ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အနှစ်ကို အကာထင် ၊ အကာကို အနှစ်ထင်

အနှစ်ကို အကာထင် ၊ အကာကို အနှစ်ထင်

ညနေဆည်ဆာ နေ၀င်ပြုစအချိန်တိုင်း တက္ကသိုလ်ဝင်းထဲမှာ စာရေးသူတို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်းလိုလို လမ်းလျှောက်ထွက်ရင်း ကျောင်းမှာ တစ်နေ့တာ လေ့လာခဲ့တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးလေ့ရှိပါတယ်။ တက္ကသိုလ်ကျောင်းဝင်းကြီးက ကျယ်ဝန်းလှတော့ ကျောင်းထဲမှာလဲ အရိပ်ကောင်းကောင်း ပေးစွမ်းနိုင်တဲ့ သစ်ပင်ကြီးတွေ၊ စားလို့ရတဲ့ ပိန်းနှဲပင်၊ သရက်ပင်၊ အုန်းပင်၊ မာန်ကလာပင် စသည့် အပင်ပေါင်းစုံတို့ဖြင့်လည်း ၀ိုင်းရံ အုပ်စိုင်းနေပါတယ်။ သီးစားပင်တွေရှိလို့ ကျောင်းထဲမှာလည်း ငှက်ကလေးတွေ၊ မျောက်ကလေးတွေလည်း သူတို့ရဲ့ တစ်နေ့တာ အစားစာအတွက် လာလာစားလေ့ရှိပါတယ်။ တစ်နေ့တော့ လမ်းလျှောက်ထွက်ဖို့ အတူသွားနေကြ သူငယ်ချင်းတွေကလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေကြတော့ စာရေးသူ တစ်ယောက်တည်းပဲ စာအုပ်လေး တစ်အုပ် လက်ကကိုင်ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ကျောင်းဝင်း တစ်ပတ် လမ်းလျှောက်ပြီးနောက် အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်မှာ ခဏထိုင်ရင်း သစ်ပင်အပေါ်မှာ ငှက်ကလေးတွေ၊ မျောက်ကလေးတွေ အစာစားနေကြတာကို ငေးမောကြည့်နေမိခဲ့တယ်။ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။ 
ထိုထဲကနေမှ အကြည့်တစ်ချက် ထိဟက်မိသွားတာကတော့ မျောက်ကလေးတစ်ကောင်ပါ၊ ပိန်းနှဲပင်ပေါ်မှာ ပိန်းနှဲသီးတွေကလည်း မှည့်တဲ့အသီးတွေရော၊ စိမ်းတဲ့အသီးတွေပါ ရှိနေပါတယ်၊ မျောက်ကလေးတစ်ကောင်ဟာ အဲဒီပိန်းနှဲပင်ပေါ်တတ်ပြီး ပိန်းနှဲသီးတွေကို လိုက်စမ်းသပ်ကြည့်ပါတယ်။ ပထမဆုံး မှည့်နေတဲ့ ပိန်းနှဲသီးကို သူ့လက်ကလေးနဲ့ နေရာအနှံ့ စမ်းသပ်ပြီး လက်နဲ့ ပိန်းနှဲသီးကို အလွယ်တကူ ကုတ်ဖဲ့လိုက်တာ အထဲ ထဲက ပိန်းနှဲအစံတွေ ထုပ်ယူစားဖို့ အဆင်ပြေသွားပါတယ်။ ဒါပေမယ့် အဲဒီအသီးကို မစားပဲ နောက်ထပ် ပိန်းနှဲသီး တစ်လုံးကို ထပ်ပြီး ရှေးနည်းတူ သူ့လက်ကလေးတွေနဲ့ စမ်းသပ်တယ်။ အဲ..အဲဒီနောက်တစ်လုံးက အတော် စိမ်းမည့်ပုံရပါတယ် မျောက်ကလေးဟာ အားကြိုးမာန်တတ် သူ့လက်တွေနဲ့ ကုတ်ဖဲ့လိုက်၊ ပါးစပ်နဲ့ ကိုက်ဖဲ့လိုက် လုပ်နေလိုက်တာ အချိန်အတော်ကလေး ကြာသွားပါတယ်။ မျောက်ကလေးလည်း အလွန်ပင်ပန်း သွားပုံပေါ်ပါတယ်။ ထို့နောက် သူ့ရဲ့ ကြိုးပန်းမှု့ အောင်မြင်သွားပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒီတစ်လုံးကိုလည်း မစားပဲ စွန့်ခွာပြီး နောက်ထပ်တစ်ခါ အသစ်ပိန်းနှဲသီးတစ်လုံးကို ထပ်ပြီးတော့  ရှေးနည်းအတိုင်း ထပ်လုပ်ဆောင်ပြန်ပါတယ်။
ဒီတခါ တစ်လုံးကတော့ စောနက အစိမ်းသီး စိမ်းတာထပ်ကို တော်တော်လေး စိမ်းပါတယ်။ ပြီးတော့ အသီးကလည်း သေးငယ်တော့ ကျစ်လစ် မာကြောလောက်မယ်ထင်ပါတယ်။ ဒါကိုလည်း မျောက်ကလေးကတော့ ဇွဲမလျှော့ဘူး အားကြိုးမာန်တတ် အထဲ ထဲက အနှစ်သာရတွေ စားရဖို့တွက် အလွန်ထက်မြက်လှတဲ့ စူးတွေကိုလည်း ကြောက်ရွန့်မှု့မရှိဘဲ အဆက်မပြတ် ခွာထုပ်နေခဲ့ပါတယ်။ ဒုတိယ တစ်လုံးတောင် ဖက်ဖက်မောအောင် ကြိုးစားလုပ်ဆောင်ခဲ့ရတာ အခုနောက်ထပ် တစ်လုံးသာဆို
သူအတွက် ဘယ်လောက်တောင် ထပ်ပြီး ပင်ပန်းရဦးမလဲ၊ စာဖက်သူတို့သာ စဉ်းစားကြည့်ပါတော့။ ထိုကဲ့သို့ပါပဲ စာရေးသူ၊ စာဖက်သူတို့ဘ၀မှာလဲ အခွင့်ခါခိုက်လို့ ရခဲ့တဲ့ အရာ၊ ခက်ခက်ခဲခဲနဲ့ ကိုယ်လုပ်ဆောင်လို့ ရခဲ့တဲ့ အရာကို တခါတရံ တန်းဖိုးထားရကောင်းမှန်းမသိ၊ အကျိုးရှိရှိ အသုံးချရကောင်းမှန်းမသိဘဲ မသေချာ မရေရာသေးတဲ့ အရာများနောက်သို့သာ ကောင်းနိုး ကောင်းနိုးနဲ့ လိုက်လေ့ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ လက်ရှိရှိနေတာတွေလည်း တန်းဖိုးထားရကောင်းမှန်းမသိတော့ လက်လွတ် ဆုံးရှုံးလိုက်ရတယ်။ မရသေးတဲ့ အရာတွေနောက်ကို လိုက်ပြန်တော့လည်း အခက်ခဲတွေ၊ အဆင်မပြေမှုတွေနဲ့သာ တွေ့ကြုံကြရတယ်။

ဒီနေရာမှာ စာရေးသူ စိတ်ထဲ အတွေးတစ်ခု စီးဝင်လာပါတယ်။ အဲဒါကတော့ မျောက်ကလေးဟာ သူ ပထမဆုံး စပြီးတွေ့တဲ့ ပိန်းနှဲသီးဟာ  သူ့ရဲ့လက်နဲ့ ပါးစပ်တွေကို နာကြင်မှု့ မဖြစ်စေဘဲ၊ ပြီးတော့ သူ့ရဲ့ ခွန်အားတွေကို မကုန်ခန်းစေဘဲ အလွယ်တကူနဲ့ အနံ့၊ အရသာ၊ ချိုမြိန်ကောင်းမွန်တဲ့ အနှစ်သာရကို ပေးစွမ်းနေပါလျက်နဲ့ ဘာဖြစ်လို့များ မစားဘဲ စွန့်ပစ်သွားခဲ့တာလဲ၊ ထိုင်ကြည့်ရင်းနဲ့ မျောက်ကလေးအစား “တယ်….အ,လိုက်တဲ့ မျောက်ကလေး ငါသာဆို အဲဒီ ပိန်းနှဲသီးအမှည့်ကို စားပြီးပြီး အခုတော့ ဘာဟုတ်တဲ့ အစိမ်းသီးတွေလိုက်ပြီးတော့ ရှာစားနေတယ်”ဟု အားမလို အားမရ ဖြစ်မိတာတော့ အမှန်ပါ၊ ဒါနဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းက အဖြစ်သနစ်လေးတွေ ပြန်သတိရလို့ ဖောက်သည် ချလိုက်ပါဦးမယ်။ စားရေးသူတို့ ငယ်ငယ်တုန်းက မိဘတွေက အစိုးရ တန်းကျောင်းပိတ်တဲ့အခါ ဘာသာရေး အသိပညာရှိအောင်၊ လိမ္မာယဉ်ကျေးအောင်ဆိုပြီး ရွာဘုန်းကြီးကျောင်းကို ပို့လေ့ရှိပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွင်း ဘုန်းကြီးကျောင်းရှိ ဆရာတော်ကလည်း ရွာရှိကလေးတွေ ဗုဒ္ဓစာပေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရရှိအောင်ဆိုပြီး အမြဲသင်ကြား ပြသလေ့ရှိပါတယ်။ ရွာကျောင်းဆိုတော့ စာဖက်သူတို့ သိတဲ့အတိုင်းပဲလေ သရက်ပင်၊ ပိန်းနှဲပင်က အလွန်ပေါတာ။ စားရေးသူကလည်း ပိန်းနှဲသီးဆို နောနော် သီးချင်းလို “အတိုင်းထက်လွန်ပဲ”ဆိုတာလို အလွန်ကြိုက်နှစ်သက်တာ။ စာရေးသူနည်းတူ ကျန်တဲ့ သူငယ်ချင်းတွေကလည်း ကြိုက်ကြတာပေါ့။ ပိန်းနှဲသီး အကြိုက်ပြိုင်ဘက်တွေလို့ ပြောရင်လဲ မှားမယ် မထင်ပါဘူး။
စာရေးသူတို့က တစ်ခါ တစ်လေ ဘုန်းကြီးကျောင်းမှာ ညအိပ်လေ့ရှိတယ်။ ညအိပ်တာတော့ အိပ်ချင်လို့ အိပ်တာတော့ မဟုတ်ပါဘူး၊ ရွာဘုန်းကြီးကျောင်းက ပိန်းနှဲပင်က ပိန်းနှဲသီး မှည့်နေတဲ့ နေ့မှ အိပ်လေ့ရှိတာပါ။  အကြောင်းကတော့ ပိန်းနှဲသီး စားချင်လို့ပါ၊ ပိန်းနှဲသီးစားချင်လို့ စောင့်နေတဲ့ အကြံတူတွေကလည်း စာရေးသူတို့တင်မဟုတ်ပါဘူး၊ ကြောင် လည်းပါ,ပါတယ်။ ပိန်းနှဲသီး မှည့်တဲ့နေ့ဆို အဲဒီ ကြောင်က ဘယ်လိုသိမှန်းကို စာရေးသူတို့လည်းမသိပါဘူး၊ ဒါပေမယ့် ပိန်းနှဲသီး မှည့်တဲ့နေ့ ည သန်းခေါင်လောက်ဆို အဲဒီကြောင် လာမယ်ဆိုတာတော့ စာရေးသူတို့ အားလုံးသိနေကြပါတယ်။ မြွေမြွေချင်း ခြေမြင်တဲ့ သဘောပေါ့၊ သူလာမှလည်း စာရေးသူတို့ သူငယ်ချင်းတွေ စားရမှာမို့လို့ပါ၊ ည သန်ခေါင်ယံဆို စာရေးသူတို့ သူငယ်ချင်းတွေ မအိပ်ကြပါဘူး သူလို ကိုလို အိပ်ချင်ယောင်ဆောင်နေကြတယ်၊ ပြီးတော့ အချက်ပေး အသံ တစ်ခုကိုလည်း သတိထား နားစွင့်နေကြတယ်။ အဲဒီ အသံကတော့ “ဘုတ်” ဆိုတဲ့ အသံပါပဲ။ ကြောင်က ပိန်းနှဲသီးကို စားတဲ့အခါ သူက အညှာခေါင်ကနေ လက်သဲနဲ့ ကုတ်ဖဲ့စားတော့ ပိန်းနှဲသီးဟာ အညှာကျွတ်ပြီး ပြုတ်ကျလေ့ရှိပါတယ်။  စာရေးသူတို့ သူငယ်ချင်းတွေလည်း အဲဒီ ပိန်းနှဲသီး ကြွေကျတဲ့ “ဘုတ်”ဆိုတဲ့ အသံကြားတာနဲ့ တစ်ပြိုင်နက် သူသူ ကိုကို ခြေတင် ပြေးကြတော့တာပဲ။ ပိန်းနှဲသီး တွေ့တာနှင့် တစ်ပြိုင်နက် ၀ိုင်းဖွဲ့ပြီး စားလိုက်ကြတာ မိနစ်တောင် မကြာလိုက်ဘူး ခဏလေးနဲ့ ကုန်သွားပါတယ်။ အဲဒီနေရာမှာ အစားနှေးတဲ့သူကတော့ ငှက်ဖို့သာ ရှိပါတယ်။
အဲဒီလောက်ထိအောင် ငယ်ငယ်လေးကတည်းက ပိန်းနှဲသီးကို ကြိုက်ခဲ့တာပါ။ အဲဒါကြောင့် စာရေးသူ ထိုင်နေရင်း မြင်တွေ့နေရတဲ့ မျောက်ကလေးကို ဒီလောက် အနှစ်အရသာ ချိုမြုံးမှုကို ပေးတဲ့ ပိန်းနှဲသီးအမှည့်ကိုမှ မစားဘဲ စွန့်လွတ်ခဲ့တာကို စဉ်းစားရင်း အားမလို အားမရ ဖြစ်နေခဲ့တာပါ။  
နောက်ထပ် ဒုတိယ တစ်လုံးမှာလည်း ကြည့်ပါဦး ပိန်းနှဲသီးက စိမ်းနေတော့ အနံ့၊ အရသာ၊ ချိုမြိန်ကောင်းမွန်တဲ့ အနှစ်သာရကို မပေးစွမ်းနိုင်ဘူး၊ အဲဒါကိုပဲ သူခမျာ အားကြိုးမာန်တတ် လက်နှစ်ဖက်နဲ့ ကုတ်ဖဲ့လိုက် ပါးစပ်နဲ့ ကိုက်ဖဲ့လိုက် လုပ်ပြီးလို့ စားလို့ ရတဲ့အခြေအနေ ရောက်နေမှ မစားတော့ဘဲ စွန့်လွှတ်ပြီး၊ သူ့ထက် ပိုဆိုးတဲ့ မာကြောခက်ထန် စူးဘလပြန်ထနေတဲ့ ပိန်းနှဲသီးတစ်လုံးကို ထွင်ဖို့ ထပ်ကြိုးစားနေပြန်တယ်။ စာရေးသူလည်း မျောက်ကလေးကို ကြည့်ရင် “ အင်း …. ဒီမျောက်ကလေး ဒီလိုနဲ့ပဲ ရွေးချယ်ရင်း လိုက်လေ..ဝေးလေ… လိုက်လေ…ဝေးလေ…..အနှစ်သာရတွေနဲ့ လွဲလေ..ဖြစ်တောမယ့်” ဆိုတဲ့ သက်ပြင်း တစ်ချက် ချလိုက်မိပါတယ်။
ဒီလိုနဲ့ အချိန်လည်း အတော်ကလေးကြာသွားပါတယ်။ စာရေးသူလည်း ထိုင်နေရာက ထကာ ဒီအကြောင်းအရာ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တစိမ့် စိမ့်တွေးရင်း အဆောင်သို့ ခြေဦးတည့်ကာ တရွှေ့  တရွေ့  ပြန်လာခဲ့တယ်။
အဲဒီနောက် အတွေးမပျက် ရှေ့ဆက်လျက် အဆောင်ထဲလည်း အ၀င် သူငယ်ချင်း တစ်ယောက်က တရားခွေ ဖွင့်ထားတဲ့ အသံကို ကြားလိုက်ရတဲ့အခါ တရားဟော ဆရာတော်က “အသာရေ သာရမတိနော၊ သာရေစာ သာရ ဒဿိနော တေသာရံနာဓိဂစ္ဆိန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။ သာရဉ္စသာရတောဥတွာ၊ အသာရဉ္စအသာရတော တေသာရမဓိဂစ္ဆာန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။ အနှစ်သာရမရှိသော အရာဝတ္ထု၌ အနှစ်သာရရှိ ၏ဟု မှတ်ထင်ခြင်း။ အနှစ်သာရရှိသော အရာဝတ္ထု၌ အနှစ်သာရမရှိဟု အမြင်ရှိခြင်း။ လွဲမှားသောအကြံစည် အယူဆလျှင် လိုက်စားရာရှိကုန်သော ပုဂ္ဂိုလ် သတ္တ၀ါတို့သည် သီလစသော အနှစ်သာရ၊ စစ်မှန်သော အကျိုးရလဒ် အနှစ်သာရကို မရရှိနိုင်ကြဘူး။
အနှစ်သာရရှိသော အရာကို အနှစ်သာရရှိဟု သိမြင်ခြင်း၊ အနှစ်သာမရှိသော အရာကိုလည်း အနှစ်သာရမရှိ ဟု သိမြင်ခြင်း၊ မှန်ကန် ကောင်းမြတ်သောအကြံစည် အယူအဆလျှင် လိုက်စားရာရှိကုန်သောပုဂ္ဂိုလ် သတ္တ၀ါတို့သည် သီလစသော ဓမ္မဂုဏ်၊ စစ်မှန်သော အကျိုးရလဒ် အနှစ်သာရကို ရကြလိမ့်မယ်။” ဆိုတဲ့ တရားဂါထာ တစ်ပုဒ်ကို ကြားလိုက်ရတော့ အတွေးတစ်ချက်က ဆေးတစ်စက်နဲ့ တေးထပ်ပေးလိုက်တော့ မတွေးရက်စရာ အော်…..မျောက်ကလေးဘ၀ နေ့တစ်ရက်စာ ဘေးကပ်ခဲ့ရပြီပေါ့လို့ သနားစိတ်ကလေး ဖြစ်မိခဲ့တယ်။ အကြောင်းကတော့ မျောက်ကလေးဟာ အလွန်အနှစ်သာရ ပြည့်ဝတဲ့ အရသာကောင်းမွန်တဲ့ ပိန်းနှဲသီးကို မစားပဲ အရသာမရှိ အနှစ်သာရလည်း မရှိတဲ့ ပိန်းနှဲသီးကိုမှ အနှစ်သာရရှိလိမ့်မည်ဟု ထင်မှတ်ကာ အငမ်းမရ ရှာဖွေနေခဲ့လို့ပါ။ ရလဒ်အနေနဲ့ အချိန်ကုန်ခြင်း၊ မောပန်းခြင်း နှင့် အဆင်မပြေခြင်းတွေနဲ့သာ သူ့အတွက် တွေ့နေခဲ့ရပါတယ်။
ဒါဟာ ဘာမှမသိသေးတဲ့ တိရစ္ဆာန်လေးတွေရဲ့ အဖြစ်ပြတ် သာဓကတွေသာ ရှိပါသေးတယ်။ သိတတ်တဲ့ ဆင်ခြင်တုန်တရားရှိတဲ့ စာရေးသူတို့ လူ့လောကထဲမှာလဲ “အနှစ်သာရရှိတဲ့အရာကို အနှစ်သာရ ရှိသောအရာလို့ မသိမြင်(လက်ရှိ မိမိလက်ဝယ် ပိုင်ဆိုင်ရရှိထားတာကို တန်ဘိုးထားရကောင်းမှန်း မသိမြင်ခြင်း)၊ အနှစ်သာရ မရရှိတဲ့အရာကို အနှစ်သာရ ရှိသောအရာလို့ ထင်မြင်ယူဆခြင်း (မိမိလက်ဝယ် မရရှိသေးတဲ့အရာ၊ မပိုင်ဆိုင်တဲ့ အရာများ နောက်ကို လိုက်ခြင်း၊ ရှာဖွေခြင်း၊ လိုက်စားခြင်း၊ ပြီးတော့ တန်ဘိုးထားခြင်း)”စသည့် ဒီလို အဖြစ်သနစ်တွေ မရေမတွက်နိုင်အောင် ရှိနေကြတာ စာဖက်သူတို့အနေနဲ့လည်း ဒီမျောက်ကလေးရဲ့ သာဓကကို ထောက်ဆပြီး ထင်သာ မြင်သာနိုင်ပါတယ်။ အဲဒီလို အယူအဆ အမှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးရလဒ်တွေ၊ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးရလဒ်တွေကြောင့် အခက်ခဲတွေ၊ ကျရှုံးမှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ကြုံကြရတယ်။ အဲဒီနောက် လောကကြီး တစ်ခုလုံးလည်း အဖက်ဆယ်မရအောင် ဒုက္ခတွေ ပင်လယ်ဝေခဲ့ရတယ်။ ဒါကြောင့် အတွေးအခေါ်အယူအဆ၊ နားလည်မှုတွေ ရှိဖို့ စာရေးသူတို့ အနေနဲ့ ကြိုးစားသင့်ပါတယ်။
အနှစ်သာရ ရှိသော အရာကို အနှစ်သာရရှိတဲ့အတိုင်း သိမြင်ဖို့ရယ်၊ အဲဒီအနှစ်သာရကို အကျိုးရှိရှိ တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ရယ်၊ အနှစ်သာရ မရှိတဲ့ အရာကို အနှစ်သာရ မရှိတဲ့အတိုင်း သိမြင်ဖို့၊ အနှစ်သာရ မရှိတာကို စွန့်လွှတ်ဖို့၊ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
စာဖက်သူ မိတ်ဆွေ သူငယ်ချင်းများလည်း အနှစ်သာရရှိသော အရာများကိုသာ ယူတတ်ပြီး အနှစ်သာရပြည့်ဝတဲ့ သူများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း………………….

Views: 195

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service