ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရှင်ရာဟုလာနှင့် မှန်ကွဲစ ဒေသနာ

ရှင်ရာဟုလာနှင့် မှန်ကွဲစ ဒေသနာ

 

မြတ်စွာဘုရားရှင်ဟာ သားတော်ရာဟုလာလေးကို အမ္ဗလဋ္ဌိက သရက်ဥယျာဉ်ကျောင်းမှာ ခြေးဆေးတဲ့ အုန်းမှုတ်ခွက်ကလေးကို အသုံးပြုပြီးတော့ ဆုံးမသွန်သင်ပြီးတဲ့ နောက်မှာတော့ နောက်အရာဝတ္ထုတစ် ခုကိုပြပြီးတော့ ဆုံးမပြန်ပါတယ်... ဒီဆုံးမခန်းလေးကို မသွားခင် အတိတ်အကြောင်းလေးကို နည်းနည်းလောက် ပြန်ပြောင်း ကြည့်လိုက်ရအောင်ပါ၊ တကယ်တော့ ရှင်ရာဟုလာလေး ဗုဒ္ဓမြတ်စွာနဲ့ တွေ့ပြီး လိမ္မာယဉ်ကျေးတဲ့ သားရတနာလေးဖြစ်လာရတာဟာ သူ့မိခင် ယသောဓရာရဲ့ စနစ်တကျစီမံမှုလို့ ဆိုနိုင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ရာဟုလာလေးကို မယ်တော်ယသောဓရာရဲ့ ဖခမည်းတော်ဘုရားထံ အမွေတောင်းခံဖို့ စေလွှတ်မှုကနေတဆင့် ၇-နှစ်သား ရာဟုလာလေးဟာ ကိုရင်ကလေးဖြစ် ခဲ့ရပါတယ်၊ ဒီနေရာမှာ စဉ်းစားရမှာက ယသောဓရာဟာ အလောင်းတော် ပစ်ခွါသွားပေမယ့် သူက အလောင်းတော်နဲ့ အတူနေခဲ့တဲ့ ကပိလဝတ်နန်းတော်ကို သူ မပစ်ခွါနိုင်ပါဘူး၊ ဒါကြောင့်ပဲ ငယ်ငယ်ရွယ်ရွယ် တစ်ခုလပ်ဖြစ်ရတဲ့ ယသောဓရာလေးကို အတိုင်းတိုင်း အပြည်ပြည်က ဘုရင်တွေ၊ မင်းညီမင်းသားတွေက ကမ်းလှမ်းလာတဲ့ အခါမှာ လှည့်လို့ပင် မကြည့်ခဲ့၊ အားလုံးကို ငြင်းပယ်ခဲ့ပါတယ်၊ ဒါဟာ ဘုရားအလောင်းတော်အပေါ်မှာ ထားရှိခဲ့တဲ့ သူရဲ့ အလွန်နက်ရှိုင်းတ သံယောဇဉ်ကြောင့်ပါ၊

 

တနည်းအားဖြင့် ဘုရားရှင်အတွက်တော့ ယသောဓရာဟာ ကပ်ငြိမှု အလျင်းမရှိတော့တ ကောင်ကင်ကြီးကို တဘက်သတ် တွယ်ငြိမ်နေတဲ့ ကြိုးမျှင်လေး တစ်ချောင်းလိုပါပဲ...သို့ပေမယ့် ထိုကြိုးက ချည်နှောင်ဖို့ ကြိုးစားတဲ့ ကြိုးမဟုတ်ပါဘူး... စေတနာနဲ့ ကျစ်တဲ့ကြိုး... ပေးဆပ်မှု သက်သက်ဖြင့် ရစ်ပတ်တဲ့ ကြိုး... တွယ်ငြိနေကာမျှဖြင့် နှစ်သိမ့်နိုင်တဲ့...ကြိုး...။

 

သူမဟာ ဘုရင့် သမီးတော်၊ ဘုရင့်ချွေးမတော် ဖြစ်တဲ့ အတွက် ရွှေလည်း မရှား၊ ငွေလည်း မရှားပါ၊ ဒါကြောင့် ဘုရားရှင်ထံက အမွေတောင်းခိုင်းတယ်ဆိုတာက မွေးကတည်းက ဖခင်နဲ့ စကားတီတာ မပြောခဲ့ရရှာတဲ့၊ အတူတကွ တစ်ရက်ကလေးတောင် မနေခဲ့ရရှာတဲ့ သားလေးကို သူ့ဖခင်နဲ့ အနီးကပ်တွေ့စေချင်၊ ရင်းရင်းနှီးနှီးးလေးဖြစ်စေချင်တဲ့ ဆန္ဒက ရှေ့တန်းကပါဝင်ပါတယ်။ ဒီအချက်ကလေးကို ပိုမိုပေါ်လွင်စေဖို့ ဥပမာလေးတစ်ခု ထုတ်ရရင်တော့ ... မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်လို့ တစ်ဝါရတော့မှ ကပိလဝတ်ရွှေနန်းတော်ကို ပြန်လည်ကြွဝင်တော်မူပါတယ်၊ (ရွှေနန်းတော်က ထွက်ခွါခဲ့တာ ၇-နှစ်နှစ်တိတိကြာခဲ့ပြီပေါ့...။)

 

ထိုသို့ကြွဝင်တော်မူလို့ ခုနှစ်ရက်မြောက်နေ့မှာမှ ယသောဓရာဟာ မြတ်စွာဘုရားကို ဖူးမြှော်နိုင် ပါတယ်၊ တစ်တိုင်းပြည်လုံး အုံးအုံးကျွတ်ကျွတ်နဲ့ ၇-နှစ်တာလုံး ကွဲကွာနေတဲ့ ဘုရားရှင်ကို ဖူးမြှော်ကြ၊ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြ၊ ချီးကျူးကြနဲ့ အားလုံးပျော်ရွှင်နေကြချိန်မှာ သူလည်း အများနည်းတူ၊ ဘုရားရှင်ကို အလွန်ပဲ တွေ့ချင် မြင်ချင်လှပါတယ်၊ ဒါပေမယ့် သူသွားမတွေ့ပါဘူး။

 

သူ့စိတ်ထဲက တွေးပါတယ်၊ *မောင်တော်ဘုရား အပေါ်မှာ နှမတော် ဘယ်လောက် တန်ဘိုးထားတယ်၊ဘယ်လောက် မြတ်နိုးတယ်၊ မည်သည့်မျှော်လင့်ချက်မှ မထားပဲ ပေးဆပ်မှုတွေပဲ ရှိခဲ့တယ်ဆိုတာ မောင်တော်ဘုရား အသိဆုံးဖြစ်မှာပါ၊ ဒီကျေးဇူးတွေကို အသိမှတ်ပြုတယ်ဆိုရင် မောင်တော်ဘုရားကိုယ်တိုင် နှမတော်ထံကို အဖူးမြှော်ခံဖို့ ကြွရောက်လာပါလိမ့်မယ်...* ဘုရားရှင်ထံကို သွားရောက်ဖူးမြှော်ကြဖို့ တိုက်တွန်းကြသူတွေ အားလုံးကိုလည်း သူဒီလိုပဲ ပြောလိုက်ပါတယ်၊ ဒါဟာ ယသောဓရာရဲ့ လက်ကျန်မာနလေးလို့ ပြောလို့ရပေမယ် ဘုရားရှင်ကို မင်းပရိတ်သတ် အလယ်မှာထွက်ပြီး မတွေ့ရခြင်းရဲ့ နောက်အကြောင်းတစ်ချက်လည်း ရှိပါသေးတယ်။

 

အဲဒါကတော့ သူဟာ သိဒ္ဓတ္ထမင်းသားကိ တစ်သံသရာလုံးမှာ တစ်ယောက်တည်း ဆိုသလို ပေးဆပ်ပြီး ချစ်လာခဲ့တာပါ၊ ယခုတစ်ကြိမ်တွေ့ဆုံခြင်းဟာ သံယောဇဉ်လက်ကျန်နဲ့ နောက်ဆုံး တွေ့ဆုံရခြင်းဆိုတာလည်း သူရိပ်မိနေပါတယ်။ ပြောရရင်တော့ သူသိပ်ကို လွမ်းနေရသလို၊ အလွန်လည်း ဝမ်းနည်းနေပါတယ်၊ ဘုရားရှင်ကို တွေ့မြင်ရရင် သူဟာ လူပုံအလယ်မှာ မည်သို့ မြည်ပုံ ဖြစ်မယ်ဆိုတာ သူလည်း မခန့်မှန်းနိုင်ပါဘူး၊ မင်းပရိတ်သတ်ရဲ့ အလယ်မှာ သတိလက်လွတ် ငှက်တောင်ကျွတ်ဆိုသလို သူဖြစ်ခဲ့ရင် ဘုရားရှင်က နားလည်နိုင်ပေမယ့် မင်းပရိတ်သတ်တို့ရဲ့ အလယ်မှာ သူ့သိက္ခာကျဆင်းရမယ့် အရေးကလည်း ရှိနေပါသေးတယ်၊ ဒါကြောင့် ဘုရားရှင်ကို အားရပါးရ ဖူးမြှော်ချင်လို့ မရမနေ တွေ့ချင်နေပေမယ့် သူမ သည်းခံစောင့်စည်းခဲ့တာပါ။

 

မြတ်စွာဘုရားရှင်ကလည်း ယသောဓရာရဲ့ ထိုစကားကို အပျိုရံတွေထံက တစ်ဆင့်ကြားတယ် ဆိုရင်ပဲ သုဒ္ဓါဓနမင်းကြီးကို အပါခေါ်လို့ မင်းသမီးရဲ့ နန်းဆောင်တိုက်ခန်းကို ကြွမြန်းတော် မူပါတယ်...။ ယသောဓရာမင်းသမီးဟာ ဘုရားရှင်ကြွလာ မယ်ဆိုကတည်းက နေရာထိုင်ခင်းတွေ ခင်းကျင်းထားပေမယ့် ဘုရားရှင်ကို ရွှေနန်းဆောင်တိုက်ခန်းဝမှာ တွေ့ရတယ်ဆိုရင်ပဲ ဟန်မဆောင် နိုင်တော့ပါဘူး၊ ရွှေခြေဖမိုးအစုံမှာ မျက်နှာကိုအပ်လို့ ရှိုက်ကြီးတငင် ငိုကျွေးပါတော့ တယ်၊ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ဆံနွယ်များနဲ့ ပွတ်သပ်သုတ်သင်လို့ ၊ ဖုန်မှုန့်များ လိမ်းကြံနေတဲ့ ဘုရားရှင်ရဲ့ ခြေတော်အစုံကို မျက်ရည်မိုးနဲ့ဆေးကြောလို့၊ နှုတ်ကလည်း ဝမ်းနည်း စကားများ အဆက်မပြတ်ပြောကြားရင် ဝမ်းပန်းတနည်းရှိုက်ကြီးတငင်ကို ငိုကျွေးရှာပါ။

 

မြတ်စွာဘုရားက နားလည်ခွင့်ပြုတော်မူခဲ့ပါတယ်၊ ဒါဟာ ဘဝပေါင်းများစွာ၊ ကမ္ဘာပေါင်းများစွာ တကည်းက ရစ်ဖွဲ့စီးဆင်းလာခဲ့တဲ့ မေတ္တာမိုးတွေ မဟုတ်ပါလား၊ တစ်ဘဝမဟုတ်၊ နှစ်နှစ်ဘဝ မဟုတ် ၊ သံသရာတစ်လျှောက်လုံးက ဖြည့်ဆည်းပေးလာခဲ့တဲ့ အကောင်းဆုံး ပါရမီဖြည့်ဖက်ရဲ့ မျက်ဝန်းက ရွာသွန်းတဲ့ နောက်ဆုံးမျက်ရည်မိုးတွေ မဟုတ်ပါလား။ ယသောဓရာမင်းသမီး ငိုကျွေးလို့အားရတော့မှ မြတ်စွာဘုရားက ခင်းထားတဲ့ နေရာမှာ ထိုင်ရင်း ယသောဓရာမင်းသမီးကို ရွှေမျက်လွှာတော် အသာလှပ်လို့ ကြည့်ရှုတော်မူပါတယ်၊ ယသောဓရာမင်းသမီးရဲ့ အသွင်က ယခင်နဲ့မတူတောပြီ၊ ဖီးလိမ်းသုတ်သင ပြင်ဆင်ခြင်းမရှိတော့ပြီ၊ ခန္ဓာကိုယ်မှာလည်း အမျိုးသမီးများ တန်ဖိုးတထား ဝတ်ဆင်ကြတဲ့ လက်ဝတ်ရတနာတန်ဆာတွေလည်း သူမ မဝတ်ဆင်တော့ပြီ၊ ဒီဇမ္ဗူမှာ မည်သူနဲ့မျှ မတူအောင် လှပတဲ့ မျက်နှာလေးကလည်း အလိမ်းအခြယ်ကင်းလို့ ညှိုးနွမ်းနေခဲ့ပြီ။

 

ဖခမည်းတော်ရဲ့ စကား ဘုရားရှင်ရဲ့ နားထဲမှာ ကြားရတဲ့ အချိန်မှာ သာမာန်ပုထုဇဉ် များဆိုရင်တော့ စိတ်ဓါတ်တုန့်လှုပ်စရာကောင်းလှပါတယ်...

*သားတော် ဘုရား၊ သားတော်ဟာ နန်းတော်ကထွက်ခွါလို့ ဆံပင်မှုတ်ဆိတ်ကိ ပယ်ပြီလို့ ကြားခတည်းက ဘုရားတပည့်တော်ရဲ့ သမီးလိမ္မာလေးကလည်း အမျိုးသမီးတို့ တန်ဖိုးထားအပ်တဲ့ ကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ သူ့ဆံပင်ကို ဖီးလိမ်း သုတ်သင် အလှပြင်ဆင်မှု မရှိတော့ဘူး...။

 

*သားတော်ဘုရား၊ သားတော်ဘုရားဟာ လူသာမာန်တို့ ဝတ်ဆင်အပ်တဲ့ ကြောင်ကြောင်ကြားကြား အဝတ်အစားများကို စွန့်ပယ်ပြီဆိုကတည်းက ဘုရားတပည့်တော် ရဲ့သမီးအလိမ္မာလေးကလည်း ကောလိယတိုင်းဖြစ် ပိုးထည်အဝတ်တို့ကို စွန့်ပယ်လို့ ယောဂီအဝတ်ကလေးနဲ့ပဲ တင်းတိမ် ခဲ့ရှာပါတယ်..။

 

*သားတော် ဘုရား၊ သားတော်ဘုရားဟာ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားတော့တယ် ကြားကတည်းက ဘုရားတပည့်တ်ာရဲ့ သမီးအလိမ္မာလေးဟာလည်း ချစ်သားဘုရားနဲ အတု လိုက်လို့ တစ်နေ့ကို တစ်နပ်ပဲ စားခဲ့ပါတယ်...။

 

*သားတော်ဘုရား၊ သားတော်ဘုရားဟာ မွန်မြတ်တဲ့ အိပ်ယာကုတင်ကို စွန့်ပယ်ပြီဆို ကတည်းက ဘုရားတပည့်တော်ရဲ့ သမီးအလိမ္မာလေးဟာလည်း နုညက်ချောမွေ့တဲ မွေ့ယာကုတင်ကို စွန့်ပယ်လို့ ကြမ်းပြင်မှာ ဖျာကြမ်းကလေးနဲ့ အိပ်စက်ခဲ့ပါတယ်...။

 

*သြော်...စွန့်နိုင်ရက်သူက အဝေးဆုံးကို ပြေးထွက်ခွါတိမ်း စိမ်းသွားရက်ခဲ့ပေမယ့်... မစွန့်ခွါနိုင် သူကတော့ လူချင်းမနီးပေမယ စိတ်ချင်းများနီးလေမလား... ကိုယ်ချင်း မနီးနိုင်ပေမယ့် အတွေးချင်းများ နီးလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့... ရယူခြင်းမပါ ပေးဆပ်ခြင်းသက်သက်နဲ့ ချစ်ပြနေခဲ့တာပါလား...။ ယသောဓရာဟာ သူအမြတ်နိုးဆုံး ၊ တစ်သံသရာလုံးမှာ အချစ်ဆုံးဖြစ်တ သူ့မောင်တော် သိဒ္ဓတ္ထကို သူစွန့်လွှတ်ခဲ့ပြီးပါပြီ၊ သူ့မောင်တော်ထံက အခြားဘာမှ မျှော်လင့်ချက် မထားဘူးဆိုတာ သိသာလှပါတယ်။

 

ဆိုခဲ့ပြီးတဲ့ အတိုင်း သားတော်ကလေးကို အမွေတောင်းလွှတ်တာကတော့ မွေးကတည်းက ဖခင်ကို မတွေ့ခဲ့ရရှာတဲ့ ဖတဆိုးသားလေးကိ သူ့ဖခင်နဲ့ တရင်းတနီးတွေ့စေချင်တဲ့ ဆန္ဒနဲ့ တနည်း ပြောရမယ်ဆိုရင်တော့ မြတ်စွာဘုရားက သံယောဇဉ်အမျှင်ပြတ်ခဲ့ပေမယ့် သူမပြတ်နိုင်သေးပါဘူး၊ မည်သို့မည်ပုံ ဆံဆက်ပုံမျိုးနဲ့မဆို ဘုရားရှင်နဲ့ သူ ဆက်စပ်နေချင်ပါသေးတယ်၊ ဒါကြောင့် သူ့အသက်လောက်ချစ်ရတဲ့ သားလေးကို ဘုရားရှင်ထံ ပို့လွှတ်ခဲ့တာပါ။

 

ရာဟုလာလေး ရွှေနန်းတော်ကို ပြန်မလာတော့တဲ့ အခါမှာလည်း ဘုရင်သုဒ္ဓါဓနမင်းကြီးက ဆောက်တည်ရာမဲ့ ဘုရားရှင်ကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ယသောဓရာကတော့ တည်ငြိမ်စွာပဲ ရင်ဆိုင်ခဲ့ပါတ ယ်၊ သူ စိတ်ချတယ်လေ၊ အငြိမ်းချမ်းဆုံးဖြစ်တဲ့ သူ့ဖခင်ထံမှာ သူ့သားလေး ငြိမ်းအေးနေမယ်၊ ပျော်ရွှင်နေမယ်ဆိုတာ သူအသိဆုံးမို့ပါ၊ ဒါဟာ သူ့မှာ ရှိသမျှအရာတွေထဲက အမြတ်နိုးဆုံးနဲ့ နောက်ဆုံးပေးဆပ်မှုပဲ မဟုတ်ပါလား...။

 

တောကျောင်းပြဿာဒ်ကလေးက ဘုရားရှင်နဲ့ ရဟုလာလေးရဲ့ နှစ်ပါးတည်း ကျင်းပတဲ့ တရားပွဲလေးကို ပြန်သွားပြီး ကြည်ညိုလိုက်ကြ ရအောင်...။ မိခင်ရင်ခွင်က စွန့်ခွါလို့ ဖခင်ရင်ခွင်ကို ခိုဝင်လာတဲ့ သားတော်လေးကို မြတ်စွာဘုရားက အမှုမဲ့ထားတော်မမူပါဘူး၊ ကလေးလေးဆိုတော့ အမှားတွေ မလုပ်မိအောင်၊ အမှားတွေ မပြောမိအောင်၊ အမှားတွေ မတွေးမိအောင် အမြဲပဲသွန်သင်ဆုံးမတော်မူပါတယ်...။

 

ဘုရားရှင်က သတ္တဝါတွေကို ဆုံးမတဲ့အခါမှာ လိုအပ်ရင် လိုအပ်သလို ကြားခံ အရာဝတ္ထု လေးတွေသုံးပြီး ဆုံးမူလေ့ရှိပါတယ်၊ ရှင်စူလပန် ဝတ္ထုမှာဆိုရင် မြတ်စွာဘုရားက လက်ကိုင်ပဝါ အဖြူလေးကို အသုံးပြုပြီးဆုံးမတော်မူပါတယ်၊ ထိုဇာတ်တော်မှာလည်း သာမာန်လက်ကိုင်ပဝါလေး တစ်ထည်ဟာ ဘုရားရှင်ရဲ့ လက်ထဲမှာတော့ အရဟတ္တဖိုလ်ကို ကျေးဇူးပြုနိုင်တဲ့အထိ တန်ဖိုးကြီးတဲ့ လက်ကိုင်ပဝါလေးဖြစ်ခဲ့ပါတယ်။

 

ရှင်သာရိပုတြာ ကမ္မဋ္ဌားန်း အပေးမှားလို့ လမ်းပျောက်နေတဲ့ ရွှေပန်းတိမ်သည်ရဲ့ သား ဇာတ်တော်မှာဆိုရင် မြတ်စွာဘုရားက ပန်းပွင့်ကလေးတစ်ပွင့်ကို အသုံးပြုပြီး ဆုံးမတော်မူပါတယ်၊ လူသာမာန်တို့အတွက် တပ်မက်စရာထိုပန်းပွင့်ကလေးဟာလည်း ဘုရားရှင်ရဲ့ အသုံးပြုမှု အောက်မှာတော့ ကိလေသာတွေကို ကုန်ခမ်းစေတဲ့ ရဟတ္တဖိုလ်ပေါက် ပန်းပွင့်လေး တစ်ပွင့် ဖြစ်စေခဲ့ပါတယ်၊ အမြတ်ဆုံးပန်းကလေးပေါ့။

 

ရှင်ရာဟုလေးလေးကို ဆုံးမရာမှာလည်း မြတ်စွာဘုရားက ကြားခံအရာဝတ္ထုလေးတွေ သုံးပြီး ၇-နှစ်သားကလေး နားလည်နိုင်အောင် ဆုံးမတော်မူပါတယ်။ ပထမဆုံး မြတ်စွာဘုရားက ရှင်ရာဟုလာလေးကို အုန်းမှုတ်ခွက်ကလေးကို မှောက်လိုက်၊ လှန်လိုက်နဲ့ လိမ်ညာမပြောဖို ဆုံးမပြီးတဲ့နောက်မှာတော့ မြတ်စွာဘုရားက မှန်ကလေးတစ်ချပ်ကို ဖန်ဆင်းလိုက်ပါတယ်၊ ပြီးတော့ ရာဟုလာလေးကို ပြပါတယ်၊

 

*ချစ်သားရာဟုလာ၊ ဒီမှန်စကလေးကို တွေ့ရဲ့လား၊

*မှန်ပါ့၊ တွေ့ပါတယ် ဘုရား၊

*တွေ့တယ်ဆိုရင်၊ မှန်ဆိုတာ ဘာလုပ်ဖို့အတွက်လဲ ချစ်သား အခြားသူတွေ ဆိုရင်တော့ မှန်ဆိုတာ ကြည့်ဖို့လို့ ဖြေနိုင်ပါတယ်၊ သို့ပေမယ့် ၇-နှစ်သား ရှင်ရာဟုလာလေးကတော့ ဒီလိုမဖြေပါဘူး

*မှန်ဆိုတာ ကိုယ့်မျက်နှာကို စစ်ဆေးဖို့ဖြစ် ပါတယ် ၊မြတ်စွာဘုရား၊

*မှန်ပေတယ် ချစ်သား၊ အဲဒီလိုပဲ ချစ်သားဟာ မိမိကိုယ်ကိုယ်ကို အမြဲစစ်ဆေးနေရမယ်၊ သတိလက်လွတ် ဘယ်တော့မှ မနေရဘူး၊ သတိလက်လွတ်မတွေးရဘူး၊ သတိလက်လွတ် မပြောရဘူး၊ ဘာကိုမှ သတိလက်လွတ် မလုပ်ရဘူး၊ တွေးကြံ၊ ပြောဆို ၊ လုပ်ကိုင်တိုင်းမှာ သတိနဲ့ အမြဲယဉ်တဲ့ စိတ်ရှိရမယ်...။

 

ရှင်ရာဟုလာလေးဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကြောင့် အသိတရားအခြေခံလေး ရနေပါပြီ၊ ဒါကြောင့် မြတ်စွာဘုရားရဲ့ ဒီလောက် အဆုံးအမလေးကပဲ ရှင်ရာဟုလာလေးက ကိုယ်အမူအရာ၊ နှုတ်အမုအရာ၊ စိတ်အမှုအရာ နူးညံ့သိမ်မွှေ့တဲ့ ချစ်စဖွယ် ကိုရင်ငယ်ကလေြး ဖစ်စေခဲ့တာပါ။

 

သာဓက တစ်ခုပြရရင် တခါက ရဟန်းတော်တွေဟာ မနက်စောစော ကျောင်းဝန်းထဲမှာ တံမြက်စည်းလှည်းကြရင် ကိုရင်ကလေးရာဟုလာလာတာ မြင်တော့ စမ်းသပ်ချင်တာနဲ့ပဲ အမှိုက်တွေကို လမ်းပေါ်မှာ ဖြန့်ကျဲချလိုက်ပါတယ်၊ တံမြက်စည်းကိုလည်း လမ်းပေါ်မှာပဲ ပစ်ချထားလိုက်ပါတယ်၊ ရှင်ရာဟုလာလေး အနားရောက်လာတဲ့ အခါမှာတော့...ရဟန်းတစ်ပါးက

 

*ငါ့ရှင် ဒီအမှိုက်တွေ ၊ တံမြက်စည်းတွေကို စည်းကမ်းမဲ့ မည်သူထားတာပါလဲ နောက်တစ်ပါးက ... *ဒီနားမှာတော့ ရှင်ရာဟုလာလေး သွားလာနေတာ မြင်တာပဲ ၊ သူများဖြစ်မလား မသိဘူး ရဟန်းတော်တွေက ရှင်ရာဟုလာလေးလာတာကို မမြင်ချင်ယောင်ဆောင်ပြီး ပြောကြတာပါ။ ဒါကို ကြားတော့ ကိုရင်ကလေးက ဘာမှ မပြောပါဘူး၊ အမှိုက်တွေကို ကောက်သိမ်း၊ တံမြက်စည်း ကိုလည်း နေသားကျအောင်ထားလို့ သန့်ရှင်းရေးအလုပ်တွေ ပြီးသွားချိန်မှာတော့ ရဟန်းတော် များကို လက်အုပ်ကလေးချီပြီး လျှောက်ရှာပါတယ်...။

 

*အရှင်ဘုရားတို့၊ တပည့်တ်ာရဲ့အပြစ်ကို သည်းခံတော်မူပါဘုရား၊ နောက်လည်း အမြင်မတော်ရင် ဆုံးမတော်မူပါဘုရားလို့ ... လျှောက်ခဲ့ပါသေးတယ်...။ ကိုရင်ရာဟုလာလေး ဘယ်လောက် လိမ္မာလိုက်ပါသလဲ၊ ဘယ်လောက် မာနကင်းလိုက်ပါသလဲ၊ ဘယ်လောက် ချစ်စရာ၊ ကြည်ညိုစရာ ကောင်းလိုက်ပါသလဲ၊ စာရေးနေရင်းနဲ့တောင် စိတ်က မှန်းလို့ကန်တော့မိပါတယ်...။

 

 *သြော်...ဒါတွေဟာလည်း မြတ်စွာဘုရားရှင် နမူနာပြု ဆုံးမတော်မူခဲ့တဲ့ မှန်ကွဲစကလေးတစ် ခုရဲ့ ကျေးဇူးက စခဲ့တာပဲ မဟုတ်ပါလား....*

အားလုံးပဲ မာနကင်းလို့ အေးချမ်းပျော်ရွှ င်ကြပါစေ...

မှတ်ချက်၊ ။ ဘုရားရှင်လက်ထက်ကတော့ မှန်ဆိုတာ ကြေးပြားကို ချောမွတ်အောင် တိုက်ချွတ်ထားတဲ့ ကြေးမှုံပြင်ကို သုံးကြပါတယ်။


Credit: နန်းတော်ရှေ့

 

Views: 9

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service