ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“မင်္ဂလာနှစ်ပတ်လည်နှင့် နှစ်ပတ်လည်မင်္ဂလာ”

“မင်္ဂလာနှစ်ပတ်လည်နှင့် နှစ်ပတ်လည်မင်္ဂလာ”

2011-ခု၊အောက်တိုဘာလ ၂၂-ရက် နေ့က LA ဧရိယာထဲက Rosemead မှာနေတဲ့ ကိုမျိုးဝင်းကျော်+မပပစန္ဒီတို့က တစ်ဆယ့်တစ်နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ် ကုသိုလ်ပွဲအဖြစ်နဲ့ သူတို့မင်္ဂလာဆောင်ပြီးစက အတူနေခဲ့တဲ့  Alhambra-မြို့က အဒေါ်အပျိုကြီး အိမ်မှာပြုလုပ်ပါတယ် ကြိုတင်ပင့်လျှောက်စဉ်ကတော့...

   
     အဒေါ်အိမ်မှာ အန္တရာယ်ကင်းဆွမ်းကပ်လို့ပဲ သိထားတာ၊ အနုမောဒနာတရားဟောခါနီးမှ ဒီအလှုက အဒေါ်အိမ်အန္တရာယ်ကင်းရော၊ ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာအထိမ်းအမှတ်ရောတွဲပြီး ပြုလုပ်တာပါလို့ သိလိုက်ရတော့ အနုမောဒနာတရားကို “ဘယ်လိုများဟောလိုက်ရပါ့”လို့ ရုတ်တရက်စဉ်းစားမရဖြစ်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့တစ်ကိုယ်တည်းသမားကိုငဲ့ပြီး ဟောလိုက်ပြန်ရင်လည်း စုံတွဲဇနီး မောင်နှံကို မုဒိတာမပွားနိုင်ရာ ကျသွားလေမလား၊ စုံတွဲကိုငဲ့ပြီးဟောလိုက်ပြန်ရင်လည်း တစ်ကိုယ်တည်းသမားကို ပြက်ရယ်ပြုသလိုဖြစ်ပြီး မျက်နှာပူစရာကြီးများဖြစ်သွားလေ မလားရယ်လို့ပေါ့။

   ဒါနဲ့ပဲ“ မင်္ဂလာနှစ်ပတ်လည်နှင့် နှစ်ပတ်လည် မင်္ဂလာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုတ်တရက် စဉ်းစားလို့ရသမျှပြောပြလိုက်ရတယ်။ ကြိုတင်စဉ်းစားထားခဲ့ တာမဟုတ်တဲ့ အတွက် ပြည့်ပြည့်စုံစုံတော့မဖြစ်လှဘူးပေါ့။

    ဒါပေမယ့် “တကိုယ်တည်းလည်း အမြဲမင်္ဂလာဆောင်နိုင်ကြပါတယ်”ဆိုတာ  တကိုယ်တည်းသမားတွေအားလုံလည်း  သိရှိအားတက်စေချင်သလို မင်္ဂလာနှစ်ပတ်လည်ပွဲထက် တစ်နှစ်ပတ်လည်လုံး မင်္ဂလာအပြည့်ဆောင်နိုင်ကြစေဖို့လည်း  ရည်ရွယ်ပြီး ထပ်ဆင့်ပြန် လည်ပြောပြပါဦးမယ်။

  မင်္ဂလာဆောင်တယ်ဆိုတာ မြတ်ဗုဒ္ဓအလိုတော်အရကတော့ အခုလို “အချိန်တန် အရွယ်ရောက်ပြီး”လို့ဆိုရတဲ့ အသက်နှစ်ဆယ်ဝန်းကျင်တွေ ကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။ တကယ်တော့ မင်္ဂလာဆိုတာ လူမှန်းသိတတ်တဲ့ အချိန်ကစပြီးတော့ ဆောင်ရမှာပါ။

ဟုတ်ပါတယ်၊ လူဆိုတာ လူမှန်းသိတတ်ပြီ၊ ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံ တတ်ပြီဆိုတာနဲ့တပြိုင်နက် မင်္ဂလာဆောင်တတ်ဖို့ လိုအပ်လာပါပြီ။ အဲဒီအချိန်မှာ ပထမဆုံးဆောင်ရမယ့်မင်္ဂလာကတော့ “အသေဝနာ စ ဗာလာနံ= လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနှင့် ကင်းအောင်နေ”ဆိုတဲ့ မင်္ဂလာပါပဲ။

   အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရမယ့် မင်္ဂလာတွေကတော့ ဗုဒ္ဓဘာ သာဝင်တိုင်း သိပြီးကြတဲ့အတိုင်း “ပဏ္ဍိတာနဉ္စ သေဝနာ= ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ”စတဲ့ မင်္ဂလာအဆင့်ဆင့်ပေါ့၊ အဲလိုနဲ့ အသက်ငါးနှစ်ဝန်းကျင် လောက်ရောက် လာပြီဆိုတော့ “ ဗဟုဿစဉ္စ၊ သိပ္ပဉ္စ” စတဲ့ မင်္ဂလာတွေ ဆက်ပြီးတော့ဆောင်ကြရတာပေါ့။

  အသိပညာ၊ အတတ်ပညာတွေ၊ အခုခေတ်လိုပြောရမည် ဆိုရင်တော့ ဘွဲ့တွေ၊ ဒီဂရီတွေပေါ့လေ၊ အဲဒါတွေ ပြည့်စုံတဲ့အခါ ဟို ဇာတ်ပွဲတွေမှာ ပြောသလို “ပညာစုံပြီဆိုတော့ ကြင်ယာစုံဖို့ လိုတယ်”ဆိုတာမျိုး တန်းပြီးမဖြစ်ရသေး ဘူး။ ဘုရားပေးတဲ့ မင်္ဂလာအစီအစဉ်မှာ “ပုတ္တဒါရဿ သင်္ဂဟ” မင်္ဂလာရဲ့ ရှေ့မှာ “မာတာပိတု၊ ဥပဋ္ဌာနံ”တဲ့ ၊ “မြင့်မိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ”ဆိုတဲ့ မင်္ဂလာကို အရင်ဆောင် ရမှာ၊ အဲဒါကို မေ့မနေဖို့အရေးကြီးတယ်။

   တချို့မင်္ဂလာတွေက အဆင့်ကျော်လို့မရဘူး။ အစီအစဉ်ကျရတယ် ၊ ကိုယ်က “အရေးမကြီးပါဘူးလေ”ဆိုပြီး အဆင့်ကျော်လိုက်ရင် ကိုယ်နောက်က ဆက်လိုက် လာမည့် မျိုးဆက်သစ်တွေကလည်း အဆင့်ကျော်ကုန်ကြလိမ့်မယ်။ အဲဒီလိုဖြစ်သွားရင် ကိုယ်နေတဲ့အိမ်က ကြမ်းကို တစ်စတစ်စ ချိုးပစ်လိုက်ရင် နောက်ဆုံးမှာ ကိုယ့်အတွက် ခြေချစရာတောင်မရှိဖြစ်သွားတတ်သလိုပေါ့။

 

   မင်္ဂလာတွေကလည်း ကိုယ်က အမှတ်တမဲ့ကျော်သွားရင် နောင်လာ နောင်သားမျိုးဆက်တွေက ကိုယ့်ထက်ပိုပြီး ခုန်ကျော် သွားကြလို့ တော်နေ ကြာရင် မင်္ဂလာအားလုံး မဲ့သွားမှာပေါ့။ အဲဒါ အရေးတကြီး သတိထားရမည့်ကိစ္စပဲ။ လောကကြီး အမြဲမင်္ဂလာရှိနေစေချင်ရင် လောကထဲကို အရင်ရောက်နှင့်ကြသူတွေက မင်္ဂလာတွေကို မခုန်မကျော်ပဲ အစဉ်အတိုင်းရှိအောင် စံနမူနာပြုကြဖို့ အရေးကြီးတယ်။

    အဲ.. “ပုတ္တဒါရဿ သင်္ဂဟော” ဆိုတဲ့မင်္ဂလာကိုတော့ ချွင်းချက်အနေနဲ့ ထားရမှာ ပေါ့လေ၊ ကိုယ်ကဘုရားသားတော် ရဟန်းတော်ဖြစ်လာတော့ ဒီမင်္ဂလာမျိုးက ဆောင် ခွင့်မှမရဘဲကိုး။ အင်း.. ဒီလိုစဉ်းစားလိုက်တဲ့အခါ ဘုရားရှင်ရဲ့ မင်္ဂလာတွေကို စွမ်းအား ရှိသလောက် အပြည့်ကျိုးစား မည်ဆိုရရင်တောင် အိမ်ထောင်မရှိတဲ့ ပုဂ္ဂိုလ်တွေက အလွန်ဆုံး မင်္ဂလာ(၃၇)ပါးပဲရနိုင်မယ်။

   ဒီနေရာမှာ အိမ်ထောင်ရှိသူတွေက တပန်းသာ တာပေါ့လေ၊ မင်္ဂလာတွေ အားလုံး စုံပြီဆိုရင် သူတို့က (၃၈)ပါးလုံး ပြည့်နိုင်ပေတာကိုး။ ဒါပေမယ့် ဒီလိုပြောလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းလည်းအထင်ကြီးမပစ်လိုက်နဲ့ဦး၊ ရှေ့ပိုင်းမင်္ဂလာများသူတွေဟာ နောက်ပိုင်းမင်္ဂလာတွေ ရောက်ရင် အားနည်းသွားတတ် တယ်ဆိုတာ မင်္ဂလာတရား(၃၈)ပါးကို အစဉ်အတိုင်း တဖြည်းဖြည်းခြင်း ဆင်ခြင်ကြည့် မှ သဘောပေါက်လာလိမ့်မယ်။

   အဲ.. ထားပါတော့၊ ဒီလိုနဲ့ မင်္ဂလာတွေ တဖြည်းဖြည်းဆောင်လာလိုက်ကြတာ “ ပုတ္တဒါရဿ သင်္ဂဟော”ဆိုတဲ့မင်္ဂလာကို ရောက်ကြတဲ့ အခါမှာတော့ ထူးထူးခြားခြား တခြားမင်္ဂလာတွေလို ရိုးရိုးမင်္ဂလာပြုတယ်လို့မသုံးဘဲ“မင်္ဂလာဆောင်တယ်”ဆိုပြီး “ဆောင်”ဆိုတဲ့ စကားလုံးလေး တစ်လုံး ဖြည့်ပြီးတော့သုံးထားကြတယ်။

   ဒါက ဘယ်လိုအဓိပ္ပါယ်လည်းလို့ စဉ်းစားကြည့်တော့ ကိုယ်ဉာဏ်မှီသလောက်ပြောရမည်ဆိုရင် ဒီမင်္ဂလာက တခြားမင်္ဂလာတွေလို တစ်ကိုယ် တည်းပြုလုပ်လို့ မရဘူး၊ နောက်တစ်ယောက်အပိုဆောင်ပြီးမှ ပြုလုပ်လို့ရတာရယ်၊ ပြီးတော့ သူ့ကိုဆောင်မိရင် နောက်ထပ် အပိုတွေကလည်း လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ မဖြစ်မနေ ဆောင်ကြရတော့တာကိုး။ သားတို့၊ သမီးတို့၊ နှစ်ဖက် မိဘဆွေမျိုးတို့ ဆိုတာတွေ ပါလာတော့ “ဉာတကာနဉ္စ သင်္ဂဟော ” မင်္ဂလာတွေကလည်း နှစ်ဆပွားသွားကြတာပေါ့။

    အဲဒီမင်္ဂလာရဲ့နောက်မှာတော့ တကယ့်ကိုယ်မှ အရေးကြီးတဲ့ မင်္ဂလာကြီး တွေ စကြရတော့မယ်။ “ဒါနဉ္စ တို့ ၊  အာရတီ ဝိရတီတို့၊ ဂါရဝေါ စတို့ ” ပြီးရင် ဘဝ အတွက် အရေးအကြီးဆုံးလည်းဖြစ်၊ လူဖြစ်ကျိုး ၊ သာသနာကြုံကျိုး နှစ်မျိုးလုံး နပ်စေ မည့်မင်္ဂလာတွေက လာတော့မယ်။ အဲဒါတွေက “ခန္တီ စ သောဝစဿတာ ” စတဲ့မင်္ဂလာ တွေပေါ့၊ စောစောကပြောခဲ့တဲ့ နောက်ပိုင်းမှာ အရေးကြီးတဲ့မင်္ဂလာတွေဆိုတာ ဒီကစတာပဲ။

    ရှေ့ပိုင်းမင်္ဂလာတွေများခဲ့တဲ့ပုဂ္ဂိုလ်တွေက ဒီနောက်ပိုင်းမင်္ဂလာတွေ ရောက်လာတဲ့အခါမှာတော့ “ပလိဗောဓ”လို့ခေါ်တဲ့ နောက်ဆံတင်းမှုတွေ များနေကြတဲ့အတွက် “သမဏာနဉ္စ ဒဿန”မင်္ဂလာကစပြီး တဖြည်းဖြည်းအားနည်းလာတတ်ကြတယ်။ ညောင်လေးပင်တောရဆရာတော် ဘုရားကြီး မိန့်ကြားတဲ့စကားတစ်ခုရှိတယ်၊ ဆရာတော်ကြီးက “ လိုက်ရှာရတဲ့မင်္ဂလာတွေများရင်၊ ရောက်လာတဲ့မင်္ဂလာတွေ ချို့တဲ့တတ်ကြ တယ်”တဲ့။

   ဟုတ်တယ်လေ၊ ဘဝအတွက်အရေးအကြီးဆုံးဖြစ်တဲ့ ဒီမင်္ဂလာတွေက အရွယ် အားလျော်စွာ မဖြစ်မနေဆောင်ဖို့ တကယ်ကို ရောက်လာကြပြီ၊ အဲဒီမင်္ဂလာတွေ ချို့တဲ့ သွားမည်ဆိုရင် “ လူဖြစ်ကျိုး၊ သာသနာကြုံကျိုး ” ဆိုတဲ့ တကယ့်ဒုလ္လဘတရားကြီးတွေ အချည်းနှီးဆုံးရှုံးသွားကြမှာဆိုတော့ ဒါဟာ လုံးဝကို မချို့တဲ့သင့်တဲ့ မင်္ဂလာကြီးတွေပဲ ၊

     မိုးကုတ်ဆရာတော်ဘုရားကြီး အမြဲသတိပေးလေ့ရှိတဲ့  “သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ချည်း အချိန်ကုန်နေကြရင် အပါယ်ငရဲစာတွေ ဖြစ်ကုန်မယ်”ဆိုတဲ့ စကားဟာ ဒီလို အရေးကြီးတဲ့ မင်္ဂလာကြီးတွေချို့တည့်ကြတဲ့ သူတွေကို ရည်ညွှန်းတာဖြစ်မှာပေါ့။

    အဲ.. အဲဒီလိုအရေးကြီးတဲ့မင်္ဂလာကြီးတွေအခန်းရောက်လာတဲ့ အခါမှာတော့ နောက်ဆံတင်းမှုမရှိတဲ့ တစ်ကိုယ်တည်းသမားတို့ ၊ ဦးဇင်းတို့လို ရဟန်းတော်တို့က ပိုပြီးတော့ အခွင့်အရေးသာကြပြန်ရောဗျို့။ ဒီအခန်းရောက်တော့ တစ်ကိုယ်တည်း သမားတွေ လက်မထောင်မယ်ဆို ထောင်စရာပေါ့၊ ဦးဇင်းတို့ကတော့ “သပျစ်သီးခိုင် ကို မမှီလို့ ချဉ်တယ်ပြောကြတာ”လို့ ဆိုချင်လည်း ဆိုကြရော့။ ဒီနေရာမှာ လက်မထောင်ပြီး ဦးခေါင်းမော့ပြလိုက်ချင်သလိုလိုဖြစ်မိတယ်၊ ကိုယ့်မှာ ဂုဏ်ယူစရာဆိုလို့လည်း ဒါလေးပဲရှိတာကိုး..နော့၊ အဲဒီတော့ တစ်ကိုယ်တည်း သမားတွေ လည်း အားမငယ်ကြပါနဲ့၊ တကယ့်အရေးကြီးတဲ့ မင်္ဂလာကြီးတွေဆောင်ဖို့ကြတော့ ကိုယ်ကတစ်ပန်းသာပါတယ်။ အဲ.. ဆောင်မည် ဆိုရင်ပေါ့လေ။

     ဒီနေရာမှာ အထူးသတိပေးချင်တာကတော့ မြတ်ဗုဒ္ဓအလိုအရ မင်္ဂလာဆောင်တယ်ဆိုတာ နှစ်ကိုယ်တွဲမိမှ မဟုတ်ပါဘူး။ တစ်ကိုယ်တည်းလည်း ဆောင်နိုင်ပါတယ် ဆိုတာပါပဲ။ အဲဒီလို အရေးကြီးတဲ့ မင်္ဂလာကြီးတွေကို ဆောင်တဲ့အခါမှာလည်းပဲ ဟို.. မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင် မိန့်ကြားခဲ့သလိုပဲ “ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ ” ဆိုတဲ့အတိုင်း အပြင်မှာ သံယောဇဉ်အပေါင်းအဖေါ်လည်း မထား၊ အတွင်းမှာ ကိလေသာ အပေါင်းအဖေါ်လည်းကင်းပြီး တစ်ကိုယ်တည်းသွားနိုင် ကာမှ နေရာကျတာကိုး။

   ဘာပဲဖြစ်ဖြစ် မင်္ဂလာဆိုတာ နှစ်ကိုယ်တွဲပဲဖြစ်ဖြစ်၊ အပိုအဆွဲတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်တည်းပဲဖြစ်ဖြစ်၊ “ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ”ဆိုတဲ့အတိုင်း နောက်ဆုံးမှာ သစ္စာလေးပါးကို အရဟတ္တဖိုလ်ပေါက် ထိုးထွင်းသိမြင်ပြီးတော့မှသာ ပြီးပြည့်စုံတဲ့ မင်္ဂလာအစစ်ကြီးဖြစ်ပြီး “ လောကဓံကြုံ၊ မဖြုံတန်းပေါ့၊ မတုံစမ်းနဲ့၊ စိတ်ခိုင်စေ”ဆိုတဲ့အတိုင်း တကယ့်ကိုယ် လွတ်မြောက်ခိုင်မာတဲ့ ဝိမုတ္တိရသဆိုတဲ့ သာသနာ့အမွေ ကြီးကို ရကြရောက်ကြရမှာဖြစ်ပါတယ်။

   ဒါကြောင့် မင်္ဂလာဆောင်တယ်ဆိုတာ အခုလို“မင်္ဂလာနှစ်ပတ်လည်” ခေါ်တဲ့ တစ်နှစ်မှာတစ်ခါလုပ်ကြတာမျိုးသာမကပဲ တစ်နှစ်ပတ်လည်လုံး အမြဲတမ်း မင်္ဂလာရှိနေ ကြဖို့၊ ဆောင်ကြဖို့လိုပါတယ်။ ဒါမှသာ မြတ်ဗုဒ္ဓအလိုကျ တကယ်မင်္ဂလာ အပြည့်ရှိ သူများဖြစ်နိုင်ကြမှာပါ။

   ထပ်ပြီးတော့ ပြောလိုက်ပါဦးမယ်၊ တကယ်ပြီးပြည့်စုံတဲ့ မင်္ဂလာ အတွက်ဆိုရင် တစ်ကိုယ်တည်းသမားတွေဟာ တစ်အုံတစ်မကြီး သမားတွေထက် အခွင့်အရေးသာပါတယ်၊ လိုက်ရှာရတဲ့မင်္ဂလာ (ပုတ္တဒါရဿ သင်္ဂဟော)ကို ပြန်တွေးမနေကြဘဲ ၊ ရောက်လာတဲ့ မင်္ဂလာလို့ဆိုရမည့် တကယ့် မင်္ဂလာကြီးတွေ ဘုရားရှင်အလိုကျ ပြီးပြည့်စုံရအောင် စွမ်းစွမ်းတမံ ကျိုးစားကြရင်း “အရိယသစ္စာန ဒဿန” ဆိုတဲ့ သစ္စာလေးပါး ထိုးထွင်းသိမြင်ပြီး  မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာမင်္ဂလာ အစစ်ကြီး အထိ ပြီးပြည့် စုံအောင်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Views: 101

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
15 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
15 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service