ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတရှိပါစေ။

မင်္ဂလာအတွေးများ ၇
ဗဟုသစ္စဉ္ခ၊ ဧတံမင်္ဂလမုတ္တမံ။

အကြားအမြင် ဗဟုသုတများခြင်းသည် မြတ်သော မင်္ဂလာမည်၏။

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတရှိပါစေ။

တစ်ခါတုန်းက ဃောသကဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့အဓိကအားနည်းချက်က စာလုံးဝမတတ်တာပါပဲ။ဃောသက က သူဌေးကြီးရဲ့သားပါ။ သားအရင်းတော့ မဟုတ်ပါဘူး။ မွေးစားသားပါ။ ထုံးစံအတိုင်း သူဌေးကြီးမှာ သားအရင်းတစ်ယောက်လည်း မွေးဖွားလာရော မွေးစားသား ဃောသကကို ချစ်လို့မရတော့ပါဘူး။ သူဌေးရာထူးကိုလည်း ဃောသက က သားအကြီးဆိုတော့ စည်းကမ်းအရ ဃောသကကိုပဲ လွှဲပေးရမှာပါ။ ဒီတော့ သူဌေးကြီးက ဃောသကကို ငယ်စဉ်ကတည်းက အမျိုးမျိုးသတ်ဖို့ ကြံခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။

ဒီလိုနဲ့ ဃောသက လူပျိုအရွယ်လည်း ရောက်လာရော သူဌေးကြီးက ဒီကောင့်ကို မဖြစ်မနေ သေအောင်သတ်တော့မှပဲ ဆိုပြီး သူဌေးကြီးရဲ့စီးပွားတွေကို အုပ်ချုပ်ကောက်ခံပေးနေရတဲ့ ကိုယ်စားလှယ်ဆီ ယခုလာသော သားယုတ်မာကို သူမသိအောင်သတ်ပစ်လိုက်ပါ လို့ စာရေးပြီး ဃောသကကိုပဲသွားပြီး ပို့ခိုင်းလိုက်ပါတယ်။

ဃောသကက သွားခါနီး ဖခင်သူဌေးကြီးကို ဦးချကန်တော့ပြီး လမ်းမှာ ကျွန်တော်ဘယ်လိုထမင်းစားရမလဲလို့ မေးတော့ သူဌေးကြီးက သူ့ရဲ့မိတ်ဆွေ ဇနပုဒ်သူဌေးတစ်ယောက်ရဲ့အိမ်မှာ ၀င်စားဖို့ မှာလိုက်ပါတယ်။ ဃောသကလည်း ဖခင်သူဌေးကြီးပေးလိုက်တဲ့စာကို ယူလာပြီး လမ်းခုလပ်က ဇနပုဒ်သူဌေးရဲ့အိမ်မှာ ခေတ္တခဏ၀င်တည်းပါတယ်။ ဇနပုဒ်သူဌေးမှာ ဃောသကနဲ့ သက်တူရွယ်တူ သမီးတစ်ယောက်ကလည်း ရှိနေပါတယ်။

ဇနပုဒ်သူဌေးရဲ့သမီးက ဃောသကသူဌေးသား ရောက်နေတဲ့အကြောင်းကို အိမ်စေကျွန်မတစ်ယောက်ဆီက ကြားလိုက်ရပါတယ်။ ဃောသက ဆိုတဲ့အသံ ကြားလိုက်တာနဲ့ သူဌေးသမီးစာ ရိုးတွင်းချဉ်ဆီအထိ အချစ်စိတ်တွေဖြစ်သွားတယ်လို့ စာမှာဆိုပါတယ်။ အဲဒီလိုဖြစ်ရတာကတော့ အတိတ်ဘ၀တစ်ခုက ပစ္ခေကဗုဒ္ဓါတစ်ပါးကို ဆွမ်းတစ်စလယ်ချက် အတူတကွ လောင်းလှူခဲ့ဖူးလို့ပါတဲ့။

ဒါနဲ့ သူဌေးသမီးလည်း ဃောသကရှိရာကို ထွက်ခဲ့တယ်။ သူဌေးသမီး ဃောသကကိုတွေ့ရတဲ့အချိန်မှာ ဃောသက က ခုတင်ပေါ်မှာ ပင်ပန်းလွန်းလို့ထင်ပါရဲ့၊ အိပ်မောကျနေပါပြီ။ သူဌေးသမီးက ဃောသကကို နီးနီးကပ်ကပ်ကြည့်လိုက်တော့ ဃောသကရဲ့ ပုဆိုးစွန်းမှာ စာလေးတစ်စောင်တွေ့ရပါတယ်။ ယူဖတ်ကြည့်လိုက်တော့ တော်တော်လေး အံ့သြတုန်လှုပ်သွားပါတယ်။

သူဌေးသမီးက သြော်… ကိုယ့်ကိုသတ်မဲ့စာ၊့ ကိုယ်တိုင်ယူလာရတယ်လို့၊ ငါနဲ့သာမတွေ့ရင် သေဖို့ပဲရှိတော့တယ်လို့ ငြီးငြူပြီး စာကိုဆုတ်ဖြဲပစ်လိုက်ပါတယ်။ ပြီးတော့ ယခုယူလာသူ ကျွန်ုပ်သားလိမ္မာကို ဇနပုဒ်သူဌေးသမီးနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်ပါ လို့ ပြောင်းရေးပြီး ပုဆိုးစွန်းနားမှာပဲ ပြန်ထားပေးခဲ့ပါသတဲ့။

ဃောသကလည်း အိပ်ယာကနိုးတော့ ကိုယ်လက်သန့်စင်၊ ထမင်းစားပြီး ဖခင်သွားခိုင်းတဲ့ ကိုယ်စားလှယ်ဆီထွက်ခဲ့ပါတယ်။ ဃောသက ကိုယ်စားလှယ်ဆီရောက်တော့ ကိုယ်စားလှယ်က စာဖတ်ကြည့်ပြီး အားရ၀မ်းသာနဲ့ပဲ ဃောသက တည်းခဲ့တဲ့ ဇနပုဒ်သူဌေးဆီသွားပြီး အကျိုးအကြောင်းပြောပြ၊ ဇနပုဒ်သူဌေးသမီးနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်ပါတော့တယ်။

(ဓမ္မပဒ၊ ပထမစာအုပ်၊ ဥာမာဝတီဝတ္ထု)

တော်ပါသေးရဲ့၊့ ကိုယ့်ကို ချစ်တဲ့သူနဲ့တွေ့လိုက်ပေလို့၊ နို့မဟုတ်လို့ကတော့ သေဖို့သာပြင်ပေတော့လို့ ပြောရတော့မှာပဲ။ ဒီလိုကျတော့လည်း လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်း၊ မရှင်ခြင်းကို အချစ်က ပြဌာန်းပေးနေသလိုပဲနော်။ ဒါကလည်း ‘ဒီဝတ္ထုလေးအရ ကန့်သတ်နယ်မြေအနေနဲ့ပဲ ဖြစ်ပါလိမ့်မယ်။ ကဲ- ထားပါ။

ဗဟုသုတ= အကြားအမြင် ဗဟုသုတများခြင်းဆိုတာ ပညာတတ်ခြင်း၊ စာတတ်ခြင်းကိုဆိုလိုတာပါ။ဝိဇ္ဇာနဲ့သိပ္ပံခွဲရင် ၀ိဇ္ဇာဘာသာရပ်ကို ယူရမယ်လို့ စာမှာဆိုထားပါတယ်။ (သိပ္ပံဘာသာရပ်ကတော့ ရှေ့မှာလာပါလိမ့်မယ်)။

သူတို့ခေတ်က ၀ိဇ္ဇာ-သိပ္ပံ ခွဲတဲ့နေရာမှာ ကျက်မှတ်ရတဲ့ နှုတ်မှုပညာကို ၀ိဇ္ဇာ၊့ ကိုယ်လက်စတဲ့ ခန္ဓာကိုယ်နဲ့ လုပ်ရတဲ့ လက်မှုပညာကို သိပ္ပံဆိုပြီးခွဲကြပါတယ်။ အံ့သြဖို့ကောင်းတာက အဲဒီခေတ်က ၀ိဇ္ဇာသမားတွေက သိပ္ပံသမားတွေထက် ပိုဂုဏ်ရှိပါသတဲ့။ သိပ္ပံသမားတွေက တော်တော်လေး ဂုဏ်ငယ်ရဆိုပဲ။

ဗဟုသုတမင်္ဂလာရဲ့ လိုရင်းကတော့ ပညာတတ်ဖြစ်ဖို့ပါပဲ။

မြန်မာနိုင်ငံ နှစ်ပေါင်းတစ်ရာကျော် ကျွန်ပြုခံရတာ ဘာကြောင့်လဲလို့မေးရင် ပညာမတတ်လို့လို့ ဖြေရမှာပါပဲ။ အခုနှစ်ဆယ့်တစ်ရာစုမှာပေါ်လာမယ့် ပြဿနာအားလုံးကို ပညာကပဲ ဖြေရှင်းသွားမှာပါ။ ဒါ့ကြောင့် လူငယ်တစ်ယောက်အနေနဲ့ ပညာရေးနဲ့ လုံးဝမျက်ခြေမပြတ်သင့်ပါဘူး။ပညာမတတ်ရင်တော့ ကျန်ခဲ့မှာပဲ၊ ကျန်ခဲ့တဲ့နေရာမှာ တစ်ယောက်တည်းတင်မဟုတ်ပါဘူး။ လူမျိုးတစ်မျိုးလုံး ကျန်ခဲ့ကြမှာပါ။ ဒါ့ကြောင့် ပညာကို မဖြစ်မနေ သင်ကိုသင်ရပါမယ်။

ပညာသင်တဲ့နေရာမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်ကောင်းရှိရပါမယ်။ မှန်ကန်တဲ့ ရည်ရွယ်ချက်ကောင်းဆိုတာကတော့ ငါ စာသင်နေခြင်းဟာ ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ဖြစ်တယ်။ ငါစာတတ်ရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် အကျိုးပြုလုပ်ငန်းတွေလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ပါ။

ဒီတော့ ကျောင်းသားတစ်ယောက်ကျောင်းသွားခါနီး၊ သင်တန်းသွားခါနီးမှာ ငါ စာသင်နေခြင်းဟာ ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ဖြစ်တယ်။ ငါစာတတ်ရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် အကျိုးပြုလုပ်ငန်းတွေလုပ်မယ် ဆိုတဲ့ စကားကို ငါးခေါက်ထက်မနည်း ရွတ်ဆိုသင့်ပါတယ်။ နှုတ်က အသံထွက်မဆိုဘဲ စိတ်ထဲကနေ နှလုံးသွင်း ဆင်ခြင်နေရင်လည်း ရပါတယ်။

အဲဒီလိုမှန်ကန်တဲ့ ရည်ရွယ်ချက်ကောင်းလေးကို နှလုံးသွင်းဆင်ခြင်နေတာဟာ စာပေအရပြောရရင် ကုသိုလ်စိတ်တွေဖြစ်နေတာပါ။ တနည်းအားဖြင့် ပုထုဇဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကုသိုလ်စိတ်တွေကိုလည်း ပယ်ပြီးသားဖြစ်နေပါတယ်။

အဘိဓမ္မသဘောတရားအရ စိတ်တစ်ခုဖြစ်နေချိန်မှာ တခြားစိတ်တစ်ခုက ဖြစ်လို့မရပါဘူး။ ဒါကြောင့် ရည်ရွယ်ချက်ကောင်းကို နှလုံးသွင်းဆင်ခြင်ရွတ်ဆိုနေတဲ့အချိန်မှာ ကုသိုလ်စိတ်တွေဖြစ်နေသလို အကုသိုလ်စိတ်တွေကိုလည်း ပယ်ပြီးသားဖြစ်နေပါတယ်။ စာစကားနဲ့ပြောရရင် တင်္ဒဂပဟာန်နဲ့ အကုသိုလ်ကိလေသာတွေကို ပယ်သတ်နေတာပါ။ပိုက်ဆံမကုန်ဘဲ အလကားရနေတဲ့ကုသိုလ်တွေပါ။

နောက်အကျိုးသက်ရောက်မှုအဆင့်ဆင်တွေ့လည်း ဆင့်ကာဆင့်ကာ ဖြစ်လာပါလိမ့်မယ်။ ရည်ရွယ်ချက်ကောင်းကို နှလုံးသွင်းဆင်ခြင်နေတဲ့ ကျောင်းသားဟာ ကုသိုလ်စိတ်တွေဖြစ်နေပါတယ်။ ကုသိုလ်စိတ်ဖြစ်လာရင် ပါမောဇ္ဇ= ၀မ်းမြောက်မှု ဖြစ်လာမယ်၊ ၀မ်းမြောက်မှု ဖြစ်လာရင် ပဿဒ္ဓိ= ငြိမ်းအေးမှုဖြစ်လာမယ်၊ ငြိမ်းအေးမှုဖြစ်လာရင် သုခ= ချမ်းသာမှုဖြစ်လာမယ်၊ ချမ်းသာမှုဖြစ်လာရင် သမာဓိ= စိတ်တည်ငြိမ်မှုဖြစ်လာမယ်၊ စိတ်တည်ငြိမ်မှုဖြစ်လာရင် ကျောင်းသားတစ်ယောက်ရဲ့ အဓိက အကျိုးဆက်ဖြစ်တဲ့ ကျက်မှတ်နေတဲ့စာကို အလွယ်တကူရရှိခြင်း၊ မှတ်မိလွယ်ခြင်း၊ စွဲမြဲစွာတည်နေခြင်း၊့ ကျက်ထားတဲ့စာတွေ စွဲမြဲစွာတည်နေမယ်ဆိုရင် စာမေးပွဲဖြေဆိုတဲ့နေရာမှာ အထက်တန်းကျကျ အောင်မြင်သွားနိုင်ခြင်းပါပဲ။ ဒါတွေကတော့ ကျောင်းသားတစ်ယောက်ရနိုင်မယ့် ဆင့်ကဲ အကျိုးဆက်တွေပါ။

မင်္ဂလာစည်းကမ်းအရ ပညာတွေတော့တတ်အောင်သင်ပါရဲ့။ဒါပေမယ့် ကိုယ်တတ်ထားတဲ့ပညာနဲ့ လောကအတွက်ပြန်ပြီး ကျေးဇူးမပြုနိုင်ဘူးဆိုရင်တော့ မင်္ဂလာရှိသူလို့မဆိုနိုင်ပြန်ပါဘူး။

ပိုဆိုးတာက ကိုယ်သင်ခဲ့တဲ့ ပည်ာတွေကို အခြေခံပြီး ငါပညာတတ်တယ်ဆိုပြီး သာယာနေတဲ့ တဏှာ၊ သူတို့ထက်ငါသာတယ်၊ သူတို့ ငါ့လောက်မသိဘူးဆိုတဲ့ တက်ကြွနေတဲ့ မာန၊ ငါ ပညာတတ်တယ်ဆိုတဲ့ အမည်ပဂ္ဂိုလ်ကို စွဲထင်ပြီး အယူမှားနေတဲ့ ‘ဒိဌိ၊ အဲဒီ တဏှာမာနဒိဌိ ဆိုတဲ့ ဂါဟတရားသုံးပါးဝင်လာခဲ့မယ်ဆိုရင်တော ဂါဟတရားသုံးပါးက ပညာတတ်ကြီးကိုပြန်ကိုက်ပါလိမ့်မယ်။ ဂါဟ အကိုက်ခံရရင်တော့ အပါယ်ငရဲဆင်းရဲကျဖို့ပဲရှိပါတော့တယ်။ ဒါဟာ စာမှာသာတတ်ပြီး ကိုယ်မှာမတတ်တဲ့သဘောပါ။

ဒါကိုဒီပဲယင်းဆရာတော်ကြီးက ကိုယ်မှာမတတ်၊ စာမှာတတ်၊ ဂါဟတ်ကိုက်တတ်သည် လို့ သြ၀ါဒပေးခဲ့ပါတယ်။

ကဲ.. စာဖတ်သူ ညီငယ်၊ညီမငယ်တို့ရေ ပညာရေးကို မျက်ခြေမပြတ်လိုက်ပါနဲ့နော်၊ နိုင်ငံရဲ့အနာဂတ်ရေးဟာ ညီငယ်ညီမငယ်တို့ရဲ့ လက်ထဲမှာရှိနေလို့ပါ။

ရဝေနွယ် (အင်းမ)

Views: 249

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
1 hour ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service