ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကံကောင်းအကြောင်းလှပါစေ(၂)

ကံကောင်းအကြောင်းလှပါစေ(၂)



        ဒီလောက်ဆိုရင်  ကံကောင်းသော်လည်း အကြောင်းမလှခြင်းဟာ ကံမကောင်း အကြောင်းမလှသူများ နည်းတူ  "မွေး,အို, နာ, သေ"ဆိုတဲ့ သံသရာဝဋ်ဒုက္ခကြီးက ရုန်းမထွက်နိုင်ဘူးဆိုတာ  သဘောပေါက်လောက်ပါပြီ။ အဓိက အလေးအနက် ပြောလိုတာကတော့ မိမိတို့  စွမ်းအားရှိသမျှ ကြိုးစားအားထုတ်ရတဲ့ ကုသိုလ်ကံများ ထိုက်တန်တဲ့  အကျိုးတရားတွေ ပြည့်ပြည့်ဝ၀ ပေးခွင့်ရဖို့အတွက် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိတွေနဲ့  တန်ဖိုးဖြတ် မပစ်ကြဘဲ အမြတ်ဆုံး အကျိုးတရားဖြစ်တဲ့ နိဗ္ဗာန်တိုင်အောင်  အထောက်အကူဖြစ်စေရေးကို ရည်မှန်း ပြုလုပ် တတ်စေချင်တာပါ။

    အမှန်ကတော့ မလှပတဲ့အကြောင်းတရားဖြစ်တဲ့ "အဝိဇ္ဇာ"ကို  လှပတဲ့အကြောင်းဖြစ်စေမည့် "ဝိဇ္ဇာ"အဖြစ် ပြောင်းလဲဖို့ ဆိုတာ "နိဗ္ဗာနဿ  ပစ္စယော ဟောတု"ဆိုတဲ့ ရည်မှန်းချက်ကောင်း ထားတတ်ရုံနဲ့တော့  မပြည့်စုံသေးပါဘူး၊ "ရည်မှန်းချက်ကောင်းဆိုတာ ထိုက်တန်တဲ့  လုပ်ဆောင်ချက်ကောင်းများနဲ့ အကောင်အထည်ဖော်ရတယ်"ဆိုတဲ့ သူမြတ်တို့ရဲ့  လမ်းညွှန် ဩဝါဒအတိုင်း ဝိဇ္ဇာမျိုးစေ့ ကုသိုလ် ဖြစ်တဲ့ ဝိပဿနာ အလုပ်ကို  အနည်းဆုံး အနိစ္စသဘောလောက် ဖြစ်စေ နှလုံးသွင်း ဆင်ခြင်တဲ့  အလုပ်ကိုလုပ်ဖို့တော့ လိုပါတယ်။

စူဠပန္ထကမထေရ်မြတ်ဟာ ရှင်ဘုရင်ဖြစ်ခဲ့တဲ့ ဘဝတစ်ခုတုန်းက  တိုင်းခန်းလှည့်လည်ရင် ရင်စီးပုဝါဖြူစနဲ့ မျက်နှာက ချွေးကိုသုတ်လိုက်တဲ့အခါ  မြူအညစ်ကြေးတွေနဲ့ ညစ်နွမ်းသွားတာကိုကြည့်ပြီး မမြဲတဲ့ အနိစ္စသဘောကို  ဆင်ခြင်ခဲ့မိတဲ့ ဝိဇ္ဇာမျိုးစေ့ အထောက် အပံ့ကြောင့် အခုနောက်ဆုံး  ရဟန်းဖြစ်တဲ့ဘဝမှာလည်း တရားအားထုတ်လို့မရနိုင် ဖြစ်နေတဲ့အခါ ဘုရားရှင်က  ပုဝါဖြူကလေးတစ်စပေးပြီး လက်ညှိုးလက်မနှစ်ခုနဲ့ ပွတ်ချေနေစေရာက  အနိစ္စဝိပဿနာဥာဏ်ပွင့်လာပြီး မဂ်ဖိုလ် အဆင့်ဆင့်နဲ့ ရဟန္တာ  အထိဖြစ်သွားခဲ့ပါတယ်။

ဒီသာဓကများကိုထောက်ရှုပြီး အကြောင်းလှတဲ့ ဝိဇ္ဇာမျိုးစေ့စစ်စစ်ဖြစ်ဖို့ဆိုတာ  ဝိပဿနာကုသိုလ်ကို အားထုတ် မှသာ ဖြစ်နိုင် ပါတယ်။  လယ်တီဆရာတော်ဘုရားကြီးကတော့ အနည်းဆုံး ရုပ်ပရမတ္ထတရားတွေထဲက မာတဲ့ ပျော့တဲ့  သဘော၊ ပူတဲ့ အေးတဲ့ သဘော၊ တွန်းတိုးလှုပ်ရွတဲ့ သဘောလောက်မျှကိုဖြစ်စေ  တစ်ခဏနဲ့ တစ်ခဏမတူအောင် ဖြစ်ပျက် ဖောက်ပြန်နေတဲ့ သဘော  လောက်ဆင်ခြင်နှလုံးသွင်းနိုင်ရင်လည်း ဝိဇ္ဇာမျိုး စေ့ဖြစ်ပါပြီလို့  မိန့်ဆိုပါတယ်။ ဒီလောက်ဆိုရင် ကံကောင်းခြင်းနဲ့ အကြောင်းလှခြင်းတို့ကို  ခပ်ရေးရေးတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ဒီကိစ္စဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့  ပိုပြီးပီပီပြင်ပြင် သဘောပေါက်လာအောင် အကျဉ်းချုပ် ကလေးပြန်ပြောပါအုံးမယ်။  ကံနဲ့ ကံရဲ့အကျိုးကိုယုံကြည်တဲ့ သဒ္ဓါတရား ဦးဆောင်ပြီး  ကုသိုလ်ကောင်းမှုပြုတဲ့ အခါ ဘဝသမ္ပတ္တိ , ဘောဂသမ္ပတ္တိ (သုဂတိဘုံဘဝနဲ့  လောကီချမ်းသာတွေ)ကို တောင့်တပြီး ပြုလုပ်ကြရင် ကံကောင်းသော်လဲ  အကြောင်းမလှသေးပါဘူး။ အဝိဇ္ဇာနဲ့တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်  ဦးဆောင်လွှမ်းမိုးပြီး ပြုတဲ့ကုသိုလ်ကံ ဖြစ်နေလို့ပါ။

ကုသိုလ်ပြုရာမှာ ဘဝသမ္ပတ္တိçဘောဂသမ္ပတ္တိတွေကို မတောင့်တဘဲ နိဗ္ဗာန်ကိုသာ  ရည်မှန်းပြီး ပြုလုပ်ရင် အဝိဇ္ဇာ တဏှာ၊ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်  လွှမ်းမိုးမှုမပါတဲ့အတွက် ကံလည်း ကောင်းသလို အကြောင်းမလှမှုလည်း ကင်းပါတယ်။  သို့သော် အကြောင်းမလှမှု ကင်းရုံနဲ့တော့ ကံကောင်းသန့်သန့်ကလေးပဲ  ဖြစ်ပါသေးတယ်၊ တကယ်တန်း "အကြောင်းလှပြီ"လို့ မဆိုသာ သေးပါဘူး။  ဝိဇ္ဇာမျိုးစေ့အစစ်ဖြစ်တဲ့ ဝိပဿနာကုသိုလ်ကို မမြဲတဲ့  အနိစ္စသဘောလောက်ပင်ဖြစ်စေ ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သိရှိအောင်  ကြိုးစားပြုလုပ်မှသာ "ကံလဲ ကောင်း အကြောင်းလဲ လှပြီ"လို့  အခိုင်အမာဆိုနိုင်ပါလိမ့်မယ်။

အခုပြောခဲ့တဲ့စကားပိုဒ်ထဲမှာ "ကိလေသဝဋ် ကင်းကင်းနဲ့ပြုလုပ်တဲ့ ကုသိုလ်ကံဟာ  အကြောင်းမလှမှုကင်းသော်လည်း ဝိပဿနာ ကုသိုလ်မပါသေးရင်  တကယ်အကြောင်းလှတဲ့ကံလို့ မဆိုနိုင်သေးဘူး"ဆိုတဲ့စကားကို သဘောပေါက်ဖို့  အလွန် အရေးကြီးပါတယ်။

မှန်ပါတယ်၊ ကိလေသဝဋ်ကင်းပြီး ပါရမီမြောက်လောက်အောင် နိဗ္ဗာန်ကိုသာ  ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ကံတွေထဲ မှာကိုပဲ စရဏမျိုးစေ့ဖြစ်တဲ့  ကုသိုလ်ကံနဲ့ ဝိဇ္ဇာမျိုးစေ့ဖြစ်တဲ့ ကုသိုလ်ကံဆိုပြီး  နှစ်မျိုးထပ်ကွဲပြားပါသေးတယ်၊ ဒါန,သီလ သမထ အုပ်စုဝင်ကုသိုလ်များဟာ  စရဏမျိုးစေ့ပါရမီ ကုသိုလ်များသာ ဖြစ်ပါသေးတယ်၊ ဝိပဿနာကုသိုလ်ကို အားထုတ်  ထားမှသာ ဝိဇ္ဇာမျိုးစေ့ပါရမီ ကုသိုလ်အဆင့်ရောက်ပါတယ်၊ (သာသနာပကာလတွေမှာလည်း  ဝိပဿနာ ကုသိုလ် အဖြစ်နဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာလောက်တော့  ပွားများနိုင်ပါတယ်၊ အနတ္တလက္ခဏာကတော့ သာသနာတွင်းနဲ့ ကြုံကြိုက်မှသာ  ပွားများနိုင်တာပါ) အဲဒီလို စရဏမျိုးကုသိုလ်  ဝိဇ္ဇာမျိုးကုသိုလ်နှစ်မျိုးစုံမှသာ "ကံလဲ ကောင်း အကြောင်းလဲ  တကယ်လှပြီး"လို့ဆိုနိုင်မယ်လို့ ပြောလိုတာပါ။ "စရဏမျိုးစေ့က ကံကောင်းတာ၊  ဝိဇ္ဇာမျိုးစေ့က အကြောင်း လှတာ"လို့ အတိုချုပ် မှတ်သားနိုင်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မဇ္ဈိမပဋိပဒါနည်းကျကျ ခံယူတတ်ဖို့လဲ  အထူးသတိပြုစေချင်ပါတယ်၊ ကံကောင်းခြင်းဆိုတဲ့ စရဏမျိုးစေ့နဲ့  အကြောင်းလှခြင်းဆိုတဲ့ ဝိဇ္ဇာမျိုးစေ့၊ ဒီနှစ်မျိုးမှာ ဘယ်မျိုးစေ့က  ပိုပြီးအရေးကြီးသလဲလို့ မေးခဲ့ရင် ရုတ်တရက်တော့ "ဝိဇ္ဇာမျိုးစေ့က  ပိုအရေးကြီးတယ်"လို့ ဖြေတတ်ကြတာများပါတယ်၊ အမှန်ကတော့ ဘုရားရှင်တို့  ရဲ့ဂုဏ်တော်တွေမှာ "ဝိဇ္ဇာစရဏ သမ္ပန္န" ဆိုတာအရေးကြီး တဲ့ဂုဏ်ပုဒ်  တစ်ခုဖြစ်နေတာကို ထောက်ဆကြည့်ရင် ဒီမျိုးစေ့ နှစ်ခုလုံးဟာ သူ့ဟာနဲ့သူ  အရေးပါတာချည်းဖြစ်လို့ နှစ်ခုလုံး အတူတူ အရေးကြီးတယ်လို့  ခံယူဆည်းပူးကြရမှာပါ၊ ဒါမှသာ မဇ္ဈိမ ပဋိပဒါနည်း ကျပါလိမ့်မယ်။

ဟုတ်ပါတယ်၊ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင်သုံးပါးနဲ့  သမာဓိမဂ္ဂင်သုံးပါးတို့က စရဏမျိုးစေ့ မဂ္ဂင်များဖြစ်ပါတယ်၊  ပညာမဂ္ဂင်နှစ်ပါးတို့က ဝိဇ္ဇာမျိုးစေ့မဂ္ဂင်တွေပါ၊ စရဏမျိုးမဂ္ဂင်များနဲ့  ဝိဇ္ဇာမျိုးမဂ္ဂင်တို့ နှစ်မျိုးစုံပေါင်းမှသာ မဂ္ဂင်ရှစ်ပါးပြည့်မှာပါ၊  မဂ္ဂင်ရှစ်ပါး ပြည့်စုံမှလဲ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့  လောကုတ္တရာအဆင့်ရောက်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဝိဇ္ဇာမျိုးစေ့နဲ့  စရဏမျိုးစေ့နှစ်မျိုးလုံး အရေး ပါတယ်လို့ ခံယူမှသာ  မဇ္ဈိမပဋိပဒါနည်းကျတယ်လို့ သတိပေး လိုက်ရတာပါ။

ဒီကိစ္စနှင့်ပတ်သက်လို့ လယ်တီဆရာတော်ဘုရားကြီးက ဗောဓိပက္ခိယဒီပနီမှာ -
"သီလ,သမာဓိသည် စရဏမျိုးတည်း၊ ပညာသည် ဝိဇ္ဇာမျိုးတည်း၊  ဝိဇ္ဇာစရဏနှစ်ပါးဖြစ်၏။ ဝိဇ္ဇာသည် လူ သတ္တဝါ တို့၌ မျက်စိနှင့် တူ၏၊ စရဏသည်  ခြေလက်နှင့်တူ၏၊ ဝိဇ္ဇာသည် ငှက်တို့၌ မျက်စိနှင့်တူ၏၊ စရဏသည် အတောင်နှင့်  တူ၏၊ သီလ, သမာဓိနှင့်ပြည့်စုံ၍ ဝိဇ္ဇာဥာဏ် ချို့တဲ့သောသူတို့သည် ခြေလက်  အင်္ဂါပြည့်စုံ၍ မျက်စိ နှစ်ဖက်ချို့တဲ့သောသူနှင့် တူကုန်၏၊  ဝိဇ္ဇာဥာဏ်နှင့်ပြည့်စုံ၍ စရဏတရား အားနည်းလှသော သူတို့သည် မျက်စိ  အင်္ဂါပြည့်စုံ၍ ခြေလက်အင်္ဂါ ချို့တဲ့သောသူတို့နှင့် တူကုန်၏၊  ဝိဇ္ဇာစရဏနှစ်ပါးနှင့် ပြည့်စုံသော သူတို့သည် ခြေ အင်္ဂါ, လက်အင်္ဂါ, မျက်စိအင်္ဂါ  အလုံးစုံ နှင့်ပြည့်စုံသော လူကောင်း သူကောင်းပကတိနှင့် တူကုန်၏၊ ဝိဇ္ဇာ,  စရဏ နှစ်ပါး မှချို့တဲ့သော သူတို့သည် ခြေအင်္ဂါ,  လက်အင်္ဂါ,မျက်စိအင်္ဂါအကုန်ချို့တဲ့၍ အသက်ရှိသည်ဟူ၍ပင် မပြော စလောက်သောသူနှင့်  တူကုန်၏" လို့ ဆုံးဖြတ်တော်မူခဲ့ ပါတယ်။

ဝိဇ္ဇာမျိုးစေ့နှင့် ပတ်သက်လို့ ဆရာတော်ကြီးက "ယုတ်စွာ့အဆုံး ဓာတ်လေးပါးကို  မိမိသန္တာန်မှာ လေးစိတ် လေးပုံ ခွဲခြမ်းပြီး မြင်တတ်ရှုတတ်ရုံမျှ  အားထုတ်နိုင်လျှင်ပင် အတိဒုလ္လဘ ပညာမျိုးစေ့ကောင်းကောင်းကြီးရတော့သည်၊  ဘုရားသာသနာမှာ "ကြုံကြိုက်ခဲလှ တစ်ဘဝ ပြောစလောက် တော့သည်"လို့  မှတ်ချက်ချပါတယ်။

နောက်ထပ် ဝိဇ္ဇာမျိုးစေ့ရနိုင်ပုံ တစ်မျိုးအဖြစ်နဲ့လဲ ဆရာတော်ကြီးက  "တံငါသူကြီး တစ်ယောက်သည် တံငါ အလုပ်တန်းလန်းနှင့်ပင် သင်္ဂြိုဟ်ကိုးပိုင်း၊  ပါဌ်အနက်၊ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဌ်အနက်အကုန် သွက်သွက်လည် ရ၍နေသည်ကို  ငါတို့တွေ့ကြုံရဖူး၏၊ ဝိဇ္ဇာမျိုး ကောင်းကောင်းကြီးဖြစ်သော အမှုပေတည်း"လို့  ဗောဓိပက္ခိယဒီပနီမှာ မိန့်ကြားတော်မူပါတယ်။

ဟုတ်ပါတယ်၊ ရှေးဆရာတော်ကြီးများကလည်း "သာသနာတွင် ဋ္ဌာန်းနှစ်ပင်၊  တစ်ပင်စိုက်က ရိက္ခာရ"လို့ မိန့်ကြားခဲ့တဲ့ ဆိုရိုးစကား ရှိပါတယ်၊  "သာသနာတွင် ဋ္ဌာန်းနှစ်ပင်"ဆိုတာ သာသနာတွင်းမှာသာ အပြည့်အစုံရနိုင်တဲ့  ဝိပဿနာကမ္မဋ္ဌာန်းနဲ့ ပဋ္ဌာန်းဒေသနာ တော်တို့ကိုပြောတာပါ၊ "တစ်ပင်စိုက်က  ရိက္ခာရ"ဆိုတာကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းကိုအားထုတ်ဖူးသည် ဖြစ်စေ၊  ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်နာယူ လေ့လာဖူးသည်ဖြစ်စေ တစ်ခုခု လုပ်ထားနိုင်ရင်  မဂ်ဖိုလ်ရကြောင်းဖြစ်တဲ့ ဝိဇ္ဇာမျိုးစေ့ရိက္ခာရနိုင်တယ် လို့ဆိုတဲ့သဘောပါပဲ။  လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ ရဟန်း ငါးရာတို့ ပဋ္ဌာန်းဒေသနာ  ရွတ်ဖတ်တာကိုကြားနာခဲ့ရဖူးတဲ့အတွက် မဂ်ဖိုလ်ရဲ့ အထောက်အပံ့ဖြစ်တယ်ဆိုတဲ့  သာဓကကို ကြည့်ရင် ဒီအဆိုအမိန့်များဟာ သံသယဖြစ်ဖွယ်မလိုအောင် ခိုင်မာတယ်  လို့ပဲဆိုရမှာပါ။

"မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဝိပဿနာ ဥာဏ်ဝိဇ္ဇာမျိုးစေ့ ရင့်သန်မှုသာ  အဓိကမဟုတ်လား၊ ဘာကြောင့် စရဏမျိုး ကုသိုလ်တွေကိုလဲ  လုပ်နေဖို့လိုအပ်သေးသလဲ"ဆိုတဲ့မေးခွန်းမျိုးကိုလည်း မကြာခဏ ကြားသိနေရပါတယ်။  အဖြေကတော့ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ကိုရရှိနိုင်ဖို့ဆိုတာ  သာသနာတော်နဲ့ကြုံကြိုက်ခွင့် ရခြင်းရယ်၊ ယုံကြည်,ကျန်းမာ,ရိုးဖြောင့်,  အားထုတ်,ဥာဏ်ရှိ"ဆိုတဲ့ အင်္ဂါငါးရပ် ပြည့်စုံခြင်း ရယ်ဆိုပြီး  အခြေခံအကြောင်းတရားနှစ်ချက်နဲ့ ပြည့်စုံရမှပါ၊ ဒီအခြေခံ  အကြောင်းတရားနှစ်ခုပြည့်စုံရေးအတွက် ဝိဇ္ဇာနဲ့စရဏ နှစ်ပါးစုံမှသာ ပြည့်စုံ  နိုင်တဲ့အတွက်ကြောင့်ပါ"လို့ပဲ ဆိုရပါလိမ့်မယ်။

ဟုတ်ပါတယ်၊ စရဏနဲ့ဝိဇ္ဇာဆိုတဲ့ မျိုးစေ့နှစ်မျိုးတို့ဟာ တစ်ခုနဲ့တစ်ခု  အကျိုးပြုပုံချင်း မတူကြပါဘူး၊ စရဏမျိုးစေ့က သာသနာတော်နဲ့ကြုံကြိုက်ခွင့်ရအောင် အကျိုးဆောင်ပေးတတ်ပါတယ်၊ ဝိဇ္ဇာမျိုးစေ့က  ကြုံကြိုက်တဲ့သာသနာအတွင်းမှာ မဂ်ရဖိုလ်ပေါက် အရိယာသံဃာအဖြစ် ရောက်သည်အထိ  အရေးပါအောင်အကျိုးဆောင်ပေးပါတယ်။ အတိုချုပ်ပြောမယ် ဆိုရင်တော့  "စရဏမျိုးစေ့က အခွင့် ကောင်းကြုံစေတယ်၊ ဝိဇ္ဇာမျိုးစေ့က  အရေးပါအရာရောက်စေတယ်"လို ဆိုနိုင်ပါတယ်။

စရဏမျိုးစေ့သာရှိပြီး ဝိဇ္ဇာမျိုးစေ့မပါရင် ဘုရားရှင်လက်ထက်တော်တုန်းက  ဆဗ္ဗဂ္ဂီရဟန်းတို့၊ ရှင်ဒေဝဒတ်တို့၊ ကောသလမင်းတို့လိုပဲ  သာသနာတော်နဲ့ကြုံကြိုက်ခွင့်ရသော်လဲ တစ်မဂ်တစ်ဖိုလ်မျှမရတဲ့အတွက်  အရိယာသံဃာအဖြစ် အရေးမပါနိုင်ဘဲ သာသနာခေတ်ကောင်း ကြီးတစ်ခု အချည်းနှီး  ဆုံးရှုံးသွားရတတ်ပါတယ်။

ဝိဇ္ဇာမျိုးစေ့သာရှိပြီ စရဏမျိုးစေ့မပါပြန်ရင်လည်း အာဠာရရသေ့၊  ဥဒကရသေ့တို့လို မဂ်ဖိုလ်ကိုရလောက်အောင် သီလ, သမာဓိ, ပညာအခြေခံကောင်းပါလျက်  သာသနာတော်နဲ့ကြုံခွင့်မရဘဲ နှစ်လွန်မျိုးစေ့များပမာ ဝိဇ္ဇာမျိုးစေ့တွေ  အချည်းနှီး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကံကောင်းခြင်းဆိုတဲ့  စရဏမျိုးစေ့နဲ့ အကြောင်းလှခြင်းဆိုတဲ့ ဝိဇ္ဇာမျိုးစေ့နှစ်မျိုးလုံးပြည်စုံ  အောင် ဆည်းပူးအားထုတ်နိုင်မှသာ အခွင့်လည်းကြုံ အရေးလည်းပါပြီ လူဖြစ်ကျိုး  သာသနာကြုံကျိုး နှစ်မျိုးလုံး နပ်စေနိုင်မှာဖြစ်တယ်လို့သာ အလေးအနက်  တိုက်တွန်း လိုပါတယ်။ အကျယ်ကို သိလိုတယ်ဆိုရင်တော့ လယ်တီဆရာတော်  ဘုရားကြီးရဲ ဥတ္တမပုရိသဒီပနီနဲ့ ဗောဓိပက္ခိယဒီပနီတို့ကို ကြည့်ဖြစ် အောင်  ကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်။

အားလုံး လူဖြစ်ကျိုး သာသနာကြုံကျိုး နှစ်မျိုးလုံးနပ်ကြဖို့အတွက်
ကံကောင်း အကြောင်းလှကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Views: 104

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service