ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း (အပိုင်း - ၁)

ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း (အပိုင်း - ၁)

ကျမ်းဦးစကား

တကယ်တမ်းအားဖြင့် ၀ိပဿနာအကြောင်းရေးရန်မှာ အတော်ခက်လှ၏။ ၀ိပဿနာနှင့် စပ်လျဉ်းသော အကြောင်းအရာများမှာ အလွန်တရာ သိမ်မွေ့လှ၏။ အခြားသော အကြောင်းအရာများနှင့် မတူ။ တစ်မူ ထူးခြား၏။ နက်လည်း နက်နဲ၏။ သိမ်မွေ့လည်း သိမ်မွေ့လွန်းလှ၏။ များသောအားဖြင့် လောကအတွင်း ရှိရှိသမျှ အကြောင်းအရာများမှာ လေ့လာဖတ်ရှုရုံမျှနှင့်လည်းကောင်း၊ ကြားနာသင်ယူရုံမျှနှင့်လည်းကောင်း သိနိုင်၏။ တတ်မြောက်နိုင်၏။ ကျွမ်းကျင်နိုင်၏။ ထိုအကြောင်းအရာများကို တစ်ဆင့် ဖြန့်ဝေရန်လည်း လွယ်ကူ၏။ ၀ိပဿနာအကြောင်းအရာကား အဆိုပါ အကြောင်းအရာများနှင့် ခြားနား၏။ ဖတ်ရှုရုံမျှ၊ ကြားနာရုံမျှနှင့် မသိနိုင်။ လက်တွေ့အားထုတ်ဖူးရန် လိုအပ်၏။ လက်တွေ့အားထုတ်ရုံမက တစ်စုံတစ်ခုသော ၀ိပဿနာဉာဏ်အမြင်ရှိထားဖို့လဲ လိုအပ်၏။ စာစကားအားဖြင့် ပြောရလျှင် စာသိမျှသာ မဟုတ်ဘဲ ဉာဏ်သိဖြစ်ဖို့ လိုအပ်၏။ သညာသိ၊ ပညာသိဟုလည်း ခွဲခြားဆိုနိုင်ပါ၏။

တစ်နည်းအားဖြင့် ဆိုရင်လျှင် ၀ိပဿနာအကြောင်း ရေးသားသူသည် အာဂမသုတ (စာပေပရိယတ်ကျွမ်းကျင် တတ်မြောက်မှု)၊ အဓိဂမသုတ(တစ်စုံတစ်ခုသော ဉာဏ်အမြင်ရှိထားမှု) နှစ်ပါးနှင့် ပြည့်စုံဖို့ လို၏။ အာဂမသုတရှိရုံမျှနှင့် ရေးဖို့မလွယ်၊ ရေးလိုက်လျှင်လည်း စာရှိ၍သာ ရေးလိုက်ရသော်လည်း ကိုယ်တိုင် (ဉာဏ်သိ) နားလည်လိမ့်မည် မဟုတ်။ ပိဋကတ်သုံးပုံကို ထုံးလိုမွှေ၊ ရေလိုနှောက်ထားသူ ဖြစ်စေကာမူ ၀ိပဿနာတရားအားမထုတ်ဖူးဘဲ ၀ိပဿနာအကြောင်းရေးလျှင် နားမလည်ဘဲနှင့် ရေးသည်ဟု ဒိဋ္ဌပုံသေ မှတ်ယူနိုင်၏။ ၀ိပဿနာအကြောင်းကား ဤမျှထိ ခက်လှ၏။ ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ်သော်မှ ဖတ်ရုံနှင့် နားမလည်နိုင်ဘူးဆိုလျှင် သာမန် ဗုဒ္ဓစာပေနှင့် ဝေးကွာသူ လူပုဂ္ဂိုလ်ကား အဘယ်သို့ နားလည်နိုင်မည်နည်း။ နားလည်လိုလျှင် အားထုတ်ရုံမှတစ်ပါး အခြားမရှိဟုသာ ဆိုရပေတော့မည်။

အမှန်အားဖြင့် ဗုဒ္ဓဘာသာတွင် ၀ိပဿနာတရားအားထုတ်ဖို့ရန်မှာ အရေးအကြီးဆုံးကိစ္စ ဖြစ်၏။ သို့ရာတွင် ၀ိပဿနာတရားအားထုတ်သူနှင့် လေ့လာသူတို့မှာ အလွန်နည်းပါးလှ၏။ ၀ိပဿနာနှင့် ဗုဒ္ဓဘာသာတို့မှာ ခပ်စိမ်းစိမ်းအနေအထားပင် ဖြစ်လျက်ရှိ၏။ ၀ိပဿနာတရား ဟောပြောသော ဘုန်းကြီး ရှားပါးသကဲ့သို့ ၀ိပဿနာတရားဆိုလျှင် ပျင်းစရာဟု ထင်သူက များလေ၏။ အကြောင်းမှာ ၀ိပဿနာ၏ သိမ်မွေ့နက်နဲခြင်းနှင့် အားမထုတ်ဘဲ နားမလည်နိုင်ခြင်း(စာဖတ်ရုံဖြင့် မသိနိုင်ခြင်း)တို့ကြောင့် ဖြစ်ဟန်ရှိ၏။ ခေတ်အဆက်ဆက် ၀ိပဿနာစာအုပ်များ ပေါ်ထွက်ခဲ့ကြပါ၏။ နည်းစနစ်များလဲ စုံလင်လှ၏။ သို့ရာတွင် ၀ိပဿနာတရားအားထုတ်မှုကား ရှေ့တန်းရောက်မလာ။ ဒါနနှင့်ပင် တင်းတိမ်နေကြ၏။ “Without meditation, nothing more is Buddhism than others”ဟု စာအုပ်တစ်အုပ်တွင် တွေ့ဖူး၏။ ဗုဒ္ဓဘာသာတွင် အခြားဘာသာတရားများထက် ထူးခြားနေသော အချက်မှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရား ပါဝင်နေခြင်းပင် ဖြစ်၏။

ဝိပဿနာတရား အားမထုတ်ဖြစ်ကြခြင်း၏ အကြောင်းများထဲတွင် ခက်ခဲခြင်း၊ ရုန်းကန်ရခြင်းကို အလိုမရှိသော လူ့သဘာဝကလည်း အကြောင်းတစ်ခု ဖြစ်ဟန်ရှိ၏။ “သုခဿ ပစ္စနီကာ၊ ဒုက္ခဿ အာသန္နာ” ဟူသော စကားအတိုင်း ၀ိပဿနာတရားအားထုတ်မှုမှာ ဆင်းရဲပင်ပန်းမှုနှင့် နီးကပ်၏၊ ချမ်းသာမှုနှင့်ကား အလွန်ဝေးလှ၏။ တစ်ဖန် သိထားရန်မှာ ၀ိပဿနာအားထုတ်မှုမှာ ဆင်းရဲပင်ပန်းမှုနှင့် နီးကပ်သည်ဟု ဆိုသော်လည်း “ဒုက္ခဿ အနန္တရံ သုခံ” ဟု ဟောထားသေးသည့်အတွက် အားတက်စရာဖြစ်ရပြန်၏။ အားထုတ်ဆဲအချိန် ဆင်းရဲပင်ပန်းခြင်းများ ဖြစ်ရသော်လည်း ဆင်းရဲဒုက္ခ၏အခြားမဲ့တွင် ချမ်းသာမှုကား အမှန်တကယ် တည်ရှိနေပါ၏။

ဤစာအုပ်ကို စာရေးသူ သီရိလင်္ကာမှာ ရှိစဉ်က ရေးခဲ့ခြင်းဖြစ်၏။ “အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ န ဘ၀တိ” မကြံစည်ဘဲနှင့်လည်း ဖြစ်တတ်၏။ ကြံစည်သော်လည်း မဖြစ်လာတတ် ဟူသော ဘုရားစကားတော်မှာ စာရေးသူအတွက် အတော်မှန်လှ၏။ စာရေးသူမှာ သီရိလင်္ကာနိုင်ငံကို စာသင်ရန်အတွက်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်ခွါလာခဲ့ခြင်း ဖြစ်၏။ ၀ိပဿနာတရားအားထုတ်ဖို့ စိတ်ကူးမျှပင် မထားရှိခဲ့။ သို့ရာတွင် ကြံစည်မထားသော အရာများဖြစ်ချင်တော့ ၂-လတာ တရားအားထုတ်ဖို့ရန် အကြောင်းဖန်လာခဲ့၏။

၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ဒေါက်တာဘွဲ့ရယူပြီး စာရေးသူစာသင်နေသော သီရိလင်္ကာနိုင်ငံသို့ ဘုန်းကြီးတစ်ပါး ကြွလာ၏။ ဒေါက်တာအရှင်ဇနိတ ဖြစ်ပါ၏။ တိုက်ဆိုင်ချင်တော့ ဘုန်းကြီး တည်းခိုမည့်နေရာမှာ စာရေးသူနေသော နေရာနှင့် တစ်ကျောင်းတည်းဖြစ်နေ၏။ သို့ဖြင့် စာရေးသူနှင့်ဘုန်းကြီးတို့မှာ အသိမိတ်ဆွေများ ဖြစ်ခဲ့ကြ၏။ ဘုန်းကြီးဦးဇနိတသည် နှစ်ရှည်လများ တရားအားထုတ်ခဲ့သူပီပီ အနေအထိုင်၊ အပြောအဆို၊ စိတ်နေသဘောထားများမှာ စာရေးသူအတွက် ခင်မင်စရာ၊ ကြည်ညိုစရာ ဖြစ်ခဲ့၏။ ဤသည်ပင်လျှင် စာရေးသူဘ၀မှာ မထင်မှတ်တာများဖြစ်ဖို့ အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူမှာ စွဲနေသော အယူအဆတစ်ခု ရှိသည်။ ထိုအရာမှာ “ဘယ်အရာကိုမှ လွယ်လွယ် လက်မခံချင်တာနဲ့ လက်ခံပြီးရင်လဲ လွယ်လွယ်နဲ့ဆုံးရှုံးသွားမှာ ကြောက်တတ်ခြင်း”ပင်ဖြစ်၏။ စာရေးသူသည် ငယ်ငယ်ကတည်းက စာစုံဖတ်ခဲ့၏။ အရှေ့တိုင်း၊ အနောက်တိုင်း အတွေးအခေါ်များကအစ အားကစားဂျာနယ်များအဆုံး အားလုံးကို ဖတ်ရှုလေ့ရှိပါသည်။ စာစုံသည့်အတွက် အတွေးကလည်း စုံလှသည်။ အတွေးအခေါ်အယူအဆနှင့်ပတ်သတ်၍ လက်တွေ့မကျလျှင် လက်မခံချင်တော့၊ လက်တွေပြလို့ မရလျှင် မယုံချင်တော့။ ဗုဒ္ဓစာပေနှင့်ပတ်သတ်၍လည်း ပိဋကတ်သုံးပုံကို အတော်များများ ဖတ်ရှုဖူးသော်လည်း လက်တွေ့ပြ၍မရသော ဟောကြားချက်များကို ဖတ်ရှုရသောအခါ စာရေးသူ၏ စိတ်တွင် ယုံသည်လည်း မဟုတ်၊ မယုံသည်လည်း မဟုတ်။ ခပ်ပေါ့ပေါ့ သဘောထားလိုက်သည်သာ များလေ၏။ အမှန်ကို ၀န်ခံရလျှင် မယုံသည့်ဘက်က ပိုများပါသည်။ နတ်ပြည်၊ ငရဲပြည်များအကြောင်း ပြောသံကြားလျှင် ကြိတ်ပြီး ရယ်ချင်နေတတ်ပါသည်။ (သို့သော် ဗုဒ္ဓတရားတော်များ၊ ဗုဒ္ဓအတွေးအခေါ်နှင့် လမ်းညွှန်မှုများ၏ သာလွန်မြင့်မြတ်မှုကိုတော့ အပြည့်အ၀ ယုံကြည်ရင်းစွဲရှိပါသည်။)

စာရေးသူ၏ ယုံကြည်မှု သဒ္ဓါတရားဆိုင်ရာများ ဤအခြေအနေဖြစ်နေချိန်တွင် ဘုန်းကြီးဦးဇနိတ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဘုန်းကြီး ဦးဇနိတကား သူရခဲ့သော သူ တွေ့ကြုံခဲ့ရသော တရားအတွေ့အကြုံများကို ပြောပြ၏။ မျှဝေ၏။ ဘုန်းကြီး အားထုတ်ခဲ့သော အတွေ့အကြုံများထဲမှာ ပဟေဠိအဖြစ်ဆုံးသော အချက်မှာ နတ်တွေနဲ့စကားပြောရတယ်ဟု ဆိုခြင်းပင် ဖြစ်၏။ ထွက်လေ၊ ၀င်လေ အာနာပါနလုပ်ရင်း နိမိတ်အလင်းတွေနှင့် တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီကို ဖူးခဲ့ရသည်ဟု ဆိုသည်။ ဗြဟ္မာ့ပြည်က ဒုဿစေတီကိုလည်း ဖူးခဲ့ရသည်ဟု ဆိုသည်။ စာရေးသူ စာတွေဖတ်နေသော်လည်း ဤအဆင့်မျှနှင့် ဤမျှလောက် အခြေအနေရောက်သည်ဟု မကြားဖူးခဲ့။ အမှန်အားဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်တက်ဖို့ရန်မှာ စာရေးသူ၏ စာပေအသိဉာဏ်အားဖြင့် အဘိဉာဏ်စသည် ရပြီးမှာ တက်နိုင်သည်။

အချင်းချင်းလည်း ပြောဖြစ်ကြသည်။ “ဘုန်းကြီး အားထုတ်ခဲ့တယ်ဆိုတာတော့ လက်ခံပါတယ်။ အဲဒီလောက်ကြီးအထိတော့ ဟုတ်ဖူးထင်ပါရဲ့။ ချဲ့ကားလွန်းနေပြီ ထင်ပါတယ်”။ အများအားဖြင့် ဤသို့သာ ကောက်ချက်ချခဲ့ကြသည်။ စာရေးသူကား “ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး”ဟူ၍သာ ကောက်ချက်ချမိသည်။ သို့ရာတွင် ဘုန်းကြီး ဦးဇနိတသည်ကား စာရေးသူကို မသိမသာ လှုပ်နှိုးနေသည်ဟု ခံစားနေမိသည်။

နောက်ပိုင်း ဘုန်းကြီးနှင့်စကားပြောဖြစ်ကြသည်။ ၀ိပဿနာတရားအားထုတ်ရာမှာ နည်းမျိုးစုံဖြင့် စမ်းသပ်အားထုတ်ခဲ့ကြောင်း၊ နောက်ဆုံး ကန္နီနည်းကျမှသာ ကျေနပ်သောအတိုင်းအတာ ရခဲ့ပုံများကို ပြောပြသည်။ စာရေးသူ ဤနည်းကို လေ့လာကြည့်တော့ ထူးဆန်းမှုများ ပါနေသည်။ စာပေပရိယတ်နယ်ပယ်တွင် အသိနည်းသော လုပ်ရိုးလုပ်စဉ်တွေ ပါနေသည်။ ဥပမာအားဖြင့် ရှေ့မှာ ဆိုခဲ့သကဲ့သို့ တရားထိုင်ရင်း ဘုရားစုံ ဖူးခိုင်းခြင်း၊ လူ့ပြည်ဘုရားများသာမက ဗြဟ္မာ့ပြည်က ဒုဿစေတီ၊ တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီ၊ နဂါးပြည်က စွယ်တော်တို့ပါ ပါဝင်နေ၏။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြားဖူး၊ “ဟုတ်မှ ဟုတ်ရဲ့လား”ဟူ၍ပင် သံသယ၀င်ခဲ့၏။

တစ်ဖန် အာနာပါနအားထုတ်ရာမှာ အလင်းနိမိတ်တွေကို အပို့အယူလုပ်သတဲ့။ အဆိုပါ အလင်းနိမိတ်တွေနဲ့ ခန္ဓာကိုယ်ကို ပါးဖောက်၊ နားဖောက်၊ လှီးစား၊ ဖြတ်စား…မျိုးစုံ လုပ်ရသတဲ့။ “ဘုရားဟောမှ ဟုတ်ပါလေစ”ဟူ၍ပင် အတွေးဝင်မိပါသည်။ တစ်ပြိုင်နက်တည်းမှာ ဖြစ်ပေါ်လာတဲ့ခံစားမှုက လက်တွေ့အားထုတ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါ၏။ စာဖတ်သူတို့အနေဖြင့်လည်း ဤမျှနှင့်ပင် အားထုတ်ချင်စိတ်များ တဖွားဖွား ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါ၏။

တစ်ဖန် သုဇနပါရဂူကျမ်းကို ဖတ်ရှုရသောအခါ စာအုပ်နိဒါန်းတွင် စာရေးသူကို အားတက်စေသော အချက်များကို အမှတ်မထင်တွေ့ရသည်။ ထိုအချက်များအနက်မှ ပို၍အားတက်စေသောအချက်မှာ စာရေးသူတို့ ပရိယတ်နယ်ပယ်တွင် ထင်ရှားကျော်ကြားသော မန္တလေး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး-ဆရာတော် ဦးကြည်၊ ဘုရားကြီးတိုက်ဆရာတော် ဦးခန္တီ၊ ဆရာတော်ဦးဉေယျ၊ ညောင်ကန်တိုက် ဆရာတော်ဘုရားကြီး၊ ပခုက္ကူမဟာဝိသုတာရာမတိုက် ပဌမနာယကဆရာတော်ဘုရားကြီး ဦးပညာ၊ မေဃ၀န်တိုက် ရွှေလောင်းဆရာတော်- ဆရာတော်ဦးစန္ဒ၊ ဤဆရာတော်ဘုရားများက ကမ္မဋ္ဌာန်းတရားကို နှစ်နှစ်သက်သက်လိုလား၍ အားထုတ်ချင်လျှင် အခြေခံကောင်းကောင်းနှင့် အစအဆုံးတိုင်အောင် နည်းနိဿယပေးတတ်ပြတတ်သော ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားထံ သွားရောက်၍ အားထုတ်ကြဟု အမိန့်ရှိကြကြောင်း တွေ့ရခြင်းပင် ဖြစ်ပါ၏။ အထက်တွင် ဖော်ပြခဲ့သောဆရာတော်ကြီးများမှာ ပရိယတ်နယ်တွင် ယနေ့အချိန်အထိ ထင်ရှားစွာ ပါဝင်နေရသော ဆရာတော်ကြီးများ ဖြစ်၏။

ဤနည်း အဘယ်က ဆင်းသက်သနည်းဟု ဆိုလျှင် အခြားမဟုတ်၊ မဟာသတိပဋ္ဌာနသုတ်နှင့် အဋ္ဌကထာ၊ ဋီကာများက လာသည်ဟု ဆိုရပါမည်။ အထူးသဖြင့် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာလာ နည်းများပင် ဖြစ်၏။ အချို့က လက်တွေ့အားဖြင့် အားထုတ်မှုမရှိသော်လည်း ပါဠိတော်များမှလာသော ဘုရားဟောမဟုတ်လျှင် လက်မခံလိုကြ၊ သို့ရာတွင် တကယ်အားထုတ်လျှင် တကယ်အကျိုးကျေးဇူးကြီးမားမည်ကား သေချာပြောနိုင်ပါသည်။

အချို့မှာ စာပေကိုချည်း လေ့လာအားထုတ်၏။ ထိုစာပေအသိဖြင့် လိုက်လံအကဲဖြတ်၏။ ဝေဖန်၏။ ပရိယတ္တိပေတံဖြင့် တိုင်းတာခြင်းသည် အပြစ်မဟုတ်ပါ၊ သို့သော် မိမိကိုယ်တိုင် လက်တွေ့အားမထုတ်ဖူးဘဲ ဝေဖန်တိုင်းထွာလျှင်ကား ကိုယ့်ငရဲကိုယ်ရှာသည်နှင့် တူရှာပေလိမ့်မည်။ သတိထားသင့်ပါ၏။

သတိမြဲအောင် အားထုတ်ခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း တစ်ကြောင်းတည်းသော လမ်းဖြစ်၏။ သတိတွင် သမ္မာသတိဖြစ်ဖို့သာ ပဓာနကျ၏။ မိစ္ဆာသတိမဖြစ်ဖို့သာ အရေးကြီး၏။ သမ္မာသမာဓိဖြစ်လျှင် စိတ်တည်ကြည်မှု သမာဓိရနိုင်၏။ “သမာဓိတော ယထာဘူတံ ပဇာနာတိ”ဟု ဟောတော်မူသည့်အတိုင်း တည်ကြည်မှုသမာဓိရလျှင် ဟုတ်မှန်သည့်အတိုင်း သိမြင်နိုင်၏။ ဉာဏ်အမြင် ရနိုင်၏။ သမာဓိတွင် သမ္မာသမာဓိဖြစ်ဖို့သာ ပဓာနကျ၏။ မိစ္ဆာသမာဓိမဖြစ်ဖို့သာ အရေးကြီး၏။

ကန္နီနည်းက အားထုတ်သူကို အချိန်တိုအတွင်း သတိမြဲအောင်၊ သမာဓိတည်အောင် နည်းမျိုးစုံသုံး၍ လေ့ကျင့်အားထုတ်ခိုင်းသည်။ ကမ္မဋ္ဌာန်းဆရာ ညွှန်ပြသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် အလွန်မြန်သော အချိန်အတောအတွင်းမှာ အတော်ခိုင်မာသော သမာဓိကို ရနိုင်ပေလိမ့်မည်။ သမာဓိအားကောင်းသည့်အလျောက် မိမိကလည်း ဆန္ဒရှိလျှင် လူ့ပြည်၊ နတ်ပြည်ဘုရားများကို ဖူးနိုင်စွမ်း ရှိနိုင်ပေလိမ့်မည်။

ဝိပဿနာ မည်ကဲ့သို့ ရှုရမလဲ။ ရှုနည်းကို ရေးပြပြောပြပါဆိုလျှင် အလွန်လွယ်ပါသည်။ အမှန်တကယ် အားထုတ်ဖို့နှင့် ပြည့်ပြည့်စုံစုံ နားလည်ထားဖို့ဆိုလျှင်ကား မလွယ်ကူ၊ အလွန်ခက်လှသည်။ လောကကြီးတွင် အပြောလွယ်သလောက် အလုပ်ခက်သည့်အရာများ ရှိသည်။ ထိုအရာများထဲတွင် ၀ိပဿနာအလုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါ၏။

ကမ္ဘာ့မည်သည့်နိုင်ငံနှင့်ယှဉ်ယှဉ် မြန်မာနိုင်ငံ၏ ၀ိပဿနာအားထုတ်မှုအဆင့်အတန်းမှာ အထက်တန်းမှာ ရှိနေသည်မှာ မည်သူမျှ ငြင်းမရ၊ ထင်ရှားလှသည်။ သီရိလင်္ကာနိုင်ငံသားများသည် ပညာရေးစနစ် ကောင်းမွန်မှုကြောင့် ဗုဒ္ဓမြတ်စွာသာသနာကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်ကြ၏။ ဗုဒ္ဓမြတ်စွာသာသနာကို ကြည်ညိုမှု၊ ရိုသေကိုင်းရှိုင်းမှုအပိုင်းတွင် မည်သည့်နိုင်ငံသားကမျှ သီရိလင်္ကာနိုင်ငံသားများကို လိုက်မီလိမ့်မည် မဟုတ်။ ကိုယ်ကျင့်တရားနှင့်ယဉ်ကျေးမှုကို ဗုဒ္ဓတရားတော်နှင့်အညီ တည်ဆောက်ထားကြ၏။ ဗုဒ္ဓတရားတော်နှင့်အညီ လှပအေးချမ်းသော နိုင်ငံလေးဖြစ်သည်ဟု ယူဆမိ၏။ ဗုဒ္ဓဘာသာကို သိမြင်နားလည်မှုအပိုင်းတွင် (စာရေးသူ၏ သတ်မှတ်ချက် စံအရ) သီရိလင်္ကာနိုင်ငံက အခြားနိုင်ငံများ အားလုံးထက် သာလွန်နေသော်လည်း ၀မ်းနည်းစရာကောင်းသည်မှာ ဤနိုင်ငံ၌ ၀ိပဿနာတရားအားထုတ်သူ အလွန်းနည်းပါးနေခြင်းပင် ဖြစ်ပါ၏။ ဤအချက်ကို သီရိလင်္ကာနိုင်ငံ အကြီးအကဲများကလည်း သဘောပေါက်လာကြဟန်ရှိပါ၏။

စာရေးသူတို့ စိတ္တလပဗ္ဗတမှာ တရားအားထုတ်ကြစဉ်အတွင်း တရားအတွေ့အကြုံများကို ဥပါသကာကြီး ဆမာရသင်္ဂနှင့် ပြောဖြစ်ကြ၏။ အချိန်တိုအတွင်း တရားအဆင့်များ တိုးတက်နေပုံကို တွေ့ရသောအခါ သူ့အနေဖြင့် အတော်စိတ်ဝင်စားမိသည်ဟု ဆိုသည်။ တစ်ဆက်တည်းမှာပင် စာရေးသူတို့ အားထုတ်နေသော ကန္နီနည်းစနစ်မှာ သီရိလင်္ကာနိုင်ငံ၏ မြေထူးမြေမြတ် ဤစိတ္တလပဗ္ဗတမှာ အစပျိုးခဲ့သည်ဟု ပြောပြလိုက်သောအခါ သူ့စိတ်ဝင်စားမှုမှာ အတိုင်းထက်အလွန်ဖြစ်ခဲ့ရ၏။

သူသည် ၀ိပဿနာတရားအားထုတ်မှုကို အလွန်စိတ်ဝင်စားသူဖြစ်၏။ သူ့အမိနိုင်ငံ၏ အားနည်းနေသော ၀ိပဿနာတရားအားထုတ်မှုပိုင်းကို မြှင့်တင်လိုသူဖြစ်၏။ နောက်ပိုင်း စိသုပါဥ၀ရာဇမဟာဝိဟာရဆရာတော်နှင့် စာရေးသူတို့၏ ကမ္မဋ္ဌာန်းနည်းပြဆရာတော် ဘုန်းကြီးဦးဇနိတတို့ ကန္နီနည်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောဆိုဖြစ်ကြ၏။ ဆွေးနွေးပြောဆိုမှုတို့၏ ရလာဒ်အနေဖြင့် သူတို့က ဘုန်းကြီးဦးဇနိတကို ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်ပြုစု ပေးပါရန် တိုက်တွန်းကြ၏။ ဘုန်းကြီးဦးဇနိတကလည်း စာအုပ်ပြုစုရန် ၀န်ခံကတိပေးခဲ့ရသည်။ ဥပါသကာကြီးကလည်း မထွက်ပေါ်လာသေးသော ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်ကို သူ့မိခင်ဘာသာစကားဖြင့် ဘာသာပြန်ရန် စိတ်ကူးယဉ်လျှက်ရှိ၏။

စာရေးသားရာ၌ ၀ါသနာထုံသည်ကတစ်ကြောင်း၊ အစကတည်းက ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ်ရေးသားခြင်းဖြင့် ကျေးဇူးတုန့်ဆပ်လိုသောစိတ်ဖြစ်နေသည်ကတစ်ကြောင်းကြောင့် ဘုန်းကြီး ဦးဇနိတက စာရေးသူအား ဤစာအုပ်ကို ရေးသားရန် တာဝန်ပေးခဲ့၏။ စာရေးသူကလည်း ၀မ်းမြောက်ဝမ်းသာဖြင့် “မိမိတတ်နိုင်သရွေ့ ကြိုးစား၍ ကျေးဇူးတုံ့ဆပ်သောအားဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း” ၀န်ခံကတိပေးခဲ့ပါသည်။ ဤသို့ဖြင့် ဘုန်းကြီးဦးဇနိတနှင့် အားထုတ်ဖော် နောင်တော်ကြီးများ၏ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်လေး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

အရှင်ကုသလသာမိ (ပျော်ဘွယ်)

Views: 127

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
20 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service