ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရွှေတိဂုံဘုရားရှိ မဟာဗုဒ္ဓဝင်ပြခန်းသို့ သွားလည်ရအောင်

ရွှေတိဂုံစေတီတော်ရှိ မဟာဗုဒ္ဓဝင်ပြခန်းသည် နှစ်ထပ်အဆောက်အဦး ဖြစ်ပြီး အောက်ထပ်တွင် ဂေါတမမြတ်ဗုဒ္ဓ ဖွားတော်မူသည်မှစပြီး ပရိနိဗ္ဗာန်စံသည်အထိကို အကျဉ်းချုပ်ပြီး အခန်း၂၈ခန်းဖြင့် ပြသားထားသည်။ ရွှေတိဂုံစေတီရင်ပြင်ကနေ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ် ကြားထောင့်ကနေ အုတ်လှေကားကျဉ်းလေးအတိုင်း နောက်ဘက်သို့ ဆင်းသွားရင် ရောက်ပါပြီ။ အုတ်လှေကားထိပ်မှာ ဗုဒ္ဓဝင်ပြခန်းသို့ ဆိုပြီး စာတိုလေး ရေးထားပါတယ်။

အခန်းတစ်ခန်းစီ၏ အရှေ့တွင် ထိုအခန်းနှင့် သက်ဆိုင်သော ဗုဒ္ဓဝင် ဇာတ်လမ်းအကျဉ်းကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားတာကို တွေ့ရပါတယ်။ အခန်းတွင်းတွင် ဇာတ်လမ်းနှင့် သင့်လျော်ရာ မီးအလင်းအမှောင် စီမံထားသည်ကို တွေ့ရပေလိမ့်မည်။ မှန်အကြည်အနောက်ဖက်တွင် ရုပ်ကြွရုပ်တုများ၊ ပန်းချီများဖြင့် ဇာတ်ထုပ်ကို ပေါ်လွင်အောင် ဖော်ကြူးထားသည်။ ထို့အပြင် ဇာတ်ထုပ်အကြောင်းကို တီးလုံးသံငြိမ့်ငြိမ့်လေးဖြင့် ခပ်အေးအေးရှင်ပြနေသည့် ကြည်လင်သောအသံကိုလည်း နားသောတဆင်နိုင်ပါသေးသည်။

ဒုတိယထပ်တွင် ၃၁ဘုံနှင့်ဆိုင်သော ပန်းချီများ၊ ရှေးပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓများ၊ နောက်ပွင့်တော်မူမည့် အရိမေတ္တရဘုရား ၏ အကျဉ်းချုပ်ကို ပြသထားသည်။ ရွှေတိဂုံစေတီတော်ပုရဝုဏ်ရှိ မဟာဗုဒ္ဓဝင်ပြတိုက်သည် စာရေးသူငယ်စဉ်အခါက အင်မတန် နှစ်သက်ပြီး လိုက်ပို့ပေးဖို့ မိခင်ကို မကြာခဏ ပူဆာခဲ့သော နေရာလေးဆိုလည်း မမှားပေ။ ဗုဒ္ဓဝင်ဇာတ်လမ်းများ အမှန်ရှိခဲ့ကြောင်းကို အိန္ဒိယနိုင်ငံ၊ ဂယာဒေသရှိ ဗုဒ္ဓဆိုင်ရာ အဆောက်အအုံများ စေတီပုထိုးများကို သွားရောက်လေ့လာခြင်းဖြင့်လည်း ကြည်ညိုသဒ္ဒါ ပိုလို့ တိုးစေနိုင်ပါလိမ့်မည်။

၁။ ပဋိသန္ဓေယူခန်း နှင့် ဖွားတော်မူခန်း

မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက် မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူပါတယ်။ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖဝါး လှမ်းကြွတော်မူ၍ "ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။ ငါသည်လောကတွင် အကြီးအကဲဆုံးဖြစ်၏။ ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏" ဟူသော သုံးခွန်းသောစကားကြုံးဝါးတော်မူပါတယ်။

၂။ ထီးနန်းစိုးစံတော်မူခန်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကိုတောမထွက်စေရန် ရမ္မ မည်သော ဆောင်းရာသီစံနန်းပြသာဒ်၊ သုရမ္မ မည်သော နွေရာသီစံနန်းပြသာဒ်၊ သုဘ မည်သော မိုးရာသီစံနန်းပြသာဒ်များ တည်ဆောက်ပြီး အလှည့်အလည် စံမြန်းစေပါတယ်။ ရွှေအဆင်းကဲ့သို့ လှပသော ယသောဓရာမင်းသမီး နှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူပါတယ်။ 

၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း

မဟာသက္ကရာဇ် ၉၆ခု၊ ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို တင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင်ရပြန်သောအခါ မိမိလည်း ဤသို့နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိလေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင်တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တဝါတို့၏ အကျိုးကို ဖြစ်ထွန်းစေပြီး ဘဝမှလွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြုရန် အဓိဋ္ဌာန်တော်မူ၏။

၎။ တောထွက်တော်မူခန်း

အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတော်တို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူပါတယ်။ မဟာသက္ကရာဇ် ၉၇ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ညဥ့်သန်းခေါင်ယံအချိန်တွင် ဆန္နအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူပါတယ်။ အနော်မာမြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အဝတ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့ လွှဲအပ်ပြီး နေပြည်တော်သို့ပြန်ရန် စေလွှတ်တော်မူပါတယ်။

၅။ ဒုက္ကရစရိယာ ကျင့်တော်မူခန်း

ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူပါတယ်။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံးပါတယ်။ နောင်တွင် အစာအဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူပါတယ်။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်စေ့တစ်စေ့ သို့မဟုတ် ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူပါတယ်။ ဤသို့ကျင့်ကြံသော် အာဟာရဓာတ် နည်းပါးသောကြောင့် ကြုံလှီးဖျော့တော့ အင်အားကုန်ခမ်းပါတယ်။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ရှုံခွက်နေသကဲ့သို့ဖြစ်၏။ အသားအရည်သည် ငါးခူရောင် ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကိုလက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ကဲ့သို့ဖြစ်၏။ ဝမ်းဗိုက်ကိုကိုင်သော် ခါးဆစ်ကို ကိုင်မိ၏။ တံပါးနှစ်ဖက်သည် ကုလားအုတ်ခွာကဲ့သို့ ရှုံခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌လဲကျ၏။ သဗ္ဗညုတဉာဏ်တော်ကို ရလိုသောကြောင့် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်ကျင့်ခဲ့ပါတယ်။

၆။ ဘုရားဖြစ်တော်မူခန်း

အလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို ၆နှစ်တိုင်တိုင်ကျင့်သော်လည်း သဗ္ဗညုတဉာဏ်မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာအကျင့်ကို လမ်းကြောင်းပြောင်း၍ အာနပါနစတုတ္ထဈာန်ကို ဝင်စားတော်မူပါတယ်။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှ အာဟာရကို မျှတဘုန်းပေးတော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်၌ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူပါတယ်။ ညဥ့်ဦးယံဝယ် ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံဝယ် ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံဝယ် အာသဝက္ခယဉာဏ် အသီးသီး ရတော်မူလျက် ဘုရားအဖြစ်ကို ရတော်မူပါတယ်။ ထိုအခါ အနေကဇာတိသံသာရံ အစချီသော ဥးဒါန်းကို ကျူးရင့်တော်မူပါတယ်။

၇။ ဓမ္မစကြာတရားဟောတော်မူခန်း

မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျှော်သော ဤသတ္တဝါများကို တရားဟောသော် တရားကို လွယ်ကူစွာနားလည်နိုင်ကြမည် မဟုတ်ကုန်၊ တရားဟောလျင် ပင်ပန်းရုံသာဖြစ်မည်ဟု အကြံဖြစ်လာပါတယ်။ သဟမ္ပတိဗြဟ္မာကြီး တောင်းပန်ချက်အရ တရားဟောရန်သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စဝဂ္ဂီငါးဦးကိုသာ မြင်ပါတယ်။ ထိုသူငါးဦးရှိရာ မိဂဒါဝုန်တောသို့ ဝင်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်၊ စနေနေ့ ညချမ်း နေမင်းလည်း ဝင်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လုဆဲဆဲကာလတွင် "ဒွေ မေ ဘိက္ခဝေ" အစချီသော တရားဦး ဓမ္မစကြာကို ဟောတော်မူပါတယ်။

၈။ ယသသူဌေးသား ရဟန်းဖြစ်ခန်း

ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီစည်းစိမ်ခံစားနေစဉ် တစ်ညဥ့်၌ သန်းခေါင်ကျော်အချိန် နိုးလာပါတယ်။ ဖရိုဖရဲ ပုံပျက်ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင်ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှထွက်၍ မိဂဒါဝုန်တောသို့ ရောက်လာပါတယ်။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် တရားဟောရာ သောတပန်တည်ပါတယ်။ ယသသူဌေးသား၏ ဖခင်ယသသူဌေးကြီး နှင့် မိခင်သုဇာတာတို့သည် သားပျောက်သဖြင့် လိုက်ရှာရာ ဘုရားထံသို့ ရောက်လာပါတယ်။ မြတ်စွာဘုရားမှ တရားဟောရာ ယသသူဌေးကြီး လင်မယားမှာ သရဏဂုံတည်ပြီး သောတပန်ဖြစ်ပါတယ်။ ယသသူဌေးသားလေးသည် မြတ်စွာဘုရားမှ မိဘတို့ကို ဟောသောတရားကို ထပ်မံနာရပြီးနောက် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လာပါတယ်။ ထို့ကြောင့် ယသဌေးကြီးနှင့် သုဇာတာမှာ ပထမဦးဆုံး သရဏဂုံသုံးပါး တည်သောသူများ ဖြစ်လာကြပါတယ်။

၉။ ယသော်ဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း

မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါး ခြံရံလျက် ယသော်ဓရာခန်းမဆောင်သို့ ဝင်ပါတယ်။ ယသော်ဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကို ဦးခိုက်၍ ရှိခိုးငိုကြွေးပါတယ်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက "မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုက်သကဲ့သို့ ယသော်ဓရာလည်း ခြိုးခြံနေထိုင်ကြောင်း" လျှောက်ထားသော် မြတ်စွာဘုရားမှ စန္ဒကိန္တွရာဇာတ်ကို ဟောတော်မူပါတယ်။ ယသော်ဓရာသည် သားတော်ရာဟုလာအား ဖခင်ထံမှ အမွေတောင်းစေရာ သားတော်လည်း မြတ်စွာဘုရားရှင်ထံမှ အမွေတောင်းပါတယ်။ မြတ်စွာဘုရားမှ အရှင်သာရိပုတ္တရာမထေရ်ကို ဥပဇ္ဈယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေအဖြစ် ရှင်သာမဏေ ပြုပေးလိုက်ပါတယ်။

၁၀။ ရောဟီဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရား ဟောတော်မူခန်း

ကပိလဝတ်ပြည် နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြား ရောဟီယီမြစ်ရေကို အကြောင်းပြုပြီး နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြပြီး စစ်ခင်းရန်အရေး ပေါ်လာပါတယ်။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့်အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင်စစ်တပ်အကြား ရောဟီဏီမြစ် အထက်ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် မြစ်ရေနှင့် ပတ်သတ်ပြီး တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရှုံးစေသင့်ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူပါတယ်။

၁၁။ ဘိက္ခုနီ သာသနာ ခွင့်ပြုတော်မူခန်း

မြတ်စွာဘုရားသည် ကပိလဝတ်ပြည်တွင် သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရဟန်းဘောင်သို့ ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။ မြတ်စွာဘုရား ဝေသာလီပြည်တွင် သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ဝတ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြပါတယ်။ ညီတော်အာနန္ဒာမှ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ဝန်ခံနိုင်လျှင် ပဉ္ဇင်းခံမှုဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူပါတယ်။

၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း

အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ်အနာအဆာများကို ဟောကြားလေ့ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်ပါတယ်။ ဝေဠုဝန်ကျောင်းတော်၏ သာယာလှပုံ တေးသံကို ကြားရသောကြောင့် မိဖုရားသည် ဝေဠုဝန်ကျောင်းတော်ကို သွားရောက်လည်ပတ်ပါတယ်။ ကျောင်းတော်တွင် ခေမာမိဖုရားထက် သာလွန်လှပသော မိန်းမပျိုတစ်ဦးသည် မြတ်စွာဘုရားအား ယက်ခတ်ပေးနေသည်ကို အံ့သြဖွယ်တွေ့မြင်လိုက်ပါတယ်။ ခေမာမိဖုရား ကြည့်နေစဉ်တွင်ပင် ထိုမိန်းမပျို၏အဆင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့်ဖောက်ပြန် ပျက်စီးသွားပါတယ်။ ထိုအခါမှ ခေမာမိဖုရားလည်း သံဝေဂဖြစ်ပြီး မြတ်စွာဘုရား၏ အဆုံးအမကို ခံယူပြီး ဘိက္ခုနီ ပြုတော်မူပါတယ်။

၁၃။ ရဟန်းများ တန်ခိုးပြာဋိဟာ မပြရန် ပညတ်တော်မူခန်း

ရာဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ဝါးထိပ်တွင် ချိန်ဆွဲကာ ရဟန္တာအမည်ခံသူများသည် သပိတ်ကို ကောင်းကင်မှ ယူနိုင်ပါက စည်းစိမ်အားလုံးလှူဒါန်းမည့်အပြင် သား၊ မယား နှင့်တကွ မိမိပါ ကျွန်ခံမည်ဟု ကြေငြာပါတယ်။ မည်သူမျှ မယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါတကားဟု သေသောက်ကြူးများက ပြက်ရယ်ပြုကြပါတယ်။ ဗုဒ္ဓသာသနာတော်ကို ထိခိုက်စေသော ပြက်ရယ်ပြုသံများ ကြားရသောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဈာဉ်တန်ခိုးဖြင့် အတောင်ခြောက်ဆယ်တွင် ချိတ်ဆွဲထားသော သပိတ်ကို ယူပြလေသော် ရာဇဂြိုဟ် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်လေသည်။ ဘုရားရှင်သိလေသော် ရဟန်းအားခေါ်ယူဆုံးမပြီး ရဟန်းတို့အား တန်းခိုးမပြရန် သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။

၁၄။ အဘိဓမ္မာတရားဟောကြားတော်မူခန 

မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိํသာနတ်ပြည်တွင် ဝါကပ်တော်မူပါတယ်။ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သားအမှူးပြုသော နတ်သိကြားဗြဟ္မာအပေါင်းကို အဘိဓမ္မာတရား ဟောတော်မူပါတယ်။ နေ့စဉ် လူ့ပြည်သို့ ကြွတော်မူပြီး စန္ဒကူးတော်တွင် ဆွှမ်းဘုန်းပေးကာ နေသန့်နေတော်မူစဉ်တွင် ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အနှစ်ချုပ်ကို ပြန်လည်ဟောတော်မူပါတယ်။ တာဝတိํသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားပေးနေတော်မူပါတယ်။ နတ်ပြည်တွင် တစ်ဝါတွင်းလုံး အဘိဓမ္မာတရားကို ဟောတော်မူပြီး သီတင်းကျွတ် လပြည့်နေ့၌ လူ့ပြည်ရှိ သင်္ကသနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် ဆင်းတော်မူခဲ့ပါတယ်။

၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်း စံပျော်တော်မူခန်း

မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ဝိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတို့သည် ဝစ္စကုဋိသန့်သက်ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြပါတယ်။ မြတ်စွာဘုရား ဆုံးမတော်မူရာ မလိုက်နာဘဲ ဆက်လက်အငြင်းပွားနေကြပါတယ်။ ရဟန်းနှစ်ပါးမှ အကြောင်းပြုပြီး သံဃာသင်းကွဲရာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသွားပြီး ဗြဟ္မာပြည်တိုင်အောင် အုပ်စုကွဲပြားကုန်ကြပါတယ်။ မြတ်စွာဘုရားသည် သံဃာပရိသတ်တို့ကို စွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ နေလိုတော်မူသဖြင့် ပါလိလေယျကတောသို့ ကြွရောက်သီတင်းသုံးစဉ် ပါလိလေယျက ဆင် နှင့် မျောက် တို့က ပြုစုကြရပါတယ်။

၁၆။ သိင်္ဂါလသတိုးသားအား ဆုံးမတော်မူခန်း

မြတ်စွာဘုရားသည် စိုသောအဝတ်၊ စိုသောဆံပင် တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသော သိင်္ဂါလ သတိုးသားကို မြင်တွေ့ပါတယ်။ အရပ်ခြောက်မျက်နှာကို ရှိခိုးရန် ဖခင်မှာကြားခဲ့သောကြောင့် ရှိခိုးကြောင်း သိင်္ဂါလသတိုးသားက ပြောပါတယ်။ ထိုအခါ မြတ်စွာဘုရားမှ အရပ်ခြောက်မျက်နှာ၏ အဓိပ္ပါယ်နှင့် အရပ်ခြောက်မျက်နှာကို ကိုယ်စားပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့၏ ဝတ္တရားများကို ဟောကြားပါတယ်။ (သိင်္ဂါလောဝါဒသုတ်သည် မြန်မာလူမျိုးများ ကျင့်သုံးနေသော မိဘဝတ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါတယ်။)

၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း

ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏ ရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားအပေါ်ကို အမျက်ထွက်ကာ ကြမ်းတမ်းသော စကားများဖြင့် ဆဲရေးကြပါတယ်။ မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထိုခဲဖွယ်ဘောဇဉ်များသည် မည်သူ့ထံတွင် ကျန်သနည်းဟု မေးပါတယ်။ ပုဏ္ဏားမှ မိမိထံသည် ကျန်ကြောင်း ဖြေလျင် မြတ်စွာဘုရားက "သင်၏ မယဉ်ကျေးသော ဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေ။" ဟု မိန့်ကြားခြင်းဖြင့် အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူခဲ့ပါတယ်။

၁၈။ အရှင်အာနန္ဒာ၏ ပယ်လေးတန်၊ ပန်လေးပါး၊ ဆုရှစ်ပါး တောင်းခံတော်မူခန်း

မြတ်စွာဘုရား ဝါတော်နှစ်ဆယ်ရသော် အမြဲတမ်း အလုပ်အကျွေး ရဟန်းတစ်ပါး လိုလာပါတယ်။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်း အလုပ်အကျွေးရွေးရန် မိန့်တော်မူပါတယ်။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို အလုပ်အကျွေးပြုရန် ညီတော်အာနန္ဒာအား တိုက်တွန်းကြပါတယ်။ ညီတော်အာနန္ဒာက မိမိမလိုလားသော ဆုလေးမျိုးကို ပယ်ခွင့်ရပြီး၊ လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် အလုပ်အကျွေး ပြုမည်ဖြစ်ကြောင်း လျှောက်ထားရာ ခွင့်ပြုသဖြင့် အမြဲတမ်း အလုပ်အကျွေး တာဝန်ယူပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင်အောင် အလုပ်အကျွေးပြုတော်မူပါတယ်။

၁၉။ ကာလာမသုတ်ဟောတော်မူခန်း

ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး အချို့သော သမဏဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ဝါဒကို ရှုတ်ချကြ၏။ မည်သည့် ပုဂ္ဂိုလ်တို့၏ ဝါဒစကားသည် မှန်သနည်းဟု လျှောက်သော် မြတ်စွာဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသောစကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသော တရားများကို စွန့်ပယ်ပြီး ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည် ကျင့်ကြံကုန်ရာ၏ ဟု "ကေသမုတ္တိသုတ်" ကို ဟောတော်မူပါတယ်။

၂၀။ ဂီလာနရဟန်းအား ပြုစုတော်မူခန်း

မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ဝမ်းသက်ရောဂါကြောင့် ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်စက်နေရသော ရဟန်းကြီးတစ်ပါးကို မြင်လေသည်။ မြတ်စွာဘုရားမှ ထိုရဟန်းကို အကျိုးအကြောင်း မေးမြန်းသော် မိမိတွင် လုပ်ကျွေးပြုစုမည့်သူမရှိကြောင်း လျှောက်ထားလေသည်။ မြတ်စွာဘုရားမှ ကိုယ်တော်တိုင် ရေနွေးဖြင့် ဖန်ရေဆေးပေးပြီး သူနာပြုတော်မူပါတယ်။ ထိုအကြောင်းကြောင့် ရဟန်းတို့ကို စုဝေးစေပြီး ရဟန်းအချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကို လုပ်ကျွေးပြုစုလိုသော ရဟန်းသည် ဖျားနာနေသောရဟန်းကို လုပ်ကျွေးပြုစုရာ၏ ဟု ဆုံးမတော်မူပါတယ်။

၂၁။ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး လောကသည်မြဲ၏၊ မမြဲ၏ အစရှိသည်တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့ မသိဟု ဝန်ခံရန်၊ အကယ်၍ မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထားပါတယ်။ မြတ်စွာဘုရားမှ မာလုကျပုတ္တအား "အကျိုးစီးပွားနှင့် မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည်မြဲသည်ဖြစ်စေ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ တရားတို့သည် တွေ့စမြဲဖြစ်သည်။ မြား ပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည်တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ ဆင်းရဲခြင်းများကို မျက်မှောက်ဘဝ၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့်အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာ မှတ်လော့" ဟု ဆုံးမတော်မူပါတယ်။

၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း

အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလ ပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်ပါတယ်။ ဥစ္စာမရှိတော့သော ပုဏ္ဏားကြီးကို သားများက စွန့်ပစ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေ စားသောက်ရပါတယ်။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ရောက်လာသော် မြတ်စွာဘုရားမှ ဂါထာတစ်ပုဒ် သင်ကြားပေးလိုက်ပါတယ်။ ပုဏ္ဏားကြီးသည် ထိုဂါထာကို ပရိသတ် စုံလင်ရာသဘင်၌ ရွတ်ဆိုသော် မြို့သူ မြို့သားများသည် ပုဏ္ဏားကြီး၏ သားများကို ခြိမ်းခြောက်မောင်းမဲ အပြစ်တင်ကြပါတယ်။ သားများလည်း အသိတရားရကာ ဖခင်အိုကြီးအား ကျွေးမွေးပြုစုကြပါတယ်။ ပုဏ္ဏားကြီးမှာ မိမိရသော ပုဆိုးတို့ကို မြတ်စွာဘုရားအား ဆရာစားအဖြစ် လှူဒါန်းပြီး ဘုရားထံ၌ ဥပဒကာအဖြစ် ခံယူပါတယ်။

၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း

မြတ်စွာဘုရားသည် ဆွမ်းခံကြွတော်မူလာရာ ပဉ္စဂ္ဂပုဏ္ဏားကြီး ထမင်းစားချိန်နှင့် ကြုံလေသည်။ ပုဏ္ဏားမကြီးက ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီး မမြင်အောင်ပြလေသည်။ ပုဏ္ဏားကြီး သိလေသော် မြတ်စွာဘုရားထံချဉ်းကပ်၍ "မိမိစားဆဲထမင်းသာ ရှိပါတယ်။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် သင့်လျော်ပါမည်လော။ လက်ခံနိုင်ပါမည်လော။" ဟုလျှောက်ထားပါတယ်။ မြတ်စွာဘုရားသည် ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီးကြွင်းကျန်သောဆွမ်းကိုလည်းကောင်း လှူဒါန်းနိုင်ကြောင်း မိန့်တော်မူပါတယ်။ အလှူခံ ရဟန်း၊ ပုဏ္ဏားတို့သည် လှူသောဆွမ်းကို ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း မပြုသင့်ဟု ဟောကြားတော်မူပါတယ်။

၂၄။ ဒေဝဒတ် သံဃာသင်းခွဲခန်း

ဒေဝဒတ်သည် မြတ်စွာဘုရားနှင့် စင်ပြိုင်ပြုလိုသောအကြံဖြင့် မြတ်စွာဘုရားထံမှောက် သွားရောက်ကာ ရဟန်းများ သက်သတ်လွတ်စားရန်၊ ပံ့သကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကို တောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါများခြင်း အကျိုးငှာသာပြု၏ဟု ကဲ့ရဲ့ပြီး မိမိနှင့် သဘောတူသော ရဟန်းများကို ခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာလေသည်။ ထိုအကုသိုလ်ကံကြောင့် ဒေဝဒတ်သည် မြေမြိုခဲ့ရပါတယ်။

၂၅။ အဇာတသတ် ကန်တော့ခန်း

ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသော အဇာတသတ်၏ စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ မိမိ၏စိတ် အေးချမ်းတည်ငြိမ်စေရန်အတွက် အားကိုးရာရှာမိ၏။ ဆေးဆရာဇီဝကသည် တန်ဆောင်မုန်းလပြည့်ညတွင် ဆင်မယဉ်သာ ၅၀၀ကို မောင်းမ ၅၀၀ စီးနင်းစေပြီး အဇာတသတ်မင်းကို ခြံရံစေကာ မြတ်စွာဘုရားထံပို့လေ၏။ ၁၂၅၀ သော သံဃာတို့၏ အလယ်တွင် စံနေတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ရခြင်း၊ သံဃာတော်တို့၏ ငြိမ်သက်မှုကို ဖူးမြင်ရခြင်းတို့ကြောင့် နှစ်သက်ကြည်ညိုသဒ္ဒါပိုကာ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ပါတယ်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူတော်မူပါတယ်။

၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း

အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို ကြည်ညိုတော်မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်း မရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်းရှိမည်မဟုတ်ဟု ဝမ်းသာအားရ ချီးမွမ်းလျှောက်ထားလေ၏။ မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံသော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟု မေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ့်ကြောင့်ပြောရသနည်းဟု မေးမြန်းလေ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံ သိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့ ရဲရဲရင့်ရင့်စကားဖြင့် လျှောက်ထားရခြင်းဖြစ်ပါ၏ ဟု လျှောက်တော်မူခဲ့ပါတယ်။

၂၇။ အမ္ဗပါလီ၏ ဆွမ်းပင့်လျှောက်ထားခန်း

မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်တွင် သီတင်းသုံးနေစဉ် အမ္ဗပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆဝီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကို အသပြာပေး ဝယ်ကြလေသည်။ အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆဝီမင်းများသည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ဆွမ်းဖိတ်လျှောက်ထားပြန်ပါတယ်။ မြတ်စွာဘုရားမှ အမ္ဗပါလီ၏ ဆွမ်းကိုလက်ခံပြီးဖြစ်သည်ဟု မိန့်ကြားလျက် လိစ္ဆာဝီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။

၂၈။ ပရိနိဗ္ဗာန်စံတော်မူခန်း

မြတ်စွာဘုရားသည် သက်တော် ၈၀၊ ဝါတော် ၄၅ဝါတွင် အာယုသင်္ခါရ လွှတ်တော်မူလေသည်။ ကုသိနာရုံသို့ ရဟန်းများ ခြံရံလျက် ကြွတော်မူရာ ဝမ်းတော်လားနေသော်လည်း ဝေဒနာကို သည်းခံပါတယ်။ ရဟန်းများ စုံညီစေ၍ ပစ္ဆိမဝစန နောက်ဆုံးစကား မိန့်ကြားတော်မူပြီးလျင် မလ္လာမင်းတို့၏ အင်းကြင်းဥယျာဉ်တွင် မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူပါတယ်။ ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော်မူပါတယ်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရယူလိုမှုဖြင့် မင်းများက စစ်ပြင်ကြပါတယ်။ မင်းတို့၏ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာ ခွဲဝေပေးရပါတယ်။ ပုဏ္ဏားကြီးကမူ ဓာတ်တော်ချင်သောခွက်ကိုသာ ရခဲ့ပါတယ်။

Chan Myae Ei

Views: 22

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
18 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service