ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Chong Li, Taiwan R.O.C
သမထဈာန်နှင့် ၀ိပဿနာဈာန်
သမထဈာန်နှင့် ၀ိပဿနာဈာန်
ဈာန်ဝင်စားခြင်းနှင့် မြေလျှိုးမိုးပျံခြင်း, ဈာန်သဘောပါနေသည်
{သမထနှင့် ၀ိပဿနာကမ္မဋ္ဌာန်း, ငြိမ်းအေးမှုအဆင့်ဆင့်, သာသနာတော်၏ပဓာနကျသည့်ငြိမ်းအေးမှု,၀ိပဿနာ ရှုပွားရာတွင်လည်း ဈာန်သဘောများ ပါနေတတ်သည်, မှားတတ်ပါသည်}
– ထိုပဉ္စမဈာန်ကို ၀င်စားနိုင်သူမှသာ အဘိဉာဏ်အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါသည်။
– ဤသို့ဈာန်ဝင်စားခြင်းကိုပင် ကောင်းကင်ခရီးဖြင့် ဈာန်ပျံသည်ဟု လူအများက မှတ်ထင်ကြပါသည်။ ဈာန်ရတိုင်း ကောင်းကင်ပျံ၍ မရနိုင်ပါ။ အဘိဉာဏ်တန်ခိုး ရရှိသူမှသာ မြေလျှိုးမိုးပျံနိုင်ခြင်း ဖြစ်ပါသည်။ အဘိဉာဏ်မည်သည် အဘိ + ဉာဏ်  = အထူးအစွမ်းထက်သည့် ဉာဏ်မည်ပေသည်။
– အထက်ဖေါ်ပြပါ ရူပဈာန်ကို ရရှိထားသည့် သူတော်ကောင်းတို့ကသာ အဘိဉာဏ်ကို ထပ်ဆင့်ကြိုးစား အားထုတ် ရပါသည်။ ထို့ကြောင့် ဈာန်မည်သည် အဘိဉာဏ်တို့၏ အခြေခံလုပ်ငန်းစဉ်များသာ ဖြစ်၏။
ဈာန်သဘောပါနေသည်
  • ကုသိုလ်လုပ်တိုင်း ဈာန်သဘောပါနေသည်။ ဥပမာ မနက်ဖန်မနက် ဆွမ်းချက်လောင်းမည်ဟု စိတ်ကူး ကြံစည် သည်၊ အပြန်အလှန် သုံးသပ်နေသည်၊ ဆွမ်းလောင်းလှူရန် ပြင်ဆင်နေရသည်ကို နှစ်သက်ဝမ်း မြောက်နေသည်။ ထိုသူ၏ စိတ်အစဉ်တွင် ၀ိတက်၊ ၀ိစာရ၊ ပီတိ စသည့် ပါနေသည်။ စိတ်အေးငြိမ်းချမ်းသာ နေသည်မှာ သုခဖြစ်သည်၊ တည်ကြည်မှုသမာဓိလည်း ပါနေပါသည်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်လုပ်ငန်းများတွင် ဈာန်အင်္ဂါများ ပါနေသည်သာ။ တဖန် အကုသိုလ်အမှုဖြစ်သည့် ခိုးမည်၊ သတ်မည် စသည်ကို ကြံစည်ရာတွင်လည်း ဈာန်အင်္ဂါများ ထိုက်သင့်အားလျှော်စွာ ပါနေသည်သာ။
သမထနှင့် ၀ိပဿနာကမ္မဋ္ဌာန်း
          မေတ္တာကမ္မဋ္ဌာန်းကို ရှုပွားလိုသော ယောဂီသည် ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးကို စူးစူးစိုက်စိုက် အာရုံပြုပြီး ”ကျန်းမာချမ်းသာ ပါပါစေ၊ ကျန်းမာချမ်းသာပါစေ”ဟု စိတ်ထဲ အကြိမ်ကြိမ် ထပ်ထပ် ရှုပွားရပါမည်။
ရှုပွားဖန်များလာသည်နှင့်အမျှ ကြည်နှူးနှစ်သိမ့်သည့် ပီတိ၊ ချမ်းသာမှုသုခ၊ အာရုံပေါ်တွင်သာ စိတ်ကစူးစိုက် ကျရောက်နေမှု ဧကဂ္ဂတာတရားတို့ ဖြစ်လာမည်။ ဤတရားတို့သည် တစ်ခဏ တစ်ခဏအတွင်း ပြောင်းလဲ ဖြစ်ပျက်နေကြသည့် သဘော အထိအသိ စိုက်ရောက်လာပါက ၀ိဿနာဉာဏ် သက်ဝင်လာလေပြီ။
–  စူးစူးစိုက်စိုက် ရှုမှတ်သည်ဆိုရာတွင် ကမ္မဋ္ဌာန်းအားထုတ်သည့် ယောဂီကရှုပွားခြင်း မဟုတ်ပါ၊ ထို ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော တရားငါးပါးတို့က ရှုနေခြင်းသာဖြစ်ကြောင်းကို တရားအားထုတ် နေကြသည့် ယောဂီများ အနေဖြင့် သတိပြုရပေမည်။
– အာရုံတစ်ခုတည်းအပေါ် စူးစိုက်တည်ကြည်ခြင်းသည် ဧကဂ္ဂတာတရား၏ လုပ်ငန်းဖြစ်၏။ အများပြောဆိုကြသည့် သမာဓိ တရားမည်သည် ဤဧကဂ္ဂတာကို ပြောခြင်းဖြစ်သည်။
– ဈာန်အင်္ဂါတရားတို့သည် ကာဆီး ပိတ်ပင်တတ်သော နီဝရဏ= Hindrance.  တို့ကို ပယ်ခွါ နိုင်စွမ်းရှိလေသည်။
ငြိမ်းအေးမှုအဆင့်ဆင့်
          တရားရှုမှတ်လာသည်နှင့်အမျှ ငြိမ်းအေးမှု အမျိုးမျိုးကို တွေ့ကြုံနိုင်ပါသည်။
          က။ ကာမဂုဏ်နှင့် အကုသိုလ်တရားများ ကင်းဝေးပြီး ကြံစည်စဉ်းစားမှု(၀ိတက်) သုံးသပ်ဆင်ခြင်မှု(၀ိစာရ)များပါ ကင်းဆိတ်ကာ ပီတိ  ကြောင့်ဖြစ်သည့် အေးငြိမ်းမှုလည်း ရှိ၏။
          ခ။ ပီတိပါကင်းပျောက်ပြီး သုခချည်း သက် သက်ကြောင့် ချမ်းသာသည့် ငြိမ်းအေးမှု လည်း ရှိသေးသည်။
          ဂ။ သုခကိုလည်း ပယ်ဖျောက်ပြီး ၀မ်းသာဝမ်းနည်း မရှိဘဲ ဥပေက္ခာကြောင့်ဖြစ် ငြိမ်သက်အေးငြိမ်းမှုကလည်း ရှိပါသေးသည်။
          ဃ။ မှတ်သားမှုသညာ အားလုံးကို လွန်မြောက်ကာ အာကာသဟူသောကောင်းကင်ပညတ်ကို အာရုံပြုပြီး နေနိုင်သည့် ငြိမ်းအေးမှုလည်း ရှိသေးသည်။ 
          င။ထို့ပြင် အာကာသကိုပင် နှလုံးမသွင်းမူဘဲ သိမှု(၀ိညာဏ်) တစ်ခုထဲကိုသာလျှင် အာရုံပြုကာနေသည့် ချမ်းသာမှုလည်း ရှိပါသေးသည်။
          စ။ သိမှု(၀ိဉာဏ်)ကိုပါ နှလုံးမသွင်းတော့ဘဲ စိုးစဉ်းမျှမရှိသည်ကို သိ၍နေသည့် ငြိမ်းအေးမှုလည်း ရှိသေးသည်။
          ဆ။ထိုဘာမှမရှိကိုပင် သိမနေ တော့ဘဲ သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်ဟု ဆိုရလောက်အောင် အလွန်သိမ်မွေ့သည့် စိတ်အဆင့်ဖြင့်ငြိမ်းအေးမှုလည်း ရှိသေး သည်။
သာသနာတော်၏ပဓာနကျသည့်ငြိမ်းအေးမှု
မြတ်စွာဘုရားရှင်သာသနာတော်၏အဓိကပဓာန အနှစ်သာရမှာမူ  မဂ်ဖိုလ် နိဗ္ဗာန်သာလျှင်တည်း။
          ”မယှံ ပန သာသနေ န ဧတံ သာရံ၊ ၀ိပဿနာမဂ္ဂဖလာနိ သာရံ”
          မယှံ-ငါဘုရား၏၊ သာသနေ-အဆုံးအမသာသနာတော်၌၊ ဧတံ-ဤသမာဓိကိစ္စသည်၊ န သာရံ-အနှစ်သာရအားကိုးရာမဟုတ်၊ ၀ိပဿနာမဂ္ဂဖလာနိ-၀ိပဿနာမဂ်ဖိုလ်တို့သည်၊ သာသနေ-ငါဘုရား၏ သာသနာတော်၌၊ သာရံ-အားကိုးစရာ အနှစ်သာရ ပေတည်း။
          ယောဂီပုဂ္ဂိုလ်များအနေဖြင့် ရုပ်ဓမ္မ၊ နာမ်ဓမ္မကို ၀ိပဿနာတင် ရှုပွားကာနေသော်လည်း ကျွမ်းကျင်လိမ္မာမှု မရှိသေးလျှင်သော်လည်းကောင်း၊ ဆရာကောင်း မမှီရလျှင်သော်လည်းကောင်း ဉာဏ်ပိုင်းမရောက်ဘဲ ဈာန်ပိုင်းကို ရောက်နေတတ်ပါသည်။ 
          ဥဒယဗ္ဗယညာဏ်ရောက်တဲ့အခါမှာ ပေါ်လာသမျှ အာရုံကို မှတ်သိရုံမျှ မှတ်သိသွားပြီး ပီတိသုခတွေ အလွန်အကဲ ဖြစ်နေတယ်။ စိတ်ပျံ့လွင့်မှုမရှိဘဲ တည်ငြိမ်နေတယ်။ ဒါကြောင့် ဒီရှုမှတ်တိုင်း ရှုမှတ် တိုင်းမှာ ဈာန်အင်္ဂါ (၃)ပါးရှိတဲ့ ဒုတိယဈာန်နှင့် ခပ်တူတူ ဖြစ်နေတယ်။
          ဥဒယဗ္ဗယညာဏ် အရင့်ပိုင်းမှာတော့ အရောင်အလင်းစတဲ့ ဥပက္ကိလေသာတွေ ပျောက်သွားပြီး အာရုံတွေ အဖြစ်အပျက်တွေကို ရှင်းလင်းပြတ်သားစွာ သိရပါတယ်။ အဲဒီအခါမှာ ပီတိသဘော မပါတော့ဘဲ စိတ်ချမ်းသာမှုက အလွန်အကဲ ထင်ရှားပါတယ်။ စိတ်ပျံ့ လွင့်မှုမရှိဘဲ တည်ငြိမ်နေတယ်။ အဲဒီမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း       သုခ ဧကဂ္ဂတာဆိုတဲ့ အင်္ဂါ(၂)ပါးရှိတဲ့ တတိယဈာန်နှင့် ခပ်တူတူ ဖြစ်နေတယ်။
          ဘင်္ဂညာဏ်အစရှိတဲ့ အထက်ပိုင်းညာဏ်တွေကတော့ ဥပေက္ခာ နှင့် ဧကဂ္ဂတာ ထင်ရှားတတ်တယ်။ သင်္ခါရုပေက္ခညာဏ်မှာ လျစ်လျူ ရှုတဲ့ ဥပေက္ခာ ဧကဂ္ဂတာဆိုတဲ့ အင်္ဂါ(၂)ပါးရှိတဲ့ စတုတ္ထဈာန်နှင့် ခပ်တူတူဖြစ်နေတတ်တယ်။
တစ်ခါတစ်ရံမှာ ကိုယ်ကြီးတစ်ကိုယ်လုံးပျောက်ပြီး ဟင်းလင်း ပြင်ထဲ ရောက်နေသလို ထင်ရတဲ့အခါမှာ အာကာသနဉ္စယတနဈာန်၊ စိတ်တစ်မျိုးတည်း ပေါ်နေလို့ အဲဒီစိတ်ကို ကြည့်ရှုနေတဲ့ အခါမှာ ၀ိညာ ဏဉ္စာယတနဈာန်၊ ဘာမျှမရှိတာကိုချည်း ရှုမှတ်နေရသလို ထင်ရတဲ့အခါမှာ အာကိဉ္စညာယတနဈာန်နှင့် ပေါ်လာတဲ့ စိတ်ကော မှတ်သိတဲ့စိတ်ပါ အလွန်သိမ်မွေ့နေလို့ စိတ်ဟာ မရှိသလိုလို ဖြစ်နေတဲ့ အခါမှာ နေ၀သညာနာသညာယတနဈာန်တွေနှင့် ခပ်တူတူ ဖြစ်နေတယ်လို့ ပရိယတ္တိ ပဋိပတ္တိ အရာမှာ ကမ္ဘာထိအောင် ထင်ရှား တော်မူတဲ့ မြန်မာနိုင်ငံက ဆဋ္ဌသင်္ဂိတိ ပုစ္ဆက မဟာစည်ဆရာတော် ဘုရားကြီးက မိန့်တော်မူဖူးပါတယ်။
မှားတတ်ပါသည်
ဒါကြောင့်အဲဒီလို ငြိမ်းအေးမှုတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါတွေ ဟာ ဈာန်ပိုင်းတွေမှာလည်း ချုပ်ပျောက်မှုနှင့် ဆင်တူတဲ့ သဘောတွေ ပါပဲ။ ပီတိကြောင့် ဖြစ်တတ်တယ်။ သုခကြောင့်လည်း ဖြစ်တတ်တယ်။  သမာဓိကြောင့်လည်း ဖြစ်တတ်တယ်။ ဒါတွေဟာ မှားနိုင်တဲ့ အရာတွေ ပါပဲ။ ထိနမိဒ္ဓကြောင့်လည်း မှားတတ်ပါသေးတယ်။
          တရားအားထုတ်ရင်း လင်းကနဲ၊ သိမ့်ကနဲ၊ လက်ကနဲ ဖြစ်ဖြစ် သွားတယ်။ တရားအားထုတ်ရင်း ဘာမှမသိတဲ့ သဘောတွေ ဖြစ်သွားတယ်ဆိုတာလည်း ဖြစ်တတ်တာပါပဲ။
          အားထုတ်ရင်းနှင့် သတိ အတော်အတန်ကောင်းလာတဲ့အခါ မှာတော့ ဘ၀င်စိတ်ခြားသွားတဲ့ အခါမှာလည်း ဘာမျှမသိလိုက်တဲ့ သဘောမျိုး ဖြစ်တတ်တာပါပဲ။
          ဒါကြောင့် မှားစရာ အများကြီးရှိပါတယ်။ ပရိယတ် ပဋိပတ် စွယ်စုံ ကျွမ်းကျင်တော်မူတဲ့ ဆရာသမားများထံ နည်းခံယူမိဖို့ အလွန်ပဲ အရေးကြီးလွန်းပါတယ်။
by ဓမ္မကျောင်းတော်
Views: 12
Comment
You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!
Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ
ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)
ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)
ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)
အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမကောင်းလည်း ကိုယ်ကတော် 
သူမတော်လည်း ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။
ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)
အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
ကြီးမြတ်သူတို့နေရာ
ကြီးမြတ်သူဟူသမျှတို့ 
ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။
(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)
သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)
မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်
(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)
picoodle.com
    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)
    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)
Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
    "မြန်မာစာ မြန်မာစကား "
Birthdays
There are no birthdays today
Members
© 2020   Created by ukkmaung.   Powered by
Badges  |  Report an Issue  |  Terms of Service