ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့

မင်္ဂလာအတွေးများ ၆

အတ္တသမ္မာပဏိဓိစ၊ ဧတံမင်္ဂလ မုတ္တမံ။

မိမိစိတ်ကိုကောင်းစွာထားခြင်းသည် မြတ်သောမင်္ဂလာမည်၏။

မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။

တစ်ခါတုန်းက ဘုရားအလောင်း ဟရိတစရသေ့ဟာ ဟိမ၀န္တာတောမှာ သီတင်းသုံးနေပါတယ်။ တရားကျင့်ရင်း ဈာန်အဘိညာဉ်သမာပတ်တွေလည်း ရထားပါတယ်။ တစ်နေ့တော့ ချဉ်ဆားမှီဝဲဖို့ ဗာရာဏသီမြို့ကို ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာလာရင် ဆားဓာတ်နည်းလာပြီး ဒူးခေါင်းတွေကြီးလာတတ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် တောထဲမှာနေရတဲ့ရသေ့တွေဟာ ခန္ဓာကိုယ်မှာ ဆားဓာတ်နည်းလာပြီဆိုရင် မြို့တက်ပြီး ချဉ်ဆားအလှူခံလေ့ရှိပါတယ်။

ဟရိတစရသေ့ဟာ မြို့ရောက်တော့ ဗာရာဏသီမင်းရဲ့ နန်းတော်ကိုသွားပြီး ချဉ်ဆားအလှူခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစရသေ့ကို မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်မှာပဲ သီတင်းသုံးစေပါတယ်။

တစ်နေ့မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို့ကြုံလာပါတယ်။ဒါကြောင့် စစ်ထွက်ခါနီးမှာ ဆရာရသေ့ကို ကောင်းကောင်းလုပ်ကျွေးဖို့ မိဖုရားကို မှာခဲ့ပါတယ်။

မိဖုရားက မင်းမှာခဲ့တဲ့အတိုင်း ဆွမ်းဘောဇဉ်ကိုကောင်းကောင်းပြင်ပြီး ရေချိုး နံသာရေလိမ်းပြီး စောင့်နေလိုက်ပါတယ်။ ရသေ့ကို စောင့်ရင်းနဲ့ အမှတ်တမဲ့ ခုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။

မိဖုရားအိပ်ပျော်နေစဉ်မှာပဲ ရသေ့က ဈာန်နဲ့ ပြတင်းပေါက်က ၀င်လာပါတယ်။ မိဖုရားက လျှော်တေသင်္ကန်းသံကြားလို့ အမှတ်တမဲ့ထလိုက်တာ ၀တ်ထားတဲ့ဝတ်ရုံက အောက်လျှောကျသွားပါတယ်။ ရသေ့က မိဖုရားရဲ့ ၀ိသဘာဂအာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာတည်နေတဲ့ ကုဋေနှစ်သိန်းလောက်ရှိတဲ့ ကိလေသာတွေဟာ တစ်ခါတည်း ထကြွလာတယ်လို့ဆိုပါတယ်။ ရထားတဲ့ဈာန်လည်း ထကြွလာတဲ့ကိလေသာတွေနဲ့အတူ ကွယ်ပျောက်သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့အဆင့်ထိ ရောက်သွားပါတယ်။

ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက မင်းကို တိုင်ကြပါတယ်။ ဒါပေမယ့် မင်းက မယုံဘူး လို့ဆိုပါတယ်။ အမတ်တွေက တစ်ယောက်မက တိုင်လာတော့ မင်းက မိဖုရားကို သင် ရသေ့နဲ့မှားယွင်းတယ်ဆိုတာ ဟုတ်လား လို့မေးကြည့်ပါတယ်။ မိဖုရားကလည်း မှန်ပါတယ်လို့ ၀န်ခံပါတယ်။ဒါပေမယ့် မင်းက မယုံပြန်ပါဘူးတဲ့။နောက်ဆုံးရသေ့ကို တိုက်ရိုက်သွားမေးတော့မှပဲ ရသေ့က ဟုတ်ပါတယ် မင်းကြီးလို့ ပြောလိုက်ပါတယ်။ဒီတော့မှပဲ မင်းက ယုံသွားပါတယ်။

ပြီးတော့ ဟရိတစရသေ့က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည်ယူပါတယ်။

ငါဟာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီ၊ ငါ့ရဲ့ အမှားကို ငါကိုယ်တိုင်ပဲ တည်ဆောက်ယူလို့ရမယ်၊ မင်းကြီးလည်းတည်ဆောက်ပေးလို့မရဘူး၊ မိဖုရားကြီးလည်း တည်ဆောက်ပေးလို့မရဘူး၊့ ကိုယ့်အမှားကို သိတဲ့သူဟာ ပြုပြင်ယူဖို့ မခဲယဉ်းပါဘူး။

ရသေ့က အဲဒီလိုဆင်ခြင်ပြီး မင်းကြီးကို မင်းကြီးရေ ငါ့ကို ခွင့်လွှတ်ပါ၊ ငါဟာ မနေသင့်တဲ့အရပ်မှာ နေခဲ့လို့ လူတွေရဲ့ပါးစပ်ဖျားမှာ ကဲ့ရဲ့စရာ ဖြစ်ကုန်ပြီ၊ မိန်းမနဲ့ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့ လို့ပြောပြီး တောကိုပြန်ကြွသွားပါတော့တယ်။

ဟရိတစရသေ့ဟာ ကိုယ့်စိတ်ကိုပြန်တည်ဆောက်ပြီး တရားပြန်ကျင့်လိုက်တာ မူလကရထားတဲ့ ဈာန်အဘိညာဉ်တွေ ပြန်ရသွားခဲ့ပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ကု –ဟရိတစဇာတ်)

ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ၀တ္ထုလေးတစ်ပုဒ်ကိုလည်း ခပ်ကျဉ်းကျဉ်းထပ်ပြောလိုက်ပါရစေဦး။ အာရုံနှိုးတဲ့အနေနဲ့ပေါ့၊ ကဿပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးရှိပါတယ်။ အဲဒီရဟန်းက သီလလည်း တော်တော်စင်ကြယ်ပါတယ်။ တစ်နေ့တော့ သူ့ကျောင်းကို အာဂန္တုကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ့ရဲ့ဆွမ်းကပ်နေကျဒကာက ကျောင်းမှာ အာဂန္တုရဟန်းတစ်ပါးရောက်နေတယ်ဆိုတာ သိရတော့ မနက်ကျရင် အာဂန္တုရဟန်းကိုပါပင့်ခဲ့ဖို့ ဖိတ်သွားပါတယ်။

အဲဒီအချိန်မှာ ကျောင်းထိုင်ကိုယ်တော်ရဲ့ သန္တာန်မှာ အာဂန္တုရဟန်းအပေါ် မနာလိုဝန်တိုတတ်တဲ့ ဣသာ မစ္ဆရိယစိတ်တွေက တဖွားဖွား ပေါ်လာတော့တာပါပဲ။ဒီတော့ မနက်ဆွမ်းစားသွားခါနီးမှာ လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုးနှိုးခဲ့ပါသတဲ့။ အိမ်ရောက်တော့ ဒကာကို သင့်ကိုယ်တော် အအိပ်ကြီးနေတယ် ခေါင်းလောင်းထိုးနှိုးတာတောင် မနိုးဘူး လို့ မိန့်ပါတယ်။

ဒကာကတော့ ရိပ်မိလိုက်ပါပြီ၊ ဒါကြောင့် အပြန်မှာ အာဂန္တုကိုယ်တော်အတွက် ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော်အတွက် ဒုတိယအကြိမ် ဣသာ မစ္ဆရိယစိတ်တွေ ထပ်ဝင်လာပြန်ရော၊ဒီတော့ ဆွမ်းကို လမ်းမှာပဲ သွန်ပစ်ခဲ့ပါတော့တယ်။

အဲဒီမကောင်းတဲ့စိတ်ဟာ သူ့ဘ၀ရဲ့တစ်သံသရာလုံးကို ဒုက္ခပေးခဲ့ပါတယ်။ သူတင်မကပါဘူး၊ ရွာတစ်ရွာမှာ လူသွားဖြစ်ရင် တစ်ရွာလုံးဆင်းရဲသွားကြတဲ့အထိပါ။

တကယ်လို့သာ အဲဒီရဟန်းဟာ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ဖြစ်တာနဲ့ ချက်ချင်းသိပြီး ကိုယ့်စိတ်ကလေးကို အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်ယူလိုက်မယ်ဆိုရင် ဇာတ်လမ်းက တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ အခုတော့ ဇာတ်လမ်းကမလှတော့ဘူး ဖြစ်သွားပါတယ်။

မင်္ဂလာ (၃) ပါးထဲမှာ စာရေးသူ စိတ်အ၀င်စားဆုံး မင်္ဂလာက အတ္တသမ္မာပဏိဓိမင်္ဂလာပါ။ ဘာဖြစ်လို့လဲဆိုတော့ မကြာခဏ အဲဒီ အတ္တသမ္မာပဏိဓိမင်္ဂလာနဲ့ဆန့်ကျင်ဘက်ဖြစ်ဖြစ်နေတတ်လို့ပါ။

အတ္တသမ္မာပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ်မှန်ကြည့်သလို သတိနဲ့စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့စိတ်ဖြစ်တာနဲ့ ချက်ချင်းသိ၊ သိတာနဲ့တပြိုင်နက် ပယ်ပစ်နိုင်ဖို့ပါ။ ဘယ်လိုပယ်မလဲဆိုတော့ ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီးပယ်တာနဲ့ ပွားများပြီး ပယ်တာပါ။

ငါ့မှာ မကောင်းတဲ့စိတ်ဖြစ်နေပြီ၊ သူတစ်ပါးအပေါ်မကောင်းတဲ့စိတ်ဟာ ငါ့အောင်မြင်မှု ငါ့တိုးတက်မှု ငါ့ဘ၀ င့ါအနာဂတ်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်နေတာပဲ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက်အောင်မြင်တယ်လို့ တစ်ခါမှ မကြားဖူးသေးဘူး စသည်ဖြင့် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို မကောင်းတဲ့စိတ်ဖြစ်နေတာလေးကိုပဲ သတိကပ်ပြီး မကောင်းတဲ့စိတ်ဖြစ်နေတယ် မကောင်းတဲ့စိတ်ဖြစ်နေတယ်ဆိုပြီး အချက်သုံးဆယ်လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့အချိန်မှာ ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်ဆိုရင်လည်း မျက်လုံးလေးကို အသာလေးမှိတ်ထားပြီး မကောင်းတဲ့စိတ်ဖြစ်နေတာလေးကို အာရုံညွတ်နိုင်သမျှညွှတ်ပြီး သိနေဖို့လည်း အရေးကြီးပါတယ်။

သူတစ်ပါးအပေါ်မကောင်းတဲ့စိတ်ကို ဆင်ခြင်ပြီးပဲ ပယ်ပယ၊် ပွားများပြီးပဲ ပယ်ပယ်၊ ပယ်ပစ်နိုင်ဖို့က အဓိကပါ။

ဥပမာ လမ်းသွားရင်း မကောင်းတဲ့စိတ်ဖြစ်တယ်ဆိုပါစို။ လှမ်းနေတဲ့ခြေလှမ်းကို ချက်ချင်းရပ်ပစ်လိုက်ပြီး ကိုယ်စွမ်းနိုင်တဲ့နည်းနဲ့ ပယ်ပစ်နိုင်ရမယ်။ အထူးသဖြင့် ပွားများပြီးပယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့မကောင်းတဲ့စိတ်ကို အသွားမှာပဲ ပယ်ပစ်နိုင်ဖို့ပါ။

ဒီလိုပါပဲ ကားစီးရင်းပဲဖြစ်ဖြစ်၊ ဧည့်ခံပွဲတက်ရင်းပဲဖြစ်ဖြစ်၊ ထိုင်ရင်းပဲဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ်၊ဖြစ်တာနဲ့သိ၊ သိတာနဲ့ပယ်ပစ်ဖို့ပါပဲ။

အကျင့်တစ်ခုဆိုတာကျင့်ယူရတာပါပဲ။ အတိတ်ဘ၀က အကုသိုလ်အထုံတွေများခဲ့တော့ အတိတ်အထုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျင့်စမှာ နည်းနည်းခက်ရင်ခက်မယ်၊ ကျင့်ပါများလာရင်တော့ အဆင်ပြေသွားပြီး အလေ့အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ ဒါဆို အလေ့အကျင့်ကလေးတစ်ခုဖြစ်နေပြီး မကောင်းတဲ့စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာစတဲ့ ကောင်းတဲ့စိတ်ကလေးတွေ ၀င်လာပါလိမ့်မယ်။

အောင်မြင်ခြင်း၊်မအောင်မြင်ခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ အသက်ရှည်ခြင်း မရှည်ခြင်း ကျန်းမာခြင်း မကျန်းမာခြင်း စသည်တွေကို အတ္တသမ္မာပဏိဓက လူသားတစ်ယောက်အတွက် များစွာ ပြဌာန်းထားပါတယ်။

ဟိုဟိုဒီဒီသွားနေစရာမလိုဘဲ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ဣရိယာပုထ်မရွေး ကျင့်လို့ရတဲ့အကျင့်လေးတွေကို ကျင့်ကြံလိုက်စမ်းပါ။ အောင်မြင်စေချင်လို့ပါ။

စာဖတ်သူ စကားလေးတစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ဖြစ်တဲ့နေ့ဟာ ကိုယ့်အောင်မြင်မှု၊ ကိုယ့်တိုးတက်မှု၊ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တဲ့နေ့ပါပဲ။ တကယ်ပါ၊ အကြားနဲ့ပြောတာမဟုတ်ပါဘူး။ ကိုယ်တွေ့မို့လို့ပြောတာပါ။

ရဝေနွယ် (အင်းမ)

Views: 122

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service