ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ကံကောင်း အကြောင်းလှပါစေ”(၁)

“ကံကောင်း အကြောင်းလှပါစေ”(၁)


    “ ကံကောင်း အကြောင်းလှပါစေ” ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအနေနဲ့ အလွန်ကို နားဝင်ပီယံဖြစ်မယ့် သည်းခြေကြိုက် စကားတစ်လုံးပါ၊ ဒါပေမယ့် အခုဒီစာခေါင်းစည်းကို ဒီအမည်ပေးလိုက်ရတာကတော့ လူတွေသည်းခြေ ကြိုက် ဖြစ်မယ်ထင်လို့လည်း မဟုတ်သလို ဖြစ်စေချင်လို့လည်း မဟုတ်ပါဘူး၊ ကံကောင်းခြင်းနဲ့ အကြောင်းလှခြင်းတို့ရဲ့ ခြားနားချက်ကို ကွဲကွဲပြားပြား သဘော ပေါက်ကြ စေချင်လို့သာ ဖြစ်ပါတယ်။


     ဟုတ်ပါတယ်၊ ဗုဒ္ဓဘာသာဝင်များအနေနဲ့ တစ်ဦးတစ်ယောက် အတိဒုက္ခတွေနဲ့ ကြုံတွေ့နေတယ်၊ လုပ်သမျှတွေလဲ အစစ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံကြိုက်ရတဲ့အခါတိုင်း “သူ့ခမျာ ကံမကောင်း အကြောင်း မလှရှာဘူး” လို့ပြော လေ့ရှိ ကြပါတယ်၊ ဒီလိုပြောဆို သုံးစွဲမှုအရ ကြည့်မယ်ဆိုရင် ကံမကောင်းခြင်းနဲ့ အကြောင်းမလှခြင်းကို အဓိပ္ပာယ်တူ အဖြစ်သဘော ထားပြီး သုံးစွဲနေကြပုံ ရပါတယ်။

     ကံမကောင်း အကြောင်းမလှဘူးဆိုရင် “ကံကောင်းတော့ကော အကြောင်းလှပြီလား”လို့ မေးကြည့်ရင်တော့ “အင်းလေ ..အတူတူပဲ မဟုတ်လား”ဆိုတာမျိုးနဲ့ ယောင်ဝါးဝါးဖြစ်သွားကြသူက များပါလိမ့်မယ်၊ ရေရေရာရာ သိသူက အတော်ရှားမယ် ထင်ပါတယ်၊ လယ်တီ ဆရာတော် ဘုရားကြီးရဲ့ စကားအတိုင်းပြောရမယ်ဆိုရင်တော့ ကံနဲ့အကြောင်းကို မကွဲမပြားအတူတူလို့ သဘောထား နေခြင်းကြောင့်ပဲ ပြုသမျှကုသိုလ် တွေဟာ ထိုက်တန်တဲ့အကျိုးတရားအထိ မပေးနိုင်ကြဘဲ “ကုသိုလ်ကြောင်ခြစ်”တွေ ဖြစ်ကုန်ကြရတာလို့ပဲ ဆိုရမှာပါ။

     အသေအချာ ပိုင်းခြားဝေဖန်ကြည့်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ “ကံ” ကို “သင်္ခါရ”လို့ ဟောတော်မူ ပါတယ်၊ အဲဒီသင်္ခါရဟာ အခြေခံအားဖြင့် ကောင်းတာကိုပြုလုပ်တဲ့ ပုညာဘိသင်္ခါရ၊ မကောင်းတာပြုလုပ်တဲ့ အပုညာဘိ သင်္ခါရဆိုပြီး နှစ်မျိုးရှိပါတယ်၊ (အာနဉ္ဇာ ဘိသင်္ခါရ ဆိုတာလည်း ရှိသေးပေမယ့် ပုညာဘိသင်္ခါရရဲ့ အဆင့်တစ်ခုကိုပဲ ဆိုတာဖြစ်လို့ အခြေခံနှစ်မျိုးကိုသာ ပြောလိုက်တာပါ)၊ ပုညာဘိ သင်္ခါရဆိုတာ ကုသိုလ်ကံ၊ အပုညာဘိသင်္ခါရဆိုတာက အကုသိုလ်ကံပေါ့၊ ကောင်းတဲ့ကံရော မကောင်းတဲ့ကံရော နှစ်မျိုးလုံးကို "သင်္ခါရ"လို့ပဲ ခေါ်ပါတယ်။

    ဒီသင်္ခါရကနေ ရှေ့ဆက်ပြီး အကြောင်းအကျိုး အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ နောက်ဆုံးမှာ "ဇရာမရဏံ၊ သောကပရိဒေဝ"စတဲ့ အိုခြင်း,သေခြင်း၊ ဝမ်းနည်းပူဆွေးငိုကြွေးရခြင်းတွေနဲ့ ဒုက္ခအစုအဝေးကြီးကို ရင်ဝယ်ပိုက်ပြီး မလှပတဲ့ အကျိုးကြီး တွေနဲ့သာ ဘဝဇာတ်လမ်းတစ်ခု နိဂုံးချုပ် ဇာတ်သိမ်းကြရတာကို တွေ့ရပါလိမ့်မယ်။

     ဒီလို မလှမပတဲ့ အကျိုးတွေနဲ့ ဇာတ်သိမ်းကြရတာဟာ "ကံ မကောင်းလို့လား"လို့ မေးကြည့်မယ်ဆိုရင်တော့ ကံကောင်းကြလွန်းလို့ လူ့ပြည်ကစ နတ်ပြည်çဗြဟ္မာပြည်အထိ ဖြစ်ရ၊ ရောက်ရတဲ့ ပုဂ္ဂိုလ်တွေရော၊ ကံဆိုးလွန်းလို့ အပါယ်ငရဲအထိ ကျရောက်ရတဲ့ ပုဂ္ဂိုလ်တွေရော ဒီအတိုင်းချည်း ဇာတ်သိမ်းကြရတာချင်း အတူတူပဲ ဖြစ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။

     ကမ္မနိယာမသဘောကလေး သက်သက်ကိုသာ ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့ကံက ကောင်းကျိုးပေးတယ်၊ ဆိုးတဲ့ကံက ဆိုးကျိုးပေးတယ်ဆိုတာကို သဘောပေါက်ကြမှာပါ။ ဒါပေမယ့် "အဲဒီကောင်းကျိုး ဆိုးကျိုးဆိုတာ ဘာတွေလဲ" ဆိုတာကိုအထိ ထဲထဲ ဝင်ဝင် လေ့လာပြီး ပီပီပြင်ပြင်သိဖို့ကျတော့ သိပ်ပြီးအလေးမထားကြသလို ဖြစ်နေတတ်ပါတယ်၊ နည်းနည်းလောက် ပီပြင်လာအောင် လေ့လာ ကြည့်ကြရ အောင်ပါ။

     ကောင်းတဲ့ကံက ပေးတဲ့ ကောင်းကျိုးဆိုတာ ပဋိသန္ဓေအရပြောမယ်ဆိုရင် လူ့ဘုံ,နတ်ဘုံစတဲ့ ကောင်းတဲ့ ဘုံဌာန တွေမှာ လူ့ဘဝ,နတ်ဘဝစတဲ့ သုဂတိဇာတိကို ရရှိနိုင်တာပါ၊ ပဝတ္တိအရ ပြောမယ်ဆိုရင်တော့ ကျေနပ်နှစ်သက်ဖွယ်ရာ ဣဋ္ဌာရုံများနဲ့ တွေ့ကြုံ ခံစားရ တဲ့ အကျိုးပါပဲ။

    မကောင်းကံကပေးတဲ့ မကောင်းကျိုးဆိုတာကတော့ ပဋိသန္ဓေအရ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ ဆိုးဝါးတဲ့ ဘုံဘဝ တွေမှာ ဆိုးဆိုးဝါးဝါးဖြစ်ကြရတဲ့ ဒုဂ္ဂတိဇာတိကို ရရှိခြင်းပါ၊ ပဝတ္တိအရ ပြောမယ်ဆိုရင်တော့ မကျေနပ်စရာ အနိဋ္ဌာရုံတွေနဲ့ တွေ့ကြုံခံစား ရခြင်းဆိုတဲ့ အကျိုးဖြစ်ပါတယ်။

     ခုလိုဖြစ်ရတဲ့ဘဝနဲ့ တွေ့ကြုံရတဲ့ အာရုံသက်သက်ကိုသာ ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့ကံနဲ့ မကောင်းတဲ့ ကံတို့ဟာ ဖြောင့်ဖြောင့်ဆန့်ကျင်တယ်လို့ ဆိုရလောက်အောင်ကို ကွဲပြားခြားနားနေတာကို တွေ့သိနိုင်ပါတယ်၊ ကောင်းတဲ့ ကံက သုဂတိဇာတိနဲ့ ဣဋ္ဌာရုံတွေကို တွေ့ကြုံခံစားခွင့်ကိုပေးပြီး မကောင်းတဲ့ကံက ဒုဂ္ဂတိဇာတိနဲ့ အနိဋ္ဌာရုံတွေကို တွေ့ကြုံ ခံစားခွင့် ပေးတာကိုး။ ဒီတော့ ဇာတိဆိုတဲ့ဇာတ်ချင်းလဲ ကွဲပြားခြားနားတယ်၊ ဇာတ်ချင်းကွဲပြားသလို သရုပ်ဆောင်ကြမယ့် ဇာတ်ရုပ်တွေ ဇာတ်ကောင်တွေချင်းလည်း ကွဲပြားတာပါပဲ၊ အနီးကပ်ဆုံး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒုဂ္ဂတိဘုံသား တိရစ္ဆာန်တွေက တိရစ္ဆာန်ဇာတ်ရုပ် ဇာတ်ကောင်တွေပဲ သုဂတိဘုံသား လူတွေက လူဇာတ်ရုပ် ဇာတ်ကောင်တွေပဲ။

    ဇာတ်ရုပ်ဇာတ်ကောင်ချင်း ကွဲပြားသလို ဇာတ်ကောင်တို့ရဲ့ စရိုက်ချင်းလည်း ကွဲပြားတာပါပဲ၊ တိရစ္ဆာန်က တိရစ္ဆာန် စရိုက်အတိုင်း ရိုင်းစိုင်း ကြမ်းတမ်း ရက်စက်တာပေါ့။ လူကတော့ လူ့စရိုက်အတိုင်း (ဆိုရင်)ယဉ်ကျေးသိမ်မွေ့ပြီး ချစ်ခင်ကြင်နာ ညှာတာထောက်ထား တတ်တဲ့ စိတ်ဓာတ်ကောင်း စရိုက်ကောင်းတွေ ရှိတတ်ကြတာပေါ့။

စရိုက်လက္ခဏာချင်း ကွဲပြားတဲ့အတိုင်းပဲ ဘဝဇာတ်လမ်းကို သရုပ်ဆောင်ကြတဲ့အခါမှာလည်း အဖြူနဲ့အမည်းလို့ဆိုရ လောက် အောင်ကို ကွဲပြားခြားနားပါတယ်။

ဘဝဇာတ်လမ်း သရုပ်ဆောင်တယ်ဆိုတာ တိုတိုချုပ်ကတော့ ဖြစ်ရတဲ့ ဘဝအခိုက်အတွင်းမှာ စားဝတ်နေရေးစတဲ့ ဘဝလိုအပ် ချက်တွေနဲ့ ဘဝပေးတာဝန်တွေကို ကြိုးစားဖြည့်ဆည်းကြရတာပါပဲ။ ဒီလို ဖြည့်ဆည်းကြရာမှာ တိရစ္ဆာန်တွေ လည်း ကာယကံç ဝစီကံç မနောကံ ဆိုတဲ့ ကံသုံးပါးနဲ့လှုပ်ရှား သရုပ်ဆောင်ကြရတာပဲ၊ လူတို့çနတ်တို့လည်း ကံသုံးပါးနဲ့ပဲ ကြိုးစားလှုပ်ရှား သရုပ်ဆောင် ကြရတာပါပဲ။

 

    စရိုက်ချင်းကွဲပြားတဲ့အတွက် သရုပ်ဆောင်ပုံခြင်းလည်း ကွာခြားတယ်ဆိုတာ ဒီလိုနေရာမျိုးမှာ သိသာပါတယ်၊ တိရစ္ဆာန်များက အကြံ တူလာရင် ဘဝတူချင်းကိုတောင် ရန်သူလိုသဘောထားပြီး ရှိသမျှ ခွန်အား,လက်နက်များနဲ့ ပြဿနာကို ဖြေရှင်းကြတယ်။ မနုဿ (စိတ်ထားမြင့်သူ)ဆိုတဲ့ လူသားများကတော့ အကြံချင်းတူ ကြရတာကိုက ဘဝချင်းတူကြလို့ပဲဆိုတဲ့ စာနာစိတ်ထားပြီး စေ့စပ်ညှိနှိုင်း ရိုင်းပင်း ကူညီမှုနဲ့ ပြဿနာကို ဖြေရှင်းတတ်ကြ ပါတယ်။

   ဇာတ်ရုပ်ချင်း၊ ဇာတ်ဆောင်ချင်း၊ စရိုက်ချင်း၊ သရုပ်ဆောင်ပုံချင်း ကွဲပြားကြတယ်ဆိုတော့ ဇာတ်ထုပ်ဇာတ်လမ်း ချင်းတွေလည်း ကွဲပြားခြားနား တာပေါ့၊ ကောင်းတဲ့ဇာတ်က ကောင်း၊ ဆိုးတဲ့ ဇာတ်က ဆိုးပေါ့၊ ကံဆိုးနဲ့ကံကောင်းတို့ အကျိုးပေးချင်း ကွဲပြားတယ်ဆိုတာ ဒါကိုပြောတာပါပဲ။

    ဒီခြားနားချက်ကလည်း ဇာတ်လမ်းဇာတ်ထုပ်ကို သရုပ်ဆောင်ခွင့် ရခိုက်ကလေးလို့ဆိုရမဲ့ တစ်ဘဝတာ၊ တခဏတာ ကလေးပါပဲ၊ ကံဇာတ်ဆရာရဲ့ ခွင့်ပြုချက်ကုန်ပြီးဆိုတော့ တစ်ဘဝဇာတ်ကို သိမ်းချင်သည် ဖြစ်စေ၊ မသိမ်းချင်သည်ဖြစ်စေ သိမ်းကြရမှာ ချည်းပါပဲ၊ အဲ ..ဇာတ်သိမ်းရပြီဆိုရင်လည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ဘုရားရှင် မှတ်ချက်ပြု ဟောကြားတော်မူခဲ့တဲ့ အတိုင်းပါပဲ၊ ဒုက္ခတုံး ဒုက္ခခဲကြီးကို ရင်ဝယ်ပိုက်ရင်း ဝမ်းနည်း ပူဆွေးမှုများနဲ့ချည်း ဇာတ်သိမ်းကြရတာချင်း အတူတူပါပဲ။

ဒီနေရာမှာသဘောပေါက်လွယ်အောင် ဘဝဇာတ်လမ်းကို လူတို့ဖန်တီးကပြ သရုပ်ဆောင်ကြတဲ့ ပြဇာတ်တို့ရုပ်ရှင်တို့ ဆိုတာတွေနဲ့ နည်းနည်းနှိုင်းယှဉ် ကြည့်ကြရအောင်ပါ။

     ကံ ဒါရိုက်တာ ညွှန်ကြားတဲ့ ဘဝဇာတ်ထုပ်တွေထဲက သုဂတိဇာတ်ကောင်တွေဖြစ်တဲ့ လူတို့,နတ်တို့ကိုတော့ မင်းသား မင်းသမီး တွေလို့ပဲ ဆိုကြပါစို့၊ အဲ .. ဒုဂ္ဂတိဇာတ်ကောင်တွေဖြစ်တဲ့ ငရဲ,တိရစ္ဆာန်တို့ ပြိတ္တာတို့ဆိုတာတွေကတော့ လူကြမ်းတွေလို့ပဲ ထားလိုက်ပါတော့။ လူဒါရိုက်တာတွေ ညွှန်ကြားတဲ့ ပြဇာတ်တို့ ရုပ်ရှင်တို့မှာတော့ နောက်ဆုံးဇာတ်သိမ်း ခန်းရောက်တဲ့အခါ "မင်းသားနဲ့မင်းသမီး ညားတယ်၊ လူကြမ်း သေတယ်"ဆိုတာမျိုးတွေနဲ့ ဇာတ်သိမ်းတာပဲ များကြတာကို တွေ့ဖူးကြပါလိမ့်မယ်၊ ဒီလိုဇာတ်သိမ်းခန်းရောက်ပြီဆိုရင်လည်း ပရိသတ်အပေါင်းတို့က သောင်းသောင်းဖျဖျ ကောင်းချီး ဩဘာ ပေးကြတာကိုလည်း ကြုံဖူးကြမှာပါ။ ဒါကတော့ လူဖန်တီးတဲ့ ဇာတ်ထုပ် ပေကိုး၊ လူကြိုက်သလိုပဲ ဇာတ်သိမ်းခွင့် ရကြပေမပေါ့။

အဲ ..ကံဖန်တီးတဲ့ ဇာတ်ထုတ်မှန်သမျှမှာတော့ ဒီလိုကိုယ်ကြိုက်သလိုဇာတ်သိမ်းခွင့် မရပါဘူး၊ နောက်ဆုံးမှာ မင်းသား လဲသေ၊ မင်းသမီးလဲသေ၊ လူကြမ်းလဲသေပြီ ပရိသတ်တွေအားလုံးဝမ်းနည်းပူဆွေ ငိုကြွေးကြရလေသတည်းနဲ့သာ ဇာတ်သိမ်း ကြရတာချည်းပါပဲ။

     ဇာတ်ကောင်ချင်းရော၊ စရိုက်ချင်းရော၊ ဇာတ်လမ်းချင်းရော၊ ဇာတ်သရုပ်ဆောင်ပုံချင်းရော ကွဲပြားနေပါလျက်နဲ့ ဇာတ်ပေါင်း ဇာတ်သိမ်း မလှပပုံခြင်းကြတော့ ဘာဖြစ်လို့ တူညီနေရတာလဲ၊ ဒါကို သေသေချာချာ စဉ်းစားကြည့်စေချင် ပါတယ်၊ ဖြစ်ရတဲ့ ဘုံဘဝ ဇာတ်ချင်းကစလို့ ဇာတ်ဆောင်ချင်း၊ ဇာတ်လမ်းချင်း၊ သရုပ်ဆောင်ပုံချင်း ကွဲပြားခြားနား ကြရတာကတော့ ကံမျိုးစေ့ချင်း မတူကြလို့ဆိုတာ သဘောပေါက်လောက် ပါပြီ၊ အချင်းချင်းဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ ကံ ပိုင်ရှင်တွေ အားလုံးတို့ရဲ့ ဇာတ်သိမ်းတွေကြတော့ ဘာဖြစ်လို့ တူနေကြရတာလဲ၊ ဒါဟာ တကယ်ကို အလေးအနက် စဉ်းစားရမယ့် ကိစ္စပါ၊ ဒီဆောင်းပါးကိုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ဒီကိစ္စကြောင့်ပဲ ဖြစ်ပါတယ်၊ ကဲ .. ဥာဏ်မှီသမျှ လေ့လာ စူးစမ်းပြီး စဉ်းစားကြည့်ကြရအောင်ပါ။

      နောက်ဘိတ်ဆုံးအကျိုးဖြစ်တဲ့ ဇာတ်သိမ်းခန်းဟာ မလှပဘူးဆိုကတည်းက ဒီအကျိုးကိုဖြစ်စေတဲ့ အကြောင်းရင်း တရားကိုလည်း မလှတဲ့ အကြောင်းတရားလို့ပဲ ဆိုရမှာပါ။ အဲဒီအကြောင်းတရားဟာ ဘာလဲ၊ ဒီကစပြီး လေ့လာကြည့်ဖို့ လိုပါတယ်၊ ဒီလိုလေ့လာတဲ့အခါ မိမိတို့အတွက် နယ်ပယ်စိမ်းလို ဖြစ်နေတဲ့ တရားသဘောများ အထိုက်အလျှောက် ပါလာမှာဖြစ်လို့ ပုံမှန် တွေ့နေကျ အကြောင်းအရာ များလောက်တော့ လွှတ်ခနဲသဘောမပေါက်နိုင်တဲ့ အခက်အခဲ အနည်းနဲ့ အများဆိုသလို ရှိနိုင်ပါတယ်၊ ဒါပေမယ့် ဒီသဘောတရားများဟာ ပီပြင်ရေရာတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ရေးအတွက်တော့ မသိမဖြစ် အရေးပါတဲ့ ကိစ္စဖြစ်လို့ စိတ်ရှည်ရှည်နဲ့ သည်းခံဖတ်ကြဖို့ ကြိုတင် တိုက်တွန်းပါရစေ။

       သတ္တဝါတို့ရဲ့ သံသရာဆိုတာ ကံကြမ္မာနဲ့ လည်ပတ်နေရတာလို့ဆိုနိုင်ပေမယ့် ကံကြမ္မာဟာ သံသရာရဲ့အစဆုံး အခြေခံ အကြောင်းရင်းတော့ မဟုတ်ပါဘူး၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ကြည့်မယ်ဆိုရင် ကံကြမ္မာလို့ခေါ်တဲ့ "သင်္ခါရ"ရဲ့ ရှေ့ဖျားမှာ "အဝိဇ္ဇာ"ဆိုတာကို တွေ့ရပါလိမ့်မယ်၊ သံသရာရဲ့ အခြေခံအကြောင်းရင်းဟာ အဝိဇ္ဇာပဲဖြစ်ပါတယ်၊ ဖြစ်လေရာ ဘဝတွေ ဘယ်လိုပဲကောင်းတယ်ဆိုဆို ဇာတ်ပေါင်းခန်း မလှရခြင်းရဲ့ အခြေခံအကြောင်းတရားဆိုးကြီးဟာလည်း အဲဒီ အဝိဇ္ဇာပါပဲ၊ ဒီလောက် ဆိုရင်မလှတဲ့ အကြောင်းတရားဆိုတာကို ရေးရေးတော့ မြင်လာပြီထင်ပါရဲ့။

      "အဝိဇ္ဇာဆိုတာ သစ္စာလေးပါးတို့ကို မသိတတ်တဲ့သဘော"လို့ ဆိုပါတယ်၊ သစ္စာဆိုတဲ့ အမှန်တရားကိုသာ မသိတာ၊ မမှန်တဲ့ တရားတွေကိုတော့ သူထင်ချင်သလိုထင်ပြီး သိနေတတ်ပါတယ်၊ သူ့အထင်နဲ့သူ သိနေတဲ့တရားတွေဟာ အမှန်တွေ မဟုတ်ပေမယ့် ဘုမသိ ဘမသိ သဘောမျိုးနဲ့ ကြိုက်စရာတွေတော့ ရှိနေတတ်ပါတယ်။ အာရုံတွေကို ကြိုက်စရာလို့ ထင်ထင်ပြီး သိနေတာနဲ့အမျှ ကြိုက်တတ်တဲ့ တဏှာလောဘကလည်း အဝိဇ္ဇာနဲ့တစ်တွဲတည်း မခွဲတမ်းဆိုသလို ပါနေတတ် ပါတယ်၊ အဝိဇ္ဇာက ဘာမျှမယ်မယ်ရရ အမှန်အကန်ကို မသိပေမယ့် တဏှာကအာရုံကို ကြိုက်နှစ်သက်ရကောင်းမှန်း ပီပီပြင်ပြင်သိလာပြီဆိုတော့ အကြိုက်ကိုရရေးအတွက် ကြိုးစားအားထုတ်မှု တွေလည်း ဖြစ်လာတော့တာပေါ့၊ အဲဒီမှာ "သင်္ခါရ"ဆိုတဲ့ ကံက ပေါ်ပေါက် လာရတာပါ။

      ဒေသနာတော်မှာတော့ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ=အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ပြုလုပ်မှုတွေဖြစ်တယ်"လို့ပဲ ဆိုထားပေမယ့် အဝိဇ္ဇာဟာ သူ့ချည်း သင်္ခါရကိုဖြစ်အောင် ပီပီပြင်ပြင် မတိုက်တွန်းနိုင်ပါဘူး၊ သူနဲ့ ကိလေသာဝဋ်ချင်းတူတဲ့ တဏှာ,ဥပါဒါန်တို့နဲ့ ပူးပေါင်းပြီးမှသာ သင်္ခါရကို ပုံဖော်ပါတယ်၊ ဒါကြောင့် အဝိဇ္ဇာလို့ ပြောလိုက်ရင် တဏှာçဥပါဒါန်တို့လည်း တစ်ပေါင်းတည်းပါတယ်လို့ မှတ်ယူရပါတယ်၊ သံသရာရဲ့မလှပတဲ့ အကြောင်းဆိုတာ ဒီ "အဝိဇ္ဇာ, တဏှာ, ဥပါဒါန်"ဆိုတဲ့ တရားသုံးပါးကို ပြောတာပါပဲ၊ ဒီသုံးပါးမှာလည်း ဥပါဒါန်ဆိုတာက အားကြီးတဲ့ တဏှာကိုပဲ ပြောတာဖြစ်လို့ တရားကိုယ် သဘောအရ တဏှာနဲ့ အတူပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒေသနာ တော်မှာ "အဝိဇ္ဇာနဲ့ တဏှာ"ကိုသာ သံသရာရဲ့ အရင်း အမြစ်အခြေခံ အကြောင်းတရားနှစ်ပါးအဖြစ် အသိများထင်ရှားနေတာပါ။

     ဒီအကြောင်းတရားနှစ်ပါး(ဥပါဒါန်ပါဆိုရင် သုံးပါး)တို့ဟာ သတ္တဝါတို့ရဲ့ စိတ်အစဉ်ကို ညစ်နွမ်းနက်မှောင်စေတတ်တဲ့ တရား တွေဖြစ်လို့ "ကိလေသာ"လို့လည်း ခေါ်ပါတယ်၊ သူတို့ကိုအခြေခံ လက်ကိုင်ထားကြတဲ့ သတ္တဝါမှန်သမျှကို သံသရာထဲမှာ တစ်ရစ်ဝဲဝဲ လည် စေတတ်တဲ့အတွက် "ဝဋ္ဋ=ဝဋ်တရား"များလို့လည်း ခေါ်ပါတယ်၊ ပေါင်းပြီး ခေါ်လိုက်တဲ့အခါမှာတော့ "ကိလေသာဝဋ်"လို့ဖြစ်သွားပါတယ်၊ စိတ်အစဉ်ကိုလဲ မည်းညစ်စေတတ်၊ မွေး,အို,နာ,သေဆိုတဲ့ သံသရာဝဋ်ကြီးကိုလည်း မပြတ်တရစပ် လည်ပတ်စေတတ်တယ်ဆိုကတည်းက ဒီအကြောင်း တရားကြီးဟာ ဘယ်လောက်အကျည်းတန်တယ် ဆိုတာ အထူးပြောနေဖို့ မလိုတော့ပါဘူး။ ဒါကြောင့် "မလှတဲ့ အကြောင်း တရားကြီး"လို့ ဆိုလိုက်ရတာပါ။

    အဝိဇ္ဇာနဲ့ တဏှာတို့ပူးတွဲလုပ်ဆောင်မှုကို လေ့လာကြည့်မယ်ဆိုရင် အဝိဇ္ဇာက အမှန်ကို မမြင်အောင်ကွယ်ပေးပြီး အမှားကိုတော့ အမှန်လို့ ထင်မြင်လာအောင် လှည့်စားပေးတယ်၊ တဏှာက အဝိဇ္ဇာလှည့်ဖြားထားတဲ့အတိုင်း အကောင်း ထင်ပြီး ရှာဖွေချင်လာအောင် လိုချင်တပ်မက်ပေးတယ်လို့ သဘောရပါတယ်။ ဒါမှမဟုတ် အဝိဇ္ဇာက မျက်လုံးကို ဖုံးကွယ်ပေးပြီး တဏှာက သံသရာချောက်ကမ်းပါးထဲကို တွန်းချနေတဲ့ သဘောလို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။

     အဝိဇ္ဇာက လှည့်ဖြားပြီး တဏှာက တပ်မက်ပေးတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ကြိုးစားအားထုတ်လုပ်ကိုင် အကောင်အထည်ဖော်တဲ့သဘောကိုပဲ "သင်္ခါရ=ပြုလုပ်မှု"လို့ ခေါ်တာပါ၊ အဲဒီသင်္ခါရကိုပဲ အများသိဝေါဟာရအနေနဲ့ "ကံ"လို့ ခေါ်ကြတာပါပဲ။

      တဏှာရဲ့အလိုကို ဖြည့်ဆည်း အကောင်အထည်ဖော်ရာမှာတော့ နှစ်မျိုးနှစ်စား ကွဲပြားသွားပါတယ်၊ ပထမ တစ်မျိုးက မြန်မာဆိုရိုးစကားမှာပါတဲ့အတိုင်း "ဘယ်သူသေသေ၊ ငတေမာပြီးရော"ဆိုသလို အများအတွက် ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ့်အလို ပြည့်ဖို့ အတွက် သာကြည့်ပြီး တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မရအရဖြည့်ဆည်း အကောင် အထည်ဖော်တာမျိုးပေါ့၊ ဒါလည်း သင်္ခါရပါပဲ၊ ဒီသင်္ခါရမျိုးဟာ တရားမျှတခြင်းမရှိတဲ့အတွက် မတရားတဲ့ သင်္ခါရမျိုးဖြစ်လို့ "အပုညာဘိသင်္ခါရ"လို့ခေါ်ပါတယ်၊ တစ်နည်း အားဖြင့်တော့ "အကုသိုလ်ကံ"ပေါ့၊ "အပုည၊ အကုသလ"ဆိုတဲ့ ပါဠိစကားကို ပခုက္ကူဆရာတော်ကြီးများ မြန်မာပြန်ဆိုတာကတော့ "မကောင်းစုတ်ချာ ယုတ်မာညစ်ဆိုး အကုသိုလ် မျိုး"လို့ ဆိုပါတယ်။

     ဒုတိယအမျိုးအစားကတော့ အထိုက်အလျှောက် အသိတရားလည်း ရှိ၊ အခြေခံသဒ္ဓါတရားဖြစ်တဲ့ ကံနဲ့ ကံရဲ့အကျိုး ကိုယုံ ကြည်မှု လည်း ရှိပြီး တဏှာရဲ့အလိုကို ဖြည့်ဆည်းတာပါ၊ ဒါလည်း သင်္ခါရပါပဲ၊ အသိတရားç သဒ္ဓါတရားနဲ့ မကင်းတဲ့အတွက် သူတစ်ပါးကို ထိခိုက် နစ်နာစေမှုမျိုး မပါအောင် ရှောင်ကြည်ပြီး အကောင်အထည်ဖော်တာဖြစ်လို့ "ပုညာဘိ သင်္ခါရ"လို့ ခေါ်ပါတယ်။ ကုသိုလ်ကံလို့လည်း ခေါ်တာပေါ့၊ မြန်မာလိုတော့ "အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတဲ့ အလုပ်"လို့ ခေါ်ပါတယ်။

    ဒီ "သင်္ခါရ"ဆိုတဲ့ နေရာမှာ အကုသိုလ်ကံနဲ့ ကုသိုလ်ကံရယ်လို့ ကံဆိုး ကံကောင်းနှစ်မျိုးတော့ ကွဲသွားပါပြီ၊ ဒါပေမယ့် ဒီကံနှစ်မျိုးလုံးရဲ့ အခြေခံအကြောင်းရင်းကတော့ "အဝိဇ္ဇာနဲ့တဏှာ"ဆိုတဲ့ မလှပတဲ့ အကြောင်းတရားချည်းပဲ ဖြစ်တယ်ဆိုတာ သတိပြု မိကြမယ် ထင်ပါတယ်။ ကံမှာ အဆိုးအကောင်းကွဲပေမဲ့ အကြောင်းရင်းကတော့ "ကိလေသဝဋ်" လို့ အမည်ဆိုးတွင်တဲ့ အကြောင်း မလှမှုကြီးက မကွဲပြားဘူး အတူတူပဲ ဖြစ်နေတယ်ဆိုတာကို သတိပြုမိကြဖို့ပါ။

     ဒီနေရာမှာ အကုသိုလ်ကံနဲ့ပတ်သက်လို့ အထူးပြောစရာမလိုလှပေမယ့် ကုသိုလ်ကံနဲ့ပတ်သက်လို့ တော့ အကြောင်း မလှတဲ့ ကုသိုလ်ကံနဲ့ အကြောင်းလှတဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးနှစ်စားရှိတာကို ဗုဒ္ဓဘာသာဝင်တို့ အလေးအနက် သဘောပေါက်ထားဖို့ လိုတဲ့အတွက် နည်းနည်းပြောချင်ပါသေးတယ်။

    အထက်မှာပြောခဲ့သလို အဝိဇ္ဇာတဏှာဆိုတဲ့ ကိလေသဝဋ်အခြေခံပြီးတော့ သုဂတိဘုံဘဝရောက်လိုမှု၊ လောကီ ကောင်းကျိုးချမ်းသာ ကိုရလိုမှုအတွက် မျှော်လင့်တောင့်တပြီးပြုလုပ်တဲ့ တဏှာနိဿိတကုသိုလ်မျိုးရယ်၊ မိရိုးဖလာ ဓလေ့ထုံးတမ်း အစဉ်အလာ အလေ့အကျက်များ ကိုသာ ကိလေသာစင်ကြယ်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်းအဖြစ် ယုံကြည် လက်ခံပြီးပြုလုပ်တဲ့ ဒိဋ္ဌိနိဿိတ ကုသိုလ်မျိုးရယ်၊ ဒီနိဿိတနှစ်မျိုးနဲ့မကင်းတဲ့ ကုသိုလ်မျိုးကို ဝဋ္ဋနိဿိတကုသိုလ်လို့ခေါ်ပါတယ်။

    ဒီနေရာမှာ ချွင်းချက်အနည်းငယ်ရှိတာကိုလည်း သိထားရပါမယ်၊ ဘဝသမ္ပတ္တိကို တောင့်တတယ်ဆိုသော်လည်း "အလောင်းတော် စမ္ပေယျနဂါးမင်း၊ သင်္ခပါလနဂါးမင်းတို့လို ပါရမီဖြည့်ခွင့်ရအောင် လူဘဝကို တောင့်တမှုမျိုးကား တဏှာ နိဿိတ မဆိုသာ"လို့ လယ်တီဆရာတော်ဘုရားကြီးက ဥတ္တမပုရိသဒီပနီမှာ မှတ်ချက်ပြုပါတယ်။ အလားတူပဲ မိရိုးဖလာ ထုံးတမ်းအစဉ်အလာ အလေ့ အကျက်များကို ပြုလုပ်ရာမှာလည်း "မိမိတို့ရဲ့ ဓလေ့ထုံးတမ်းအကျင့်မျှနဲ့သာ သံသရာက လွတ်မြောက်နိုင်တယ်၊ တခြားစင်ကြယ်ရေး နည်း လမ်းမရှိ"လို့ ခံယူပြီး ဝိပဿနာ,မဂ်,ဖိုလ်တို့ကို ပစ်ပယ်ပြုလုပ်တဲ့ ကုသိုလ်ကိုသာ ဒိဋ္ဌိနိဿိတလို့ ဆိုရတာပါ။ မြတ်ဗုဒ္ဓ ဟောညွှန်တဲ့ သီလသိက္ခာ,သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ကို မပစ်ပယ်ဘဲ အများနှင့်မဆန့်ကျင်ရုံ ဓလေ့ထုံးတမ်းများကို လိုက်နာကာမျှကိုတော့ ဒိဋ္ဌိ နိဿိတလို့ မဆိုရပါဘူး။ သောတာပန်ဖြစ်တဲ့ ဝိသာခါကျောင်း အမကြီး သုဿာန်ကအပြန်မှာ အများနည်းတူ ဂင်္ဂါမြစ်ရေနဲ့ ဦးခေါင်းဆေး ခဲ့တာမျိုးလို သိက္ခာသုံးပါးနဲ့ မဆန့်ကျင်တဲ့ဓလေ့ ထုံးတမ်းမျိုးဟာ ဒိဋ္ဌိနိဿိတမဟုတ်ဘူးလို့ သတိပြုရမှာပါ။

     တဏှာနိဿိတçဒိဋ္ဌိနိဿိတဖြစ်တဲ့ ဒီကုသိုလ်နှစ်မျိုးလုံးကိုပဲ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာတော့ အကုသိုလ်ကံများနည်းတူ "ကမ္မဝဋ်"လို့ ခေါ်ပါတယ်၊ ကိလေသဝဋ်ရဲ့ နောက်ကလိုက်တဲ့ကံဖြစ်လို့ ကမ္မဝဋ်လို့ခေါ်တာပါ။ ကမ္မဝဋ်ဖြစ်သွားပြီဆိုရင် သူ့နောက်က ဝိပါကဝဋ်ဆိုတာ မုချလိုက်ပါတယ်၊ နောက်ကလိုက်တဲ့ ဝိပါကဝဋ်ကတော့ ဒီဆောင်းပါးအစပိုင်းမှာ ပြောခဲ့ သလိုပဲ အကုသိုလ် ကမ္မဝဋ်နောက်က လိုက်တဲ့ ဝိပါကဝဋ်က အပါယ်ဒုဂ္ဂတိပဋိသန္ဓေနဲ့ ဆင်းရဲဒုက္ခများဖြစ်ပြီး ကုသိုလ်ကမ္မဝဋ် နောက်က လိုက်တဲ့ ဝိပါကဝဋ် ကတော့ သုဂတိဘုံဘဝ ပဋိသန္ဓေနဲ့ လောကီချမ်းသာသုခများ ဖြစ်ပါတယ်။ ဒုဂ္ဂတိပဋိသန္ဓေပဲ ဖြစ်ဖြစ်၊ သုဂတိပဋိ သန္ဓေပဲ ဖြစ်ဖြစ် အရိယသစ္စာ အနေနဲ့ ကြည့်လိုက် ရင်တော့ အားလုံးဟာ "ဇာတိပိဒုက္ခာ"ဆိုတဲ့ "ဒုက္ခသစ္စာ"ချင်း အတူတူပဲ ဖြစ်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာ အရကြည့် ရင်လည်း "ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော= အိုနာသေရေး ပူဆွေးသောကများ လွှမ်းခြုံတဲ့ ဒုက္ခအစုအပုံကြီး"အဖြစ်နဲ့ ဇာတ်သိမ်း ရတာချင်း အတူတူပါပဲ။

     ဗုဒ္ဓဘာသာဝင်တို့ ပြောလေ့ပြောထရှိတဲ့ "ဝဋ်လိုက်တတ်တယ် သတိထား"ဆိုတဲ့ စကားမှာ အကုသိုလ် ကမ္မဝဋ်တွေ နောက်မှာသာ ဝဋ်လိုက်တတ်တာ မဟုတ်ဘူး၊ ကုသိုလ်ကံတွေ နောက်မှာလည်း ဝဋ္ဋနိဿိတဖြစ်လို့ ကမ္မဝဋ်စာရင်းဝင်သွားရင် ဝိပါကဝဋ် လိုက်တတ်တယ် ဆိုတာကို သတိပြုမိကြဖို့ပါ။ ဒါကတော့ ကံကောင်းပေမယ့် အကြောင်းမလှတဲ့ ကုသိုလ်ကံများဖြစ် ပါတယ်။

    ကံလဲ ကောင်း အကြောင်းလဲ လှတဲ့ ကုသိုလ်ကံဆိုတာကတော့ - "ယံ ပန လောကုတ္တရံ လောကိယဉ္စ တေဿဝ သမ္ဘာရဘူတံ ဣဒံ အနိဿိတံ"ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာလာ စကားအတိုင်း လောကုတ္တရာဖြစ်တဲ့ မဂ်ကုသိုလ်နဲ့ အဲဒီလောကုတ္တရာကုသိုလ်ကို ရရာရကြောင်း အထောက်အပံ့မျိုးစေ့ဖြစ်စေတဲ့ လောကီကုသိုလ်မျိုးဖြစ်ပါတယ်၊ ဒီကုသိုလ် နှစ်မျိုးတို့ဟာ တဏှာဒိဋ္ဌိတို့ကို မှီတွယ်မှု ကင်းတဲ့အတွက် အနိဿိတ ကုသိုလ်လို့လည်း ခေါ်ပါတယ်။

       ဒီကုသိုလ်မျိုးနဲ့ ပတ်သက်လို့ ဥတ္တမပုရိသဒီပနီကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက "ဘဝသမ္ပတ္တိç ဘောဂ သမ္ပတ္တိများကို ညွတ်တဲ့ တဏှာနိဿိတစိတ်လည်းမရှိ၊ ဒိဋ္ဌိနဲ့လည်း မယှဉ်ဘဲ မိုးကောင်းကင်သဖွယ် အတွယ်အတာကင်းပြီး ဗောဓိဥာဏ်ဆိုတဲ့ တစ်ဖက် ကမ်းကို တမ်းတမ်းစူးစူး အထူးရည်ရွယ်ကာ စင်ကြယ်တဲ့စိတ်နဲ့ ပြုလုပ်တဲ့ ပါရမီကုသိုလ်မျိုးဖြစ်လို့ အနိဿိတကုသိုလ်(ဝါ)ကံလည်း ကောင်း အကြောင်းလည်း လှတဲ့ ကုသိုလ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

    "လောကဂုဏ်သိန်၊ စည်းစိမ်မဖက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း၊ ငဲညှာရှောင်း၊ အလောင်းတော်တို့ ဒါနမှတ်"ဆိုတဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အလင်္ကာအတိုင်းပြုတဲ့ ကုသိုလ်မျိုးပါပဲ။

    ဒီနေရာမှာ "အလောင်းတော်ကြီးများ မဟုတ်ကြတဲ့ သာမန်ပုထုဇဉ်များအနေနဲ့ နိဗ္ဗာန်နဲ့ ဘဝသမ္ပတ္တိနှစ်မျိုးစုံတွဲဖက် ရည်မှန်းပြီးပြုလုပ်ကြတဲ့ အခုကာလကုသိုလ်မျိုးတွေရော အကြောင်းလှတဲ့ ပါရမီကုသိုလ်မျိုးမဖြစ်နိုင်တော့ဘူးလား"လို့ ဈေးဆစ်တဲ့ မေးခွန်း မျိုးလည်း ဝင်လာနိုင်ပါတယ်။

    "နိဗ္ဗာနဿ ပစ္စယော ဟောတု"ဆိုတဲ့စကားကို ရေစက်ချတဲ့ဆရာတော်က တိုင်ပေးလို့သာ လိုက်ဆိုရတဲ့သဘော မဟုတ်ဘဲ အမှန် တကယ် သံသရာဝဋ်က လွတ်မြောက်လိုတဲ့ စေတနာပါရိုးမှန်ရင် အကြောင်းလှတဲ့ ပါရမီကုသိုလ်မျိုးစေ့ မဖြစ်ဘူးလို့တော့ မဆိုနိုင်ပါဘူး၊ ဖြစ်ပါတယ်၊ အဲ - "ဖြစ်တော့ဖြစ်တယ် နှေးတယ်"လို့ဆိုရင် ပိုမှန်မယ်ထင်ပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး လယ်တီဆရာတော်ဘုရားကြီးက ဥတ္တမ ပုရိသဒီပနီမှာ သဘောယုတ္တိပြထားတာကတော့ -

     "ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ, ဘောဂသမ္ပတ္တိတဏှာ အစေးအချွဲ ဖက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ်အကျိုး ပေးရာ ဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာခွာ၍မရ၊ ခွဲ၍မရ၊ ငိုင်၍ကြအောင် အကြပ်အတည်းဖွဲ့စည်းလေ၏၊ အထွဋ်အမြတ် တရားနှင့်တွေ့သော်လည်း တရားဖက်သို့ မပါနိုင်ရှိလေ၏။ ကုသိုလ်ပြုစဉ်အခါ၌ ဘဝတဏှာçဘောဂတဏှာအလူးအလဲမရှိ ဝိဝဋ္ဋမျိုးသက်သက်ဖြစ်ခဲ့သော် ထိုကုသိုလ် အကျိုးပေး၍ ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ်စည်းစိမ်၌ပင် တည်ငြားသော်လည်း တရားနှင့်တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏခြင်း စွန့်နိုင်၏" လို့ဆိုပါတယ်။ ဒီသဘာဝယုတ္တိနဲ့ပတ်သက်ပြီး သာဓကယုတ္တိအဖြစ် ဓမ္မပဒအဋ္ဌကထာလာ ဇောတိကသူဋ္ဌေး အလောင်း ကြံခင်းလုပ်ညီနောင် ဝတ္ထုကိုထုတ်ပြ ပါတယ်၊ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ -

ဝိပဿိဘုရားမပွင့်မီ သာသနာပကာလမှာ ဇောတိကသူဋ္ဌေးအလောင်းဟာ အစ်ကိုနှင့်အတူ ကြံခင်းလုပ် ညီနောင် ဖြစ်ခဲ့တယ်၊ ပစ္စေကဗုဒ္ဓါအရှင်ကို ကြံရည်လှူဒါန်းပြီးတဲ့အခါ အစ်ကိုက "အရှင်ဘုရား ရသိတဲ့ တရားကို ရသိပါလို၏"လို့ တိုတိုပဲ ဆုတောင်းတယ်၊ ညီဖြစ်တဲ့ ဇောတိကသူဋ္ဌေး အလောင်းကတော့ "အရှင်ဘုရားရသိတဲ့ တရားကို ရသိရပါ လို၏"လို့ ဆိုပြီးတော့မှ ဆက်လက်ပြီး "အကြင်မျှလောက် မဂ်ဥာဏ် ဖိုလ်ဥာဏ်တရားကို မသိရသေး၊ ထိုမျှလောက်"အစချီပြီး ဘဝ သမ္ပတ္တိ, ဘောဂသမ္ပတ္တိကို နောက်ဖျားက ဆွယ်လိုက်ပြန်တယ်။

   ဝိပဿိဘုရားရှင် ပွင့်တော်မူတဲ့အခါ ဆုတောင်းတိုတဲ့ အစ်ကိုဖြစ်သူက ရဟန္တာဖြစ်ပြီး အကျွတ်တရားရတယ်။ ညီဖြစ်သူ ဇောတိကအလောင်းကတော့ ဆုတောင်း(တဏှာအစေးအချွဲ)လူးလဲတဲ့အတွက် ဝိပဿိဘုရားရှင်လက်ထက်မှာ စည်းစိမ်ဥစ္စာကို မခွာရက် နိုင်တာကြောင့် သံသရာဝဋ်က မကျွတ်လွတ်နိုင်ခဲ့ဘဲ ဘုရားခြောက်ဆူကို လွန်ပြီးနောက် ငါတို့ဘုရား လက်ထက်ရောက်မှ အကျွတ် တရားကို ရခဲ့ပါတယ်၊ ဒီဝတ္ထုသာဓကိုထောက်ပြီး ဆုတောင်းတိုသူက သံသရာတိုတယ်၊ ဆုတောင်းရှည်သူက သံသရာရှည်တယ်လို့လည်း သံဝေဂ ယူနိုင်ပါတယ်။

     အပိုဆုတွေ တောင်းဆိုတာဟာ ရှည်ရုံရှည်ရင်တော်သေးရဲ့ အတောင်းနေရာမကျခဲ့ရင် ကမောက်ကမအကျိုးတွေ ရရှိပြီး "ဆင်ဖြူတော်ဝင်မည့်ကိန်း ချည်တစ်ဝင်နဲ့ ငြိမ်း"ဆိုတာမျိုးတွေပါ ကြုံရတတ်တာလည်းရှိပါတယ်။ မေဏ္ဍကသူဋ္ဌေးရဲ့ ကျွန်ဖြစ်တဲ့ မောင်ပုဏ္ဏဟာ သူ့သခင်က သူ့အပေါ်သားရင်းပမာ ချစ်ခင်တာကို အလွန်ကြီးကျေနပ်တယ်၊ ပစ္စေကဗုဒ္ဓါအရှင် မြတ်ကိုတွေ့ပြီး ဆွမ်းလှူဒါန်းတဲ့အခါမှာတောင် "ဘဝဆက်တိုင်း မေဏ္ဍကသူဋ္ဌေးလို သခင်မျိုးနဲ့သာ တွေ့ကြုံရပါလို၏"လို့ ဆုတောင်းမိတဲ့အတွက် ဘဝ အဆက်ဆက် ကျွန်ချည်းဖြစ်ရတာမျိုးပေါ့။ ဒါကြောင့် ကံကောင်းသန့်သန့်ကလေးဖြစ်ပြီး အကြောင်းလှစေဖို့အတွက် ဘုရားအလောင်း တော်ဟာ ပြုပြုသမျှ ကုသိုလ်တိုင်း "ဗောဓိဥာဏ်ရဲ့အထောက်အပံ့သာဖြစ်စေသော်"ဆိုတဲ့ ရည်မှန်းချက်တစ်မျိုးကိုသာ ထားပြီးပြုလုပ်သလို မိမိတို့ပြုသမျှ "နိဗ္ဗာနဿ ပစ္စယော ဟောတု" သန့်သန့်ကလေး သာ ရည်မှန်းကြတာ အကောင်းဆုံးပါပဲ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Views: 163

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
18 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service