ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ပူဇော်ထိုက်သူကို ပူဇော်ခြင်း


မင်္ဂလာအတွေးများ ၃

ပူဇာစ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေပါတယ်။ အဲဒီအချိန်မှာ ဘုရားလောာင်းကို ဥဒိစ္စပုဏ္ဏားမျိုးမှာမွေးဖွားပါတယ်။ ဘုရားအလောင်းမွေးတဲ့နေ့မှာပဲ သူရဲ့မိဘတွေက ပုဏ္ဏားတွေရဲ့ ဘာသာဓလေ့တစ်ခုအတိုင်း မီးတစ်ခုကို ဖိုလေးတစ်ခုနဲ့ ပျိုးထားလိုက်ပါတယ်။ ဘုရားလောင်းရဲ့မိဘတွေဟာ မီးပျိုးတဲ့နေ့ကစပြီး ပျိုးထားတဲ့မီး ငြိမ်းမသွားစေအောင် လောင်စာမျိုးစုံနဲ့ မီးဆက်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ဆယ့်ခြောက်နှစ် ကြာလာခဲ့ရော ဆိုပါတော့။

မီးရဲ့အသက်ဟာ တစ်ဆယ့်ခြောက်နှစ်ပြည့်ခဲ့သလို ဘုရားအလောင်းရဲ့အသက်ဟာလည်း တစ်ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပါတယ်။ အဲဒီလို သက်ရှိသက်မဲ့နှစ်ခု တစ်ဆယ့်ခြောက်နှစ်မြောက်တဲ့နေ့မှာပဲ ဘုရားအလောင်းရဲ့မိဘတွေက သူတို့ သားကို ပုဏ္ဏားတွေရဲ့ အစဉ်အလာ စကားတစ်ခုကို ဆိုလာပါတယ်။

ချစ်သား သင်ဟာ တစ်ဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီ။ သင်ချစ်သားမွေးတဲ့နေ့ ကစပြီး ပျိုးခဲ့တဲ့မီးဟာလည်း တစ်ဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီ။ သင်ချစ်သားဟာ အိမ်ရာတည်ထောင် လူတို့ ဘောင်မှာ နေမယ်ဆိုရင် ပျိုးထားတဲ့မီးကို ငြိမ်းလုက်ပြီး ဗေဒင်သုံးပုံကို သင်ပါတော့။ တကယ်လို့  ဗြဟ္မာ့ပြည်ကိုရောက်လိုတယ်ဆိုရင်တော့ သင့်အတွက် ပျိုးထားတဲ့မီးကို ယူပြီး တောထဲဝင်ပါ။ တောထဲမှာပဲ မီးကို လုပ်ကျွေးပူဇော်ပါ။

ဒါဆို သင်ချစ်သားကို ဗြဟ္မာကြီးတွေက နှစ်သက်သဘောကျပြီး ဗြဟ္မာ့ပြည်ကို လာဖို့ ခေါ်ပါလိမ့်မယ်။
ဘုရားအလောင်းက မိဘတွေရဲ့စကားကြားရတော့ ကျွန်တော် အိမ်ထောင်မပြုလိုပါဘူး၊ မီးကိုပဲလုပ်ကျွေးပူဇော်ပါ့မယ် လို့  ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ သူ့ အတွက် ပျိုးထားတဲ့မီးကိုယူခဲ့ပြီး တောထဲကို ၀င်ခဲ့ပါတယ်။ သင့်လျော်တဲ့ ကျောင်းကလေးတစ်ဆောင်လည်း ဆောက်လိုက်ပါတယ်။

ဘုရားအလောင်းလည်း တောထဲရောက်တဲ့နေ့ ကစပြီး မီးကို မငြိမ်းအောင် လောင်စာအမျိုးမျိုးနဲ့ ပူဇော်နေခဲ့ပါတယ်။ သူတို့ ခေတ်က စကားအတိုင်းပြောရရင် မီးကိုလုပ်ကျွေးနေတယ်လို့ ခေါ်ပါတယ်။ အဲဒီခေတ်ကတော့ အကျင့်ကောင်းအကျင့်မြတ်အဖြစ် တန်ဖိုးထားကျင့်ကြံတဲ့ ကျင့်စဉ်တစ်ခုပါ။

တစ်နေ့ တော့ ဘုရားအလောင်းဟာ ကံကောင်းထောက်မစွာ ရွာတစ်ရွာက နွားတစ်ကောင်ရခဲ့ပါတယ်။ ဘုရားအလောင်းဟာ နွားကို ရတယ်ဆိုရင်ပဲ သူစားဖို့ ထက် သူပူဇော်လုပ်ကျွေးနေတဲ့ မီးကိုပဲ ဦးစွားသတိရပါတယ်။ ဘုန်းကြီးသောမီးကို နွားသားကျွေးမယ်ပေါ့။ ကျောင်းပြန်ရောက်တော့ ဘုရားအလောင်းက တစ်ခါထပ်စဉ်းစားပြန်ပါတယ်။ ဘုန်းကြီးတဲ့မီးဟာ နွားသားချည်းသက်သက် စားချင်မှာ မဟုတ်ဘူး။ ဆားလေးပါမှ သဘောကျမယ်ထင်တယ်။ ရွာပြန်ပြီး ဆားရှာဦးမှပဲ ဆိုပြီး နွားကိုဘုန်းကြီးတဲ့ မီးနဲ့ မလှမ်းမကမ်းတိုင်တစ်ခုမှာ ချည်ပြီး ရွာကိုထွက်ခဲ့ ပါတယ်။

ဘုရားအလောင်းရွာကိုထွက်သွားပြီး မကြာခင်မှာပဲ မုဆိုးတွေ ကျောင်းကိုရောက်လာပါတယ်။ မုဆိုးတွေ နွားကိုမြင်လိုက်တယ်ဆိုရင်ပဲ ဒီနေ့တော့ ငါတို့ ကံကောင်းတာပဲ၊ သားကောင် သီးသန့် ရှာစရာ မလိုတောဘူး၊ ဒီနွားဟာ ငါတို့အတွက် သားကောင်ပဲ ဆိုပြီး နွားကို သတ်လိုက်ကြပါတယ်။

ပြီးတော့ မုဆိုးတွေဟာ အဲဒီနေရာမှာပဲ နွားကိုဖျက် သူတို့ အတွက် အသုံးမလိုတဲ့ အမြီး၊ အရိုး၊ အရေတွေ ကို မီးနားမှာစွန့် ပုံ၊ အသုံးတည့်မယ့် အသားလောက်ကိုပဲ ယူပြီး ထွက်သွားကြပါတယ်။
ဘုရားအလောင်း ပုဏ္ဏားပြန်ရောက်တယ်ဆိုရင်ပဲ မြင်ကွင်းကိုကြည့်ပြီး တစ်ခါမှ မတွေးဖူးတဲ့ အတွေးသစ်တစ်ခု ၀င်လာပါတယ်။ သူ့ အတွေးက ဒီလိုပါ။

ဘုန်းရှိတယ်ဆိုတဲ့ ဒီမီးဟာ ကိုယ့်အတွက် ရည်စူးထားတဲ့ နွားကို တောင် မစောင့်ရှောက်နိုင်တာ ငါ့ကို စောင့်ရှောက်ဖို့ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ၊ ဒီမီးကို ပူဇော်နေလို့ ငါ့အတွက် ကုသိုလ်လည်းမဖြစ်နိုင်ဘူး၊ အစီးအပွားလည်း မဖြစ်နိုင်ဘူး၊ အကျိုးမရှိတဲ့ ကျင့်စဉ်တစ်ခုကို ငါစွန့် လွှတ်ဖို့ အချိန်တန်ပြီ
ဘုရားအလောင်းဟာ ဒီလိုတွေးရုံတင်မကဘဲ ချက်ချင်း အပြုအမူတစ်ခုကိုလည်း ထ လုပ်လိုက်ပါတယ်။

ဘုရားအလောင်းဟာ မုဆိုးတွေချန်ခဲ့တဲ့ ပစ္စည်းတွေထဲက နွားမြီးကိုယူလိုက်ပြီး မီးထဲကို ပစ်ချရင်း နှုတ်ကလည်း
ယုတ်မာတဲ့မီးရေ နွားမြီးနဲ့ပဲ နောက်ဆုံးပူဇော်လိုက်ပါရစေတော့၊ သင့်ကို အသားနဲ့ ပူဇော်ဖို့ ပါပဲ၊ ‘ဒါပေမယ့် အခု အသားက မရှိတော့ပါဘူး၊ ဗရာ့ နွားမြီးကိုပဲ ခံယူလိုက်ပါတော့ လို့  ပြောလိုက်ပါတယ်။

ခဏနေတော့ ဘုရားအလောင်းဟာ အနီးမှာ ရှိတဲ့ ရေပုံးနဲ့ရေခပ်ပြီး သူအမြတ်တနိုး ရိုရိုသေသေ ပူဇော်ခဲ့တဲ့ မီးကို ရေနဲ့လောင်းပြီး ငြိမ်းသတ်ပစ်လိုက်ပါတော့တယ်။ နောက် ရသေ့ရဟန်းပြုပြီး တရားကျင့်လိုက်တာ အဘိညာဉ်သမာပတ်တွေ ရပြီး ဗြဟ္မာ့ပြည် ရောက်သွားတယ်လို့ ဆိုပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ကု – နဂုင်္ဌဇာတ်)

အမှန်က ပူဇော်ထိုက်သူကို ပူဇော်လို့ အကျိုးသက်ရောက်မှု တစ်ခုခုရသွားတဲ့ သာဓက ၀တ္ကုလေးတွေ စဉ်းစားလိုက်တော့ ခေါင်းထဲကို အပုဒ်နှစ်ဆယ်ကျော်လောက်ဝင်လာပါတယ်။ပြီးတော့ ၀င်လာတဲ့ နှစ်ဆယ်ကျော်ကလည်း လက်ရွေးစင်တွေချည်းပါပဲ။ စိတ်ထဲမှာလည်း ပျော်သွားပါတယ်။ ကုန်ကြမ်းတွေ အများကြီးပေါ့။ ဒါပေမယ့် တကယ်တမ်း ရေးမယ်လို့ ဘောလ်ပင်ကိုင်လိုက်တော့ တစ်ပုဒ်မှ ထွက်မလာပါဘူး။ ဟိုအပုဒ်ရေးဖြစ်တော့မလို၊ ဒီတစ်ပုဒ်ရေးဖြစ်တော့မလိုနဲ့ ရွေးရခက်နေပါတော့တယ်။

ဒါကြောင့် ဘယ်အပုဒ်ရွေးထုတ်ရင်ကောင်းမလဲလို့ လမ်းလျှောက်ပြီးစဉ်းစားပါတယ်။ ထွက်မလာပါဘူး။ စာရေးစားပွဲပြန်ထိုင်ပြီး စဉ်းစားပါတယ် ထွက်မလာပါဘူး။ နောက်တော့ ခုတင်ပေါ်လှဲပြီးစဉ်းစားပါတယ်။ စဉ်းစားနေရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။ အိပ်ယာကနိုးတော့ တစ်ရေးနိုးရင် အကြံသစ်များ ပေါ်လေမလားလို့  ထပ်စဉ်းစားပြန်ပါတယ်။ ထွက်မလာပါဘူး။ နည်းနည်းလည်း စိတ်ညစ်လာပါတယ်။

အရှိကို မရှိတဲ့နေရာက စဉ်းစားရင်း အဖြေသစ်တစ်ခု ရတတ်တယ်ဆိုတာ ကြားဖူးထားတော့ ခေါင်းထဲမှာ ၀င်နေတဲ့ ပူဇော်ခြင်း အကျိုးပြသာဓက၀တ္ကုနှစ်ဆယ်ကျော်ကို ဆိုင်ရာစာအုပ်တွေထဲ ပြန်ပို့ လိုက်ပါတယ်။

ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူးလည်းဆိုရော ပထမဆုံးဝင်လာတာက မပူဇော်ထိုက်သူကို ပူဇော်မိရင်လည်း အမင်္ဂလာ ဖြစ်တတ်တယ် ဆိုတဲ့ နဂုင်္ဌဇာတ်ကလေးပါ။ သူ့ နောက်မှာကပ်ပါလာတာက သန္က၀ဇာတ်ကလေးပါ။ နဂုင်္ဌဇာတ်ကလေး ခေါင်းထဲရောက်တာနဲ့ အတွေးတံခါးကို ဂျိမ်း ဆိုပြီး အမြန်ပိတ်ချလိုက်ရပါတယ်။ ဒီလိုမှ မလုပ်ရင် သန္က၀ဇာတ်ကလည်း ၀င်လာတော့မှာပါ။ ‘ဒါဆို ရွေးပြဿနာကြီးနဲ့ ရင်ဆိုင်နေရဦးမှာပါ။ ဖြစ်ပုံကတော့ အဲဒီလိုပါပဲ။ ဒါကြောင့် ပထမဆုံးဝင်လာတဲ့ နဂုင်္ဌဇာတ်ကလေးကိုပဲ ထုတ်ပြလိုက်ရတာပါ။

ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာမြတ်သောမင်္ဂလာပါတဲ့။
ဒီနေရာမှာ မေးခွန်းနှစ်ခုထွက်လာပါတယ်။ ပူဇော်ထိုက်သူတွေ ဆိုတာ ဘယ်သူတွေလဲ။ ဘာတွေနဲ့ပူဇော်ရမလဲ။ ဆိုတဲ့ မေးခွန်းတွေပါ။

ပူဇော်ထိုက်သူတွေကတော့ ရတနာသုံးပါး၊ မိဘ၊ ဆရာ၊ အစ်ကို၊ အစ်မ ၊ ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး ယောက္ခမ လင် အသက်အားဖြင့် ကြီးသူ၊ ဂုဏ်အားဖြင့် ကြီးသူ၊့ ပညာအားဖြင့် ကြီးသူ၊ စသည်တွေပါပဲ။
ဘာနဲ့ပူဇော်မလဲဆိုတော့ ပစ္ခည်းဝတ္ကုရယ်၊ အကျင့်ရယ်နဲ့ပါ။ ပါဠိလိုပြောရရင်တော့ အာမိသပူဇာနဲ့ ပဋိပတ္တိပူဇာပါ။

ပူဇော်ထိုက်သူတွေကို ပူဇော်သင့်တဲ့အချိန်မှာ ကိုယ်စွမ်းနိုင်တဲ့ ပစ္ခည်းတစ်ခုခုနဲ့ပူဇော်လိုက်တာဟာ ကိုယ့်အတွက် တကယ့်မင်္ဂလာရှိတဲ့နေ့ တစ်နေ့ ပါ။
ဒီနေရာမှာ ပစ္ခည်းဝတ္ကုတွေနဲ့ပူဇော်မှုကတော့ သိပ်ထင်ရှားနေတဲ့အတွက် သီးသန့်ရေးမပြတော့ပါဘူး။ အကျင့်ပဋိပတ်နဲ့ ပူဇော်ပုံလေးကိုပဲ ရေးပြပါရစေ။

တစ်နေ့ မှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို လေးလကြာရင် ပရိနိဗ္ဗာန်စံတော့မယ့်အကြောင်း မိန့်ကြားလိုက်ပါတယ်။ ဒီတော့ ပုထုဇဉ်ရဟန်းခုနှစ်ရာက မြတ်စွာဘုရားအနားကမခွာတော့ဘဲ မြတ်စွာဘုရားကို ဘယ်လိုပြုပေးရမလဲဆိုပြီး လှုပ်လှုပ်ရှားရှားနဲ့တိုင်ပင်နေကြပါတယ်။ အဲဒီအထဲက အတ္တဒတ္ကလို့ အမည်ရတဲ့ရဟန်းတစ်ပါးကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်၊ ငါ့မှာလည်းရာဂမကင်းသေးဘူး၊

မြတ်စွာဘုရားသက်တော်ထင်ရှားရှိနေတုန်းမှာ အရဟတ္တဖိုလ်ရအောင်လုပ်မှပဲ ဆိုပြီး တစ်နေရာသွားပြီး တရားအားထုတ်နေပါတယ်။ စည်းဝေးတိုင်ပင်နေကြတဲ့ ရဟန်းအုပ်စုဆီမလာပါဘူး။ ဒီတော့ စည်းဝေးတိုင်ပင်နေတဲ့ ရဟန်းတော်တွေက အတ္တဒတ္ကမထေရ်ကို ၀ိုင်းအပြစ်တင်ကြပါတယ်။

နောက်မြတ်စွာဘုရားဆီကိုပါ တစ်ခါတည်း ခေါ်လာပါတယ်။ မြတ်စွာဘုရားက အကြောင်းစုံမေးပြီး ဘယ်လိုမိန့် သလဲဆိုတော့ ချစ်သားရဟန်းတို့ ငါဘုရားကို ချစ်မြတ်နိုးတယ်ဆိုရင် အတ္တဒတ္ကမထေရ်လိုပဲ နေသင့်တယ်၊ ပန်းနံ့သာတွေနဲ့ ပူဇော်တာဟာ ငါဘုရားကို ပူဇော်တာ မမည်သေးဘူး၊ နိဗ္ဗာန်ရရာ ရကြောင်းအကျင့်နဲ့ ပူဇော်မှ ငါဘုရားကို ပူဇော်ရာမည်တယ် လို့ မိန့်ကြားလိုက်ပါတယ်။

ပြောချင်တာက အကျင့်နဲ့ပူဇော်တာကို မြတ်စွာဘုရား လွန်စွာ မြတ်နိုးတော်မူတယ် ဆိုတာပါပဲ။
သားသမီးတစ်ယောက်ဟာ မိဘရဲ့စကားကို နားထောင်နေခြင်းဟာလည်း မိဘကို အကျင့်နဲ့ပူဇော်နေတာမည်သလို တပည့်တစ်ယောက်ဟာ ဆရာ့စကားကိုနားထောင်နေခြင်းဟာလည်း ဆရာကို အကျင့်နဲ့ပူဇော်နေတာပါ။

ကိုယ့်ထက် အသက်၊ ဂုဏ်၊ ပည်ာတွေနဲ့ ပြည့်စုံနေတဲ့သူတွေကို မေတ္တာပါတဲ့ အပြုအမူ၊ မေတ္တာပါတဲ့ အပြောအဆို၊ မေတ္တာပါတဲ့အတွေးခေါ်တွေနဲ့ ဆက်ဆံနေတာဟာလည်း အကျင့်နဲ့ပူဇော်တာပါပဲ။
အိမ်ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေဖြစ်တဲ့ ထမင်းချက်တာ၊ ဟင်းချက်တာ၊ အ၀တ်လျှော်တာ၊ တံမြက်စည်းလှည်းတာတွေမှာလည်း အမှတ်သတိလေးနဲ့ပြုနေမယ်ဆိုရင်လည်း အကျင့်နဲ့ပူဇော်နေတာပါ။

ထမင်းချက်တာ ဒီအတိုင်းချက်နေတာထက် သတိလေးကပ်ပြီး ဆန်ဆေးတော့ ဆေးတယယ၊ ဆေးတယ်၊ ရေသွန်တော့ သွန်တယ် သွန်တယ်၊ ရေအသစ်ထည့်တော့ ထည့်တယ် ထည့်တယ်၊ မီးခလုပ်နှိပ်တော့ နှိပ်တယ် နှိပ်တယ် စသည်ဖြင့် ပြုနေဆဲ ကိုယ့်အမူအရာတွေကို သတိလေးနဲ့လိုက်မှတ်နေရင် သာမန်ထမင်းချက်နေတာမဟုတ်တော့ဘဲ မင်္ဂလာထမင်းတွေချက်နေတာဖြစ်ပါလိမ့်မယ်။

ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်စွန့် ဖို့ အိမ်သာတက်ရင်တောင် စွန့်ချင်တယ် စွန့်ချင်တယ် ၊ စွန့်တယ် စွန့်တယ်။ စွန့်နေတုန်းဗိုက်ထဲက နာကျင်မှုဝေဒနာပေါ်လာရင်လည်း ပေါ်လာတဲ့ ဝေဒနာဆီကို စိတ်ကိုပို့လိုက်ပြီး နာတယ် နာတယ် စသည်ဖြင့် အမှတ်သတိနဲပ အိမ်သာတက်နေရင်လည်း မြတ်စွာဘုရားကို ၀ိပဿနာအကျင့်နဲ့ပူဇော်နေတာပါ။

အိမ်သာတက်ရင်း မြတ်စွာဘုရားကို ပူဇော်နေတယ်ဆိုတော့ လောကဝေါဟာရအရ စကားလုံးက မလှသလိုကြီးဖြစ်နေပါတယ်။ တကယ်စဉ်းစားကြည့်တော့ တကယ်လှတဲ့ အပြုအမူတစ်ခုပါ။ စွန့်ချင်တယ် စွန့်တယ်စသည်ဖြင့် အမှတ်သတိနဲ့ အိမ်သာတက်နေတဲ့ လူတစ်ယောက်ဟာ ပုထုဇဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူတစ်ပါးအပေါ်မနာလို ၀န်တိုတတ်တဲ့ ဣဿာမစ္ဆရိယကိုလည်း တဒင်္ဂအားဖြင့် ပယ်သတ်ပြီးသား ဖြစ်နေပါတယ်။

သူတစ်ပါးကို မုန်းတတ်တဲ့ အာဃာတစိတ်၊ လိုချင်တတ်မက်တတ်တဲ့ လောဘတဏှာစိတ်တွေကိုလည်း တဒင်္ဂအားဖြင့် ပယ်သတ်ပြီးသား ဖြစ်နေပါတယ်။ အိမ်သာတက်ရင်း ပူဇာစပူဇနေယျာနံ မင်္ဂလာဖြစ်နေသလို တစ်ဖက်က အမြတ်ဆုံး ဘာဝနာကုသိုလ်တွေလည်းရနေပါတယ်။ အိမ်သာတက်ရင်း ပိုက်ဆံမကုန်ဘဲ မင်္ဂလာကုသိုလ် ဘာဝနာကုသိုလ်တွေဖြစ်နေတာဟာ အလွန်လှတဲ့ အပြုအမူတစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။ ကျင့်ကြည့်လိုက်စမ်းပါ။

တစ်ချို့ က သီလ၊ သမာဓိ၊ ပညာကြီးသူကို ပူဇော်ရတာဝါသနာပါတယ်။ တစ်ချို့က အသက်၊ဂုဏ်၊ ပညာကြီးသူကို ပူဇော်ရတာ ၀ါသနာပါတယ်။ တစ်ချို့က ကျေးဇူးရှိသူ မိတ်ဆွေသူငယ်ချင်းကို ပူဇော်ရတာ ၀ါသနာပါတယ်။ တစ်ချို့က ဂမ္တီရကိုပူဇော်ရတာကို ၀ါသနာပါတယ်။

တစ်ချို့က တားရော့ကို ကိုပူဇော်ရတာကို ၀ါသနာပါတယ်။ဘယ်ပူဇော်မှုမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် မင်္ဂလာဖြစ်တယ်ဆိုရင် ဆင့်ကဲ့ဆင့်ကဲ ပူဇော်နေဖို့ပါပဲ။ တကယ်လို့ ကိုယ်ပူဇော်နေတဲ့ ပူဇော်နေမှုဟာ မင်္ဂလာမဖြစ်ဘူး၊ ဘုရားအလိုကျမဖြစ်ဘူးဆိုရင်တော့ ဘုရားအလောင်း ပုဏ္ဏားလေး မီးကိုတာ့တာလုပ်လိုက်သလို ကိုယ့်ပူဇော်မှုကိုလည်း လူသားဆန်စွာ တာ့တာလုပ်လိုက်ဖို့ပါပဲ။

ရဝေနွယ် (အင်းမ)

Views: 149

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service