ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

လူတိုင်းအတွက်ပဋ္ဌာန်း(ကြိုက်ရာရွေးလမ်းနှစ်သွယ်)-၁

လူတိုင်းအတွက်ပဋ္ဌာန်း= မဂ္ဂပစ္စည်း

ကြိုက်ရာရွေး လမ်းနှစ်သွယ်(၁)

“မဂ္ဂ”ဆိုတဲ့ပါဠိစကားကို တိုက်ရိုက်မြန်မာပြန်မယ်ဆိုရင် “လမ်းခရီး”လို့ အဓိပ္ပာယ်ရပါတယ်၊ “မဂ္ဂစ္စည်း”ဆိုတာလဲ ခရီးလမ်း ကြောင်း အဖြစ် နဲ့ ကျေးဇူးပြုပေးတတ်တဲ့ အကြောင်းတရားပဲ ဖြစ်ပါ တယ်။

ပကတိလူတို့ သွားလာရာလမ်းခရီးများဟာ အတက်လမ်း၊ အဆင်းလမ်း၊ ကောင်းရာသွားတဲ့လမ်း၊ မကောင်းရာသွားတဲ့လမ်း ဆိုတာတွေရှိသလို တရားလမ်းကြောင်းဖြစ်တဲ့ “မဂ္ဂ”မှာလဲ အထက် သုဂတိဘုံကို ရောက်စေတဲ့ အတက်လမ်း၊ အောက်ဖြစ်တဲ့ အပါယ် လေးဘုံတို့ကို ရောက်စေတဲ့ အဆင်းလမ်းဆိုတာရှိပါတယ်။

 

ခြားနားတာကတော့ ပကတိလမ်းတွေမှာ ကုန်းကြောင်း လမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းဆိုပြီး သုံးမျိုး သုံးစား ရှိပေမယ့် မဂ္ဂလမ်းမှာတော့ အဲဒီလိုသုံးမျိုးသုံးစား ခွဲခြားပြတာ တိုက်ရိုက်အားဖြင့် မတွေ့ရပါဘူး။ သံသရာခရီးဆိုတာ ဗုဒ္ဓဘာသာ ၀င်တို့ ကြားဖူးနားဝ ရှိထားပြီးဖြစ်တဲ့ အတိုင်း စိတ်ချလက်ချ တည်ငြိမ် ခိုင်မာတဲ့ ထောက်ရာ တည်ရာရယ်လို့ မရနိုင်တဲ့အတွက် သမုဒ္ဒရာ ရေအလျဉ်နဲ့ တူတယ်လို့ မြတ်ဗုဒ္ဓ ကိုယ်တိုင်က ခိုင်းနှိုင်း သတ်မှတ်ထား ပါတယ်။ ဒါကြောင့် သံသရာခရီးသွားတို့ရဲ့ ဓမ္မလမ်းကြောင်းကိုလဲ “ရေလမ်းကြောင်း”အဖြစ်နဲ့သာ တင်စား သုံးနှုန်းပါတယ်။


ရေကြောင်းလမ်းမှာ အစုန်လမ်း၊ အဆန်လမ်းရယ်လို့ရှိသလို သံသရာခရီးသည်တို့ရဲ့ ဓမ္မလမ်းမှာလဲ အသိမှား အမြင်မှား ဦးဆောင်တဲ့ ရေစုန်လမ်းနဲ့ အသိမှန်အမြင်မှန်ဦးဆောင်တဲ့ ရေဆန် လမ်းရယ်လို့  နှစ်မျိုးခွဲ ပြောလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလဲ သမ္မာဒိဋ္ဌိဦးဆောင်တဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို “ပဋိ သောတဂါမိံ = ရေဆန်လမ်း”လို့ သုံးနှုန်းပါတယ်။


ဓမ္မလမ်းကြောင်းဟာ ရေကြောင်းလမ်းသာဖြစ်လို့ ဒီလမ်းမှာ သွားလာအသုံးပြုတဲ့ အင်္ဂါရပ် အစိတ် အပိုင်း(မဂ္ဂင်)တွေကိုလဲ ရေလမ်း သုံး ယာဉ်များဖြစ်တဲ့ လှေ,ဖောင်,သင်္ဘောတို့နဲ့ တင်စား ပြောဆို လေ့ရှိတာကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝရှိကြပြီးသားပါ။ ““ရွှေဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်နှင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည်”” စတဲ့ ဘုရားရှင် ဂုဏ်တော်ပြ လင်္ကာမှာ ပါသလိုမျိုးပေါ့။


အဋ္ဌကထာဆရာကလဲ မဂ္ဂပစ္စည်းကို ကူးတို့ သင်္ဘောနဲ့ပဲ ခိုင်းနှိုင်းဖွင့်ဆိုပါတယ်။ ဒါကြောင့် နိဿယပြန်တဲ့ ဆရာတော် ဘုရားကြီးကလဲ -

“မဂ္ဂပစ္စယော= ထိုဤမှာသို့၊ ဆောင်ယူပို့သည့်၊ ကူးတို့ မသွေ၊ သဟေတုကတ်၊ သဟဇာတ်အား၊ ဆယ့်သုံး ပါးတွင်၊ ဖြူစင်မည်းညစ်၊ ဤအဖြစ်မှ၊ ပြစ်လှစ်ဆူလှယ်၊ ထုတ်ဆယ် ဆောင်ယူ၊ ထွက်မြောက်ကြောင်းဟူသော မဂ္ဂသတ်္တိ ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟိတ်မှာယှဉ် မဂ္ဂင်ဆယ့် နှစ်ပါး ပစ္စည်းတရား၎င်း” လို့ ပြန်ဆိုပါ တယ်။


ဗုဒ္ဓဘာသာဝင် အများစုတို့အနေနဲ့ “မဂ္ဂင်”လို့ ဆိုလိုက်ရင် နိဗ္ဗာန်ရောက်ကြောင်းကောင်းတဲ့လမ်း အဖြစ်နဲ့သာ အသိများကြပြီး အရေအတွက် အားဖြင့်လဲ “မဂ္ဂင်ရှစ်ပါး”လို့သာ အသိများကြပါတယ်။ အမှန်ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ကောင်းတဲ့လမ်း၊ မကောင်း တဲ့လမ်း စသည်ဖြင့် နှစ်မျိုး ကွဲပြားတဲ့အတွက် မဂ္ဂင်တွေမှာလဲ ကောင်း ရာရောက်အောင် ပို့ဆောင်ပေးတဲ့ ကုသိုလ်မဂ္ဂင်ဆိုတာရှိသလို မကောင်းရာရောက်အောင် ပို့ဆောင်ပေးတဲ့ အကုသိုလ် မဂ္ဂင် ဆိုတာလဲ ရှိပါတယ်။ ကုသိုလ် မဂ္ဂင်တွေကို သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်၊ အသိမှန်၊ အယူမှန်(ပညာ) တရားက ဦးဆောင်တဲ့အတွက် သမ္မာမဂ္ဂလို့ ပဓာနနည်းနဲ့ ခေါ်နိုင်ပါတယ်။ အကုသိုလ်မဂ္ဂင်တွေ ကတော့ အမြင်မှား၊ အသိမှား၊ အယူအဆမှားဆိုတဲ့ မိစ္ဆာဒိဋ္ဌိ(ဒိဋ္ဌိ)က ဦးဆောင် တဲ့အတွက် မိစ္ဆာမဂ္ဂလို့ ခေါ်ရမှာပေါ့။


သမ္မာလမ်းမှာ ပါဝင်တဲ့ ကုသိုလ်မဂ္ဂင်တွေကတော့ -

(၁) သမ္မာဒိဋ္ဌိ = ကောင်းမွန်မှန်ကန်တဲ့အသိအမြင် အယူအဆ၊

(၂) သမ္မာသင်္ကပ္ပ = ကောင်းမွန်မှန်ကန်တဲ့ အတွေးအကြံ၊

(၃) သမ္မာဝါစာ = ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို၊

(၄) သမ္မာကမ္မန္တ = ကောင်းမွန်မှန်ကန်တဲ့ အလုပ်၊

(၅) သမ္မာအာဇီဝ = ကောင်းမွန်မှန်ကန်တဲ့  အသက်မွေးဝမ်းကျောင်းမှု (စီးပွားရှာမှု)၊

(၆) သမ္မာဝါယာမ = ကောင်းမွန်မှန်ကန်တဲ့ အားထုတ်မှု၊

(၇) သမ္မာသတိ = ကောင်းမွန်မှန်ကန်တဲ့ သတိ၊

(၈) သမ္မာသမာဓိ = ကောင်းမွန်မှန်ကန်တဲ့  တည်ကြည်မှု ဆိုတဲ့ မဂ္ဂင်ရှစ်ပါးဖြစ်ပါတယ်။

ဒါက ဗုဒ္ဓဘာသာဝင်တိုင်း သိထားတဲ့ မဂ္ဂင်ရှစ်ပါးပါပဲ။

မိစ္ဆာလမ်းမှာ ပါဝင်တဲ့ အကုသိုလ်မဂ္ဂင်တွေက -

(၁) မိစ္ဆာဒိဋ္ဌိ = မှားယွင်းတဲ့ အသိအမြင် အယူအဆ၊

(၂) မိစ္ဆာသင်္ကပ္ပ = မှားယွင်းတဲ့ အတွေးအကြံ၊

(၃) မိစ္ဆာဝါယာမ = မှားယွင်းတဲ့ အားထုတ်မှု၊

(၄) မိစ္ဆာသမာဓိ = မှားယွင်းတဲ့ တည်ငြိမ်မှုတို့ပဲ ဖြစ်ပါ တယ်။


ကုသိုလ်မဂ္ဂင်(၈)ပါး၊ အကုသိုလ်မဂ္ဂင်(၄) ပေါင်း မဂ္ဂင် (၁၂) ပါး ရှိပါတယ်။ လမ်းနှစ်မျိုးလုံးမှာပါနေတဲ့ သင်္ကပ္ပ၊ ၀ါယာမ၊ သမာဓိတို့ကို တစ်ပေါင်း တည်းပြုပြီးပြောမယ်ဆိုရင်တော့ မဂ္ဂင်(၉) ပါးရှိပါတယ်။  သမ္မာမဂ္ဂင်တွေနဲ့ သွားတဲ့လမ်းကို အတက်လမ်း၊ သုဂတိနိဗ္ဗာန်လမ်း၊ အဆန်လမ်းလို့ ခေါ်ဆို သတ်မှတ် ပါတယ်၊ မိစ္ဆာ မဂ္ဂင်တွေနဲ့ သွားတဲ့ လမ်းကိုတော့ အဆင်းလမ်း၊ ဒုဂ္ဂတိအပါယ်လမ်း၊ အစုန်လမ်းလို့ ခေါ်ဆိုသတ်မှတ်ပါတယ်။ နိဿယပြန်တဲ့ ဆရာတော် ကတော့ သမ္မာမဂ္ဂင်တွေက ကောင်းမွန် မှန်ကန်မြင်မြတ်ပြီး အပြစ် ကင်းတဲ့အတွက် ဖြူစင်တဲ့လမ်း၊ မိစ္ဆာမဂ္ဂင်တွေက ဆိုးညစ် ယုတ်မာပြီး အပြစ်ချေးညှော်တွေ ထူပြောတဲ့အတွက် အမည်းလမ်းလို့ သတ်မှတ်ခေါ်ဆိုပါတယ်။


ပုထုဇဉ်တို့ရဲ့ သံသရာခရီးလမ်းဆိုတာကတော့ တိကျတဲ့ ဦးတည်ချက်ရယ်လို့ အခိုင်အမာမရှိကြတဲ့အတွက် ဖြူစင်တဲ့ လမ်းနဲ့ မည်းညစ်တဲ့လမ်းတို့မှာ တက်ချည် ဆင်းချည်း၊ ကူးချည် သန်းချည်၊ စုန်ချည် ဆန်ချည် သွားလာနေကြ ရတာပါ။ ဒါကြောင့်လဲ နိဿယ ပြန်တဲ့ ဆရာတော်က “ဖြူစင်မည်းညစ်၊ ဤအဖြစ်မှ၊ ပြန်လစ် ဆူလှယ်” လို့ ဆိုလိုက် တာပါ။


ဒီလမ်းနှစ်သွယ်ကို အသေအချာသတိထား လေ့လာကြည့်မယ်ဆိုရင် ကောင်းမွန်မှန်ကန်ပြီး သုဂတိဘုံဘ၀က စလို့ နိဗ္ဗာန်အထိ ဆိုက်ရောက်စေတဲ့ သမ္မမဂ္ဂကို သမ္မာဒိဋ္ဌိဆိုတဲ့ ကောင်းမွန်မှန်ကန်တဲ့ အတွေးအမြင် အယူအဆက ဦးဆောင်တယ်၊ ဆိုးဝါးမှားယွင်းခဲ့ပြီး အပါယ်ဒုဂ္ဂတိကို ဆိုက်ရောက်စေ တဲ့ မိစ္ဆာမဂ္ဂကို မိစ္ဆာဒိဋ္ဌိဆိုတဲ့ မှား ယွင်းယုတ်ညံ့တဲ့ အတွေးအမြင်အယူအဆက ဦးဆောင်နေတာကို သတိပြုမိကြပါလိမ့်မယ်။


(ဒီနေရာမှာ အဘိဓမ္မာသုံးဝေါဟာရ ခေါ်ဆိုသတ်မှတ်ပုံကို နည်းနည်းလေး ကြားညှပ်ပြောချင်ပါတယ်။ အများနားလည် အသုံး ပြုနေတဲ့ “အမြင် အယူအဆ”ဆိုတဲ့ မြန်မာစကားကို အဘိဓမ္မာ ဝေါဟာရအားဖြင့် “ဒိဋ္ဌိ”လို့ ခေါ်ပါတယ်။ ကောင်းတဲ့ အမြင် ကောင်းတဲ့အယူအဆပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အမြင် မကောင်းတဲ့ အယူအဆပဲဖြစ်ဖြစ် “ဒိဋ္ဌိ”ချည်းပါပဲ။ ဒီနှစ်မျိုးကို ကွဲပြားဖို့အတွက် ရှေ့မှာ သမ္မာ(ကောင်းမွန်မှန်ကန်)ဆိုတဲ့ ၀ိသေသနပုဒ်နဲ့ မိစ္ဆာ (ဆိုးဝါး မှားယွင်း) ဆိုတဲ့ ၀ိသေသနပုဒ်များနဲ့ တွဲသုံးရပါတယ်။

 

ဒါပေမယ့် ဒီနေ့ဗုဒ္ဓဘာသာဝင်များအနေနဲ့တော့ ကောင်းမွန် မှန်ကန်တဲ့ အမြင်အယူ အဆကို “သမ္မာဒိဋ္ဌိ”လို့ ခေါ်ဆိုသုံးစွဲပြီး ဆိုးဝါးမှားယွင်းတဲ့ အမြင်နဲ့ အယူအဆကိုတော့ ဘာဝိသေသနမှ မတွဲပဲ “ဒိဋ္ဌိ”လို့သာ အသုံးများနေကြပါတယ်။ ဒါကို ကြားညှပ်ပြီး ရှင်းပြနေရတာကတော့ ပိဋကတ်တော်များမှာ “ဒိဋ္ဌိ”ဆိုတဲ့ ပါဠိစကားကို အချို့နေရာများမှာ “အသိဉာဏ်၊ပညာ” ဆိုတဲ့ အဓိပ္ပာယ်မျိုး နဲ့သုံးထားတာ တွေ့တတ်လို့ပါ။ ကိုယ်က ဒိဋ္ဌိဆိုတာ “အယူမှား၊ အမြင်မှားကြီး”လို့သာ နားလည်ထားတဲ့အတွက် ဇဝေဇ၀ါဖြစ်သွားတတ်ပါတယ်၊ (မိမိ ကိုယ်တိုင် စာသင်ခါစက ကြုံတွေ့ရဖူး လို့ပါ)၊ “ဒိဋ္ဌိ”ဆိုတာ အမှန်မြင် အမှားမြင် နှစ်ခုလုံးနဲ့ဆိုင်တဲ့ “အမြင်”ဖြစ်တယ်ဆိုတာ သဘောပေါက်လာတော့မှ ဒီသံသယကင်း သွားပါတယ်။)


မိမိခံယူထားတဲ့ “အမြင် အယူအဆ”အတိုင်း ကျင့်ကြံအား ထုတ်နေခြင်းဟာ ဖြူစင်ရာကနေ မည်းညစ်ရာကို ရောက်အောင်၊ မည်းညစ်ရာ ကနေ ဖြူစင်ရာရောက်အောင် ထုတ်ဆောင်ပြီး ထွက်ခွါသွားနေကြတာပဲဖြစ်လို့ “ဖြူစင်မည်းညစ်၊ ဤအဖြစ်မှ၊ ပြန်လစ်ဆူလှယ်၊ ထုတ်ဆယ်ဆောင်ယူ၊ ထွက်မြောက်ကြောင်း ဟူသော မဂ္ဂသတ်္တိထူးဖြင့်”လို့ နိဿယပြန်လိုက်တာပါ။


လမ်းစဉ်တစ်ခုအတိုင်း လိုက်နာကျင့်သုံးတယ်ဆိုတာ ပထမ ဆုံး အတွေးအမြင် အယူအဆတစ်ခုကို လက်ခံလိုက်တယ် (ဒိဋ္ဌိ)။ ပြီးတော့ ဒီအမြင် အယူအဆကို ပုံဖော်နိုင်ဖို့အတွက် ကြံစည်စဉ်းစား တယ်(သင်္ကပ္ပ)။ ပြီးတော့ ကံသုံးမျိုးနဲ့ ပုံဖော် ဆောင်ရွက်တယ် (၀ါယာမ)။ပြီးတော့ ဒီလမ်းစဉ် အပေါ်မှာ စိတ်ကို စူးစိုက်ချထား တယ်(သမာဓိ) ဆိုပြီး အကြမ်းဖျဉ်းတော့ လိုက်နာမှုအဆင့်လေးဆင့် ရှိပါတယ်။ ဘယ်လိုအဖြေမှန်နဲ့ ဘယ်လိုကောင်း ကျိုးမှ မဖြစ်ထွန်းတဲ့ မိစ္ဆာမဂ္ဂမှာ ဒီအဆင့်လေးဆင့်သာ ဆောင်ရွက်စရာရှိတဲ့အတွက် ဒီမဂ္ဂင်လေးမျိုးပဲရှိပါတယ်။


အဖြေမှန်ထွက်ပြီး ကောင်းကျိုးအဆက်ဆက်ဖြစ်စေ တတ်တဲ့ သမ်္မာမဂ်္ဂ ခေါ် နိဗ္ဗာန်ဆီ ဦးတည်တဲ့ လမ်းစဉ်ဆိုတာကတော့ သဗ္ဗညု ဘုရားရှင်တို့သာ ဖော်ထုတ်တွေ့ရှိတဲ့ လမ်းစဉ်ဖြစ်ပါတယ်၊ ဒီလမ်းစဉ်မှာတော့ မိစ္ဆာမဂ္ဂထက်ပိုပြီး စနစ်ကျတဲ့ အသေးစိပ် ဆောင်ရွက်လေ့ကျင့်စရာတွေ ပါဝင်နေတဲ့ အတွက် မဂ္ဂင်တရားပေါင်း ရှစ်ပါးအထိ ပါဝင်တာကို ဘုရားရှင်ကိုယ်တော်တိုင် တွေ့မြင်ကျင့်သုံးခဲ့ပြီး တပည့်တို့ကိုလဲ ဟောကြားတော် မူခဲ့ပါတယ်။


ဒီသမ္မာမဂ္ဂင်ရှစ်ပါးမှာ ကျင့်သုံးမှု(သိက္ခာ)ပိုင်းအနေနဲ့ သုံးပိုင်း သုံးအုပ်စုကွဲပြားပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ အသိအမြင် (သမ္မာဒိဋ္ဌိ)နဲ့ ကောင်းမွန် မှန်ကန်တဲ့ တွေးတောကြံစည်မှု (သမ္မာ သင်္ကပ္ပ)တို့က သိမြင်မှုနဲ့ ပတ်သက်တဲ့ ကျင့်စဉ်များဖြစ်လို့ ပညာ သိက္ခာမဂ္ဂင် (၂)ပါးလို့ ခေါ်ပါတယ်။


ကောင်းမွန်မှန်ကန်တဲ့ ပြောဆိုမှု(သမ္မာဝါစာ)၊ ကောင်းမွန် မှန်ကန်တဲ့ လုပ်ဆောင်မှု(သမ္မာကမ္မန္တ)၊ ကောင်းမွန်မှန်ကန်တဲ့ စီပွားရှာဖွေ အသက်မွေး ၀မ်းကျောင်းမှု (သမ္မာအာဇီဝ)တို့ကတော့ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ ကျင့်စဉ်များဖြစ်လို့ သီလသိက်္ခာ မဂ္ဂင်(၃)လို့ ခေါ်ပါတယ်။


ကောင်းမွန်မှန်ကန်တဲ့ ပြောဆိုမှု(သမ္မာဝါယာမ)၊ ကောင်းမွန် မှန်ကန်တဲ့ သတိထားမှု(သမ္မာသတိ)၊ ကောင်းမွန်မှန်ကန်တဲ့ တည်ကြည်မှု (သမ္မာသမာဓိ) တို့ကတော့ စိတ်ဓာတ်တည်ငြိမ် ခိုင်မာရေးဆိုင်ရာ ကျင့်စဉ်များ ဖြစ်လို့ သမာဓိသိက္ခာမဂ္ဂင်(၃)ပါးလို့ ခေါ်ပါ တယ်။


မဂ္ဂင်ရှစ်ပါးကို အခုဟောထားတဲ့ အစဉ်အတိုင်း ကြည့်မယ်ဆိုရင် ပညာသိက္ခာ၊ သီလသိက္ခာ၊ သမာဓိသိက္ခာဆိုပြီး အစဉ်အတိုင်း ဖြစ်နေပါတယ်။ ဒါက ဟောတော်မူတဲ့ ဒေသနာအစဉ် (ဒေသနာက္ကမ) ဖြစ်ပါတယ်။ သာဝကတို့ ကျင့်သုံးရမည့် အစီအစဉ် (ပဋိပတ်္တိက္ကမ) အရဆိုရင်တော့ သီလသိက္ခာ က စပြီးကျင့်ရမှာပါ။


“သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော = သီလကို အခြေခံပြီး ပွားများတဲ့ သမာဓိ သိက္ခာ သာလျှင် အကျိုးအာနိသင် စွမ်းရည်ထက်မြက်တယ်”


“သမာဓိ ပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာ နိသံသာ = သမာဓိကို အခြေခံပြီး ပွားများတဲ့ ပညာသိက္ခာသာလျှင် အကျိုးအာနိသင် စွမ်းရည်ထက်မြက်တယ်” ဆိုတဲ့ ညွှန်ပြချက် အတိုင်းပေါ့။


ကျင့်စဉ်အရ သီလမဂ်္ဂင်ကစပြီး ကျင့်ရမှာဖြစ်ပါလျက် ဟောစဉ်မှာ ဘာကြောင့် ပညာမဂ္ဂင်ကစပြီး ဟောတော်မူရတာလဲ။ ဒါလဲ တွေးမယ် ဆို တွေးစရာ၊ မေးမယ်ဆို မေးစရာပါ။


ဒါနဲ့ပတ်သက်လို့ ဒဿနပညာရှင်များ အဓိပ္ပာယ်ကောက် ယူရှင်းပြတာကတော့ ပြီးပြည့်စုံတဲ့ အသိပညာ တစ်ခုရရှိ ရေးမှာ အင်္ဂလိပ်အက္ခရာနဲ့ ဆိုရင် (L) သဘောမျိုး၊ မြန်မာ အက္ခရာနဲ့ ဆိုရင်တော့ (လ) ဆိုတဲ့ အက်္ခရာသဘောမျိုးရှိတယ် လို့ဆိုပါတယ်။ ဒီအက္ခရာတွေကို ရေးသားတဲ့အခါ ပထမဆုံးအောက်ခြေကနေ အထက်ကိုတက်သွားတယ်၊ ပြီးတော့ အောက်ခြေထိ ပြန်ဆင်းတယ်၊ ပြီးတော့မှ အထက်ကို ပြန်တက်ပြီး အဆုံးသတ် ထားတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။


သိက္ခာသုံးပါးကို ကျင့်သုံးရာမှာလဲ ဒီသဘောမျိုးနဲ့ အလား တူပါတယ်။ ပထမဆုံး ပညာသိက္ခာကို အောက်ခြေက စပြီး သင်ယူသိ (ပရိယတ်္တိ)အဖြစ်နဲ့ အထက်ကို (နားလည်သဘော ပေါက်သည့် တိုင်အောင်) လေ့လာသင်ယူရပါတယ်။ ပြီးတော့မှ လက်တွေ့ကျင့် သုံးမှု (ပဋိပတ်္တိ)အလုပ် ကို အောက်ခြေ ကပဲ ပြန်စပြီး ကျင့်သုံးရ တယ်။ နောက်ဆုံးတော့ အသိဉာဏ်အဆင့်ဆင့် တိုးတက် လာတဲ့ အခါ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ အထွတ် အထိပ် ပဋိဝေဓ အဆင့်ကို တက်ရောက်သွားတာပါ။ သီလသိက္ခာရဲ့ ရှေ့မှာလဲ ပညာသိက္ခာက ပရိယတ်္တိပညာအနေနဲ့ ရှိရမှာဖြစ်သလို အဆုံးမှာတော့ ပြီးပြည့်စုံတဲ့ ပဋိဝေဓပညာနဲ့ ဆုံးရပါတယ်။


ဒါကြောင့် ပညာသိက္ခာကို အစဦးဆုံးထားပြီး ဟောတော်မူတယ်လို့ သဘောပေါက်ကြည်ညိုမိပါတယ်။

အဋ္ဌကထာဆရာတော်တို့ကလဲ -

သမ္မာဒိဋ္ဌိ(အမြင်မှန်မှု)က မဂ်ရဲ့ရှေ့အဖို့ဖြစ်တဲ့ ၀ိပဿနာ ဉာဏ်အခိုက်မှာပင် အ၀ိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်ခြင်း၊ ကိလေသာရန်သူပုန်တို့ကို သုတ်သင်သတ်ဖြတ်ခြင်းဖြင့် ဘေးကင်း ရန်ကွာ ချမ်းသာရာနိဗ္ဗာန်ကို ရောက်စေနိုင်တဲ့အတွက် နိဗ္ဗာန်ကို ရရောက်ဖို့ ကျင့်သုံးတဲ့ယောဂီပုဂ်္ဂိုလ်များ အနေနဲ့ အလင်းရောင် သဖွယ်၊ ဓားလက်နက်သဖွယ်ကိုင်ဆောင်ထားရမယ့် တရားလဲ ဖြစ်တယ်၊ နိဗ္ဗာန်ရရောက်ရေးအတွက် သင့်လျော်ကြီးမား တဲ့ ကျေးဇူး ကိုလဲ ပြုတတ်တယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိမဂ္ဂင်ကို ရှေးဦးစွာ မြတ်စွာ ဘုရား ရှင်ဟောတော်မူပါတယ်။

သမ္မာဒိဋ္ဌိရဲ့နောက်မှာ သမ္မာသင်္ကပ္ပကို ဟောတော်မူတာ ကတော့ -

ရွှေပန်းတိမ်သည်ဟာ ရွှေအတုအစစ်ကို သိနိုင်ဖို့အတွက် ရွှေဒင်္ဂါးကိုလက်ဖြင့် ပတ်ပတ် လည်လှည့်ပြီး ကြည့်ရသလို ယောဂါ ၀စရပုဂ်္ဂိုလ်များအနေနဲ့လဲ မဂ်ရဲ့ရှေးအဖို့မှာ ၀ိတက်နဲ့ကြံဆပြီး ၀ိပဿနာပညာ (၀ိပဿနာသမ္မာ ဒိဋ္ဌိ)နဲ့ ကြည့်ရှုရတာ ဖြစ်တဲ့ အတွက် သမ္မာသင်္ကပ္ပဟာ သမ္မာဒိဋ္ဌိကို သင့်လျော်ကြီးမားတဲ့ ကျေးဇူး ကို ပြုပေး တတ်တယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိရဲ့ အခြားမဲ့မှာ သမ္မာ သင်္ကပ္ပကို ဟောတော်မူတယ်။


စကားပြောတော့မယ်ဆိုရင် မပြောမီ ကြံစည်စဉ်းစားပြီးမှ ပြောဆိုကြပါတယ်။ ဒါကြောင့် သမ္မာသင်္ကပ္ပ (စဉ်းစား ကြံစည်မှု)ဟာ သမ္မာဒိဋ္ဌိကို ကျေးဇူးပြုပေးသလို သမ္မာဝါစာကိုလဲ ကျေးဇူးပြု ပေးတတ်ပါတယ်။ ဒါကြောင့် သမ္မာသင်္ကပ္ပရဲ့ နောက်မှာ သမ္မာဝါစာ ကို ဟောတော် မူတယ်။


အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ရှေးဦးစွာပြောဆိုတိုင်ပင် စီစဉ်ပြီးမှ လုပ်ကိုင်ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် သမ္မာဝါစာရဲ့ နောက်မှာ သမ္မာကမ္မန္တကို ဟောတော်မူတယ်။


သမ္မာဝါစာဖြင့် ၀စီဒုစရိုက်တရားလေးပါးကင်းစင်သူ၊ သမ္မာကမ္မန္တဖြင့် ကာယဒုစရိုက်တရားသုံးပါး ကင်းစင်သူဖြစ်ပြီး ၀စီသုစရိုက် ကာယသုစရိုက်တို့နဲ့ ပြည့်စုံသူများသာ ကောင်းမွန်မှန် ကန်တဲ့ အသက်မွေးမှုလျှင် ရှစ်ခုမြောက်ရှိတဲ့ အာဇီဝဋ္ဌမက သီလကို ပြည့်စုံစေနိုင်ပါတယ်။ ဒါကြောင့် သမ္မာဝါစာ သမ္မာကမ္မန္တမဂ္ဂင်တို့ရဲ့ အခြားမဲ့မှာ သမ္မာအာဇီဝကို ဟောတော်မူပါတယ်။


အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်တဲ့ပုဂ်္ဂိုလ်များဟာ “ငါဟာအသက်မွေးဝမ်းကျောင်းမှု စင်ကြယ် အပြစ်ကင်းသူ ဖြစ်တယ်”ဆိုကာ မျှနဲ့ ရောင့်ရဲ တင်းတိမ်ပြီး မေ့လျော့ပေါ့တန်သူ မဖြစ်သင့်ဘူး၊ ဣရိယာပုထ်တိုင်းမှာ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖျောက်ရေး၊ မဖြစ်သေးတဲ့ အကုသိုလ် တရား တွေဖြစ်မလာရေး၊ မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်ရေး၊ ဖြစ်ပြီးတဲ့ ကုသိုလ် တရားများ တိုးပွားစေရေးဆိုတဲ့ သမ္မပ္ပဒါန်ဝီရိယ ကို ကောင်းစွာ အားထုတ်ရမည်ဆိုတာကို သိစေဖို့အတွက် သမ္မာအာဇီဝရဲ့ အခြားမဲ့မှာ သမ္မာ ၀ါယာမကို ဟောတော်မူတယ်။


သမ္မပ္ပဓာန်ဝီရိယကို ပြည့်စုံအောင် အားထုတ်တဲ့ ပုဂ္ဂိုလ် ဖြစ်စေဖို့အတွက် ကာယ,ဝေဒနာ,စိတ္တ,ဓမ္မဆိုတဲ့ သတိတည်ရာ လေးမျိုးလုံးမှာ သတိကို တည်နေအောင် ဆောက်တည်ရမယ်လို့ သိစေလိုတဲ့အတွက် သမ္မာ ၀ါယာမရဲ့အခြားမဲ့မှာ သမ္မာသတိကို ဟောတော်မူတယ်။


သမ္မာသတိနဲ့ပြည့်စုံသူများသာ သဒ္ဓါစတဲ့ ဣနြေ္ဒတို့ရဲ့ ကိစ္စများလဲ ပြီးပြည့်စုံပြီး စိတ်ကိုလိုအပ်တဲ့ အာရုံတစ်ခုတည်း အပေါ်မှာ စူးစိုက် တည်နေအောင် ကောင်းစွာထားနိုင်တဲ့အတွက် သမ္မာသတိရဲ့ အခြားမဲ့မှာ သမ္မာသမာဓိကို ဟောတော်မူတယ်လို့ ဖွင့်ပြပါတယ်။(ဒီ ၁၊ဋ္ဌ-၂၁၈၊ မဟာလိသုတ်အဋ္ဌကထာ)


ဘယ်သတ္တဝါမဆို သဗ္ဗညုဘုရားရှင်တို့ထုတ်ဖော်တွေ့ရှိပြီး ဟောညွှန်ထားတဲ့ ‘ဒုက္ခငြိမ်းကြောင်းလမ်းစဉ် စစ်စစ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး (မဂ္ဂပစ္စည်း)ကို စနစ်တကျပွားများ အားထုတ်မှု မပြုနိုင် သေးသမျှ ဘဝကို ကံ(ကမ္မပစ္စည်း)ရဲ့ လက်ထဲမှာပဲ ‘၀’ ကွက်ပြီး ပုံ အပ်ထားရတာပါ၊ ၀ ကွက်ပြီးပုံ အပ်ထားရတယ်လို့ ဆိုရတာ ကတော့ ‘ဝ’လုံးဟာ ဘယ်ဘက်ကမှထွက်ပေါက်မပါဘဲ ဝိုင်းဝိုင်း လည်ပတ်မိအောင် ပိတ်နေသလို သတ္တဝါများဟာလဲ သံသရာထဲမှာ ထွက်ပေါက်မရှိဘဲ ပိတ်မိနေတဲ့သဘောဖြစ်နေလို့ပါ။


ကံရဲ့လက်ထဲမှာ “ဝ” ကွက်ပြီးအပ်ထားရတဲ့ကာလဟာ ဘဝ ပေါင်းဘယ်လောက်ကြာမယ်လို့ ဘယ်သူမှ ပိုင်းခြား သတ်မှတ် လို့ရော ခန့်မှန်းလို့ရော မရနိုင်ပါဘူး၊ ကံစီမံတာကို ခံ၊ ကံပြုသမျှ နုရပြီး တစ်ခါတစ်လေ ကောင်းတဲ့ကံကို ပြုမိလို့ သုဂတိဘုံဆိုတဲ့ ဖြူတဲ့  ဘုံဘဝတွေ ကိုလဲ ရောက်တတ် ပါတယ်၊ ဒါပေမယ့် ကံဆိုတာ ခိုင်မြဲတည်ငြိမ်တဲ့ သဘောမဟုတ်တဲ့အတိုင်း စိတ်ကောင်းစိတ် မှန် လေးပေါ်လို့ ကောင်းတဲ့ကံကိုပြုရာကနေ အခြေအနေဆိုး၊ ပတ်ဝန်း ကျင်ဆိုး၊ ဆရာသမားဆိုး၊ အပေါင်းအသင်းဆိုးတို့နဲ့ ပေါင်းမိပြီ စိတ်ဆိုးစိတ်ယုတ် တွေဖြစ်လာတော့ ဆိုးရွားမှားယွင်းတဲ့ ကံတွေ ပြုလုပ်မိတဲ့အတွက် ဖြူစင်တဲ့ သုဂတိ ဘုံဘဝကနေ မည်းညစ်တဲ့ ဒုဂ္ဂတိ ဘုံဘဝတွေကို ရောက်သွားကြရပြန်ပါတယ်။


ဒီသဘောနဲ့ ကံရဲ့လက်ထဲမှာနေ၊ ကံစီမံသမျှ ခံ၊ ကံရဲ့ အမွေခံဖြစ်နေရတဲ့ ဘဝမျိုးတွေဖြစ်နေရသမျှ ဘဝဟာထောက်ရာ တည်ရာ အစစ်အမှန် အခိုင်အမာကို မရနိုင်ပါဘူး၊ နစ်ချည် ပေါ်ချည်၊ စုန်ချည် ဆန်ချည်ဖြစ်နေရပါတယ်၊ ဒါကြောင့်လဲ သံသရာ ခရီးကို ရေယာဉ်ကြောမျောနေရတာနဲ့ အတူတူပဲလို့ ဘုရားရှင်က ထောက်ပြ မိန့်ဆိုခဲ့တာပါ၊ ဗုဒ္ဓဘာသာဝင်တို့ ကြားဖူး နားဝရှိပြီး ပြောဆိုနေကြတဲ့ “သံသရာရေယာဉ်ကြော”ဆိုတာ ဒီသဘောကို ညွှန်းတာပါ။


ဆရာသမားကောင်း မိတ်ဆွေကောင်းများနဲ့ ပေါင်းသင်း ခွင့်ကြုံလို့ သံသရာရဲ့ သဘောကို နားလည်ခွင့်ရ သူများကတော့ ရေစုန်မျောနေရတဲ့အဖြစ်ကို ညည်းငွေ့ပြီး ထောက်တည်ရာမရနိုင်တဲ့ ရေအလျှဉ်ကနေ ထောက်တည်ရာအခိုင်အမာရရှိတဲ့ ကြည်ကုန်း (မြေပြင်)နဲ့ ပမာတူတဲ့ နိဗ္ဗာန်ကိုဦးတည်တဲ့ ကုသိုလ်ကောင်းမှုကို ပြုခွင့်ရကြသူအချို့သာ ပါရမီဓာတ်ကောင်းရှိပြီး သာသနာတော်နဲ့ ကြုံခွင့်ကြိုက် ခွင့်ရကြပါတယ်၊ ကြုံရုံနဲ့မပြီးပါဘူး၊ ကြိုက်လဲကြိုက်ရ မှာပါ၊ ဒါကြောင့် “သာသနာဆိုတာ ကြုံကြိုက်ခဲတယ်”လို့ ဆိုကြ တာပါ။


သာသနာတော်နဲ့ ကြုံကြိုက်ပြီး မြတ်ဗုဒ္ဓတွေ့ရှိဟောညွှန်တော်မူတဲ့ သမ္မာမဂ္ဂင်ရှစ်ပါးကို အပြည့်အဝကျင့်သုံးလို့ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်လောက် ရတဲ့ အဆင့်ရောက်တဲ့အခါမှာတော့ သတ္တဝါကို ကံလက်ထဲကနေ ဥာဏ်ကလက်လွှဲ ယူလိုက်ပါပြီ၊ ဒါကြောင့် ဒီအဆင့် (သောတာပန်အဆင့်)ရောက် သူများကို ကံက ထင်သလို ချယ်လှယ်ခွင့် မရနိုင်တော့ပါဘူး၊ ဥာဏ်က ဖွင့်ပေး လိုက်ပြီးဖြစ်လို့  ကံဟာ “ဝ”လုံးလို ပတ်ပတ်လည်ဝိုင်းပြီး ပိတ်ထား လို့လဲ မရတော့ပါဘူး၊ သူရဲ့အခွင့် လုပ်ပိုင်ခွင့်ကလဲ အတော်ကြီး လျှော့ပါးသွားပါပြီ။ သောတာပန် ပုဂ္ဂိုလ်ကိုကံက မည်းညစ်တဲ့ ဘဝ(အပါယ်လေးဘုံ) ဆီဆွဲခေါ်ခွင့် မရှိတော့ဘူး၊ သုဂတိလူ့ဘုံမှာ တောင် နိမ့်ကျတဲ့ ကျေးကျွန်တို့၊ အစေခံတို့၊ ဒွန်းစဏ္ဍားတို့ဆိုတဲ့ ဘဝမျိုးထဲ ဆွဲမချနိုင်တော့ ပါဘူး၊ မြင့်မြတ်တဲ့ အမျိုးအနွယ်နဲ့ မြင့် မြတ်တဲ့ ဘုံဘဝတွေမှာပဲ အလွန်ဆုံး(၇)ဘဝအထိသာ စီမံခွင့်ရှိပါ တော့တယ်။

 

မေတ္တာများဖြင့်

 

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Views: 117

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
18 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service