ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း (အပိုင်း - ၂)

ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း (အပိုင်း - ၂)

 

သဗ္ဗတ္ထက ကမ္မဋ္ဌာန်း

အာနာပါနအဆင့်လေးဆင့်အားထုတ်မှု မစတင်မီ အောက်ပါ ကမ္မဋ္ဌာန်းများကို စတင်အားထုတ်ရသည်။ ယင်းကမ္မဋ္ဌာန်းများကို အလုံးစုံသော ကမ္မဋ္ဌာန်းတို့နှင့်တွဲ၍ လုပ်ဆောင်နိုင်သောကမ္မဋ္ဌာန်းဖြစ်သောကြောင့် သဗ္ဗတ္ထကကမ္မဋ္ဌာန်းဟု ခေါ်သည်။ ၎င်းတို့မှာ

၁။ ဗုဒ္ဓါနုဿတိ ဘာဝနာ

၂။ မေတ္တာဘာဝနာ

၃။ အသုဘဘာဝနာ

၎။ မရဏာနုဿတိ တို့ဖြစ်ပါသည်။

စာအုပ်မရေးခင်က ဤသဗ္ဗတ္ထကကမ္မဋ္ဌာန်းအားထုတ်ပုံများကို အကျယ်တ၀င့်တင်ပြဖို့ရန် စိတ်ကူးထားခဲ့သော်လည်း နောက်ဖော်ပြလတ္တံ့သောအကြောင်းအရာများကို အဓိကဦးစားပေး တင်ပြလိုသောကြောင့် အားထုတ်ပုံမျှကိုသာ တင်ပြသွားပါမည်။

ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံ

ဗုဒ္ဓတရားတော်များတွင် အဓိကအထူးခြားဆုံးလုပ်ငန်းစဉ်မှာ သမထ၊ ၀ိပဿနာအားထုတ်ရှုမှတ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို စနစ်တကျအားထုတ်မှုအပိုင်းမှာ ဗုဒ္ဓတရားတော်များတွင်သာ တွေ့ရနိုင်သောအရာများ ဖြစ်ပါ၏။ ဗုဒ္ဓမြတ်စွာဟောကြားဖော်ထုတ်ခဲ့သော သမထ၊ ၀ိပဿနာလမ်းစဉ်ဖြင့် လက်တွေ့ငြိမ်းချမ်းမှုတွေ့သွားသူများ များစွာရှိပါ၏။ ဖြစ်ပျက်ပြောင်းလဲမှုများ အလွန်မြန်ဆန်သော ယနေ့ကမ္ဘာတွင် သမထ၊ ၀ိပဿနာလုပ်ငန်းစဉ်များမှာ လောကလူသားများအတွက် များစွာအသုံးကျလာနေပြီဖြစ်၏။ အားထုတ်ဖူးသူတိုင်းက ဤလုပ်ငန်းစဉ်များ၊ ကျင့်စဉ်များဖော်ထုတ်ပေးခဲ့သော ဗုဒ္ဓမြတ်စွာကို လေးစားကြ၏။ ကိုးကွယ်ဆည်းကပ်ကြ၏။ ကျေးဇူးတင်သင့်သူကို ကျေးဇူးတင်ခြင်း၊ လေးစားသင့်သူကို လေးစားခြင်း၊ ကိုးကွယ်အားထားသင့်သူကို ကိုးကွယ်အားထားခြင်းမှာ မြင့်မြတ်သောလူသား၏ အနှစ်သာရပြယုဂ်တစ်ခုပင် ဖြစ်ပါ၏။ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားမျာခြင်းမှာ ထိုအနှစ်သာရကို ထင်ဟပ်ပြလိုက်ခြင်းဟု ဆိုနိုင်၏။

တစ်ပြိုင်နက်တည်း ပို၍ထူးခြားသောအရာတစ်ခုမှာ ကိုးကွယ်အားထားသင့်သူကို စနစ်တကျ တစိုက်မတ်မတ် စူးစိုက်၍ ကြည်ညိုပွားများလိုက်လျှင် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်လျှမ်းလာသော စိတ်အစဉ်သည် တည်ကြည်မှုသို့ ဦးတည်သွား၏။ လက်တွေ့အားဖြင့် အမြင်အာရုံတို့ တစ်စုတစ်စည်းတည်းဖြစ်နေသည့်အတွက် အတွေးအမြင်များ ထက်မြတ်လာ၏။ ထိုထက်မြတ်လာသောအတွေးအမြင်သည် အံ့သြဖွယ်ရာ လွတ်မြောက်မှုသို့ ဦးတည်သွားတတ်ပါ၏။ သို့အတွက်ကြောင့် ဗုဒ္ဓါနုဿတိဘာဝနာကို စတင်အားထုတ်မှုပိုင်းတွင် ထည့်သွင်းထားရခြင်း ဖြစ်ပါ၏။ အားထုတ်ရာ၌ နောက်တွင် အာနာပါနကို အားထုတ်လတ္တံ့ဖြစ်သောကြောင့် အာနာပါနနှင့်တွဲ၍ ဆရာတော်အရှင်မြတ်များက အားထုတ်စေခဲ့သည်။

အားထုတ်ပုံအကျဉ်းမှာ မိမိ၏ ထွက်လေ၊ ၀င်လေကို ပုံမှန်လေးအတိုင်းဖြစ်အောင် အရင်အားထုတ်ပြီး “၀င်လေ အရဟံ၊ ၀င်လေ အရဟံ”ဟု စိတ်က သိမှတ်အာရုံပြု၍ ရှုမှတ်ရမည်။ ထွက်လေကိုကား သိရုံသာ သိထားရမည်။ ပါးစပ်က ထုတ်ဖော်၍ ရှုမှတ်စရာ မလိုအပ်ချေ။ စိတ်က သိပေးနေရုံသာ ဖြစ်ပါသည်။

မေတ္တာဘာဝနာ ပွားများပုံ

လူသည် တစ်ဦးတည်း တစ်ယောက်တည်း အသက်ရှင် ရပ်တည်၍မရ။ လူအများနှင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီအနေအားဖြင့် ရပ်တည်နေရ၏။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်အတွက် အနှောက်အယှက်၊ အဆိပ်အတောက်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကလည်း မိမိအတွက် အနှောက်အယှက်၊ အဆိပ်အတောက် ဖြစ်နိုင်၏။ မြင့်မြတ်သူတို့၏သဘောသဘာဝအားဖြင့်ဆိုရင်လျှင် မိမိကိုယ်တိုင်ကို ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်မဖြစ်ဖို့ လို၏။ မိမိက ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်မဖြစ်လျှင် ပတ်ဝန်းကျင်ကလည်း မိမိအပေါ်၌ အဆိပ်အတောက်မဖြစ်စေတော့ပေ။ တောကြီးမျက်မည်းထဲ၌ သူတော်စင်များနှင့် ရိုင်းစိုင်းသတ်ဖြတ်တတ်သော ကျားစသော သတ္တ၀ါများ မိတ်ဆွေများ ဖြစ်သွားကြသည်မှာ ဤသဘောပင် ဖြစ်ပါ၏။ မိမိနဲ့ပတ်ဝန်းကျင်အတွက် ကောင်းရာမွန်ရာဖြစ်အောင် ကြိုးစားခြင်းသည် မြင့်မြတ်သူတို့၏အလုပ်ဖြစ်ပါ၏။ ပတ်ဝန်းကျင်ဟူသည်မှာ မိမိပေးသလောက် ပြန်လည်ပေးဆပ်တတ်သောသဘောရှိပါသည်။ ပတ်ဝန်းကျင်အပေါ်မှာ ကိုယ်ကကောင်းလျှင် ပတ်ဝန်းကျင်ကလည်း မိမိအပေါ် ပြန်လည်ကောင်းမွန်ပြီး နေပျော်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ရတတ်ပါသည်။

တရားအဆင့်ဆင့် မြင့်တက်လိုသော ယောဂီပုဂ္ဂိုလ်အနေဖြင့်လည်း ပတ်ဝန်းကျင်အပေါ် ကောင်းဖို့လိုအပ်၏။ မေတ္တာထားတတ်ဖို့ လိုအပ်၏။ ပတ်ဝန်းကျင်အပေါ် မိမိက မေတ္တာထားလျှင် မိမိရော ပတ်ဝန်းကျင်ပါ အေးမြသောသဘောကို ခံစားရတတ်သည်။ တရားဘာဝနာအလုပ်ဟူသည် မိမိကိုယ်တိုင်နဲ့လောက အေးချမ်းရာအေးချမ်းကြောင်းကို ရှာရသောအလုပ်ဖြစ်ရာ ပတ်ဝန်းကျင်အပေါ် ဒေါသအာဃာတများ ထားနေလျှင် တရားအဆင့် မည်သို့မျှ မတတ်နိုင်ပေ။ သို့ဖြစ်၍ ပတ်ဝန်းကျင်အပေါ် မေတ္တာထားရခြင်းမှာ တရားအားထုတ်မှုအတွက် လိုအပ်ချက်တစ်ခု ဖြစ်လာ၏။

အားထုတ်ပုံမှာ အထက်ပါအတိုင်း ထွက်လေ၊ ၀င်လေအပေါ်မှာ သတိကပ်ပြီး “ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”ဟု စိတ်မှ မေတ္တာဓာတ်များ ပို့လွှတ်ပေးနေရုံသာ ဖြစ်ပါသည်။ လောကအတွင်းရှိရှိသမျှသော သတ္တ၀ါအားလုံးအပေါ်မှာ မိမိမေတ္တာ ရောက်ရှိနိုင်သမျှ မိမိလည်း ငြိမ်းချမ်းလာပါလိမ့်မည်။ ငြိမ်သက်အေးချမ်းမှု၊ ပျော်ရွှင်ကြည်နူးမှုများကို ခံစားလာရပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာကလည်း ဥပက္ကိလေသသုတ်တွင် ပျော်ရွှင်ဝမ်းမြောက်သူအား ချမ်းသာခြင်းဖြစ်၏။ ချမ်းသာခြင်းရှိသူအား စိတ်တည်ငြိမ်ခြင်းဖြစ်၏။ စိတ်တည်ငြိမ်သူအား ပညာတရားတို့ တိုးပွား၏ဟု မိန့်တော်မူထားသည်။ (ကျမ်းညွှန်း)

အသုဘဘာဝနာ ပွားများပုံ

အမှားမြင်မှ အမှန်မြင်သို့ရောက်အောင် အားထုတ်ရခြင်းကို တရားအားထုတ်ခြင်းဟု ဆိုရ၏။ လောက၌ သတ္တ၀ါတို့မှာ အမှားကို အမှန်ထင်နေကြ၏။ အသုဘဖြစ်သော မိမိ၏ခန္ဓာကို သုဘဟု ထင်မှတ်မှားနေကြ၏။ သုဘဟု မှားမှားယွင်းယွင်း ယူဆထားသောကြောင့် အမှားသံသရာမှ မလွတ်မြောက်နိုင်ကြ။ အမှားကို အမှန်ဟု ထင်နေသောကြောင့် တကယ့်အမှန်ကို အားထုတ်ရှာဖွေလိုစိတ်များ မရှိဖြစ်နေကြရ၏။ မိမိတို့ ခန္ဓာ၏ မတင့်တယ်ခြင်း အသုဘအဖြစ်ကို မြင်အောင်ကြည့်လျှင် ရှေ့ဆက်လက်၍ ၀ိပဿနာအဆင့်များ တိုးတက်ရရှိနိုင်လေသည်။ သို့အတွက်ကြောင့် အသုဘဘာဝနာကို အာနာပါနအဆင့်များ အားမထုတ်မီ ထည့်သွင်းရှုမှတ်ခိုင်းခြင်း ဖြစ်ပါသည်။ အားထုတ်ပုံမှာ ထုံးစံအတိုင်း ထွက်လေ၊ ၀င်လေ၌ သတိကပ်ရှုမှတ်ပြီး “အသုဘပါတကား၊ အပုပ်ကောင်ကြီးပါတကား”ဟု စိတ်မှ ရွတ်ဆိုပြီး အားထုတ်ရှုမှတ်ရမည်။

မရဏာနုဿတိ ပွားများပုံ

လောကလူသားတို့ မကောင်းသောအကုသိုလ်အမှုများကို မကြောက်မရွံ့ ပြုလုပ်နိုင်ကြခြင်းမှာ သေခြင်းတရားကို မဆင်ခြင်မိ၍ ဖြစ်သည်ဟု ဆိုနိုင်သည်။ သေခြင်းတရားကို အောက်မေ့နိုင်လျှင် လောဘ၊ ဒေါသ၊ မာန်မာနများ လျော့ပါးလာတတ်ပါသည်။ သေခြင်းတရားသည် သတ္တ၀ါကို တုန်လှုပ်မှုအပေးနိုင်ဆုံးသော အရာဖြစ်ပါသည်။ သေခြင်းတရားကို နက်နက်နဲနဲ ဆင်ခြင်မိလျှင် တရားအားထုတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတတ်ပါသည်။ သို့ဖြစ်၍ အာနာပါနအဆင့်များ အားမထုတ်မီ မရဏာနုဿတိကို ဆင်ခြင်ရှုမှတ်ပွားများသင့်ပါသည်။ အားထုတ်ပုံမှာ မိမိ၏ ထွက်လေ၊ ၀င်လေ၌ သတိကပ်ပြီး “သေရအုံးမှာပါတကား၊ သေရအုံးမှာပါတကား”ဟု စိတ်မှ ဆင်ခြင်ပြီး အားထုတ်ရှုမှတ်ရပါမည်။

အားထုတ်မှုမစခင် သိမှတ်ဖွယ်

ယနေ့ကမ္ဘာတွင် ရုပ်ဝတ္ထုများတိုးတက်မှုအောက်၌ လူသားသည် မရှုနိုင် မကယ်နိုင် စိတ်ဓာတ်တွေ ယိုယွင်းလာနေသည်။ အေးငြိမ်းရာ နည်းလမ်းကိုရှာရင်း နည်းသစ်အတွေးသစ်တို့ အလယ်တွင် ချာချာလည်နေကြရ၏။ ငြိမ်းချမ်းမှု၊ အေးချမ်းတည်ငြိမ်မှုကို လိုချင်ပါသည်ဆိုသော်လည်း ဟိုဟာကောင်းနိုးနိုး၊ သည်ဟာကောင်းနိုးနိုး ဖြစ်နေရပြန်၏။ ရုပ်ဝတ္ထုကြောင့် ဖြစ်ရသော ရောဂါကို ရုပ်ဝတ္ထုဖြင့် ရှာကြံကုသနေကြရ၏။ ရေဆာ၍ သမုဒ္ဒရာရေသောက်လျှင် မ၀နိုင်ဘဲ ဆက်ကာဆက်ကာ သောက်သဖြင့် ဒုက္ခရောက်ရုံသာရှိမည်ဟု မစဉ်းစားမိ။ စဉ်းစားသော်လည်း အားကိုးထောက်တည်စရာ မရ။ ဒုက္ခပင်လယ် ဝေနေကြရ၏။ လမ်းစမျှပင် မတွေ့။ ဤသို့ဖြင့် လူသားသည် မျှော်လင့်ချက်ပျောက်ဆုံးနေ၏။ မျှော်လင့်ချက်ပျောက်ဆုံးသဖြင့် ဗျာများနေကြရ၏။ ဗျာများနေသဖြင့် စိတ်တည်ငြိမ်ဖို့ မလွယ်။ စိတ်တည်ငြိမ်မှုရဖို့အတွက် ဗုဒ္ဓမြတ်စွာက နည်းအမျိုးမျိုးဖြင့် လမ်းညွှန်ပြသတော်မူခဲ့၏။

ဗုဒ္ဓမြတ်စွာသည် သူ ပေးထားခဲ့သောနည်းတို့အနက် သမထ၊ ၀ိပဿနာအားထုတ်ခြင်းဖြင့် အမှန်တရားကို သိမြင်အောင် အားထုတ်ခြင်းကို အထူးအလေးပေးခဲ့သည်။ သမထ၊ ၀ိပဿနာအားထုတ်ရာတွင် ဣရိယာပုထ်လေးပါး တစ်ပါးပါးဖြင့် အားထုတ်နိုင်သည်။ သို့ရာတွင် “ထိုင်”ဣရိယာပုထ်ဖြင့် အားထုတ်ခြင်းသည် အကောင်းဆုံးဟု ဆရာမြတ်တို့ ညွှန်ကြားကြသည်။ ဣရိယာပုထ်နှင့်ပတ်သတ်၍ ၀ိဝဋ္ဋပါရဂူကျမ်း၊ သန္တိကေနိဒါန်းတွင်ပါရှိသော စကားရပ်များကို ရှင်းလင်းဖော်ပြလိုပါသည်။ အဆိုပါ နိဒါန်းတွင် ကျမ်းပြုဆရာအရှင်ဝိဗောဓာလင်္ကာရက အာနာပါနကမ္မဋ္ဌာန်း၊ ဒုတိယအဆင့်ကို တင်ပလ္လင်ခွေအားထုတ်စဉ် မီးခိုးအသွင်အစဉ်မပြတ် တန်း၍ထွက်သွားသော အခိုးနိမိတ်များ ရရှိခဲ့၏။ ထိုသို့အားထုတ်ရင်း ညောင်း၍ဆောင့်ကြောင့်ထိုင် အားထုတ်ရာ ထို့ထက် အားကောင်းသော အခိုးနိမိတ်များရရှိခဲ့သည်။ ဆိုလိုသည်မှာ တင်ပလ္လင်ခွေ ဣရိယာပုထ်ထက် ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်းက တရားပိုတိုးတက်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုတရားအတွေ့အကြုံကို ကန္နီရွှေသိမ်တော်တောရဆရာတော်ဘုရားအား လျှောက်ထားရာ “အလေ့အထလည်း ပဓာနတစ်ခု ဖြစ်တတ်ပါ၏၊ နောက်အားရှိက ရှေ့အားလည်း ကြီးတတ်ပါ၏၊ ရှေ့အား နောက်အား ပစ္စည်းဆက်သွယ်၍ သွားကြသည်၊ အလေ့အထလည်း ရှိပေ၏၊ ကြည့်ပါလား…..အခါတစ်ပါး မထေရ်ကြီးတစ်ပါး တရားခွင်ဝင်ခါနီး ဖုန်ခါသောအလေ့အထရှိ၏၊ တစ်နေ့သောအခါ ဖုန်မခါဘဲ တရားခွင်ဝင်ပြီး တရားအားထုတ်မိ၍ တရားမတတ်နိုင်ဘဲ လမ်းချော်နေ၏၊ သို့ဖြစ်၍ အင်း…ငါ ဘာများလိုနေပါလိမ့် စသည်ဖြင့် အကြောင်းရှာစဉ်းစားရာ ဖုန်မခါဘဲ တရားခွင်ဝင်မိသည်ကို သတိရ၏၊ ဖုန်ခါပြီး တရားပြန်အားထုတ်သောအခါ ရှေးကကဲ့သို့ အားထုတ်၍ ကောင်းသည်ဟု ဆို၏၊ ထို့ကြောင့် ဓမ္မ၀တ်၊ ဓမ္မဓလေ့မဟုတ်သော်လည်း လောက၀တ်၊ လောကဓလေ့ အလေ့အထ အမူအရာ လုပ်နေကျ ကိုင်နေကျများကို လုပ်လျှင် ထက်သန်သော လျင်မြန်သော အကျိုးပေါ်ပေါက်တတ်သည်”ဟု ဆရာတော်က အမိန့်ရှိတော်မူလိုက်၏။

ဆရာတော်ဘုရားကြီး၏ စကားမှ မှတ်သားစရာများ များစွာရပါသည်။ ပထမအချက်မှာ မည်သည့်ဣရိယာပုထ်ဖြစ်စေ နှစ်သက်သလို အားထုတ်နိုင်သည်။ မိမိအလေ့အလာများသော ဣရိယာပုထ်မှာ မိမိအတွက်အကောင်းဆုံးဖြစ်သည်။ ဒုတိယအချက်မှာ မိမိနေ့စဉ်ပြုနေကျ လောက၀တ် သို့မဟုတ် အလေ့အထများကို စွန့်စရာမလိုခြင်းပင် ဖြစ်ပါ၏။ တရားအားထုတ်ရာတွင် အချို့က နေရာရွေးတတ်၏၊ အားထုတ်နေကျနေရာဖြစ်မှ အားထုတ်၍ အဆင်ပြေ၏။ ရွေးပြီးသောနေရာတွင်လည်း ရှေးက နံရံဘက်လှည့်ပြီး အားထုတ်နေကျဖြစ်လျှင် နံရံဘက်လှည့်အားထုတ်ရမှ အားထုတ်၍ အဆင်ပြေ၏။

နေရာနှင့်ပတ်သတ်၍ သတိပဋ္ဌာန်ပါဠိတော်တွင် တော၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်ကို သွားရမည်ဟု ဆိုထားသည်။ အဓိကအားဖြင့် တရားအားထုတ်မှုကို အနှောက်အယှက်ပေးမှု နည်းသောနေရာဟု ယူနိုင်ပါသည်။ ထိုနေရာမျိုးမရခဲ့လျှင် အဖြစ်နိုင်ဆုံးနည်းနဲ့ အကောင်းဆုံးနေရာကို ရွေးကြရပေလိမ့်မည်။ ထိုင်ရာတွင်လည်း ထုံးစံအတိုင်း အမျိုးသားများ တင်ပလ္လင်ခွေ၊ အမျိုးသမီးများ မိန်းမထိုင် ကျုံ့ကျုံ့ထိုင် ထိုင်ရမည်။ ခါးကို ဖြောင့်ဖြောင့်ထားပြီး ဘယ်လက်အပေါ်တွင် ညာလက်ကို တင်ထားရမည်။ လက်မထိပ်နှစ်ခုကို ထိထားလျှင် အကောင်းဆုံးဖြစ်သည်။ အမှန်အားဖြင့် မည်သို့မည်ပုံ ထိုင်ရမည်ဟု တရားသေ သက်မှတ်ထားခြင်းမျိုး မရှိဟု ဆိုရပါမည်။ သင့်တော်သလို ကြာကြာထိုင်နိုင်မည့် ဣရိယာပုထ်ဖြစ်ဖို့ အရေးကြီးပါသည်။

ကန္နီဆရာတော်ဘုရားကြီးက မျက်စိမှိတ်ထားရမည်ဟု မိန့်တော်မူသည်။ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိမှိတ်ရုံမျှမက လက်ကိုင်ပ၀ါစသော အ၀တ်ပိုင်းတစ်ခုခုဖြင့် မျက်လုံးနှစ်ဖက်ကို စီးထားရမည်ဟု မိန့်တော်မူသည်။ စာရေးသူတို့ အားထုတ်စဉ်ကလည်း မျက်စိနှစ်ဖက်ကို လက်ကိုင်ပ၀ါ စီးပြီး အားထုတ်ခဲ့ကြသည်။ အချို့က “ဘုရားရှင်က အဲ့ဒီလို တစ်ခါမှ ညွန်ကြားတာ တစ်ခါမှ မတွေ့ဖူးပါဘူး”ဟု ဆိုတတ်ကြသည်။

လက်တွေ့အားထုတ်ကြည့်သောအခါတွင် သတိထားကြည့်မိသည်။ လက်ကိုင်ပ၀ါစီးမထားလျှင် အနီးပတ်ဝန်းကျင်မှ အသံကြားလျှင် အလွယ်တကူ မျက်စိဖွင့်ကြည့်ချင်နေတတ်သည်။ ထူးဆန်းသော အသံဖြစ်လျှင်ကား ဖွင့်မကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေတတ်သည်။ ပ၀ါစီးထားလျှင်ကား ရုတ်တရက် ဖွင့်ကြည့်ဖို့ မလွယ်ကူပေ။ ထို့ထက် အရေးကြီးသော အကြောင်းတစ်ခု ရှိပါသည်။ ကန္နီနည်းက အလင်းနိမိတ်ရအောင် အားထုတ်ရသော နည်းဖြစ်ရာ လက်ကိုင်ပ၀ါစီးထားလျှင် ပြင်ပအလင်း ၀င်ရောက်မှု မရှိသဖြင့် နိမိတ်နှင့်ပြင်ပအလင်းကို ခွဲခြားနိုင်ပါသည်။ လက်တွေ့အားထုတ်သောအခါတွင်လည်း အလွန်အကျိုးကျေးဇူးများလှပါသည်။ ထို့ကြောင့် မြေဇင်းတောရဆရာတော်ဘုရားကြီးက လက်ကိုင်ပ၀ါစီးပြီး အားထုတ်ဖို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။

အာနာပါန သမထလမ်းစဉ်တွင် စုစုပေါင်း အပိုင်း (၅)ပိုင်း ပါဝင်သည်။ ပထမ (၄)ပိုင်းမှာ အာနာပါနသမထကျင့်စဉ်များဖြစ်ပြီး နောက်ဆုံး (၅)ခုမြောက်အပိုင်းမှာ ဖြစ်ပျက်ရှုမှတ်ခြင်းဟူသော ၀ိပဿနာလမ်းစဉ်ဖြစ်၏။ ယင်း အပိုင်း (၅)ပိုင်းကို အားထုတ်ပုံနှင့်တကွ အစဉ်အတိုင်း ဖော်ပြသွားပါမည်။

အရှင်ကုသလသာမိ (ပျော်ဘွယ်)

Views: 118

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service