ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သေမင်းနှင့်စစ်ခင်းရာတွင် လိုအပ်သောအဖော်

ရွှေစကားတို့ရဲ့မြစ်ဖျား(၆)

အရှင်မင်းကြီး အကျွန်ုပ်မှာ စစ်ထိုးရန်ရှိပါသေးသည်။  (အဘယစစ်သူကြီး)


သင်တို့သခင် ငါလျှင်ဧကရာဇ်ဖြစ်တပြီးကား၊ အဘယ်မည်သော စစ်ထိုးခြင်း ရှိသေနည်း။  (ဒုဠဂါမဏိမင်း)


မြတ်သောမင်းကြီး ကျွန်ုပ်အား အလွန်အောင်နိုင်ခဲ့သော ကိလေသာတည်းဟူသော ခိုးသူတို့၏ စစ်ရှိပါသည်။ ကိလေသာရန်သူတို့နှင့် စစ်ထိုးခြင်းကို ပြုပါအံ့။ ကျွန်ုပ်ကို ခွင့်ပြုတော်မူပါ။  (အဘယစစ်သူကြီး)


ဗုဒ္ဓသာသနာဝင်သမိုင်းကိုပြောရင် မဖြစ်မနေပြောမယ့် သာသနာဝင်တစ်ခုရှိပါတယ်။ အဲဒါကတော့ သီဟိုဠ်သာသနာဝင်ပါ။ မြတ်စွာဘုရား ကိုယ်တော်တိုင် ကလည်း ပရိနိဗ္ဗာန်စံတော်မူခါနီး ရတနာညောင်စောင်းမှာ လျောင်းတော်မူလျက် (အဓိဠာန်တော်မူခဲ့တဲ့ ငါးချက်ထဲမှာ) ” ငါဘုရား ပရိနိဗ္ဗာန်စံပြီးသောအခါ ငါ၏ သာသနာသည် လင်္ကာဒီပ သီဟိုဠိကျွန်း၌ ထွန်းလတ္တံ” လို့ အဓိဠာန်တော်မူခဲ့ပါတယ်။ ဟုတ်လဲဟုတ်ပါတယ်။ ဘယ်လောက်ထိ သာသနာထွန်းကားခဲ့သလဲဆိုရင် ဈာန်အဘိညာဉ်ရတဲ့ ရဟန်းတော်တွေ ကောင်းကင်မှာ လူးလာခေါက်ပြန် ပျံသန်းနေလို့ စပါးတွေ လှန်းထားတာ တော်တော်နဲ့ မခြောက်သွေ့တဲ့အတွက် ဒကာမတွေ ညည်းညူယူရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရဟန်းမှန်ရင် ပုထုဇဉ်မရှိသလောက် အထိ သာသနာထွန်းကားခဲ့ပါတယ်။ အဲဒီအထဲက သီဟိုဠ်သာသနာဝင်အကြောင်း ပြောပြန်ရင်လဲ ဒုဠဂါမဏိမင်းကို ချန်လှပ်ထားလို့ မရပြန်ပါဘူး။ ချန်လှပ်လို့မရအောင်ကိုဘဲ ဒုဠဂါမဏိမင်းက သာသနာအတွက် အလုပ်လုပ်ခဲ့တာပါ။ ဒါကြောင့် ဒုဠဂါမဏိမင်းအကြောင်းပြောရင် သူနဲ့နွယ်ရာ သာသနာရေးတွေပါ ပူးတွဲပါလာတော့မှာပါ။

ဒုဠဂါမဏိမင်း ငါးနှစ်သားအရွယ်မှာ ခမည်းတော်က သံဃာငါးရာပင့်ပြီး ထမင်းခွံ့မဂ်လာပြုပေးပါတယ်။ ညီတော် တိဿနဲ့အတူပါ။ သံဃာတော်များကို နို့ဃနာဆွမ်း ဆက်ကပ်ပါတယ်။ ပို့တဲ့ဆွမ်းကို သင်တို့ဟာ မြတ်စွာဘုရား သာသနာကိုစွန့်ပယ်လျှင် ၀မ်းသို့ဝင်သော ဤဃနာနို့ထမင်းကျွေးသည် အစာမကြေဖြစ်ပါစေသတည်း ဆိုပြီး ကျွေးပါတယ်။ ဒုဠဂါမဏိမင်းနဲ့ ညီတော်တိဿတို့လည်း အားရ၀မ်းသာ စားကြပါတယ်။ ဒုဠဂါမဏိမင်း တစ်ဆယ့်နှစ်နှစ်သား အရွယ်ရောက်ပြန်တော့လဲ  သံဃာငါးရာပင့်ပြီး ဆွမ်းကျွေးပြန်ပါတယ်။ ပို့တဲ့ဆွမ်းကို ရှေးနည်းအတိုင်း ကျွေးပြီး သစ္စာဆိုပြန်ပါတယ်။ ပထမထမင်းတစ်ပန်းကန်ကို ”ချစ်သားတို့ ငါတို့ကိုဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့တဲ့ဘုရားသာသနာ တော်ကို မျက်ကွယ်ပြုလျှင် ဤအစာသည် အစာမကြေဖြစ်ပါစေသတည်း” ဆိုပြီး ကျွေးပါတယ်။ ဒီအခါမှာ သားတော်နှစ်ပါးကလည်း အားရ၀မ်းသာစားလိုက်ပြန်ပါတယ်။ နောက်တစ်ခါ ဒုတိယပန်းကန်ကို ညီအစ်ကိုနှစ်ယောက် ဘယ်သောအခါမှ မသင့်မတင့်မဖြစ်ပါ။ ဖြစ်ခဲ့လျှင် ဤအစာသည် အစာမကြေဖြစ်ပါစေ သတည်း” ဆိုပြီး ကျွေးပြန်ပါတယ်။ ဒီအခါမှာလဲ အားရ၀မ်းသာ စားလိုက်ကြပြန်ပါတယ်။

တတိယပန်းကန်ကိုထပ်ပေးပြီး သာသနာပျက် မိစ္ဆာဒိဠိကျေးကုလားများနှင့် မည်သည့်အခါမျှ စစ်မတိုက်ပါ။ စစ်တိုက်ခဲ့လျှင် အစာမကြေဖြစ်ပါ စေသတည်း လို့ဆိုပြီး ကျွေးတဲ့အခါကျတော့ မစားကြတော့ဘဲ အစာတွေကို ဘေးကို ပစ်ထုတ်လိုက်ကြပါတယ်။ ပြီးတော့ သားကြီး ဒုဠဂါမဏိက အိပ်ရာမှာ ခွေခွေကြီး သွားအိပ်နေပါတယ်။ မယ်တော်မိဖုရားက နောက်ကလိုက်လာပြီး ချစ်သား ဂါမဏိ ဘာဖြစ်လို့ ခွေခွေကြီးအိပ်နေရသလဲ။ ခြေလက်တွေ ဆန့်တန်းပြီး လွပ်လွပ်လပ်လပ်အိပ်ပါတော့လား” လို့ ပြောပါတယ်။ ဒီတော့ ဒုဠဂါမဏိက မယ်တော်ဘုရား ဂဂ်ါမြစ်တစ်ဖက်ကမ်းမှာ မိစ္ဆာဒိဠိကျေးလူးမျိုးတွေ နေနေတယ်။ ဂေါဠသမုဒ္ဒရာကြီးကလဲ အိမ်နားမှာ ကပ်နေတယ်။ ဒီလောက်ကျဉ်းကျပ်နေတာ သားတော်ဘယ်လို လုပ်ခြေလက်ဆန့်ပြီး အိပ်လို့ရမှာလဲ လို့ပြန်ပြောလိုက်ပါတယ်။ ဒီစကားကို ခမည်းတော်ကြားတော့ စိတ်ထဲက ကျိတ်ပြီးကျေနပ် နေပါတယ်။ ငယ်ငယ် ကတည်းက အမျိုးကိုချစ်တဲ့စိတ်၊ သာသနာကိုချစ်တဲ့စိတ်ကို ရိုက်သွင်းပေးလိုက်တဲ့ သဘောပါ။ ဒုဠဂါမဏိကိုယ်တိုင်ကလည်း မွေးကတည်းက မျိုးချစ်စိတ်ဓါတ် ကပ်ပါလာတဲ့သဘောကို ဆောင်နေပါတယ်။ ဒါက ဒုဠဂါမဏိရဲ့ ပုံရိပ်အစပါ။ သူရဲ့ပါရမီဖြည့်ဖက် အဘယစစ်သူကြီးရဲ့ ငယ်ဘ၀ ဟာလဲ ဘာသာသာသနာချစ်စိတ်ကို အခြေတည်ပြီး ကြီးပြင်းခဲ့ရတာပါ။

ဒုဠဂါမဏိရဲ့ ခမည်းတော်ရှိစဉ်ကာလမှာ သူရဲကောင်းဆယ်ဦးပေါ်ထွန်းခဲ့ပါတယ်။ အဲဒီအထဲမှာ အဘယစစ်သူကြီးလည်း တစ်ယောက်အပါ အ၀င်ဖြစ်ခဲ့တာပါ။ အဘယဟာ ငယ်ငယ်ကတည်းက သူများနဲ့မတူအောင် ခွန်အားဗလကြီးမားခဲ့ပါတယ်။ လူငါးယောက်ဝိုင်း မပြီးမ ချီတာတောင်မကြတဲ့ ကျောက်ဖျာကြီးတွေကို ထွေလုပ်ပြီးကစားနိုင်ပါတယ်။ အဘယတစ်ဆယ့်ခြောက်နှစ် အရွယ်မှာ သူရဲ့ဖခင်က တစ်ဆယ့် ခြောက်တောင်ရှိတဲ့တုတ်ကို လုပ်ပေးထားရပါတယ်။ အဲဒီတုတ်နဲ့ပဲ အုန်းပင်၊ ထန်းပင်တွေကို ရိုက်ချိုးနိုင်တဲ့အထိ အားကောင်းပါတယ်။ အဘယရဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်ကြားရင်း မင်းကြီးနားကို ရောက်သွားပါတယ်။ ဒါပေမယ့် အဘယရဲ့ဖခင်က သူ့သားကို မင်းမူထမ်းမဖြစ်စေလို ပါဘူး။ ဒါကြောင့် သာမဏေပြုပေးဖို့ အမြန်စီစဉ်ပါတယ်။ သူကိုယ်တိုင် ဦးစွာ သာသနာ့ဘောင်ကို ၀င်လိုက်ပါတယ်။ ပြီးမှ သူရဲ့သားအဘယကို သာမဏေပြုပေးလိုက်ပါတယ်။ အဘယသာမဏေက ရဟန်းသံဃာတော်များအတွက် ထန်းပင်၊ အုန်းပင်စတဲ့ စားပင်သောက်ပင် တွေကို ကျောင်းထဲမှာ စိုက်ပျိုးထားပါတယ်။ ဒီလိုနဲ့တစ်နေ့ အဘယသာမဏေ ရွာတွင်းဝင် နေတုန်း မင်းကြီးရဲ့ သူရဲကောင်း တစ်ယောက်ဖြစ်တဲ့ ကောဋတိမ္ဗရက အဖော်တွေနဲ့ကျောင်းထဲကိုရောက်လာပါတယ်။ အဖော်တွေက ကျောင်းထဲက အုန်းပင်ပေါ်မော့ကြည့်ပြီး အုန်းသီးစားချင်ကြောင်း ပြောပါတယ်။ ဒါနဲ့ ကောဋတိမ္ဗရက အုန်းပင်တွေကို လှုပ်ပြီးကျွေးပါတယ်။ စားသောက်ပြီးတော့ ကျောင်းထဲမှာ တရေးတမော အိပ်နေလိုက်ကြပါတယ်။ မကြာမီ အဘယ သာမဏေပြန်ရောက်လာပါတယ်။ အုန်းပင်တွေ ကျိုးကြေနေ၊ အုန်းခွံအုန်းဆံတွေကလည်း ဖရိုဖရဲဖြစ်နေတာ တွေ့ပြီး ဒေါသအလွန်ထွက်သွားပါတယ်။တရားခံကိုမေးပြီး ကောဋတိမ္ဗရဆိုတာ သိရတာနဲ့ ”ဒီလူတွေဟာ ကိုယ့်မှာသာ အစွမ်းရှိတယ်ထင်နေတာ၊ ငါ့အစွမ်းဘဲသိစေရမယ်” ဆိုပြီး အိပ်နေတဲ့ ကောဋတိမ္ဗရကို ခြေမနဲ့ညှပ်ပြီးလှည့် လိုက်တာ ကောဋတိမ္ဗရလဲ ကိုယ့်ကိုယ်ကို ပြန်တောင်မထ နိုင်တော့ပါဘူး။ ဒါပေမယ့် ကောဋတိမ္ဗရက အဘယသာမဏေကို စိတ်မဆိုးဘဲ အရှင်ဘုရား တပည့်တော်တစ်ယောက်သာ ပြိုင်ဘက်မရှိ ခွန်အားရှိတယ်ထင်နေတာ။ အရှင်ဘုရားနဲ့ တွေ့မှ အဖော်ရတော့တယ်။ ၀မ်းမြောက်ပါတယ်။ ဒီလောက်အစွမ်းရှိတာ မင်းကြီးဆီမှာလာပြီး အမူထမ်းရင် တပည့်တော်ကဲ့သို့ သူကောင်းပြုခံရမှာပါဘုရားလို့ လျှောက်ပါတယ်။

ဒီတော့ အဘယသာမဏေက ငါက မင်းချမ်းသာကို အလိုမရှိ၊ ငါ့မိဘတွေမှာ ရွေ၊ ငွေများစွာရှိတယ်လို့ ပြန်မိန့်ပါတယ်။ ကောဋတိမ္ဗရကလည်း မလျော့ပါဘူး။ အရှင်ဘုရားပြောတာမှန်ပါတယ်။ ယခုအခါမှာ မိစ္ဆာဒိဠိကျေးလူမျိုးတွေဟာ ဗောဓိပင်နှင့်တကွ စေတီဘုရား၊ ကျောင်းတွေကို ဖျက်ဆီးနေတာ အရှင်ဘုရားအသိပါ။ ရဟန်းသံဃာတော်တွေလဲ စိတ်ဆင်းရဲရ၊ ဒကာ ဒကာမတွေလဲ အကျိုးမဲ့ သေကြေရဖြစ်နေပါတယ်။ မင်းကြီးရဲ့သားတော်ကြီး ဂါမဏိနဲ့ပေါင်းပြီး တိုင်းပြန်ရန်နဲ့ သာသနာ့ရန်စွယ်တွေကို ရှင်းလင်းပစ်သင့်ပါတယ်။ ဒီလိုရှင်းပြီးမှ သာသနာဘောင်ပြန်ဝင်ပြီး တရားအားထုတ်ရင်လဲ ရပါတယ်ဘုရား လို့ အချက်ကျကျ လျှောက်ပါတော့တယ်။

ကောဋတိမ္ဗရရဲ့စကားတွေထဲမှာ တိုင်းပြည်နဲ့သာသနာအတွက်ဆိုတဲ့စကားကပါလာတော့ တစ်ခါတည်း လူထွက်ပစ်လိုက်ပါတယ်။ ဒါကတော့ အဘယစစ်သူကြီးရဲ့ ငယ်ဘ၀အစစ်ပါ။ ရွှေစကားတွေရဲ့အကြောင်းပဲ ပြောချင်တာဆိုတော့ ဒုဠဂါမဏိမင်းနဲ့ အဘယစစ်သူကြီးတို့ရဲ့ဖြတ်သန်းမူ ဖြစ်စဉ် တွေကို အသေးစိတ်ရေးပြမနေတော့ပါဘူး။

ခမည်းတော် နတ်ရွာစံတဲ့အခါ ထုံးစံအတိုင်း ညီအစ်ကိုနှစ်ယောက် နန်းလုကြပါတယ်။ ပထမစစ်ထိုးပွဲမှာ ဒုဠဂါမဏိစစ်ရှုံးပြီး ထွက်ပြေးရပါတယ်။ဒုဠဂါမဏိရဲ့နောက်မှာ သူရဲ့ အမတ်တိဿနဲ့ မြင်းမတစ်ကောင်ပဲ ပါလာခဲ့ပါတယ်။ ပြေးရင်းလွှားရင်း ညီတော်တိဿရဲ့ဘေကင်းရာ တစ်နေရာရောက်တော့ နားကြပါတယ်။ ရင်ထဲမှာလည်း ဆာလောင်နေတာနဲ့  တိဿအမတ်ကို ဆာလိုက်တာလို့ပြောတော့ တိဿအမတ်က ရွေခွှက်နဲံယူလာတဲ့ တစ်နပ်စာထမင်းတော့ ပါလာတဲ့အကြောင်း လျှောက်ပြီး ထမင်းကို ရွှေခွက်နဲ့ ဆက်သပါတယ်။ ဒီတော့ ဒုဠဂါမဏိက ”အမောင်တိဿ ငါသည် စားဦးကို မလှူဘဲ စားလေ့မရှိဘူး။ ဒါကြောင့် ဒီထမင်းကို လှူရန်တစ်ဖို့၊ ကျွန်ုပ်၊ သင်၊  မြင်းတို့အတွက် တစ်ဖို့အားဖြင့် လေးစုပုံပါ။ ပြီးရင် အလှူခံအရှင်တို့ ဆွမ်းအလှူခံကြွလို့ ကြွေးကြော်” စေလို့ စေခိုင်းပါတယ်။ တိဿအမတ်ရဲ့ကြွေးကြော်သံကြားတော့ သရဏဂုံပေးဖူးတဲ့ ဂေါတမထေရ်က ဒိဗ္ဗသော အဘိညာဉ်နဲ့ ကြားတော်မူလို့ တပည့်ဖြစ်တဲ့ရဟန်းတစ်ပါးကို ကြွပြီး အလှူခံစေပါတယ်။ စစ်ပြေးရင်း တောင် အလှူနဲ့ မကင်းကွာခဲ့တဲ့ ဒုဠဂါမဏိပါ။

ဒုတိယအကြိမ်စစ်ထိုးပွဲမှာတော့ ဒုဠဂါမဏိအနိုင်ရပါတယ်။၂ နှစ်ကျော်ကာလအထိ အဘယစစ်သူကြီးနဲ့အတူ သာသနာဖျက် မိစ္ဆာဒိဠိကျေးလူးမျိုး တွေကို တိုက်ခိုက်အနိုင်ယူခဲ့ပါတယ်။ မဟာဝင်မှာတော့ ဒုဠဂါမဏိမင်းအနိုင်ယူခဲ့တဲ့ ကျေးမင်းတွေကို နာမည်နဲ့တကွ အကျယ်ဖော်ပြထားပါတယ်။ စစ်အတွင်းကာလမှာ ဒုဠဂါမဏိက အောက်ပါအတိုင်း သစ္စာဆိုပြီး စစ်တိုက်ခဲ့ပါတယ်။

ငါ ယခုစစ်ထိုးခြင်းသည် မင်းချမ်းသာကို ခံစားလိုသော လုံ့လဖြင့် စစ်ထိုးသည်မဟုတ်။ လူ နတ်တို့၏ မှီခိုရာ ဘုရားသခင်၏ သာသနာတော်ကို ကောင်းစွာထားလို၍သာ စစ်ထိုးခြင်းဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် ငါ၏ စစ်သည်တော်တို့၏ ကိုယ်၌ ဆင်သော တန်ဆာသည် မီးလျှံဝါကဲ့သို့ ထွန်းလင်းစွာ ဖြစ်စေသတည်း။

သာသနာဖျက် မိစ္ဆာဒိဠိကျေးလူမျိုးတွေကို ၂ နှစ်ကျော် တိုက်ခိုက်ခဲ့ရပါတယ်။ ဒုဠဂါမဏိဟာ တိုက်ပွဲတွေပြီးလို့ ထီးနန်းဥကင်ဖွင့်တဲ့အခါ တိုက်ရင်းခိုက်ရင်း လူတွေသတ်ခဲ့ရတာကိုတွေးပြီး ”သာသနာပြုချင်လို့လုပ်ရပေမယ့် အပါယ်လားမယ့်အလုပ်တွေများဖြစ်နေမလားဆိုပြီး” အိပ်မပျော် ဖြစ်နေပါတယ်။ ဒီအကြောင်းကို အဘိညာဉ်ရ ရဟန္တာမထေရ်ကြီးသိရတော့ ဒုဠဂါမဏိမင်းကြီးဆီကို တရားပြဖို့ ရဟန္တာရှစ်ပါးကို လွှတ်လိုက်ပါတယ်။ ဒုဠဂါမဏိမင်းကလည်း မိမိခံစားနေရတဲံ့ အတွေးသောကကို ပြောပြပါတယ်။ ဒီတော့ ရဟန္တာမထေရ်များက

”ဒကာတော်မင်းကြီး ဤကျေးစစ်သည်တို့ကို သတ်ဖြတ်ခြင်းတည်းဟူသောကံဖြင့်။ နတ်ပြည်သို့လာခြင်းကိုလည်း မတားမြစ်နိုင်၊ မဂ်ဖိုလ်ရခြင်းကိုလဲ မတားဆီးနိုင်။ အက္ခောဘိဏီ(၂၁၈၇၀၀) မကသော များစွာသော ကျေးလူမျိုးတို့ကို သတ်ဖြတ်ခြင်းကြောင့် သဂ္ဂန္တရယ် ၊ မဂ္ဂန္တရယ်မဖြစ်။ သေလေသော စစ်သည်အပေါင်းတို့တွင် လူတစ်ယောက်နှင့် တစ်ပိုင်းကိုသာ သတ်မိ၏။ ဤမှတစ်ပါးသောသူကား မစ္ဆာအယူလည်းရှိ၏။ ထိုသူတို့ကား သားနွားတိရစ္ဆာန်နှင့်သာတူ၏။ သားကိုလည်းကောင်း၊ နွားကိုလည်းကောင်း သတ်သောအပြစ်မျှသာရှိ၏။

ဒကာတော်မင်းကြီး သင်သည်ဘုရားရှင်သာသနာကို စင်ကြယ်စွာ ထွန်းပလေစလတ္တံသောသူတည်း။ ထိုသို့ သာသနာတော်ကို ချီးမြှောက်သော ကုသိုလ်ကံ၏ အန္တရယ်ကိုဖြစ်စေခြင်းငှာ မစွမ်းနိုင်၊ ထို့ကြောင့် နှလုံးမသာမရှိပါလင့်၊ ရှေးဦးစွာ ကြံစည်ထားသောအတိုင်း ကျွန်းသူ ကျွန်းသားအများ စုတို့ ဘုရားရှင်သာသနာတော်ကို ကောင်းစွာသက်ဝင် အောင် ဆောင်ရွက်တောမူပါလော့လို့ ဟောပြောပေးကြပါတယ်။(လူတစ်ယောက်နဲ့ တစ်ပိုင်းကိုသာ သတ်မိ၏ ဆိုတာ ငါးပါးသီလတည်သူတစ်ဦးနှင့် သရဏဂုံတည်သူတစ်ဦးကို ဆိုလိုတာပါ။)

ဒီစကားတွေကြားမှ ဒုဠဂါမဏိမင်းကြီးလည်း သက်သာရာရပါတော့တယ်။ ဒီနေရာမှာ ကြုံလို့ ဖြစ်ပြောလိုက်ရပါဦးမယ်။ ကုန်းဘောင်ခေတ်မှာ အဂ်လိပ်တွေ မြန်မာပြည်ကို နယ်ချဲ့လာတော့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ဒုဠဂါမဏိပြဇာတ်ကို ရေးပြီး တိုင်းပြည်အုပ်ချုပ် နေသူအကြီးအကဲနဲ့ ပြည်သူတွေကို  သတိပေးနှိုးဆော်စေခဲ့ပါတယ်။ ဒါက ကြုံလို့ပြောလိုက်ရတာပါ။ ဒုဠဂါမဏိမင်းကြီးနောက် အတွေးတစ်ခုဝင်လာပြန်ပါတယ်။ မင်းကြီးဟာ ခမည်းတော်တို့ ထမင်းခွံ့မဂ်လာပြုချိန်ကစပြီး သံဃာတော်တွေကို မလှူဒါန်းပဲ စားဦးစားဖျားကို စားလေ့မရှိပါဘူး။ ဒါပေမယ့် စစ်ပွဲကာလအတွင်း တစ်ခုသော နံနက်စားတော်ခေါ်ရမှာတော့ သံဃာတော်ကို မလှူဒါန်းဘဲ ငရုတ်သီးတစ်တောင့်ကို စားခဲ့ဖူးပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ငရုတ်သီးတစ်တောင့်စေတီ(မရီစ၀ဋီစေတီ) ကို တည်ထားလှူဒါန်းခဲ့ပါတယ်။ အဲဒီငရုတ်သီးတစ်တောင့်စေတီရေစက်ချပွဲကတော့ သီဟိုဠ်သာသနာဝင်သမိုင်းမှာ ထင်းရှားတဲ့ သမိုင်းဝင်ရေစက်ချပွဲကြီး ဖြစ်ခဲ့ပါတယ်။

ကိစ္စတွေအားလုံးပြီးတော့ မင်းကြီးက မိမိရဲ့တိုက်ဖော်တိုက်ဖက် စစ်သူကြီးတွေကို ရာထူးဌာနန္တရတွေကိုယ်စီ ကိုယ်စီပေးပါတယ်။ အသီးသီးရာထူး တွေပေးလို့ အဘယစစ်သူကြီးက မင်းကြီးပေးလာတဲ့ရာထူးကို မယူပဲနေနေပါတယ်။ ပြီးမှ လက်အုပ်ချီပြီး

” အရှင်မင်းကြီး အကျွန်ုပ်မှာ စစ်ထိုးရန်ရှိပါသေးသည်။

သင်တို့သခင် ငါလျှင်ဧကရာဇ်ဖြစ်တပြီးကား၊ အဘယ်မည်သော စစ်ထိုးခြင်း ရှိသေနည်း။

မြတ်သောမင်းကြီး ကျွန်ုပ်အား အလွန်အောင်နိုင်ခဲ့သော ကိလေသာတည်းဟူသော ခိုးသူတို့၏ စစ်ရှိပါသည်။ ကိလေသာရန်သူ တို့နှင့် စစ်ထိုးခြင်းကို ပြုပါအံ့။ ”

ဒုဠဂါမဏိမင်းက အကြိမ်ကြိမ်းတားပါသေးတယ်။ ဒါပေမယ့် အဘယစစ်သူကြီးက မင်းကြီးကို ပြန်တောင်းပန်ပြီး ရဟန်းပြုသွားပါတော့တယ်။ နောက်မကြာခင်မှာ မင်းကြီးဆီကို သတင်းတစ်ခုဝင်လာပါတာ်။ အဲဒီသတင်းကတော့ အဘယစစ်သူကြီး ရဟန္တာဖြစ်သွားပြီဆိုတဲ့သတင်းပါပဲ။ ဒီသတင်းကြားရတော့ မင်းကြီးက ” သြော် .. ငါစစ်ထိုးခဲ့တဲ့အမူတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မတားမြစ်ဘူးဆိုတဲ့ ရဟန္တာမထေရ်မြတ်တွေရဲ့ စကားဟာ မှန်ပါ့လား” ဆိုပြီး စိတ်ကျေနပ်မူရလိုက်ပါတယ်။

ဒုဠဂါမဏိမင်းကြီးရဲ့ သက်တမ်းတစ်လျှောက်လုံး သာသာရေးကောင်းမူတွေကိုပဲ အဓိကထားလုပ်သွားပါတယ်။ အဲဒီဘာသာရေးကောင်းမူတွေထဲက သမိုင်းအ၀င်ဆုံးဖြစ်ခဲ့တာကတော့ မဟာစေတီတည်ထားကိုးကွယ်မူပါပဲ။ မဟာစေတီကြီး အကြောင်းကို သီဟိုဠ်သာသနာဝင်ကို ပြန်လှန်မိသူတိုင်း ဒီနေ့အထိတသသပြောနေရတုန်းပါ။

မင်းကြီးရဲ့ မဟာစေတီတည်ပွဲမှာ ပြည်သူပြည်သားများသာမက ရဟန္တာအရှင်မြတ်များကလည်း ကူညီပံ့ပိုးခဲ့ကြပါတယ်။ တချို့အလုပ်သမားတွေဆို အခေကြေးငွေယူပြီး အလုပ်လုပ်ခဲ့ရပေမယ့် ကုသိုလ်စိတ်နဲ့ ယှဉ်ပြီးလုပ်ခဲ့တဲ့ အတွက်ကြောင့် သေလွန်တဲ့အခါ နတ်ပြည်သုဂတိကို ရောက်ကြတယ် လို့ဆိုပါတယ်။

စေတီတော်ကြီး အပြီးအဆုံးမရောက်ခင်မှာပဲ မင်းကြီးဆီကို သေခြင်းနဲ့နီးတဲ့ရောဂါဝင်ရောက်လာပါတော့တယ်။ မင်းကြီးလည်း ပုထုဇဉ်ဆိုတော့ သေဘေးကို တွေးပြီး တော်တော်ထိတ်လန့်တုန်လှုပ်သွားပါတယ်။ ငါသေရတော့မှာပါလား ဆိုတဲ့အတွေးက မင်းကြီးကို အကြီးအကျယ်နှိပ်စက် နေပါတယ်။ ဒီလိုနှိပ်စက်ခံနေရတဲ့အချိန်မှာ ပထမဆုံးသတိရလိုက် တာက အဘယစစ်သူကြီးတဖြစ်လဲ အဘယရဟန္တာမထေရ်ကြီးကိုပါ။ အဲဒီတော့ မင်းကြီးက ဘယ်လိုတွေးသလဲဆိုတော့

” အဘယစစ်သူကြီးဟာ ကျေးမင်းတွေနဲ့ နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင် စစ်ထိုးရာ၌ ငါ အရှုံးမရှိအံ့သည်ကို မြင်၍ ငါ့ထံ၌ ၀န်းရံကာ အဖော်သဟဲပြုလုပ်ပေးခဲ့သည်။ ယခုအခါ သေမင်းနှင့် စစ်ထိုးရာ၌ ငါရှုံးလတ္တံ သည်ကို မြင်သောကြောင့် ငါထံသို့ မကပ်ရောက်တော့သာ ထင်သည်”လို့တွေးပါတယ်။

မင်းကြီးရဲ့အကြံကို အဘယရဟန္တာမထေရ်ကြီးက အဘိညာဉ်နဲ့ ကြားသိရာတော့ ရဟန္တာငါးရာခြံရံပြီး ကောင်းကင်ကကြွလာပါတယ်။ ဒီတော့မင်းကြီးက ရောက်ရောက်ချင်းပဲ” အရှင်ဘုရား.. အကျွန်ုပ်သည် ရှေးအခါက သူရဲကြီးတစ်ကျိပ်ဖြစ်ကုန်သော အရှင်မြတ်တို့နှင့် စစ်ထိုး၍ စစ်အောင်ခဲ့ဖူးပါပြီ။ ယခုအခါ၌ ကျွန်ုပ်တစ်ယောက်တည်းသာ သေမင်းနှင့် စစ်ထိုးနေရပါသည်။ သေမင်းတည်းဟုသော ရန်သူကိုတော့ မနိုင်တော့ပါချေ” လို့ လျှောက်ထားပါတယ်။

ဒီတော့ အဘယရဟန္တာမထေရ်ကြီးက ဒုဠဂါမဏိမင်းကြီးကို ရုပ်နာမ်တရားတွေ မမြဲတဲ့အကြောင်း ပြီးတော့ မင်းကြီးပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေ အကြောင်းကို တော်တော်ကြာကြာတရားဟောပေးပါတယ်။ ဒီလိုတရားစကားတွေကို နားကြားရတော့မှ မင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး။

အရှင်ဘုရား…. အရှင်မြတ်သည် သေမင်းနှင့်တိုက်ခိုက်ရသည့် ကျွန်ုပ်၏နှစ်ကြိမ်မြောက်သော စစ်ပွဲ၌လည်း အဖော်သဟဲဖြစ်ပါပေသည်။ ” လို့ အားရ၀မ်းသာ လျှောက်ထားလိုက်ပါတယ်။ နောက်မင်းကြီး နတ်ရွာစံတဲ့အခါ တုသိတာနတ်ပြည်ကို ရောက်သွားတယ်လို့ဆိုပါတယ်။

လောကမှာ လောကီရေးရာအဖော်လိုအပ်သလို လောကုတ္တရာရေးရာအဖော်လည်း လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ပစ္စပ္ပန်အဖော်နဲ့ သံသရာ အဖော်ပေါ့။ ဒီအဖော်နှစ်စုံ ရရင်မှဖြင့်…….။

ရဝေနွယ် (အင်းမ)

ကျမ်းကိုး

။ မဟာဝင်( ကျီးသဲလေးထပ်ဆရာတော်)

၂။ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ( ဦးဌေးလှိုင်)

မြတ်သတိ ဒီဇင်ဘာ၊၂၀၀၀

Views: 167

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

sawmaungnaing is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Jan 3
Tricia Cornwall updated their profile
Dec 18, 2020
Tricia Cornwall is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Dec 18, 2020
Minn Wai replied to ukkmaung's discussion လောကီ ဝိဇ္ဇာ ပညာရပ် စာအုပ်များ
Dec 14, 2020

Birthdays

Birthdays Tomorrow

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service