ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဝိပဿနာလမ်း လျှောက်လှမ်းလိုသော်

ဝိပဿနာလမ်း လျှောက်လှမ်းလိုသော်

ဘ၀ဟူသည် ခန္ဓာငါးပါး (၀ါ) ရုပ်နာမ်နှစ်ပါး မှတစ်ပါး အခြားမရှိဟု သတိဉာဏ်ဖြင့် အသိမှန်သော ကလျာဏပုထုဇဉ်တို့သည် ၀ိပဿနာတရားကို လေးလေးစားစား ပွားများအားထုတ်ကြ၏။
ဝိပဿနာဟူသည် ဘ၀လွတ်မြောက်ရေးအတွက် ဗုဒ္ဓလမ်းညွှန်ခဲ့သော ဓမ္မကျင့်စဉ်သာ ဖြစ်၏။ 

ကမ္မဋ္ဌာန်းလုပ်ငန်းခွင်တွင် ဗုဒ္ဓနည်းကျ ဓမ္မကျင့်စဉ်အတိုင်း သွန်သင်ညွန်ပြနိုင်သည့် ဆရာကောင်း ဆရာမှန်ရရန်များစွာ အရေးကြီး၏။ ဆရာကောင်း ဆရာမှန်ကို ရွေးချယ်တတ်ရန်မှာလည်း မိမိတို့ဘက်က ဓမ္မသုတ အခံအားကောင်းဖို့ လိုအပ်၏။

“၀ိပဿနာ အားထုတ်ရာတွင် စာပေဗဟုသုတ မလို၊ ဆရာညွှန်ကြားသည့်အတိုင်း လိုက်နာပြုလုပ်ဖို့သာ လိုရင်းဖြစ်သည်” ဟု ခပ်များများပင် ပြောဆိုနေကြ၏။ 

စာပေကျမ်းဂန် လေ့လာမှု ဓမ္မသုတလည်း မရှိ၊ အတွေ့အကြုံလည်း နုသေးသော ယောဂီများအတွက် ဆရာဘက်က အလွန့်အလွန် ယုံကြည်စိတ်ချရ၍ အားကိုးလောက်ပါမူ ထိုစကား မှန်ကောင်း မှန်နိုင်ပေလိမ့်မည်။

သို့ရာတွင် ကမ္မဋ္ဌာန်းလောက၌ သူတစ်မျိုး ငါတစ်ဖုံ နည်းမျိုးစုံဖြင့် ဗုဒ္ဓ မပြဋ္ဌာန်းသော ကမ္မဋ္ဌာန်းဆန်းများလည်း ပေါ်ပေါက်လျက် ရှိရကား အမှားအမှန် ဝေဖန်ပိုင်းခြားရန် ခဲယဉ်းသည်နှင့်အမျှ လိုအပ်လှသည့် ယခုခေတ်ကာလတွင် စာပေကျမ်းဂန်မှ ဓမ္မသုတများ ကောင်းစွာ လေ့လာထားသင့်၏။ စာပေကျမ်းဂန်မှ ဓမ္မသုတ ခေါင်းပါးမှုကြောင့် များစွာသော တရားရှာမှီးသူတို့မှာ အမှန်အမှား မခွဲခြားနိုင်ဘဲ ဆရာပြောသမျှ ခေါင်းညိတ်ရသည့် ပုတ်သင်ညိုများပမာ ဖြစ်ခဲ့ကြရှာ၏။ ၀ိဘဇ္ဇဉာဏ် ကင်းမဲ့စွာ မဂ်အတု ဖိုလ်အတုများနှင့်သာ စမ်းတ၀ါး လမ်းမှားနေကြသည်မှာလည်း မျက်မြင်အထင်အရှား ရှိချေသည်။

“စာတတ်လျှင် စာခံသည်။ ထို့ကြောင့် စာမလို” ဟု အချို့ ပုဂ္ဂိုလ်တို့က ဆိုကြ၏။ သို့ဆိုပါလျှင် ပိဋကတ်ကျမ်းဂန် စာပေပရိယတ်များသည် ဗုဒ္ဓကိုယ်စားတော်အဖြစ် ထားရစ်ခဲ့သည့် ဓမ္မက္ခန္ဓာများဖြစ်ရာ ထိုဓမ္မက္ခန္ဓာတို့ကို ပယ်ရှားစော်ကားရာ ရောက်နေပါ၏။ ပရိယတ်နှင့် ပဋိပတ် ပူးပေါင်းမှသာ ပဋိဝေဓ ရနိုင်သည်ကို သတိပြုသင့်လှ၏။ 

စာတတ်၍ ဓမ္မသုတ ရှိသော်လည်း တရားရှုပွားဆဲတွင် စဉ်းစားဝေဖန် ကြံစည်တွေးတောခြင်း မပြုဘဲ ဆရာ့စကားကို တသဝေမတိမ်း လိုက်နာပါမူ အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဆိုသကဲ့သို့ သာလွန် ကောင်းမွန်ကြောင်း ညောင်လွန်ဆရာတော် မိန့်ဆိုခဲ့ဖူး၏။
ဗုဒ္ဓဘာသာဝင် မှန်ပါလျှင် ဓမ္မရေးရာ အဖြာဖြာကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လေ့လာထားသင့်၏။ သို့မှသာ ဆရာရှာ မမှားရန်နှင့် ဘာဝနာလမ်းကြောင်း ဖြောင့်ဖြူးရန် အထောက်အကူ ရနိုင်ပေလိမ့်မည်။

ကမ္မဋ္ဌာန်း အားထုတ်ရာတွင် စာပေဗဟုသုတသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်၏။ အမှန်အားဖြင့် စာပေသုတက အန္တရာယ်ပြုခြင်း မဟုတ်ဘဲ မိမိ၏ မသုံးစွဲတတ်မှုကသာ ဘေးဖြစ်စေကြောင်း ကောင်းစွာ သဘောပေါက်သင့်၏။

ဝိပဿနာတရားကို လေးလေးစားစား အားထုတ်သူ မှန်ပါမူ ဉာဏ်အဆင့် မရင့်ကျက်သေး၍ မဂ်ဖိုလ် မရနိုင်သေးစေကာမူ နီဝရဏများ ကိလေသာများ အထိုက်အလျောက် လျော့ပါးကာ စိတ်နှလုံး တည်ကြည် ငြိမ်သက် သိမ်မွေ့နူးညံ့မှု ရှိသင့်၏။ သို့ရာတွင် ရိပ်သာသို့သွားကာ တရား အကြိမ်ကြိမ် အားထုတ်ဖူးပါသည်ဆိုသော ပုဂ္ဂိုလ်ခပ်များများမှာ အမူအရာနှင့်တကွ စိတ်နေစိတ်ထားများ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိလှပေ။

တရားအားထုတ်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ မည်မျှကြာမြင့်ခဲ့ပြီး တရားအဆင့် မည်မျှ ပေါက်မြောက်နေပြီ စသည်ဖြင့် ကိုယ်ရည်သွေးသော စကားများ အဆင်ချောစွာ ပြောနေကြစေကာမူ အပြောကောင်းသလောက် အပြောကောင်းသည့်နောက်သို့ စိတ်ထားကောင်းများ အပြုအမူကောင်းများ မလိုက်နိုင်ကြပေ။

စိတ်ဓာတ်နှင့် စရိုက်ကို ပြုပြင်နိုင်စွမ်း မရှိခြင်း။ ကိလေသာများ ပါးလျားလျော့သွားမှု မရှိခြင်းတို့က တရားထူး-မထူး ဟူသည့်အချက်ကို သက်သေခံလျက်ရှိ၏။ အထင်ကြီးခံရအောင် ဟန်ဆောင်ပြောဆိုနေခြင်းထက် ကိလေသာ ကုန်ခန်းပြတ်စဲအောင် အမှန်တကယ် အားထုတ်ခြင်းက မိမိအတွက် ပို၍ အကျိုးကျေးဇူး များနိုင်ပေလိမ့်မည်။ သို့ကြောင့် တရား အားထုတ်သူတို့ အနေဖြင့် အပြောများလည်း ဆင်ခြင်ဖို့လို၏။ သဘောထားလည်း ပြင်ဆင်ဖို့ လိုပါ၏။

မိမိတို့၏ အတွင်းသန္တာန်၌ လိုချင်မှု လောဘတဏှာသည် မနေမနား ပွားစီးလျက် ပြင်ပ၌လည်း တပ်မက်နှစ်သက်ဖွယ် ကာမ၀တ္ထု အစုစုတို့ ခြံရံလျက် နေထိုင်ပါက မည်မျှ တရားရလိုသည် ဖြစ်စေ၊ မည်သို့ပင် ၀ီရိယစိုက်၍ ကြိုးပမ်းသည်ဖြစ်စေ ပြင်းပြသောဆန္ဒနှင့် ၀ီရိယစိုက်သမျှ ပင်ပန်းဆင်းရဲခြင်းသာ အဖတ်တင်မည်၊ ဉာဏ်မြင်သန့်ရှင်းသော တရားကိုကား ရနိုင်မည်မဟုတ်ပေ။ တရားအလုပ်၊ အားထုတ်တော့မည်ဆိုလျှင် မိမိတို့၏ ညစ်ညမ်းနေသော စိတ်ကို ကြိုတင်၍ စင်ကြယ်စွာ ဆေးကြောသန့်စင်ထားသင့်၏။

အင်အားအလုံးအရင်းဖြင့် ထုထည်ကြီးမားစွာ မွေးရာပါဖြစ်သော ‘၀တ်ချင်၊ စားချင်၊ လှပချင်၊ ချမ်းသာချင်၊ ရာထူးကြီးချင်၊ ဂုဏ်မြင့်ချင်၊ ထင်ပေါ်ချင်၊ အရိုအသေခံချင်၊ ပြိုင်ဆိုင်ချင်’ စသည်ဖြင့် အတောမသတ်နိုင်သော လောဘတဏှာ ချင်ပေါင်းများစွာ ရှိနေသေးသမျှ နိဗ္ဗာန်နှင့် ဝေးကွာလှ၏။

“နှစ်သက်ရွှင်ပျ ပီတိကြွလျက် သဘောကျမှုကြောင့် လောဘနှင့် ယှဉ်သော သာယာမှုတို့သည် လည်းကောင်း ရန်ငြိုးဖွဲ့ခြင်း၊ အမျက်ထွက်ခြင်း နှလုံးမသာယာခြင်း၊ စိတ်ဆိုးစိတ်ပျက်ခြင်း စသည်တို့ကြောင့် ဒေါသနှင့် ယှဉ်သော ကြမ်းတမ်းမှု အကုသိုလ်အစု တို့သည်လည်းကောင်း ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတို့အား တားဆီးလိမ့်မည်ဟု ဗုဒ္ဓဆုံးမတော်မူခဲ့ပါ၏။

လူသိသူသိ အပြင်ပြု၍ ထွက်လာသော ကိလေသာ အကြမ်းစားလောက်ကို လျော့ပါးအောင်မျှပင် မပြုပြင် မဆင်ခြင်နိုင်ပဲ လောဘတသဲသဲ၊ ဒေါသ တရှဲရှဲ၊ မာန တကဲကဲဖြင့် ရိပ်သာထဲ ၀င်နေကြသူတို့မှာ ခုတ်တခြား ရှတလွဲ ဖြစ်တတ်သည်ကို သတိပြုရာပါ၏။

ဗုဒ္ဓချမှတ်ခဲ့သော အခြေခံမူလေးရပ်မှာ . . . 

၁။ သီလစင်ကြယ်ခြင်း

၂။ စိတ်စင်ကြယ်ခြင်း

၃။ အယူအမြင် စင်ကြယ်ခြင်း

၎။ ယုံမှားသံသယ ကင်းစင်ခြင်း

ဤစင်ကြယ်ခြင်း လေးမျိုးနှင့် ပြည့်စုံမှ ၀ိပဿနာ ရှုပွားခြင်းကိစ္စနှင့် ဆက်လက်ဆောင်ရွက်နိုင်၏။ 

စင်ကြယ်ခြင်းလေးမျိုး မပြည့်စုံဘဲ ၀ိပဿနာ ရှုပွားခဲ့လျှင် ၀ိပဿနာဉာဏ်အစစ်ကို မရနိုင်ပေ။ ၀ိပဿနာဉာဏ်အစစ် မဖြစ်ထွန်းပါက မဂ်ဖိုလ်လမ်း မဖြောင့်တန်းနိုင်တော့ပေ။
စင်ကြယ်ခြင်းလေးမျိုးတွင် သီလက စတင်၏။

ယေဘုယျအားဖြင့် ရဟန်းသီလနှင့် လူသီလဟူ၍ နှစ်မျိုးခွဲ၏။ ရဟန်းသီလမှာ စတုပါရိသုဒ္ဓိသီလ ဖြစ်ပြီး လူသီလမှာ ငါးပါးသီလကို နိစ္စသီလအဖြစ် အဓိကထား၏။
ရဟန်းတို့သည် ဗုဒ္ဓ၏အာဏာစက် ဓမ္မစက်အောက်မှာ ငြိမ်ဝပ်ပိပြားစွာ ၀ိနည်းသိက္ခာကို ထိမ်းသိမ်းစောင့်ရှောက်ကြရ၏။ တစ်စုံတစ်ခုသော အပြစ်ကို ကျူးလွန်မိပါက ကုစားခွင့် ရသည်လည်းရှိ၏။ မရသည်လည်း ရှိ၏။

ကုစားခွင့် မရတော့သော ကြီးလေးသည့် အပြစ်များကို မဆိုထားဘိ၊ ကုစားခွင့်ရသော အသေးအမွှား အပြစ်များကိုပင် အလျင်အမြန် ကုစားရ၏။ ပြုခဲ့သည့်အပြစ်ကို မကုစားဘဲ ၀ိပဿနာ ရှုပွားပါက မဂ်ဖိုလ်တရားထူး မရနိုင်တော့ပေ။ အာဏာဝိတိက္ကမ အန္တရာယ် ကျရောက်ခြင်းဖြစ်၏။ သို့ကြောင့် ရဟန်းများအနေဖြင့် တရားအားထုတ်မည် ရည်ရွယ်လျှင် အပြစ်အာပတ်ဟူသမျှ တစ်ခုမျှမကျန်အောင် စင်ကြယ်စွာ ကုစားထားရမည် ဖြစ်၏။

လူတို့အဖို့ကား မကောင်းမှုဒုစရိုက်များကို ယခင်က မတော်တဆ ကျူးလွန်မိခဲ့စေကာမူ ပဉ္စာနန္တရိယကံ မဟုတ်ပါက ကြောင့်ကြစရာ မရှိပေ။ တရားအားထုတ်ဆဲ ကာလ၌သာ သီလစင်ကြယ်ဖို့ ပဓာနဖြစ်၏။

သီလစင်ကြယ်မှ စိတ်စင်ကြယ်၏။ အပြန်အလှန်အားဖြင့် စိတ်စင်ကြယ်မှလည်း သီလစင်ကြယ်နိုင်၏။ သီလသည် ကိုယ်မှုနှုတ်မှု စင်ကြယ်စေခြင်း ဖြစ်သောကြောင့် ကိုယ်နှုတ်စိတ် သုံးမျိုးလုံးစင်ကြယ်ခြင်းသို့ ရောက်၏။

ကိုယ်နှုတ်စိတ် သုံးမျိုးလုံး စင်ကြယ်ပါက တည်ကြည်ငြိမ်သက်မှု သမာဓိရ၏။ သမာဓိရလတ်သော် ရုပ်နာမ်ဓမ္မ သင်္ခါရတို့အား ဟုတ်တိုင်းမှန်စွာ သိမြင်လေ၏။

မလေးငြိမ် ၏ မြင့်မြတ်ခြင်း၏တည်ရာ-ဓမ္မ မှ ကူးယူဖော်ပြပါသည်။

 —

Views: 166

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

joy clark updated their profile
Friday
joy clark posted a blog post
Friday
joy clark is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Friday
ဉာဏ်လင်းမြို့ is now a member of ရတနာ၀ါသ ဘုရားကျောင်း 華緬 三寶寺
Jun 27

Birthdays

Birthdays Today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service