ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“နှလုံးသားမှာ ဘုရားတည်”


၁၅ - ၆ - ၂၀၁၃ ။ ဒီနေ့ ကိုလံဘိုကနေ စင်္ကာပူရောက်တာ ရက်မှလစားခဲ့ပြီ။ အချိန်တန်လို့ အိမ်ပြန်ချိန်လည်း နီးကပ်ခဲ့ပြီ။ စင်္ကာပူနိုင်ငံရဲ့ စင်္ကာပူရီးယန်းတွေရဲ့ ဓလေ့၊ စရိုက်၊ အမူအကျင့်၊ နေမှုထိုင်မှုစနစ်၊ ဥပဒေတွေလည်းတွေလည်း သိသင့်သလောက် လေ့လာခွင့်ရပြီ။ မသိတာတွေလည်း အများကြီးကျန်ဦးမည်။ အဲဒီအားလုံးထဲမှာမှ အမြဲသတိထားမိနေတာတခုက တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်းကို နေ့စဉ် မနက် ၇:၂၀ မိနစ်လောက်ဆို စီးတော်ယာဉ်ဆိုင်ကယ်နဲ့ လာလာပြီး ဘုရားရှေ့မှာ အမြဲဝတ်ပြုနေတဲ့ တရုတ်အမျိုးသားတစ်ဦး။ အဲဒီအချိန်ဆို သူလာလာနေကျ။


ပထမဆုံး သူလုပ်တာက ကျောင်းပေါက်ဝစားပွဲခုံပေါ်မှာ ချထားတဲ့ အမွှေးတိုင်ခွက်ထဲက အမွှေးတိုင်သုံးချောင်းယူပြီး မီးညှိပြီး အိုးမှာစိုက်တယ်။ သုံးချောင်းပဲ ယူတယ်ဆိုတာက တစ်ဦးကို အမွှေးတိုင် သုံးချောင်းပဲ ယူရမယ်လို့ စာကပ်ထားလို့ပါ။ ပြီးရင် တရုတ်ရိုးရာ ဓလေ့နဲ့ ၀တ်ပြုဆုတောင်းတယ်။ နောက် ကျောင်းခန်းမပေါ်တက်လာပြီး ဘုရားအားလုံးကို တစ်ဆူခြင်းဆီ ၀တ်ပြုတယ်။ အားလုံးပြီးဆုံးတဲ့အခါ သူ့စီးတော်ယာဉ်ဆိုင်ကယ်ကြီးနဲ့ ပြန်သွားလေ့ရှိတယ်။


တခါတခါ မိမိတို့က လမ်းမှာ တံမျက်စည်းလှည်းနေတာနဲ့ ဆုံတဲ့အခါ နွေးထွေးတဲ့ အပြုံလေးနဲ့ အသိမှတ်ပြုတယ်။ ဒါကမိုးလင်းလို့ အိပ်ယာနိုးတဲ့ ခဏမှာသူ့ရဲ့ ၀တ္တရားတခုလို့ ဆိုရင်လည်းမှားမယ် မထင်မိဘူး။ ဒီနေ့တော့ သူကျောင်းပေါက်ဝက ဆင်းလာတဲ့အချိန် မိမိကလည်း တံမျက်စည်းသိမ်းမဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် သူပြုံးကိုယ်ပြုံးနှုတ်ဆက်ရင်း အမှတ်မထင် မေးလိုက်မိတယ်။ “မင်း ကိုးကွယ်တဲ့ ဘာသာက ဘာလဲ။ ဘယ်ဘာသာဝင်လဲ”လို့ မေးလိုက်တယ်။


တချို့က ပြောကြပါအုံးမယ်။ ဘုရားကို လာဝတ်ပြုတာတွေ့ရဲ့သား ဘယ်ဘာသာဝင်လဲ။ ဘာကိုကိုးကွယ်လည်းမေးတော့ အပိုလို့ထင်ချင်ထင်မယ်။ စင်္ကာပူနိုင်ငံမှာ ဘာသာမဲ့တွေ၊ တရုတ်ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူစတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာတွေ့ရတယ်။ အပြစ်လုပ်တဲ့သူကိုလည်း ထိုက်တန်တဲ့အပြစ်ကို တသက်စာအမှတ်ရစေဖို့ ပေးလိုက်တယ်။ 


ထူးထူးခြားခြား ကျန်ခဲ့တဲ့အပတ်က မြန်မာအင်္ဂျင်နီယာ အသက်(၅၀)၀န်းကျင်ခန့် လူတစ်ဦးကို အသက် ၂၀ ၀န်းကျင်ခန့် မြန်မာအလုပ်သမားတစ်ဦးက အလုပ်ခွင်မှာ သတ်လိုက်တယ်လို့ သတင်းမှာ တွေ့မိတယ်။ ဘယ်လိုအပြစ်ဒဏ်ချနိုင်သလဲ မေးတော့ ကြိမ်းသေတာတစ်ခုက အသေစား သေဖို့ပဲရှိတယ်လို့ ပြောတယ်။ ဒါဆိုရင် မြန်မာနိုင်ငံအစိုးရကကော ခွင့်ပြုရဲ့လားလို့ ထပ်မေးတော့ သူ့နိုင်ငံနေရင် သူ့ဥပဒေပါပဲတဲ့။

ဘယ်သူမှ တားပိုင်ခွင့်မရှိဘူးလို့လည်း သိရတယ်။ ဒီလိုဥပဒေကို တင်းကျပ်စွာကိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံလို့ အမည်ခံထားပေမဲ့ သူ့နိုင်ငံ၊ သူ့ရဲ့ဥပဒေကိုတင်းကျပ်စွာ ချုပ်ကိုင်ထားတာတွေ့ရတယ်။ ဒါကတော့ စင်္ကာပူနိုင်ငံရောက်တုန်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရပ်လေးမို့ ကြုံတုံး ကြိုက်တုန်း စကားညှပ်ပြောလိုက်တာပေါ့။ ကိုယ့်နိုင်ငံလည်း အဲလိုမျိုးဖြစ်စေချင်တယ်။ 


အထက်က စကားပြန်ကောက်ကြပါစို့။ စင်္ကာပူနိုင်ငံမှာ ဘာသာမဲ့တွေလည်း ဘုန်းကြီးကျောင်းကိုလာတယ်။ ဘုရားကို ၀တ်ပြုချင် ပြုတယ်။ မပြုချင် မပြုဘူး။ လေးစားမှုသက်သက်၊ တာဝန်အရ၊ လူမှုအရေးအရ လိုက်လုပ်တာတွေ ရှိတယ်။ ဒါကြောင့် မေးလိုက်တာပါ။ ဒီလိုမေးတော့ သူက ဘယ်ဘာသာဝင်လဲ မဖြေပဲ ဒီလိုဖြေတာတွေ့ရတယ်။ 


ငါဗုဒ္ဓကို ယုံကြည်တယ်။ နှစ်သက်တယ်တဲ့။ ဗုဒ္ဓက ငါ့ရဲ့စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။ ဗုဒ္ဓကို နံနက်စောစော အဲလိုအာရုံပြု ၀တ်ပြုနေရင် ငါစိတ်တွေ ကြည်လင်နေတယ်။ အလုပ်တွေ လုပ်ရတာလည်း အဆင်ပြေတယ်တဲ့။ နောက်ပီး တရားစာအုပ်တွေ ဖတ်တယ်။ တခါတလေ ဘုန်းကြီးတွေ တရားထိုင်တာနဲ့ ပတ်သတ်လို့ ဟောရင် အဲဒါလေး မှတ်ပြီး ငါအဲလိုထိုင်ကြည့်တယ်လို့လည်း ပြောတယ်။ မိမိတို့ အနေနဲ့ပြောရင် သူတရားထိုင်တာပေါ့။ 


ဒါဆိုရင် မင်းဘယ်ဘာဝင်လဲလို့သေချာအောင်ထပ်မေးတော့ ငါဘယ်ဘာသာဝင်မှ မဟုတ်ဘူးတဲ့။ ငါဘာကိုမှ ထိန်းချုပ်မထားဘူးတဲ့။ သူဆိုလိုချင်တာ ဘာသာမဲ့လို့ဆိုချင်တာလည်း မသိ။ အဲဒါလေးနဲ့ စကားပြတ်ခဲ့ပြီး မိမိလည်း သူအလုပ်သွားချိန်မို့ဆက်မမေးပဲ ဒီမှာပဲ ရပ်ခဲ့တယ်။ သူလည်း တွေ့ရတာ ၀မ်းသာပါတယ်ဆိုပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆတ်ပြီး ပြန်သွားတယ်။ သူပြန်သွားတော့ လက်ထဲမှာ တံမျက်စည်းကိုင်လာရင်း အတွေးတွေ အများကြီးဝင်မိတယ်။


၁။ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားမှ ဗုဒ္ဓကို ယုံကြည်ရမလား။


၂။ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘဲလျှက် ဗုဒ္ဓဟောကြားခဲ့သော ဓမ္မဒေသနာတော်တွေကို လိုက်နာ၊ ကျင့်ကြံလို့ကောမရဘူးလား။


၃။ ဘုရားရှေ့မှာ လူမသိ၊ သူမသိ သရဏဂုံသုံးပါးခံယူကာ ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံကျင့်သုံး၊ အကျင့်သီလတွေဆောက်တည်ရင်ကော အထက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မရနိုင်ဘူးလား။ 


၎။ လူရှေ့သူရှေ့မှာတော့ လူအထင်ကြီးအောင် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိလို့ ဆိုပြနေပြီး နောက်ကွယ်မှာ ဗုဒ္ဓရဲ့ဓမ္မတွေကို တလုံးတပါဒမျှ လေးစားလိုက်နာမှုမရှိဘဲ အယောင်ဆောင်လူတစ်ယောက်အဖြစ်တည်ရှိနေတဲ့သူရဲ့ လားရာဂတိကကော မြဲနေပါ့လား။


၅။ ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်ကြံမှုမရှိဘဲ ဗုဒ္ဓဘာသာဝင် အမည်ခံထားရုံနဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦးဖြစ်ရဲ့လားဆိုတဲ့ စတဲ့ စတဲ့ အတွေးတွေ အများကြီး ခေါင်းထဲဝင်သွားတယ်။


ဒီလိုအတွေးလေးဝင်သွားတော့ တနေ့တော့ ၀က္ကလိရဟန်းတော်ကို ဗုဒ္ဓက မိန့်တဲ့စကားလေး တစ်ခွန်းသွားပြီး အမှတ်ရမိတယ်။ “၀က္ကလိ ငါဘုရားကို ထိုင်ကြည့်နေလို့ ဘာအကျိုးရှိမလဲ။ ငါဘုရားရဲ့ဟောကြားပြသခဲ့တဲ့ တရားတော်တွေကို လိုက်နာကျင့်ကြံမှ ငါဘုရားကို မြင်မယ်လို့ ဟောခဲ့တယ်။ တကယ်တော့ ၀က္ကလိရဟန်းတော်ဆိုတာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကို ကြည်ညိုတဲ့နေရာမှာ (သဒ္ဓါဓိမုတ္တ) ကြည်ညိုလွန်ကဲသူအဖြစ် ဧတဒဂ်ရခဲ့တဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးပါ။ 


ဝက္ကလိမထေရ်ဆိုတာ ဘုရားရှင်လက်ထက် သာဝတ္ထိပြည် ပုဏ္ဏားမျိုးမှ ဆင်းသက်ခဲ့ပြီး ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့ ရဟန်းပြုလာတဲ့သူပါ။ သူ့ရဲ့ ရည်ရွယ်ချက်က ငါရဟန်းဝတ်မယ်ဆိုရင် ဘုရားကို နေ့စဉ်ဖူးရမယ်ဆိုပြီး ၀တ်လာတာပါ။ တခြားဘာရည်ရွယ်ချက်မှ မပါဘူး။ နောက်ဆုံးတော့ ဘုရားက နှင်ထုတ်လို့ ဂိဇ္ဈဂုတ်တောင်မှာ သွားခုန်ချ သေမယ်ဆိုပြီး သွားပါတယ်။ 
ဒီအကြောင်းအရာကို ဘုရားကမြင်တော့ သံဝေဂရဖွယ်တရားအနည်းငယ်ဟောလို့ ကျွတ်တမ်းဝင်ခဲ့ပြီး ဘုရားကို အကြည်ညိုဆုံးပုဂ္ဂိုလ်ရယ်လို့ သာသနာ့သမိုင်းမှတ်တိုင်မှာ ထင်ရှားကျော်ကြားခဲ့သူပါ။ 


နောက်တစ်ခုက ဘုရားပရိနိဗ္ဗာန်စံဝင်ခါနီးအချိန်ကာလမှာ လူပရိတ်သတ်၊ ရဟန်းပရိတ်သတ်၊ နတ်၊ ဗြဟ္မာတွေဟာ ဘုရားရှင်အနီးက တစ်ဖ၀ါးမှမခွါပဲ အနီးကပ်ပြုစုနေကြပါတယ်။ အဲဒီအချိန်မှာတော့ အတ္တဒတ္တလို့ခေါ်တဲ့ ရဟန်းတစ်ပါးမပါဝင်တာ တွေ့ရတယ်။ ဒါကို အချို့ရဟန်းတော်တွေက မကျေနပ်ကြဘူး။ သုံးလောကထွဋ်တင် သဗ္ဗညုဘုရားရှင် ဒီလောက်မနာမကျန်းဖြစ်နေချိန် တစ်ခေါက်လေးတောင်လာပြီး ပြုစုအားပေးတာမတွေ့ရဘူးဆိုပြီး ဘုရားကိုလျှောက်ကြတယ်။ တချို့ကျတော့ ကရုဏာဒေါသ၊ တချို့ကျတော့ မနာလိုဣဿာ မစ္ဆရိယပေါ့။ 


ခုခေတ် လူ့လောကပတ်ဝန်းကျင်တွင် မဟုတ်ဘူးနော်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိနေစဉ် အချိန်ကာလ ကလည်းပဲ အကြောင်းအရာတစ်ခုကို သေချာကျန မသိဘဲ လူတစ်ဦးတစ်ယောက်ကို ပြစ်တင်ဝေဖန်တာတွေ တွေ့ရတယ်။ ဒီသဘောတရားလေးကို နည်းနည်းသိထားဖို့ လိုတယ်။ ဒါဆိုရင် ကိုယ့်ကိုပြစ်တင်ဝေဖန်တဲ့အခါ နားလည်ခွင့်လွှတ်နိုင်လာတယ်။ “ချစ်လျှင် အကျိုး၊ မုန်းလျှင် အပြစ်၊ မြတ်နိုးတော့ သဒ္ဓါ”။ လိုရင်းအကျဉ်းချုပ်ရင် “လိုတစ်မျိုး မလိုတစ်မျိုး”ပေါ့။ ဒါကြောင့် ခုခေတ်မှာ ပြောနေကြ စကားတခွန်းတစ်ခုရှိတယ်။ လူဆိုတာ နှစ်မျိုးပဲ ရှိတယ်တဲ့။ “လိုတစ်မျိုး မလိုတစ်မျိုး”တဲ့။


ဒီတော့ မြတ်ဗုဒ္ဓက အတ္တဒတ္တရဟန်းကိုခေါ်ပြီး ပရိတ်သတ်ရှေ့မှာမေးတယ်။ “ချစ်သား ငါဘုရားခုလို မနာမကျန်းဖြစ်နေချိန်ကာလမှာ သင်ဘာကြောင့် တစ်ခေါက်တလေတောင် လာပြီး မကြည့်၊ မပြုစုဘူးလဲ”ပေါ့။ ခုခေတ်သဘောနဲ့ ပြောရင် ဒီလိုပြောတာပါပဲ။ ဒီတော့ အတ္တဒတ္တရဟန်းတော်လျှောက်တဲ့စကားလေး အင်မတန်မှတ်သားဖို့ကောင်းတာတွေ့ရတယ်။


“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား. . . မြတ်စွာဘုရားပွင့်တော်မူလာခြင်းဟာ သတ္တ၀ါအားလုံးမဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရဖို့ ပွင့်တော်မူလာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားတပည့်တော်လည်း မြတ်ဘုရားပရိနိဗ္ဗာန် မစံဝင်ခင်စပ်ကြား ရဟန္တာဖြစ်အောင်တရားဓမ္မကို ကြိုးစားအားထုတ်မယ်။ ပြီးတဲ့အခါ ရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဓမ္မနဲ့ပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားကို ကြိုးစားအားထုတ်နေတာပါလို့”လျှောက်တော့ မြတ်ဗုဒ္ဓက “သာဓု သာဓု သာဓု ချစ်သားအတ္တဒတ္တ”လို့ သာဓု သုံးကြိမ်ခေါ်ပြီး တခြားရဟန်းတော်တွေလည်း အတ္တဒတ္တရဟန်းကဲ့သို့အာမိသ၊ ဓမ္မနှစ်ဖြာပူဇော်ခြင်းနှစ်မျိုးအနက် ဓမ္မအာမိသနှင့်ပူဇော်ခြင်းက သာ၍မြတ်ကြောင်း ဆုံးမသြ၀ါဒပေးပါတယ်။ ဒီလိုသာဓကပေါင်းများစွာ ဗုဒ္ဓစာပေမှာ များစွာတွေ့ရတယ်။ ဒါကတော့ အများသိတဲ့ သာဓကလေးတွေဖြစ်မယ်ထင်ပါတယ်။


အထက်က သာဓကလေးတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓက ငါ့ရုပ်ခန္ဓာကြီးကို ကိုးကွယ်နေဖို့ မဟုတ်ဘူး။ ငါဟောထားတဲ့ ဓမ္မတွေကို လိုက်နာပါ။ ကျင့်ကြံပါ။ ကြိုးစားအားထုတ်ပါဆိုတာ အဓိကထားပြီး ဟောထားတာ တွေ့ရတယ်။ ဒါကို ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဘုရားရှိခိုးစာပိုဒ်တွေမှာ ဂုဏ်တော်တမ်းတ ပုံတော်မှန်းဆလျှက်လို့ ဆိုတာတွေ့ရတယ်။ 


ဒါဆိုရင် မိမိတို့ဟာ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားရုံသက်သက်နဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပြီလား။ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်ဖြစ်ဖို့ အခြေခံလူ့ကျင့်ဝတ်သီလတွေကော ငါ့မှာ လုံရဲ့လား။ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ငါဟာ ဗုဒ္ဓတရားတော်တွေကို ဘယ်လောက်များ လေးစားလိုက်နာမှုရှိသလဲ။ ဘုရား၊ တရား၊ သံဃာကို တကယ်စင်စစ် စိတ်ရောကိုယ်ပါ နှလုံးသားမှာ တည်ရဲ့လား။ ပါးစပ် ဘုရားဘုရား၊ လက်က ကားယား ကားယားဖြစ်နေပြီလားဆိုတာ စဉ်းစားဖို့ လိုအပ်လာပြီ။


ယနေ့မျက်မှောက်ခေတ်မှာဆိုရင် မြတ်ဗုဒ္ဓသာသနာဟာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ လာအိုငါးနိုင်ငံအနက် မြန်မာနိုင်ငံဟာ အထွန်းကားဆုံး နိုင်ငံတစ်ခုလို့ ဆိုလို့ရပါတယ်။ တခြားနိုင်ငံတွေမှာတော့ ကိုယ့်နိုင်ငံ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေလောက် ပိဋကတ်နှံစပ်တာ မတွေ့ရတော့ဘူး။ ဒါန သီလလောက်ပဲ ကျန်တော့တယ်။ အဘိဓမ္မာ၊ ၀ိပဿနာကို နှံ့နှံ့စပ်စပ်သိတာ၊ ဟောပြတာတွေ နည်းလာတာတွေ့ရတယ်။ ဒါဆိုရင် မိမိတို့ဟာ ကံကောင်းတဲ့ ပတိရူပဒေသ၀ါသအရပ်မှာ မွေးဖွားတယ်လို့လည်း ဆိုလို့ရတယ်။ ငါတို့နေတဲ့ အရပ်ဒေသဟာ အင်မတန်အဖိုးတန်တဲ့အရပ်ဒေသလို့စိတ်မှာ စွဲမှတ်ထင်ရင်း အမည်ခံဗုဒ္ဓဘာသာ၊ မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ နှစ်နှစ်ကာကာသက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် မဖြစ်သင့်ဘူးလား။ 


အာဖကန်နစ္စတန်၊ နီပေါ၊ အိန္ဒိယတွေလို နိုင်ငံမျိုးမှာ ဗုဒ္ဓဘာသာဟာ ပြတိုက်တခုမှာ အလှပြထားတဲ့ ပြယုဂ်သက်သက်သာကျန်တော့ပါတယ်။ ပြင်ပရုပ်ဝတ္ထုပစ္စည်းတွေဟာ အချိန်မရွေး ပျက်စီး ပြောင်းလဲသွားနိုင်ပါတယ်။ စစ်မှန်သော ဘာသာ၊ သာသနာကို လူသားတွေရဲ့ နှလုံးသားမှာ သွတ်သွင်းမှသာ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်လာမှာ မလွဲဧကန်ပါပဲ။ ဒါကြောင့် သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့နေရာမှာ ဗဟိဒ္ဓမှာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို အဇ္ဈတ္တသန္တာန်မှာလည်း ကာကွယ်စောင့်စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်။ အဓိကနဲ့ သာမညထပ်ခွဲရမယ်ဆိုရင် အဇ္ဈတ္တသန္တာန်မှာ တည်နေဖို့ ပိုအရေးကြီးပါတယ်။


နှလုံးသားအတွင်းသန္တာန်မှာတော့ ဗုဒ္ဓဓမ္မတွေကို မတည်ပဲ ပြင်ပလူမြင်ကောင်းအောင် ဘုရားတည်၊ ကျောင်းဆောက်၊ သီလစောင့်၊ တရားထိုင်တာတွေဟာ ဟီနဒါန၊ ဟီနသီလ၊ ဟီန၀ိပဿနာတွေပါ။ စစ်မှန်တဲ့ အကျိုးပေးမှုနဲ့ ဝေးကွာတဲ့ အလုပ်တွေလို့ ဆိုရမယ်။ ပုထုဇဉ်သဘာအလျောက် သဒ္ဓါတရားဆိုတာ မတည်မြဲဘူး။ သောတာပန်တွေသာ မြဲမြံခိုင်ခံ့တယ်လို့ စာပေမှာ လာတာတွေ့ရတယ်။ ဒါကြောင့် ပုထုဇဉ်သဘာဝမို့ အပြစ်တင်နေဖို့လည်း မလိုအပ်ပါဘူး။ သာသနာပြုတဲ့သူဆိုရင်လည်း ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူအားလုံးကို ကိုယ့်ဖက်က စစ်မှန်တဲ့ ထေရ၀ါဒကို ခိုင်ခိုင်ခံ့ခံ့ အုတ်မြစ်ချထားပေး ဖောင်ဒေးရှင်းကောင်းဖို့လိုအပ်ပါတယ်။ ဒါဟာ စစ်မှန်တဲ့သာသနာပြုနည်းလည်း ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားပေမဲ့ အခြေခံလူ့ကျင့်ဝတ်လေးမှ မစောင့်ထိန်းနိုင်ခဲ့ရင် ဗုဒ္ဓဘာသာဝင်ဖြစ်ရကျိုးမနပ်သလို လူဖြစ်လည်း ရှုံးပါတယ်။ ဒါကြောင့် စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်စေဖို့ အခြေခံလူကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး စောင့်ထိန်းပါ။ မိရိုးဖလာဗုဒ္ဓဘာသာမဟုတ်ပါဘဲ စစ်မှန်သော သဒ္ဓါတရားနဲ့ ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပါစေ။
ကုသလံ အန၀ဇ္ဖံ သုခ၀ိပါကလက္ခဏံ၊ အပြစ်ကင်းခြင်း၊ ကောင်းကျိုးချမ်းသာကို ပေးတတ်လို့ ကုသိုလ်။ အကုသလံ သာဝဇ္ဖံ ဒုက္ခ၀ိပါကလက္ခဏံ၊ အပြစ်ရှိခြင်း၊ မကောင်းကျိုးကို ပေးတတ်ခြင်းကြောင့် အကုသိုလ်လို့ ဆိုပါတယ်။ ငါလုပ်မဲ့အလုပ်၊ ငါပြောမဲ့စကား၊ ငါတွေးမဲ့ အတွေးတွေဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာ စဉ်းစားတွေးခေါ်ကာ နှုတ်ဖျားမှာ ဘုရားမတည်ပဲ နှလုံးသားမှာ ဘုရားတည်ပါစေလို့ ဆန္ဒပြုရင်း…………………………………….။

မိမိစင်္ကာပူနေထိုင်စဉ်ကာလအတွင်း လိုလေသေးမရှိစောင့်ရှောက်ခဲ့သော တိုးပါးရိုးဆရာတော်များဖြစ်ကြသော ဆရာတော် ဦးတိလောက၊ ဦးဥဇ္ဖောတ၊ ဦးဓမ္မိဿရတို့လည်းကောင်း၊ အချိန်အားတိုင်း နေရာတော်တော်များများကို စိတ်ရှည်လက်ရှည် လိုက်ပို့ရှင်းပြပေးသော မိမိရဲ့မိတ်ဆွေကြီးအားလည်းကောင်း၊ မိမိအား ကိုယ်အား၊ နှုတ်အားဖြင့်စောင့်ရှောက်ပေးခဲ့သော ဒကာ၊ ဒကာမများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အားလုံးကိုယ် စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

'ဌေး' သာမဏေကျော်

Views: 160

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
6 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service