင်း-အင်္ဂါ- ``သမာဒါန စေတနာ``ကို ဓုတင်လို့ ခေါ်ပါသည်ဟူ၍ ဓုတင်ခေါ်ကြောင်း ဓုတင်မည်ခြင်းအ ကြောင်းကို တွေ့ရှိလေ၏။ 

ဓုတင်ဆိုသည်မှာ ကိလေသာအနှောင်အဖွဲ့မှ ခါထွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ခါထွက်ခြင်းဆိုသည့် စကားကလည်း လုံ့လဝီရိယနှင့် ဆောင့်ခါရုန်းထွက်သည့် သဘော၊ သာယာမှုမှန်သမျှကို တွန်းလှန်ဖယ်ရှားသည့် သဘောကို ဆိုလိုခြင်းဖြစ်၏။

တရားအားထုတ်သော ရဟန်း ရှင် လူ ယောဂီတို့သည် မာရ်နတ်မင်း၏ တပ်မကြီး (၁ဝ)တပ်နှင့် ရင်ဆိုင်ကြရသည်၊ ဤသာသနာတော်၌ ထိုမာရ်တပ်မများနှင့် ထိပ်တိုက်တွေ့ပြီး ကျဆုံးသွား ကြသူတို့ အလွန်များလှသည်။ မာရ်နတ်မင်း၏ တပ်မများဟူသော ကိလေသာ တရားဆိုးတို့ကို ရင်ဆိုင်ကာကွယ်နိုင်ရန် ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်စွမ်းသော ဓုတင်(၁၃)ပါး ကို ဘုရားရှင်ခွင့်ပြုခဲ့ပေသည်။

-သင်္ကန်း၌ဖြစ်သော တဏှာလောဘကို တိစီဝရိက်ဓုတင် နှင့် ပံသုကူဓုတင် (၂)မျိုးတို့ဖြင့် ကာကွယ်နိုင်သည်။

-ဆွမ်းနှင့်စပ်သော တဏှာလောဘကို ပိဏ္ဍပါတ်ဓုတင် စသော ဓုတင်(၅)မျိုးဖြင့် ကာကွယ်နိုင်၏။

-ကျောင်း၊ အိပ်ယာနေရာနှင့် စပ်သော တဏှာလောဘကို အာရညကင်ဓုတင် စသော ဓုတင် (၅)မျိုးဖြင့် ကာကွယ်နိုင်၏။

-ပျင်းရိခြင်း စသော ကိလေသာတို့ကို နိသဇ္ဇိဓုတင်(၁)မျိုးဖြင့် ကာကွယ်နိုင်၏။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းများအပေါ်၌ တွယ်တာမှုတဏှာကို ဓုတင်(၁၃)ပါးဖြင့် ဤသို့ကာကွယ်ထားသောကြောင့် ဘာဝနာလုပ်ငန်းကို အနှောက်အယှက်မရှိ ဖြောင့်တန်းစွာ လုပ်နိုင်တော့၏။

ဤသို့ မြင့်မြတ်သော ဓုတင်အကျင့်ကို ကျင့်သုံးဆောက်တည်ခဲ့ကြသော ဘုရားရှင်နှင့် ဓုတင်ကို ဘဝတစ်တာလုံး ဆောက်တည်ခဲ့ကာ ဓုတင်ဧတဒဂ် ရတော်မူခဲ့သော အရှင်မဟာကဿပ မထေရ်မြတ်တို့ကို အတုယူကာ အပ္ပိစ္ဆတာ အလိုနည်းခြင်း၊ သန္တုဋ္ဌိတာ ရောင့်ရဲလွယ်ခြင်း အစရှိကုန်သော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံလိုသောရဟန်းသည် ဓုတင်အကျင့်ကို ကျင့်သုံးဆောက်တည် အပ်သည်သာတည်း။ (ဝိသုဒ္ဓိမဂ်၊၁၊၅၉)

မှတ်ချက် ။ ။ သုဓမ္မာဝတီရှင်ကျင့်ဝတ်`၌ ဓူတင် ဟု ဘာသာပြန်ဆိုထားပါသည်။ အများအားဖြင့် ဓုတင်ဟု မခေါ်ဆိုကြဘဲ၊ ဓူတင်ဟုသာ နှုတ်စွဲနေကြသည်။ 

 

ဓုတင်(၁၃)ပါး။ ။

 

၁။ ပံသကူလိကင်္ဂ ဓုတင် (ပံသကူ ဓုတင်)

ပံသကူ ဓုတင ဟူသည် ပံ့သကူ သင်္ကန်းကိုသာ ကောက်ယူကာ ဝတ်ရုံ သုံးဆောင်ရသော အကျင့်ဖြစ်၏။ ပံ့သကူ ဓုတင် ဆောက်တည်လိုသော ရဟန်းသည် တစ်စုံ တစ်ယောက်က လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရ၊ သူတပါး လွှင့်ပစ်ထားသော အဝတ်များကို ကောက်ယူ လျှော်ဖွပ် ချုပ်ဆိုး၍ရသော ပံ့သကူ သင်္ကန်းကိုသာ ဝတ်ရုံရသည်။

 

ဆောက်တည်ပုံ...
ဂဟပတိဒါန စီရံ ပဋိက္ခိပါမိ၊ ပံသကူလိကင်္ဂံ သမာဒိယာမိ။
      ဂဟပတိဒါန စီရံ  ဒါယိကာဒါယိကာမတို့လှူဒါန်းသော သင်္ကန်းကို၊ ပဋိက္ခိပါမိ ပယ်ပါ၏။  

ပံသုသူလိကင်္ဂံ လမ်းကြားဈေးဝ၊ သုသာန်စသောအရပ်တို့ဝယ် မစင်ကြယ်သော မြေမှုန့်တို့၏ အထက် ဖြန့်ကြက်အုပ်လွှမ်း  မြေမှုန့်တို့ဖြင့် ပြွမ်းသောသင်္ကန်းကို ဆောင်ခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို သမာဒိယာမိ ယူပါ၏(၀ါ)ဆာက်တည်ပါ၏။ 

 

သုသာန်၊ အမှိုက်ပုံစသည်တို့တွင် စွန့်ပစ်ရာနေရာတို့မှ ကောက်ယူ၍ အဆွေးကို ပယ်,ဖွပ်လျှော်၍ သင်္ကန်း ပြုပြီးလျှင် ဒကာလှူထားသော ယခင်ရှိနေပြီး သင်္ကန်းကို ပယ်၍ ပံသုကူသင်္ကန်းအဖြစ် သုံးဆောင်အပ်၏။ ဒကာလှူသော သင်္ကန်းကို သာယာလက်ခံသော ခဏ၌ ဓုတင်ပျက်၏။ စူဠ၀ါဋီကာ၌ လှူသူ၏ သဒ္ဓါကို ငဲ့၍ မပယ်ဘဲ သူတစ်ပါးအား ပေးအံ့ဟု ခံယူလျှင် ပံသုကူဓုတင် မပျက်ဟု ဆို၏ ။ နတ်လှူ ရဟန်းလှူ သင်္ကန်းများ ပံသုကူ ဓုတင်သင်္ကန်း၌ ပါဝင်သည်။ ဒါယကာ လှူဒါန်းသော သင်္ကန်းကို သာယာသော ခဏ၌ပင် ပံ့သကူဓုတင် ပျက်တော့၏။ ပျက်လျှင် ပြန်၍ ဆောက်တည်ကျင့်သုံးနိုင်၏။

 

ဒါယကာ ဒါယိကာမတို့ပေးလှူသောသင်္ကန်းကိုပယ်၍ ဤပံ့သကူသင်္ကန်းကို ငါဘုရား ကောက်ယူ သကဲ့သို့ သင်္ချိုင်း၊ အမှိုက်ပုံစသည်တို့မှ ရတတ်သမျှသော အဝတ်တို့သာ ကောက်ယူ ချုပ်ဆိုး ဝတ်ရုံခြင်းကြောင့် အဝတ်သင်္ကန်းနှင့်ပတ်သက်၍ သူတပါးနှင့် ပတ်သက်သော ကိစ္စမှန်သမျှ ကြောင့်ကြမှု ကင်းငြိမ်းသည်။

၂။ တစီရိကင်္ဂ ဓုတင် (တိစီရိတ် ဓုတင်)
တိစီရိတ် ဓုတင် ဟူသည် ၁။ ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီး၊ ၂။ ကိုယ်ရုံ ဧကသီ၊ ၃။ ခါးဝတ် သင်းပိုင် ဟူသော သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်ရသော အကျင့်ဖြစ်၏။ ထိုသုံးထည်မှ တပါး တခြား သင်္ကန်းကို မဝတ်ရုံ မသုံးဆောင်ရ။

 

ဆောက်တည်ပုံ...

စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။
    စတုတ္ထကစီရံ ၀တ်လောက် ရုံလောက်၊ ၄ ထည်မြောက်သင်္ကန်းကို၊ ပဋိက္ခိပါမိ ပယ်ပါ၏၊ 

တေစီရိကင်္ဂံ ၃ ထည်သောသင်္ကန်းကိုသာ ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို၊ သမာဓိယာမိ ကောင်းစွာယူပါ၏၊ ၀ါ- ဆောက်တည်ပါ၏။

 

ပခုံးတင်စရာ ချွေးခံစရာ အံသကိုဋ် အပိုထားနိုင်သည် အိပ်ရာခင်း အံသကိုဋ် ဤနှစ်ထည်သည် တိစီဝရိက် ဓုတင်ကို မပျက်စေနိုင်။ (ဘိက္ခုနီတို့အား ရေသနုပ်, ရင်လွှမ်းတဘက်နှင့်ပါ ငါးထည်သည် တိစီဝရိက် မည်၏၊) ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် တိစီဝရိက်ဓုတင် ပျက်တော့၏။

 

မိုးရေခံသင်္ကန်း၊ ကထိန်သင်္ကန်းစသည်ဖြင့် ကျောင်းနေရဟန်းတို့အတွက် အခါအကြောင်း အားလျော်စွာ ခွင့်ပြုထားရသော်လည်း ခါးဝတ်သင်ပိုင်း၊ ကိုယ်ဝတ်သင်္ကန်းနှင့် ကိုယ်ရုံသင်္ကန်းကြီး တည်းဟူသော သင်္ကန်းသုံးထည်ကိုသာသုံးဆောင်ခြင်ကြောင့် ပစ္စည်းနည်းပါးသဖြင့် အတောင်သာလျှင် ဥစ္စာရှိသောငှက်ကဲ့သို့ သွားလာနေထိုင်မှု ပေါ့ပါးသည်။

၃။ ပိဏ္ဍပါတိကင်္ဂ ဓုတင် (ပိဏ္ဍပါတ် ဓုတင်)

ပိဏ္ဍပါတ် ဓုတင် ဟူသည် နေ့စဉ် ဆွမ်းခံ၍သာ စားသော အကျင့်ဖြစ်၏။ ဆွမ်းခံ၍ကျင့်ရသော ဓုတင်ဖြစ်သည်။ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုန်းပေးရ၏။ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်ကို မဘုဉ်းပေးရ။

 

ဆောက်တည်ပုံ...

အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။
    အတိရေကလာဘံ  ခံ၍ရသော ဆွမ်းမှ အပိုအလွန်ဖြစ်သော လာဘ်ကို၊ ပဋိက္ခိပါမိ ပယ်ပါ၏၊ 

ပိဏ္ဍပါတိကင်္ဂံ အပေါင်းအာမိသ၏၊ သပိတ်၌ကျခြင်းကို ရှာလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းကို အင်္ဂါသမာဒါန စေတနာကို၊ ၀ါ ဆွမ်းအလို့ငှါ သွားလာလှည့်လည်ခြင်း အကျင့်ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊ သမာဒိယာမိ ကောင်းစွာယူပါ၏၊ ၀ါ - ဆောက်တည်ပါ၏။ 

 

ပင့်၍ လှူအပ်သောဆွမ်း မအပ်ကုန်။ ဆွမ်းကျွေးရန် ဒကာတို့ကျောင်း၌ ချက်လှူသော ၀ိဟာရပက္ကဘတ်လည်း အပ်သည်။ သံဃာထံမှ ယာဝကာလိကကင်းသော ဆေးစသော စာရေးတံ အပ်သည်။ သံဃဘတ်ကို ဥဒ္ဒေသဘတ်ကို အလှူခံပါ စသည်ဖြင့် မဆိုဘဲ ဘိက္ခာကို ( = ဆွမ်းကို) သံဃာကုန် အလှူခံပါဟု ဆို၍ လှူလျှင်အပ်၏။ ယခုကာလ ထမင်းဖြင့် မဖိတ်၊ ဆွမ်းဖြင့်သာ ဖိတ်ကြသောကြောင့် ဤဓုတင် ပျက်နိုင်ခဲ၏။ နေ့စဉ် ဆောက်တည်သင့်သည်ဟု ဆရာမြတ်တို့ ဆိုကုန်၏။

 

ဆွမ်းခံ မကြွခြင်းဖြင့် ဓုတင်မပျက်၊ ထမင်းကို ခံယူမှ ဓုတင်ပျက်သည်။ ဆွမ်းခံ ဆွမ်းမှ တပါးသော ပင့်ဖိတ် ကပ်လှူသော သံဃဘတ် စသည်ကို သာယာသော ခဏ၌ပင် ပိဏ္ဍပါတ်ဓုတင် ပျက်တော့၏။

 

ဒါယကာ ဒါယိကာမတို့ဖိတ်ကြွေးသောဆွမ်းကိုပယ်၍မိမိ၏သလုံးမြင်းခေါင်းကို အရင်းတည်ကာ ခံအပ်သောဆွမ်းကိုသာစားခြင်းကြောင့် ဝမ်းနှင့်စပ်သော သူတပါးကိစ္စမှ ကင်းငြိမ်းသည်။

၎။ သပဒါနစာရိကင်္ဂ ဓုတင် (သပဒါနာစာရိက ဓုတင်)

သပဒါနာစာရိက ဓုတင ဟူသည် ရွာတွင်းသို့ ဆွမ်းခံကြွရာတွင် အိမ်စဉ်မကျော်ပဲ ဆွမ်းခံချိန် ကျင့်ရသော အကျင့်ဖြစ်၏။ သပဒါနစာရိက ဓုတင် ဆောက်တည်သော ရဟန်းသည် အိမ်စဉ်မကျော်ပဲ အိမ်အစဉ်အတိုင်း ဆွမ်းရပ်ရ၏။ သို့သော် ဘေးရန်ရှိသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း၊ ဆွမ်းမရသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း ကျော်သွားနိုင်၏။ တခြား အရပ်သို့ ဖဲသွားနိုင်၏။

 

ဆောက်တည်ပုံ...
လောလုပ္ပစာရံ၊ ပဋိက္ခိပါမိ၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ။
လောလုပ္ပစာရံ၊ ထိုထိုအရပ်၌ ဆွမ်း၊ ဆွမ်းဟင်းလျာအကောင်းကိုသာ ရလတ္တံ့ဟု စုံမက်သော လောဘဇောဖြင့် ရွာစဉ်အိမ်စဉ်ကိုကျော်၍ လျှပ်ပေါ်လော်လီသော ဆွမ်းခံလှည့်ခြင်းကို၊ 

ပဋိက္ခိပါမိ၊ ပယ်ပါ၏။ သပဒါနစာရိကင်္ဂံ၊ အိမ်စဉ်ရွာစဉ် ခရီးစဉ်မပြတ် ဆွမ်းခံလှည့်လည်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏ (၀ါ)ကောင်းစွာယူပါ၏။

 

ဤရဟန်းသည် စောစော ရွာဝင်သင့်သည်။ မပြည့်စုံသောအရပ် ဘေးရန်ရှိသောအရပ်ဖြစ်လျှင် ပယ်၍ အရပ်တစ်ပါးသို့ သွားနိုင် ဆွမ်းခံနိုင်လတ္တံ့။ ကျောင်း၌ အလှူလာလှူသူ ခရီးအကြား၌ တွေ့ဆုံလာသူတို့သည်သပိတ်ယူ၍ ဆွမ်းလှူကုန်အံ့၊ အပ်၏။ ခရီးသွားစဉ်လည်း ဆွမ်းခံချိန် ရောက်သော် ရွာကို အိမ်ကို ကျော်၍ မသွားအပ်။
ထိုရွာ၌ အစဉ်အတိုင်းဆွမ်းခံ၍ မရသော်လည်းကောင်း, အနည်းငယ်သာ ရသော်လည်းကောင်း
ရွာစဉ် အိမ်စဉ်ဖြင့်သာ သွားအပ်၏ ။

 

ဆွမ်းခံရာ၌လည်းဆွမ်းရလိမ့်မည်ထင်သောအိမ်များသို့ကူးကျော်ခံယူခြင်းမပြုဘဲတ အိမ်မပြတ် ဆက်စပ်ခံယူခြင်းကြောင့် ရနိုးနိုးဖြင့်ကပ်ညိအပ်သော လောလုပ္ပတဏှာမှ ကင်းစင်သည်။

၅။ ဧကာသနိကင်္ဂ ဓုတင် (ဧကာသနိက် ဓုတင်)

ဧကာသနိက် ဓုတင ဟူသည် တစ်နေရာတည်း တစ်ထိုင်တည်းဖြင့်သာ ဣရိယာပုထ် မပြောင်းပဲ စားရသော အကျင့်ဖြစ်၏။ ဧကာသနိက် ဓုတင ဆောက်တည်သော ရဟန်းသည် တနေ့လျှင် တနေရာတည်း၌သာ တထိုင်တည်းသော ဣရိယာပုထ်ဖြင့် ဆွမ်း ဘုဉ်းပေးရ၏။ နှစ်နေရာ သုံးနေရာ စသည်ဖြင့် နေရာအများ၌ မဘုဉ်းပေးရ။

 

ဆောက်တည်ပုံ...

နာနာသနဘောဇနံ ပဋိက္ခိပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ။
    နာနာသနဘောဇနံ ယာပိုထ်မတည် လှည့်လည် ပြောင်းကူး အထူးထူးသော နေရာ၌ စားခြင်းကို၊ ပဋိက္ခိပါမိ ပယ်ပါ၏၊ ဧကသနိကင်္ဂံ ဓိဋ္ဌာန်ဆောင်စိုက် ယာပိုထ်မလည်း တစ်နေရာတည်း၌ စားခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါနစေတနာကို၊ သမာဒိယာမိ ကောင်းစွာယူပါ၏၊ ၀ါ- ဆောက်တည်ပါ၏။

 

တစ်နေရာတည်း တစ်ထိုင်တည်းသာ စားရ၏။ နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေး သုံးဆောင်လျှင် ဧကာသနိက်ဓုတင် ပျက်တော့၏။ ဆွမ်းစား၍ မပြီးသေးမီ ဆရာ- ဥပဇ္ဈာယ် ကြွလာသည်ဖြစ်အံ့၊ ထ၍ ၀တ်ကြီးဝတ်ငယ် ပြုရမည်သာတည်း ။

ဓုတင်မပျက်အောင် နေရာကလည်း စောင့်ရာ၏ စားခြင်းကလည်း စောင့်ရာ၏ ။
စားမပြီးခင် မထရ။ စား၍မပြီးခင် ထ၍ ၀တ်ပြုသော ဤသူကား စောင့်ခြင်းနှစ်ပါး မရှိသောကြောင့် ပြန်မစားရ။ ပြန်စားလျှင် ဓုတင်ပျက်၏။ မစားခင် ထနိုင်၏ ။

 

ရရှိလာအပ်သောဆွမ်းကို တစ်ထိုင်တည်းသောနေရာ၌သာ သုံးဆောင်ခြင်းကြောင့် ရသာတဏှာနှင့် စပ်သော ဆွမ်းစားမှုတွင် ဣနြေ္ဒကို ထိန်းချုပ်ရာရောက်သည်။

၆။ ပတ္ထပိဏ္ဍိကင်္ဂ ဓုတင် (ပတ္တပိုဏ် ဓုတင်)

ပတ္တပိုဏ် ဓုတင ဟူသည် ခွက်တခုတည်း၌သာ စားဖွယ်အားလုံး ထည့်၍ စားသော အကျင့်ဖြစ်၏။

ပတ္တပိုဏ် ဓုတင် ဆောက်တည်သော ရဟန်းသည် ခဲဖွယ် ဘောဇဉ်ကို တခွက်တည်း တသပိတ်တည်း၌သာ ထည့်၍ စားရသည်။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရ။ တခွက်တည်း၌ စားဖွယ် အမျိုးမျိုးတို့ကို တပြိုင်တည်း ဖြစ်စေ၊ တမျိုးပြီးမှ တမျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင် မပျက်ပေ။ သို့သော်လည်း လက်ဖြင့် ကိုင်ထားခြင်းမှာ ကြည့်၍ မလျော်သဖြင့် သပိတ်ထဲ၌ ထည့်ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏။

 

ဆောက်တည်ပုံ...

ဒုတိယကဘာဇနံ ပဋိက္ခိပါမိ၊ ပတ္ထပိဏ္ဍိကင်္ဂံ သမာဒိယာမိ။
    ဒုတိယကဘာဇနံ ၂ခုမြောက်သော ခွက်ကို၊ ပဋိက္ခိပါမိ ပယ်ပါ၏၊ 

ပတ္ထပိဏ္ဍိကင်္ဂံ တစ်ခုတည်း၌သာ ဆွမ်းကို ယူခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊ သမာဒိယာမိ ကောင်းစွာယူပါ၏၊ ၀ါ- ဆောက်တည်ပါ၏။

 

နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရ။ တခွက်တည်း၌ စားဖွယ် အမျိုးမျိုးတို့ကို တပြိုင်တည်း ဖြစ်စေ၊ တမျိုးပြီးမှ တမျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင် မပျက်ပေ။ သို့သော်လည်း လက်ဖြင့် ကိုင်ထားခြင်းမှာ ကြည့်၍ မလျော်သဖြင့် သပိတ်ထဲ၌ ထည့်ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏။

 

ဆွမ်းဘောဇဉ်ယူသောအခါ ၀မ်းပမာဏချင့်၍ သင့်ရုံထည့်ယူအပ်၏။ စားမကုန် မဖြစ်စေလင့် ။ ဟင်းရွက်စိမ်းကို လက်ဖြင့် ကိုင်၍စားလျှင် အပ်၏။ လက်သည် ခွက်မဟုတ် အပ်သော်လည်း သပိတ်၌သာ ထည့်ရ၏။ ဒုတိယ-ခွက် ပယ်ခြင်းဖြစ်သောကြောင့် တစ်ပါးသော သစ်ရွက် ဇွန်းတို့ကား ဆားပုံရုံမျှ ခွက်အလို့ငှာ မအပ်။


ဆရာမြတ်တို့ကား ခံသောအခါ ခွက်အများ အပြစ်မရှိ၊ စားသောအခါ တစ်ခွက်တည်းသာ စားရသည်။ ၀မ်းပမာဏသင့်ရုံ ယူအပ်သောကြောင့် ကိုယ်တိုင်ပြင်ထည့်ခြင်းကို 
အပြစ်မဆိုသင့်။ နေရာရွှေ့ပြောင်း၍ အထပ်ထပ်စားလျှင် အပြစ်မရှိ ခွက်ကား မပြောင်းရ ခွက်၌ရှိသော အရိုးစပါးလုံးစသည်ကို လက်ဖြင့်ယူ၍ ထွေးခံ၌သော်လည်း မစွန့်အပ်။
ကြံစုပ်သောအခါ ကြံဖတ်ကို မမျိုနိုင်ရကား လက်ဖြင့်ယူ၍ ခွက်၌ စွန့်အပ်၏။ နှစ်ခုမြောက်သော စားခွက်ကို သာယာသော ခဏ၌ပင် ပတ္တပိုဏ်ဓုတင် ပျက်တော့၏။


ငါးအရိုး စပါးလုံးတို့ကား ၀ါး၍ မျိုသာလျှင် မျိုချ၊ မမျိုသာလျှင် လက်ဖြင့်ယူ၍ ခွက်၌မစွန့်ရ။
ပါးစောင်ဖြင့်သာ မြေ၌လည်းကောင်း ခွက်၌လည်းကောင်း စွန့်ရသည်။ ဘေး၌ ထွေးခံမထားရ ။

အချို့ကား ခံတွင်းသို့ရောက်သမျှ အရိုးစသည်တို့ကို တစ်ဖြည်းဖြည်း စား၍မျိုချရမည်။ မမျိုမူ၍ ထွေးလျှင် ဓုတင်ပျက်သည်ဟု အတ္တကိလမထနည်း အယူသည်းကုန်၏။


အချို့ကား ခွက်၌ရှိသမျှ အားလုံးရောနယ်မွှေမှ မြတ်သည်ဟု ပညာမဲ့ သဒ္ဓါလွန် စကားကျွံကုန်၏။ ရောမွှေရသည်ဟူသော စကားလွန် တွင်ကျယ်သောကြောင့် စက်ဆုပ်၍ မစားနိုင်သဖြင့် ဤဓုတင်ကို ကျင့်လိုသူ နည်းပါးချေ၏။ ဘုရားရှင်သည် သန့်သန့်ရှင်းရှင်း စားခြင်းကိုသာ နှစ်သက်သော မြို့ကြီးသားဖြစ်၏။ သေခိယ၌ ရွံဖွယ်ပြုခြင်းကို များစွာ ကဲ့ရဲ့တော်မူသည်ကို ထောက်ပါ ။

 

ဆွမ်းစားရာ၌လည်း သပိတ်တည်းဟူသော ခွက်တစ်ခုတည်းဖြင့်သာ သုံးဆောင်ခြင်းကြောင့် သီးခြားရသာတဏှာကို ပယ်ရှားရာရောက်သည်။

၇။ ခလုပစ္ဆာဘတ္တိကင်္ဂ ဓုတင် (ခလုပစ္ဆာဘတ် ဓုတင်)

ခလုပစ္ဆာဘတ် ဓုတင ဟူသည တော်ပြီဟု ထားမြစ်ပြီးနောက် စားကောင်းအောင်ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် မစားတော့သော အကျင့်ဖြစ်၏။ ခလုပစ္ဆာဘတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းစားစဉ် "တော်ပြီ" ဟု ပယ်မြစ်ပြီးနောက် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။

 

ဆောက်တည်ပုံ...

အတိရိတ္ထဘောဇနံ ပဋိက္ခိပါမိ၊ ခလုပစ္ဆာဘတ္ထိကင်္ဂံ သမာဒိယာမိ
    အတိရိတ္ထဘောဇနံ ဂိလာနပုဂ္ဂိုလ် ၀ိနည်းဓိုရ်တို့၏ ပိုလွန်၍ကင်းကျန်သော ဘောဇဉ်ကို၊ 

ပဋိက္ခိပါမိ ပယ်ပါ၏၊ ခလုပစ္ဆာဘတ္တိကင်္ဂံ ပယ်မြစ်ရာ ကာလ၏နောက်မှ ရအပ်သောဆွမ်းကို စားလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို၊ ၀ါ- ခလုငှက်ပမာ နောက်၌ အစာမရှိသော ပုဂ္ဂိုလ်၏အကြောင်း အင်္ဂါ သမာဒါနစေတနာကို၊ သမာဒိယာမိ ကောင်းစွာယူပါ၏၊ ၀ါ- ဆောက်တည်ပါ၏။

 

ဘောဇဉ်စားနေစဉ် ရှေးရှုဆောင်သော ဘောဇဉ်ကို တန်ပြီဟု တားမြစ်ပြီးနောက် ဣရိယာပုထ်တစ်ပါး၌ရသော ဘောဇဉ်ကို အပ်သောဝိနည်းကံပြု၍သော်လည်း မစားအပ်
ရှေးဦးစွာသော ဆွမ်းလုတ်၌ ပ၀ါရိတ်သင့်သောမည်သည် မရှိ။ မျိုပြီးနောက် တားမြစ်မှ ပ၀ါရိတ်သင့်သည်။ အတိရိတ် ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို စားသော ခဏ၌ပင် ခလုပစ္ဆာဘတ်ဓုတင် ပျက်တော့၏။


ထို့ကြောင့် ဥက္ကဌ်သည် တားမြစ်သည်မှနောက် နောက်ထပ်ဆွမ်းလုတ်ကို မစားတော့၊
ခံတွင်း၌ ရှိသမျှကိုသာ စားသည်။ မဇ္ဈုကား တားမြစ်စဉ် ခွက်၌ ရှိသမျှကိုသာစားသည် နောက်ထပ်မယူ။ မုဒုကား နေရာမှ မထမချင်း နောက်ထပ် ပေးသည်ကိုလည်း စားသည်။

ပ၀ါရိတ်သင့်ပြီးလျှင် ၀ိနည်းကံဖြင့် အပ်အောင်ပြု၍ စားသောခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏။ ၀ိနည်းကံမပြုဘဲ စားလျှင် အာပတ်လည်းသင့်၏၊ ဓုတင်လည်း ပျက်၏။

ဤဓုတင်ကား ပျက်ခဲ၏ နေ့စဉ် ဆောက်တည်သင့်သည် ။

 

ဆွမ်းစားဆဲ ရောက်လာသော အာဟာရကို ပယ်ခြင်းကြောင့် ရသာတဏှာ အခိုးသတ်မှု ယတိပြတ် ဆုံးဖြတ်ပြီးစေသည်။

၈။ အရညိကင်္ဂ ဓုတင် (အာရညကင် ဓုတင်)

အာရညကင် ဓုတင ဟူသည တောရကျောင်း၌ နေသော အကျင့်ဖြစ်၏။

ရွာနီးကျောင်းကို ပယ်၍ တော၌ အရုဏ်တက်စေအပ်၏။ အာရညကင် ဓုတင် ( တောရဓုတင် ) ဆောက်တည်သော ရဟန်းသည် အနီးဆုံး ရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တခုခုဖြင့် ရွာအတွင်း၌ နေ၍ အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင် မပျက်ပေ။

 

ဆောက်တည်ပုံ...

ဂါမန္တ သေနာသနံ၊ ပဋိက္ခိပါမိ၊ အာရညိကင်္ဂံ သမာဓိယာမိ၊
ဂါမန္တသေနာသနံ ဥပစာနှင့်တကွသော ရွာတွင်းကျောင်းကို ပဋိက္ခိပါမိ၊ ပါယ်ပါ၏။ 

အာရညိကင်္ဂံ ၊ တောကျောင်း၌သာ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို သမာဒိယာမိ၊ ဆောက်တည်ပါ၏။(၀ါ) ကောင်းစွာယူပါ၏။ 

 

ဤ၌ အာရညကင်ဓုတင် လောက်သော အကွာအဝေးကို "အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် ဤ မြန်မာဒေသ၌ အများသုံးဆောင်ကြသည့် ဟင်္သာတောင် (=၁၈ လက်မ) သံတောင်(=၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်" ဟု ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ပရမတ္ထ သရူပဘေဒနီကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ ၌ ဆုံးမတော်မူသည်ကို မှတ်သားရ၏။

 

 တစ်အိမ်ရှိသောရွာ၊ အိမ်များစွာရှိသောရွာ၊ အရံရှိ/မရှိရွာ၊ လူနေဆဲရွာ၊ လူမနေဆဲရွာတို့သည် အယုတ်ဆုံး မိုးလေးလနေလျှင် ဂါမမည်၏။ အယုတ်ဆုံးကုလလေးတာ ငါးရာဝေးသောကျောင်း အတောင်အားဖြင့်(၂၀၀၀) အနည်းဆုံး ဝေးကွာသော ကျောင်းသည် အာရညကင်တောရ-ကျောင်း မည်၏။ အရံရှိသောရွာ တံခါးခုံမှ, အရံမရှိလျှင် ပထမခဲတစ်ကျမှစ၍ ကျောင်းအရံထိ တာအပ်၏။

ရွာသူရွာသားတို့၏အသံ ကြားလောက်အောင် ကျောင်းနှင့်ရွာ နီးကပ်သော်လည်း တောင်, မြစ်စသည်ခြား၍ ဖြောင့်ဖြောင့် မသွားနိုင်ခဲ့အံ့၊ ပကတိသွားနေကျဖြစ်သော လမ်းခရီး ကုန်းလမ်း ရေလမ်းအတိုင်း တာအပ်၏။


ရွာနှင့်နီးကပ်သဖြင့် လမ်းဝေးအောင် ထိုထိုလမ်းငယ်တို့ကို ပိတ်ဆို့၍ တောကျောင်း အင်္ဂါပြည့်စုံစေခြင်းငှာ ကြိုးစားလျှင် ဓုတင်္ဂစောရ-ဓုတင်သူခိုး မည်၏။

 

တောနေရဟန်းသည် ကိုယ်စိတ် ဆိတ်ငြိမ်၏ ။ရောနှောသူကင်း၍သန့်ရှင်း၏။
ဘုရားရှင် ၀မ်းမြောက်အောင် တတ်နိုင်၏။ တောနေရဟန်း၏ ခံစားရသော ၀ိဝေကသုခကို နတ်သိကြားတို့သော်လည်း မခံစားရကုန်။ ရွာကျောင်း၌နေထိုင်မှုကို ပယ်ခြင်း။ တောကျောင်း၌ နေထိုင်ခြင်းကြောင့် ကျောင်းကန် ပတ်ဝန်ကျင်နှင့် စပ်သမျှ ဒုက္ခ ကင်းငြိမ်းသည်။

၉။ ရုက္ခမူလိကင်္ဂ ဓုတင် (ရုက္ခမူ ဓုတင်)

ရုက္ခမူ ဓုတင် ဟူသည် သစ်ပင်အောက်၌ နေထိုင်ကာ ကျင့်ရသော အကျင့်ဖြစ်၏။ ရုက္ခမူ ဓုတင် ဆောက်တည်သော ရဟန်းသည် အုတ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တင် တခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။

 

ဆောက်တည်ပုံ...

ဆန္နံ ၊ ပဋိက္ခိပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။
ဆန္နံ အမိုးရှိသောကျောင်းကို ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ရုက္ခမူလိကင်္ဂံ ၊ သစ်ပင်ရင်းတည်းဟူသော ကျောင်းကို နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏ (၀ါ) ကောင်းစွာယူပါ၏။ 

 

ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စားဟု သုံးမျိုးသုံးစား ရှိသည့်အနက် အမြတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ပဲ မည်သည့် သစ်ပင်အောက်၌ မဆို သစ်ရွက်ပုံများကို ကိုယ်တိုင် ခြေဖြင့် ဖယ်ရှင်း၍ နေရသည်။ အလတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်အောက်သို့ ရောက်လာသူများကို အရှင်းခိုင်းနိုင်ခွင့် ရှိသည်။ အညံ့စား ပုဂ္ဂိုလ်မှာမူ ကျောင်းသား သာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ တံတိုင်းကာ၊ တံခါး တပ်စေလျက် နေခွင့်ရှိသည်။

 

လူအများစုဝေးသော နေ့တို့၌ ရုက္ခမူဓုတင်ဆောင်သူသည် နေမြဲ သစ်ပင်အောက်၌ လူမြင်ခံမနေမူ၍ ဖုံးကွယ်ရာ အရပ်တစ်ပါး၌ နေအပ်၏။ အုတ်,ကျောက်, သစ်ရွက်, မြက်, အင်္ဂတေ ငါးထွေသော အမိုးမိုးရာ အရပ်၌ နေလို သောဆန္ဒဖြင့် ၀င်နေသော ခဏ၌ ဓုတင်ပျက်၏။ အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်တော့၏။ ဖျာမိုး ပျဉ်မိုးတို့၌လည်းပျက်၏။ အ၀တ်မိုး၌ မပျက်ဟုဆို၏ …။

 

သစ်ပင်ရင်းသည် ဘုရားရှင်၏ ဖွားရာ, ပွင့်ရာ, ဓမ္မစကြာဟောရာ,နိဗ္ဗာန်စံရာဖြစ်၍ နိဗ္ဗာန် စံတော်မူပြီးသော ဘဘုရားထားတော်မူခဲ့သောအမွေဖြစ်၏။
ဝိနည်းပါဠိတော်၌ ဤရုက္ခမူဓုတင်ကို ဆောင်းနွေ ရှစ်လသာ ဆောက်တည်အပ်သည်။ မိုးလေးလ မအပ်ဟုပယ်သည်။ ကျောင်းရှိလျှင်ကား ဤဓုတင်ကို မိုးလေးလလည်း မပယ်ဟု ဆုံးဖြတ်၏ ။

 

သစ်ပင်ရင်း၌နေထိုင်ခြင်းကြောင့် ပံ့သကူအဝတ်သည်အကောင်းဆုံးသော သင်္ကန်းဖြစ်သကဲ့သို့ သစ်ပင်ရင်းသည်လည်း အကောင်းဆုံးသောကျောင်း ဖြစ်သည်။

။ အဗ္ဘောကာသိကင်္ဂ ဓုတင် (အဗ္ဘောကာသိက ဓုတင်)

အဗ္ဘောကာသိက ဓုတင ဟူသည် အမိုး မရှိသော လေဟာပြင်၌နေသော အကျင့်ဖြစ်၏။ အဗ္ဘောကာသိကဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏။ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်မနေရ။

 

ဆောက်တည်ပုံ...

ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။
ဆန္နဉ္စ အမိုးရှိသော ကျောင်းကိုလည်းကောင်း၊ ရုက္ခမူလဉ္စ၊ သစ်ပင်ရင်းတည်းဟူသော ကျောင်းကိုလည်းကောင်း၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏။အဗ္ဘောကာသိကင်္ဂံ၊ လွင်တီးခေါင်အရပ်၌ နေထိုင်လေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို၊ သမာဒိယာမိ၊ 

ဆောက်တည်ပါ၏ (ဝါ) ကောင်းစွာယူပါ၏။

 

တရားနာခြင်းငှာ, ဥပုသ်ပြုခြင်းငှာ ဥပုသ်အိမ်သို့ ၀င်လျှင် အပ်၏။ ၀င်စဉ် မိုးရွာအံ့၊ မိုးရွာစဉ် မထွက်မူ၍ မိုးစဲသောအခါ ထွက်အပ်၏။ တရားဟော စာပေပို့ချ သင်ယူလို၍ အမိုးတွင်း ၀င်ခြင်းငှာအပ်၏။
ဆွမ်းစားဇရပ် မီးတင်းကုပ်သို့ဝင်၍ ၀တ်ကြီးဝတ်ငယ်ပြု ခြင်းငှာအပ်၏။ အမိုးငါးရပ်နှင့် သစ်ပင်အောက်သို့ ၀င်သောခဏ၌ ဓုတင်ပျက်၏။
အင်္ဂုတ္တရနိကာယ်ဆောင်တို့ကား အရုဏ်တက်ချိန်ကိုသာ ယူ၏ ထိုနေရာ၌ အာရုံတက်အောင် နေလျှင် ဓုတင်ပျက်၏ ရုက္ခမူလည်း ထိုနည်းတူပင်ဖြစ်သည်။

 

အမိုးအရံမှန်သမျှကိုပယ်၍ လွင်တီးခေါင်၌နေထိုင်ခြင်းကြောင့် နေထိုင်မှုနှင့် စပ်သမျှ သံယောဇဉ် အမျှင်ပြတ်စေသည်။

၁၁။ သောသာနကင်္ဂ ဓုတင် (သုသာန် ဓုတင်)

 

သုသာန် ဓုတင ဟူသည သုသာန်၌ နေထိုင်ကာ ကျင့်ရသော အကျင့်ဖြစ်၏။ သုသာန် ဓုတင် ဆောက်တည်သော ရဟန်းသည် သုသာန်သို့ ညအခါသွား၍ "သန်းခေါင်ယံပတ်လုံး သုသာန်၌ နေ၍ မိုးသောက်ယံ၌ သုသာန်မှ ထွက်သင့်သည်" ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များ မိန့်ကြား၏။

သုသာန်၌ မဏ္ဍပ် ညောင်စောင်း သောက်ရေ သုံးရေ စသည်ကို ထား၍ စာပေပို့ချကာ မနေအပ်၊ ဘေးရန်ကို ကာကွယ်ခြင်းငှာ သံဃာ့မထေရ်ကြီး, ရပ်ရွာလူကြီး, မင်းနှင့်စပ်သူတို့ကို သိအောင်ပြော၍ မမေ့မလျော့ နေအပ်၏။

 

ဆောက်တည်ပုံ...

နသုသာနံ၊ ပဋိက္ခိပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ။
နသုသာနံ၊ သာမန်မဟုတ်သော အရပ်ကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ 

သောသာနိကင်္ဂံ သုသာန်နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏ (၀ါ) ကောင်းစွာယူပါ၏။

 

လူတို့က သုသာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မချ မမြှုပ် မဖုတ် မရှို့ရသေးလျှင် သုသာန်မမည်ပေ။ သူသေကောင်မြှုပ်ဘူးသည်မှ သုသာန်လက္ခဏာ ရှိသောကြောင့် မြှုပ် ဘုတ် မီးရှို့ဘူးသောကာလမှ စ၍ (၁၂)နှစ်တိုင်အောင် စွန့်ထားသော်လည်း သုသာန် မည်သည်သာတည်း။

သုသာန်သို့ မိမိသွားမည့် လမ်းတွင်ရှိသော သစ်ပင်၊ သစ်ငုတ်၊ ချုံပုတ်၊ တောင်ပို့ စသည်တို့ကို နေ့အခါကပင် သွားရောက်ကြည့်ရှု၍ ကောင်းစွာ မှတ်သားထားရမည်။

ဘီလူး စသည်တို့ နှစ်သက်တတ်သော နှမ်းထောင်း၊ ပဲထမင်း၊ ငါး၊ အမဲ၊ နို့ရည်၊ ဆီ၊ တင်လဲ စသော ခဲဖွယ် စားဖွယ်တို့ကို မမှီဝဲ မသုံးဆောင်ရပေ။

သုသာန်သို့ သွားသောအခါ၌လည်း လမ်းမကြီးက မသွားဘဲ လမ်း-ယောင်လမ်းငယ်ဖြင့် မထင်မရှားသွားအပ်၏။
နေ့အခါကပင် ‘ဤကား သစ်ငုတ် သစ်ပင် တောင်ပို့ ချုံပုတ်’ စသည်ကို မှတ်သားထားအပ်၏။
ညအခါ ကြောက်ဖွယ်အာရုံ မဖြစ်နိုင်။ ဘီလူး ပြိတ္တာ စသည်တို့ အသံကြားလျှင် မြင်လျှင် ခဲ, လှံတံစသည်တို့ဖြင့် မပစ်ခတ်အပ်ကုန်။ ဘီလူးပြိတ္တာတို့ နှစ်သက်သော ဆီထွေး နှမ်းလှော် ပဲထမင်း ငါး အမဲ နို့ရည် ဆီ တင်လဲစသော ဖုတ်လှော် ကင်သင်းသည့် အစာတို့ကိုလည်း မစားအပ်။


သုသာန်မှအပြန် ပြိတ္တာငွေ့ ထုံခြင်း, ဘုတ်ပြိတ္တာကပ်ပါလာတတ်ခြင်းတို့ကြောင့် ဒကာတို့၏ အိမ်သို့ မ၀င်အပ်။ ဆရာမြတ်တို့ကား ကြောက်တတ်လျှင် နှစ်ပါး သုံးပါးအဖော်နှင့် သွားပါ ။ တားထားသော ကျမ်းမရှိဟု ဆိုကုန်၏ သုသာန်မသွားသောနေ့ ဓုတင်ပျက်သည် ။

 

သုဿန်၌နေခြင်းကြောင့် တရားအာရုံကမ္မဋ္ဌာန်းအရာ၌ အမြင့်ဆုံးသော သတိမပြတ် ရှိစေသည်။ 

၁၂။ယထာသန္တတိကင်္ဂ ဓုတင် (ယထာသန္တတိ ဓုတင်)

ယထာသန္တတိ ဓုတင ဟူသည် မိမိအတွက် ချထားပေးသော ကျောင်းအိပ်ရာ နေရာ၌သာနေသော အကျင့်ဖြစ်၏။ ယထာသန္ထတိ ဓုတင် ဆောက်တည်သော ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏။ ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့်အတိုင်း မနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။

 

ဆောက်တည်ပုံ...

သေနာသနလောလုပ္ပံ၊ ပဋိက္ခိပါမိ၊ ယထာသန္တ တိကင်္ဂံ သမာဒိယာမိ။
သေနာသနလောလုပ္ပံ၊ ကျောင်း၌ လျှပ်ပေါ်လော်လီသော၊ လောလုပ္ပ္ပ တဏှာကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ယထာသန္တ တိကင်္ဂံ၊ သံဃာသည်ချထားသော ကျောင်း၌သာ နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို ၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏ (၀ါ) ကောင်းစွာယူပါ၏။

 

ဤကျောင်းသည် သင့်အားရောက်သည်ဟု ညွှန်းချလျှင် ထိုကျောင်းဖြင့်သာ နှစ်သက်ရာ၏။ တစ်ပါးသော ရဟန်းကို အဖယ်ခိုင်း၍ မနေအပ်။ မိမိ ပုဂ္ဂလိကကျောင်းဖြစ်မူ သံဃာညွှန်းချဖွယ်မရှိ။
မုဒုကား အနာရောဂါ မရှိဘဲ ကျောင်းတစ်ပါးကို ယူခြင်း၊ မဇ္ဈုံ ကား သွားကြည့်ခြင်း၊ ဥက္ကဌ်ကား နီးသလော ဝေးသလော ပူသလော အေးသလော စသည် မေးမြန်းခြင်းသည် လောလုပ္ပ မည်၏ ။ ဓုတင်ညစ်နွမ်း၏ ။ ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့် ယထာသန္ထတိဓုတင် ပျက်တော့၏။

 

အကြောင်းအားလျော်စွာသံဃာအများနှင့်ဆက်ဆံနေထိုင်ရသောအခါများ၌အိပ် ရာနေရာ အတွက် အခြားရဟန်းတစ်ပါးအားထိပါးနေထိုင်မှုကိုပယ်ခြင်းကြောင့် နေရေးအတွက် အာလယ ကင်းပြတ်မှု၊ ပတ်ဝန်းကျင် အနှောက်အယှက် ဖြစ်မှုမှ ကင်းစေသည်။

၁၃။ နေသဇ္ဇိကင်္ဂ ဓုတင် (နိသဇ္ဇိ ဓုတင်)

နိသဇ္ဇိ ဓုတင်ဟူသည် မလျောင်းပဲ သွား၊ ရပ်၊ ထိုင် ဣရိယာပုထ်ဖြင့်သာ နေသော အကျင့်ဖြစ်၏။

ညဥ့်သုံးယံတို့တွင် တစ်ယံ ထ၍ စင်္ကြံသွားအပ်၏။ နိသဇ္ဇိ ဓုတင် ဆောက်တည်သော ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် ၃ ပါးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ ကျောချ၍ လဲလျောင်း အိပ်သော ဣရိယာပုထ် တစ်ခုသာ မအပ်။

 

ဆောက်တည်ပုံ...

သေယျံ၊ ပဋိက္ခိပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။
သေယျံ၊ အိပ်ခြင်း၊ လျောင်းခြင်းကို ပဋိက္ခိပါမိ၊ ပယ်ပါ၏။ နေသဇ္ဇိကင်္ဂံ၊ ထိုင်ခြင်း ဣရိယပုထ်ဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ သမာဒါန စေတနာကို သမာဒိယာမိ၊ ဆောက်တည်ပါ၏ (၀ါ) ကောင်းစွာယူပါ၏။

 

ဥက္ကဌ်ကား နောက်မှီတံကဲပျဉ်, ပုဆိုး-အာယောဂပတ်, အာယောဂပတ်ပြား သုံးခုမအပ်။
မဇ္ဈုံကား တစ်ခုခု အပ်၏။ မုဒုကား သုံးမျိုးလုံး အပ်သည် ။ မှီစရာ ခေါင်းအုံး ဖြောင့်စင်းစွာ အိပ်၍ မရသော နောက်မှီအမြင့်ရှိသော ပက်လက်ကုလားထိုင် ညောင်စောင်းများလည်း အပ်သည်ဟု ဆို၏။ လျောင်း၍ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် နိသဇ္ဇိဓုတင် ပျက်တော့၏။

 

အထက်ကိုယ် ဖြောင့်တန်း တင်ပျဉ်ခွေထိုင်သော ရဟန်းသည် မာရ်နတ်စိတ်ကို ချောက်ချားစေ၏ ။ အထိုင်မွေ့သော ရဟန်းသည် အိပ်ခြင်း လှိမ့်ခြင်း မှိန်းခြင်းဟူသော အာမိသချမ်းသာကို စွန့်နိုင်၏ ။ လုံ့လ၀ီရိယ ရှိ၏ ။ သာသနာတော် အင်ကြင်းတောကို တင့်တယ်စေ၏ ။ ကျောခင်းခေါင်းချ၍အိပ်ခြင်းကိုပယ်ခြင်းကြောင့် တရားအာရုံကို ထုံစေခြင်း၌ မကင်းသော သတိ ရှိစေသည်။ ကာမဂုဏ်အာမိသကင်းသောပီတိသုခကို ရနိုင်၏။ ထို့ကြောင့် ပညာရှိသည် နေသဇ္ဇိဓုတင်ကို ဖန်ဖန် မယုတ် အားထုတ်သင့်လှ၏။ (၀ိသုဒ္ဓိမဂ်အရသာ-၁၁၁)

 

ဓူတင် ကျင့်ဆောင်ခြင်း အကျိုး (၂၈)ပါး။ ။

မိလိန္ဒာပဥှာ ပါဠိတော်တွင် ဓုတင်ကျင့်တို့ ရရှိနိုင်သော အကျိုးတရား (၂၈)ပါးရှိကြောင်း ပြဆိုထားလေသည်။ 
(၁) သုဒ္ဓါဇီဝ-အသက်မွေးစင်ကြယ်၏၊ 
(၂) သုခ ဖလ-ချမ်းသာကျိုးရှိ၏၊ 
(၃) အနဝဇ္ဇ-အပြစ်မရှိ၊ 
(၄) န ပရ ဒုက္ခာပန-သူတပါးတို့အားဒုက္ခမပေး၊ 
(၅) အ, ဘယ-ဘေးမရှိ၊ 
(၆) အ, သမ္မီဠန-သူတပါးကိုမနှိပ်စက်၊ 
(၇) ဧကန္တဝဍ္ဎိုက-အမှန်ကြီးပွါး၏။ 
(၈) အ, ပရိဟာနိယ-ကုသိုလ်တရားမဆုတ်ယုတ်၊ 
(၉) အ, မာယံ-မာယာစဉ်းလဲခြင်း မရှိ၊ 
(၁၀) အာရက္ခာ-သေခြင်းကို စောင့်တတ်၏၊ 
(၁၁) ပတ္ထိတဒဒ-တောင့်တတိုင်းပေး၏၊ 
(၁၂) သဗ္ဗသတ္တ ဒမန-သတ္တဝါအားလုံးကို ဆုံးမတတ်၏၊ 
(၁၃) သံဝရဟိတ-စောင့်စည်းသောအကျိုးရှိ၏၊ 
(၁၄) ပဋိရူပ-လျောက်ပတ်သော အကျင့်ဖြစ်၏၊ 
(၁၅) အ, နိဿိတ-ကိလေသာတို့ မမှီမကပ်နိုင်၊ 
(၁၆) ဝိပ္ပမုတ္တ-ကိလေသာမှ လွတ်၏၊ 
(၁၇) ရာဂက္ခယ-ရာဂ ကုန်၏၊ 
(၁၈) ဒေါသက္ခယ-ဒေါသ ကုန်၏၊ 
(၁၉) မောဟက္ခယ-မောဟ ကုန်၏။ 
(၂၀) မာနဟာန-မာန်တက်မှုကိုပယ်၏၊ 
(၂၁) ကု ဝိတက္ကစ္ဆေဒန-မိစ္ဆာဝိတက်ကိုဖြတ်၏၊ 
(၂၂) ကင်္ခါဝိတရဏ-ယုံမှားသင်္ကာမှ ကူးမြောက်၏၊ 
(၂၃) ကောသဇ္ဇဝိဒ္ဓံသန-အပျင်းကိုပယ်ဖျောက်၏၊ 
(၂၄) အရတိ ပဟာန- မမွေ့လျော်ခြင်းကိုဖျောက်၏၊ 
(၂၅) ခမန-သည်းခံတတ်၏၊ 
(၂၆) အတုလ-အတုမရှိမြတ်သော အကျင့်တည်း၊ 
(၂၇) အပ္ပမာဏ-မနှိုင်းယှဉ်အပ်သောဂုဏ်ရှိ၏၊ 
(၂၈) သဗ္ဗဒုက္ခက္ခယ ဂမန-ဒုက္ခကင်းရာနိဗ္ဗာန်သို့ရောက်၏။

 

အပ္ပစ္ဆတာဂုဏ် ။ ။

ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

 

ဓုတင်ကို လျှို့ဝှက်သူ ။ ။

သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက် နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။

နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

 

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည် စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။ ( အံ-ဋ္ဌ ၁၊ ၅၉ )

 

ပရိဝါသ်ဆောက်တည်သော ရဟန်း မကျင့်အပ်သော ဓုတင်။ ။

ပရိဝါသ်ယူပြီး ဓုတင် (၁၃)ပါးကို ဆောက်တည် ကျင့်သုံးလိုသော ရဟန်းသည် အထက်ပါစူဠ၀ါပါဠိတော်အရ အာရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင်မဆောက်တည်ရဟု ဟောတော်မူသည် ………။

 

စူဠ၀ါအဋ္ဌကထာ၌ အာရညကင်ဓုတင်မဆောက်တည်ရဟူသည်မှာ ရောက်လာကုန် ရောက်လာကုန်သော ရဟန်းတို့အား ပရိဝါသ်ကြားခြင်းငှာ ရှက်သောကြောင့် မဆောက်တည်ရဟု ဆိုသည်။ ပင်ကိုက (နဂိုက) ဆောက်တည်ထားပြီးသူ ရဟန်းဖြစ်လျှင် အဖော်ရဟန်းကို ခေါ်၍ တော၌ အရုဏ်ကိုတက်စေရမည် ဆွမ်းစားကျောင်း စသည်၌ နေရာစွန်၌ နေရခြင်းဖြင့် ရှက်၍
ပိဏ္ဍပါတ်ဓုတင်မဆောက်တည်အပ်။ ပင်ကိုကပင် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ထားသူဖြစ်က တားမြစ်ခြင်းမရှိ ကျင့်ကောင်းသည်ဟု ဖွင့်ဆိုထား-ပါသည် ။

 

ဓုတင်နှင့် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အသီးသီး။ ။
ရဟန်းတို့ဆောက်တည်နိုင်သော ဓုတင် ၁၃ပါး
ဘိက္ခုနီတို့ ဆောက်တည်နိုင်သော ဓုတင် ဂ ပါး
သာမဏေတို့ ဆောက်တည်နိုင်သော ဓုတင် ၁၂ ပါး
သိက္ခမာန် သာမဏေရီတို့ ဆောင်တည်နိုင်သော ဓုတင် ၇ ပါး
လူဥပါသကာ လူဥပါသိကာတို့ ဆောက်တည်နိုင်သော ဓုတင် ၂ ပါး

ရဟန်းတို့သည် ဓုတင် ၁၃ ပါးလုံးကို ဆောက်တည်နိုင်ကြကုန်၏။ 


ဘိက္ခုနီမတို့သည် အာရညိကဓုတင်၊ ခလုပစ္ဆာဘတ္တိက ဓုတင်တို့ကို သိက္ခာပုဒ်ဖြင့် တားမြစ်ထားသောကြောင့်လည်းကောင်း၊ အဗ္ဘောကာသိကဓုတင် ရုက္ခမူဓုတင် သုသာန်ဓုတင်၊ ယင်းတို့ကို ဆောက်တည်နိုင်ရန် ခက်ခဲသောကြောင့် လည်းကောင်း (အာရညိကဓုတင်၊ ခလုပစ္ဆာဘတ္တိက ဓုတင်၊ အဗ္ဘောကာသိကဓုတင် ရုက္ခမူဓုတင် သုသာန်ဓုတင်၊) ဓုတင် ၅ ပါးမှ ကြွင်းသော ဓုတင် ၈-ပါးတို့ကို ဆောင်တည်နိုင်ကြကုန်၏။ 


သာမဏေတို့သည် တိစီဝရိက် ဓုတင်မှတပါး ကြွင်း ၁၂ ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။ 
သိက္ခမာန် သာမဏေရီ-တို့သည် ဘိက္ခုနီတို့ဆောက်တည်နိုင်သော ဓုတင် ၈-ပါးတွင် တိစီဝရိက် ဓုတင်ကို ချန် ကြွင်းဓုတင် ၇-ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။

 

လူပုဂ္ဂိုလ်များ ဆောက်တည်နိုင်သော ဓုတင်()ပါး ။ ။
လူဥပါသကာ ဥပါသိကာတို့သည် ဧကာသနိက်ဓုတင်၊ ပတ္တပိုဏ်ဓုတင် ဤ ဓုတင် (၂) ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။
မှတ်ချက် ။ ။ ဓုတင်ဆောင်လိုသော လူဥပါသကာ ဥပါသိကာတို့သည် ရိပ်သာ`၌ဖြစ်စေ၊ ခုနှစ်ရက် ရှစ်ရက် ဖြစ်စေ၊ တစ်လဖြစ်စေ၊ အဓိဌာန်ဝင်၍ ဓုတင်ဆောက်တည်နိုင်လေ၏။


၁။ ဧကာသနိက်ဓုတင်= ဆောက်တည်ပုံ=
နာနာသနဘောဇနံ ပဋိက္ခိပါမိ = အထူးထူး အပြားပြား များစွာသောနေ(နေရာအမျိုးမျိုး)၌ စားခြင်းကို ပယ်စွန့်ပါ၏။
ဧကာသနိကင်္ဂံ သမာဒိယာမိ = တထိုင်တည်း၌သာ စားခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို ဆောက်တည်ပါ၏။ 
မြန်မာလို သက်သက်ရွတ်ဆိုပြီး ဆောက်တည်နိုင်ပါသည်။ ဆောက်တည်လိုလျှင် ဤကဲ့သို့ ဖြစ်၏။
အထူးထူး အပြားပြား များစွာသောနေ(နေရာအမျိုးမျိုး)၌ စားခြင်းကို ပယ်စွန့်ပါ၏။= အထူးထူး အပြားပြား များစွာသောနေ(နေရာအမျိုးမျိုး)၌ စားခြင်းကို ပယ်စွန့်ပါ၏။


၂ ။ပတ္တပိဏ္ဍိက(ပတ္တပိုဏ်) ဓုတင်ဆောက်တည်ပုံ=
ဒုတိယကဘာဇနံ ပဋိက္ခိပါမိ = ၂-ခုမြောက် စားခွက်ကို ပယ်စွန့်ပါ၏။ 
ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ = သပိတ်တလုံးတည်း`၌ ရှိသရွေ့ကိုသာ စားလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ သမာဒါန စေတနာ ကို ဆောက်တည်ပါ၏။
မြန်မာလို သက်သက်ရွတ်ဆိုပြီး ဆောက်တည်နိုင်ပါသည်။ ဆောက်တည်လိုလျှင် ဤကဲ့သို့ ဖြစ်၏။
၂ - ခုမြောက် စားခွက်ကို ပယ်စွန့်ပါ၏။ သပိတ် (ခွက်) တလုံးတည်း`၌ ရှိသရွေ့ကိုသာ စားလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ သမာဒါန စေတနာ ကို ဆောက်တည်ပါ၏။

 

ဓုတင်ဆောက်တည်လိုသူသည် ဓုတင်အကျင့်များကို ဆောက်တည်ရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှားရှိက၊ မြတ်စွာဘုရားထံတော်၌ လည်းကောင်း၊ မဟာသာဝကကြီးတို့၏ ထံတော်၌လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်၊ ပိဋကသုံးပုံဆောင်၊ နှစ်ပုံဆောင်၊ တစ်ပုံဆောင်၊ နိကာယ်ငါးရပ်တို့တွင် တစ်ပါးပါး သောနိကာယ်ဆောင်၊ အဋ္ဌကထာဆရာတို့ထံ၌ ဆောက်တည်အပ်ကုန်၏။ ဓုတင်ဆောင်သည့် ပုဂ္ဂိုလ် ထိုအရပ်၌မရှိသော် စေတီရင်ပြင်ကို တံမြက်လှည်း၍ ဆောင့်ကြောင့်ထိုင်လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရား၏ ထံတော်၌ ဆိုဘိသကဲ့သို့ ဆောက်တည်ရမည်ဖြစ်သည်။

 

ဤကား ဓုတင်(၁၃)ပါး ကျင့်သုံး ဆောက်တည်ပုံ နည်းလမ်းများပင် ဖြစ်ပါသည်။ (၀ိသုဒ္ဓိမဂ်၊ အဋ္ဌ၊ ဓုတင်္ဂနိဒ္ဒေသ တွင် အကျယ်လေ့လာနိုင်ပါသည်။)

အရှင်ဥက္ကံသ

သာသနတက္ကသီ မဟာဓမ္မာစရိယ M.A.(Buddhism)

ကျမ်းကိုး။ 
၁။ ဓုတင်္ဂ၀ိနိစ္ဆယကျမ်း(နဘူးကျင်းတောရ ဆရာတော်ဘုရားကြီး)
၂။ ဓုတင်အကြောင်း သိကောင်းစရာ (သဗြဟ္မစာရီ- ဓမ္မ၀ိနယ)

၃။  ဓုတင်္ဂနိဒ္ဒေသ၊ ပါ၊ ဋ္ဌ၊ ဝိသုဒ္ဓိမဂ်။

၎။ ဓုတင်ဆိုင်ရာ ဝက်ဆိုက်များနှင့် ဆောင်းပါးများ။

 

Views: 79

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service