ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တန်ဖိုး
သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။

ကိုယ်ကျင့်တရားနဲ့ ပညာကသာ လောကကြီးမှာ အမွန်မြတ်ဆုံးပဲ။ (သုတ်သီလက္ခန်ပါဠိတော်)

စီကာ စဉ်ကာ ပူရတဲ့အတွက် စင်္ကာပူတဲ့။ ပြောကြတာ ကြားဖူးတယ်။ ကိုယ်တို့ ရွှေပြည်ကြီးသူ ရွှေပြည်ကြီးသားတွေ ရွာမှာ အဆင်မပြေလို့ စင်္ကာပူမှာ လာကြီး ၀ဋ်ကြွေးတွေ ဆပ်နေကြရတယ်။ ကိုယ်အပါအ၀င်ပဲလို့တော့ မပြောလိုပေမယ့် တစ်ခါတစ်ခါ ပါတယ်လို့ ပြောရမလားဘဲ။ ကိုယ်က စင်္ကာပူရောက်ရင် ဆရာသမားမသိအောင် ဆေးလိပ်ဝယ်သောက်၊ ကွမ်းဝယ်စားရတယ်။ စင်္ကာပူမှာ ဆေးလိပ်တစ်ဗူးကို စင်္ကာပူဒေါ်လာ တစ်ဆယ်လောက်ပေးရသလို၊ ကွမ်းယာဆိုရင်လည်း စင်္ကာပူတစ် ဒေါ်လာဖိုးမှ လေးယာပဲ ရတယ်။ ဒါက စင်္ကာပူလို့အများခေါ်ကြတဲ့ ကြားပွဲစားနိုင်ငံလေး တစ်နိုင်ငံရဲ့ ကိုယ်နဲ့ ပတ်သက်တဲ့ အပူတစ်ခုပါ။


ကိုရွှေအမေရိကားကျတော့ အဲလိုမဟုတ်ပြန်ဘူး။ ကွမ်းယာတော့ မစားဖြစ်တော့ပေမယ့် ဆေးလိပ်က တယ်မပြတ်ချင်ဘူး။ ဖလော်ရီဒါဆရာတော် ဒေါက်တာအရှင်ပညာဇောတကတော့ “မင်းကွာ ဖြတ်နိုင်ရဲ့သားနဲ့၊ မသောက်ပါနဲ့လား”တဲ့။ သံယောဇဉ်ပါတဲ့ သြ၀ါဒလေးဖြစ်သလို၊ ဦးဇင်းဦးနာယကာလင်္ကာရကလည်း မသောက်ပါနဲ့တဲ့၊ စေတနာပါတဲ့ အကြံပေးစကားလေးတွေပါ။ အဲဒီလို နောင်တော်ကြီးများက ဆုံးမပေမယ့် အမိုက်သံသရာက မထွက်ချင်တဲ့ ကိုယ်ကတော့ ဆေးလိပ်ဆို တယ်မပြတ်ချင်ဘူး။ ထားပါတော့။ ပြောချင်တာလေးက ကိုရွှေအမေရိကားမှာ ဆေးလိပ်တစ်ဗူးဆို ငါးကျပ်(ငါးဒေါ်လာ)နီးပါးရှိတယ်။ ဒါပေမယ့်…။

ဟုတ်ပါတယ်။ နယူးယောက်မြို့တော်ကြီးနေတဲ့ ကိုယ့်အသိတစ်ယောက်ကတော့ နယူးယောက်မှာ ဆေးလိပ်ဗူးဈေးကြီးလွန်းလို့တဲ့။ တစ်ဗူးကို တစ်ဆယ်နီးပါးပေးရဆိုပဲ။ ဒါကြောင့် သူက လပ်စ်ဗီးဂတ်တို့ အခြားဆေးလိပ်ဈေးချိုတဲ့ ပြည်နယ်တွေရောက်ရင် ကာတွန်လိုက် ၀ယ်လာတယ်တဲ့။ ဟော ကန်တကီပြည်နည်ကျပြန်တော့ ဆေးလိပ်တစ်ဗူးကို သုံးဒေါ်လာကျော်ကျော်ပဲ ပေးရသတဲ့။ ကျန်တဲ့ပြည်နယ်တွေမှာတော့ အခွန်ရောပါတွက်ရင် ခြောက်ကျပ်ခွဲလောက်ပဲ ပေးရမယ်ထင်တယ်။ ကိုယ်ပြောချင်တာက တန်ဖိုးပါ။ ဆေးလိပ်တန်ဖိုးပါ။ နေရာဒေသတွေ ကွာပြီး တန်ဖိုးတွေ အတက်အကျ ရှိသလို၊ လူတစ်ယောက်ချင်းဆီ ကွာသွားရင်လည်း တန်ဖိုးတွေက အတက်အကျ၊ အနိမ့်-အမြင့် ရှိတတ်သကိုး။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

တန်ဖိုးတဲ့။ စကားလုံးလေးက လှတယ်။ Price/Value လို့ ဂလိုဘယ်ရွာသားတွေ အခေါ်တစ်မျိုးလည်း ရှိရဲ့။ ဟုတ်ပါပြီ။ ဘယ်လို ဘာသာဗေဒနဲ့ပဲ ပြောပြော တန်ဖိုးဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကတော့ အတူတူပဲ ဖြစ်မှာပါ။ ဆေးလိပ်ကြိုက်သူတစ်ဦးအတွက် ဆေးလိပ်ဟာ တန်ဖိုးရှိပေမယ့် ဆေးလိပ်အနံ့မခံနိုင်သူအတွက် ဆေးလိပ်ဗူး အလကားရရင်တော့ တော်တော် စိတ်တိုနေမှာပါပဲ။ ဒီလိုပါပဲ။ ကိုယ်ကြိုက်တဲ့ အရာလေးတွေ ကိုယ့်မှာရှိရင် တန်ဖိုးထားတတ်ကြသလို ကိုယ် မကြိုက်တဲ့ အရာတွေဆိုရင်တော့ တန်ဖိုးထား သိမ်းဆည်းနေကြမှာ မဟုတ်ပါဘူး။ ဒါက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လို့ပါ။ ကိုယ်တန်ဖိုးထားချစ်တဲ့ ချစ်သူဆိုတာတောင် အရွယ်တွေအိုမင်းသွားရင် တယ်တန်ဖိုးမထားချင်ကြတော့ မဟုတ်လား။ ဆိုလိုတာက ရုပ်ဝတ္ထုပစ္စည်းအပေါ်ထားတဲ့ တန်ဖိုးဟာ မမြဲဘူးလို့ ပြောချင်တာပါ။

ဒီလိုပါပဲ။ ကိုယ်နဲ့ ပတ်သက်တဲ့ တစ်ဦးတစ်ယောက်ဆိုပါစို့။ သူဟာ ကိုယ့်စိတ်တိုင်းကျနေမယ်၊ ကိုယ့်အတွက် အသုံးချလို့ရဦးမယ်ဆိုရင် ကိုယ်က တန်ဖိုးထားနေတတ်ပေမယ့် သူမရှိလည်း ဖြစ်တယ်လို့ တွေးလက်ခံလိုက်တာနဲ့ အဲဒီလူဟာ ကိုယ့်အတွက် တန်ဖိုးမဲ့သွားပြီပေါ့။ တန်ဖိုးတွေအကြောင်း စဉ်းစားရင်းနဲ့ သူငယ်ချင်းတစ်ယောက် ပြောခဲ့တာလေးကို သတိရနေမိတယ်။ သူပြောတုန်းက တောင်ကြီးက အပြန်လမ်းမှာပါ။ သူငယ်ချင်းက ပြောတယ်။

“မင်း သတိထားမိလားတဲ့။ ငါတို့ တောင်ပေါ်မှာတုန်းက (တောင်ပေါ်ဆိုတာ တောင်ကြီးမြို့ကို ပြောတာပါ) ငါးရာတန်အချိုရည်ဟာ အခု ယင်းမာပင်မှာ ကားနားတော့ တစ်ထောင်တဲ့။ ပြီးတော့ အောင်ပန်းမှာ ရှစ်ရာတဲ့။ မင်းစဉ်းစားကြည့်ကွာ။ ရန်ကုန်နဲ့ ပိုနီးတဲ့ အောင်ပန်းတို့၊ ယင်းမာပင်တို့မှာ ဈေးမချိုပဲ တောင်ကြီးရောက်မှ ဈေးချိုနေတယ်။ ပစ္စည်းတစ်ခု၊ အရာဝတ္ထုတစ်ခုရဲ့ တန်ဖိုးဆိုတာ အတက်အကျ၊ အနိမ့်အမြင့် သတ်မှတ်တာ နေရာဒေသအပေါ်လည်း မူတည်တယ်ကွ။ နောက်တစ်ခုရှိသေးတယ်။ အချိန်ကာလပေါ့။ အရှင်းဆုံးပြောရရင်ကွာ.. ကိုယ်တို့မိဘတွေ သူတို့ပွဲရုံတွေမှာ ကုန်တွေကိုကြည့်၊ နှမ်းပေါ်ချိန်ဆို နှမ်းဈေးက သိပ်မရှိဘူး။ နှမ်းမပေါ်ခင်တို့၊ နှမ်းပေါ်ပြီး တော်တော်ကြာပီဆိုရင် နှမ်းဈေးက ထိုးတက်သွားပြန်ရော။ ဆိုလိုတာကကွာ.. ရှားပါးတဲ့အချိန်ဆို ပစ္စည်းဝတ္ထုတစ်ခုဟာ တန်ဖိုးတက်သွားတာကို ပြောချင်တာပေါ့။”

“နောက်တစ်ခုက ပယောဂလို့ခေါ်တဲ့ လုပ်အားပဲ ပြောရမလား၊ ဆိုကြပါစို့ကွာ၊ သာမာန်ကျောက်တုံးတစ်ခုနဲ့ ဘုရားဆင်းတုလို တစ်ခုခု ထွင်းထုပီးသား ကျောက်တုံးတစ်ခု၊ ဘယ်ဟာက ပိုတန်ဖိုးရှိမလဲ။ လူတွေရဲ့ ကာယအား၊ ဥာဏအားနဲ့ ထွင်းထုထားတဲ့ ဆင်းတုတော်ကျောက်တုံးက ပိုတန်ဖိုးကြီးတာပေါ့။ အဲနောက်ဆုံး တန်ဖိုးကို တန်ဖိုးဖြတ်တဲ့အရာကတော့ ပုဂ္ဂလဆိုတဲ့ လူတွေ၊ သက်ရှိတွေပေါ့ကွာ။ အနုပညာခံစားတတ်သူအဖို့ အနုပညာလက်ရာမြောက်တဲ့ ပန်းချီပန်းပုဟာ တန်ဖိုးကြီးလှပေမယ့် ဘာခံစားမှုမှ မရှိတဲ့ အနုပညာကို မခံစားတတ်သူအဖို့တော့ ပီကာဆိုတို့လို ကမ္ဘာကျော်အနုပညာရှင်တွေရဲ့လက်ရာလည်း အဲဒီသူအတွက် တန်ဖိုးမရှိတော့ဘူးမဟုတ်လား။ ပြောချင်တာက ခံစားသူအပေါ်၊ နှစ်သက်သူအပေါ် မူတည်ပြီး ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ အတက်၊ အကျ၊ အနိမ့်အမြင့် ဖြစ်သွားရတယ်ဆိုတာပါပဲကွာ။”

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သူငယ်ချင်းပြောခဲ့ဖူးတာလေးပါ။ သူ့အဆို တန်ဖိုးဆိုတာ အချိန်ကာလ၊ နေရာဒေသ၊ ပယောဂ(လုပ်အား)နဲ့ ပုဂ္ဂိုလ်အပေါ်မူတည်ပြီး အတက်အကျ၊ အနိမ့်အမြင့် ကွာသွားတာတဲ့။ သူငယ်ချင်းပြောခဲ့တာတွေကို ကိုယ်က မငြင်းပါဘူး။ ဒါပေမယ့်…. ပရမတ္ထလို့ခေါ်တဲ့ အစစ်အမှန်တန်ဖိုးတွေတော့ မဟုတ်ပါဘူး။ ကိုယ်တို့ ရှင်တော်မြတ်ဘုရားက လောကမှာ ကိုယ်ကျင့်တရားနဲ့ ပညာကသာ တန်ဖိုးအမြင့်မားဆုံးတဲ့။ ဟောကြားခဲ့တာပါ။ ဟုတ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ သူ့ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းသလဲအပေါ်ပဲ မူတည်သလို၊ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာလည်း သူ့ရဲ့ ဆင်ခြေတုံတရားပဲ ခေါ်မလား။ အသိပညာအပေါ်မှာပဲ မူတည်တာလေ။

ဒီနေရာမှာ စကားစပ်မိလို့ ထပ်ပြောရရင် အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ ဆိုတဲ့ စကားလေးအကြောင်း ပြောပြချင်ပါတယ်။ လူတချို့က အထက်တန်းတော့ကျတယ်။ မျက်နှာပန်းမလှဘူး။ ဥပမာ အဲဒီလူတွေက ဟစ်တလာလို ပုဂ္ဂိုလ်တွေပေါ့။ အာဏာရှိတုန်းတော့ အထက်တန်းတော့ ကျပေမယ့် သူ့ကိုကြောက်ပြီးလူတွေက မလွန်ဆန်သာလို့သာ သူ့ကို မောင်မောင်ခေါ်တိုင်း ဘုရားပြန်ထူးနေကြရတာလေ။ ဒီလိုလူတွေက အထက်တန်းကျပေမယ့် မျက်နှာပန်းမလှသူတွေပေါ့။ မျက်နှာပန်းမလှဆို ကိုယ်နဲ့မထိုက်တန်တဲ့နေရာကို ယုတ်မာတဲ့စိတ်နဲ့ ယူထားကြတာကိုး။


နောက်တစ်မျိုးကျတော့ အထက်တန်းတော့ မကျဘူး။မျက်နှာပန်းလှတဲ့သူတွေ၊ ဒီလိုလူတွေက လောကကြီးဆီက ကိုယ်မရသင့်ဘဲ ဘာမှ မယူဘဲ လောကကြီး ဒါမှမဟုတ် လူသားအကျိုးအတွက် ပေးဆပ်ပြီး ကောင်းကျိုးလုပ်ပြီး အသက်ရှင်နေထိုင်ကြသူတွေလေ။ နောက်တစ်မျိုးကတော့ မျက်နှာပန်းလည်း မလှ၊ အထက်တန်းလည်း မကျသူတွေပေါ့။ သူများအပေါ်လည်း မတရားတာတွေလုပ်၊ ကိုယ်က ဘယ်လောက် မတရားတာလုပ်လုပ် အထက်တန်းမရောက်ဘဲ လူပေလူညစ်ဘ၀နဲ့ နေနေရသူတွေလေ။ နောက်ဆုံတမျိုးကတော့ အထက်တန်းလည်းကျတယ်၊ မျက်နှာပန်းလှလှနဲ့လည်း နေသွားတဲ့သူတွေပေါ့။ ဥပမာ ဘုရားရှင်တို့လို၊ (လောကီဘက်က ကြည့်ရင်..ဗိုလ်ချုပ်အောင်ဆန်းတို့လိုပေါ့)။ အများအတွက်လည်း ပေးဆပ်သွားသလို၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်မှာ ရှိသင့်တဲ့ ကိုယ်ကျင့်သီလနဲ့ နေထိုင်သွားနိုင်ကြတဲ့ သူတွေကို ဆိုလိုတာပေါ့။

ဆိုတော့၊ အထက်တန်းကျတဲ့သူဆိုတာ ရှင်တော်ဘုရားဟောခဲ့သလို ကိုယ်ကျင့်တရားနဲ့ အသိပညာမြင့်မားသူတွေကို ဆိုလိုတာပါ။ စကားလုံးရဲ့ တန်ဖိုးနဲ့ ထိုက်ထိုက်တန်တန် နေထိုင်သွားသူတွေပေါ့လေ။ ဟုတ်ပြီ။ ဒါဆိုရင် ကိုယ်တွေကကော…တန်ဖိုးဆိုတာ ဘယ်လိုဖွင့်ဆိုချက်တွေနဲ့ နေထိုင်သွားကြမလဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြတယ်ဆိုရင်ပေါ့။ ကိုယ် ကြိုက်တာ ကိုယ့်တန်ဖိုးဆိုရတော့ ပရမတ္ထ(အစစ်အမှန်)တန်ဖိုးကနေ ဝေးပြီး အတုအယောက်တန်ဖိုးနဲ့ပဲ သေဆုံးသွားရလိမ့်မယ်လို့ ထင်မိပါတယ်။

ကိုင်း…စာဖတ်သူမိတ်ဆွေ..

ကိုယ်ကတော့ တန်ဖိုးဆိုတဲ့ခေါင်းစီးနဲ့ စာရှုသူကို ခေါင်းစားအောင် အချက်လက်အချို့ကို ချပြလိုက်ပါပြီ။ ကျန်တာကတော့ ကိုယ့်အယူအဆနဲ့ကို လွတ်လပ်စွာ ကွဲလွဲခွင့်၊ ငြိမ်းငြိမ်းချမ်းချမ်း တန်ဖိုးသတ်မှတ်ခွင့်ရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမယ်ဆိုရင်တော့ တန်ဖိုးဆိုတဲ့ ဝေါဟာရကို ကျေကျေလည်လည် ခွဲခြားဝေဘန်သုံးသပ်နေမယ်လို့ပဲ ယုံကြည်နေမိပါတယ်လေ။

(ဒီစာလေးနဲ့ ကိုယ့်ကို အမေရိကားတောမက်မဲကြီးထဲမှာ ကိုယ့်ကို တစ်ကိုယ်ထဲ ပစ်ထားခဲ့တဲ့ နောင်တော် ကျေးဇူးရှင် ဦးဇင်းဦးနာယကာလင်္ကာရရဲ့ အိန္ဒိယပညာရေးခရီစဉ်ကို ဦးတင်ဂါရ၀ပြုလိုက်ရပါတယ်။ Have a nice trip ပါ နောင်ကြီးရေ။ အဝေးကနေပဲ ဦးတင်လိုက်ပါတယ်။)

၀၃၊၂၀၊၂၀၀၉ (ည ဆယ်နာရီခွဲ)

အရှင်နေမိန္ဒ(ငွေသာတွင်း)

Views: 67

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
14 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
14 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service