ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စိတ်ကိုရှုပွားခြင်း

စိတ်ကိုရှုပွားခြင်း 

စိတ်သည် အာရုံခြောက်ပါးတို့၌ ပြေးသွားတတ်၏။ အာရုံတစ်ခုတည်း၌ ကြာကြာမနေ သင့်လျော်သော အာရုံ တစ်ခုတည်း၌ ထား၍ မရသဖြင့် စောင့်ရောက်ရန်ခက်၏။

ထိုစိတ်ကိ သမ္မာသတိမဂ္ဂင်ဖြင့် မိမိ၏ ဒွါရ၌ ထင်လာသော အာရုံကို ပျောက်မသွားရအောင် ကြည့်ရသည်။ သမ္မာဝါယာမ မဂ္ဂ္ဂင်ဖြင့် သမ္မာသတိမဂ္ဂင်က ညွှန်ပြသော အာရုံကို မလွတ်အောင် ကြိုးစား၍ ဖမ်းရပါသည်။ သမ္မာသမာဓိ မဂ္ဂင်ဖြင့် ထိုအာရုံကို ဖမ်းချုပ်ထားရ၏။ သမ္မာသင်္ကပ္ပ မဂ္ဂင်ဖြင့် ထိုအာရုံကို စေ့စေ့စပ်စပ်ကြည့်၍ သမ္မာဒိဋ္ဌိမဂ္ဂင်အား ပြရ၏။ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြင့် ထိုအာရုံကို အနိစ္စလား နိစ္စလား ဒုက္ခလား သုခလား အနတ္တလား အတ္တလား အသုဘလား သုဘလား ဟူ၍ မြင်လာအောင်ကြည့်ရသည်။ 

ဤသည်မှာ ကမ္မဋ္ဌာန်း အာရုံနှင့် ပတ်သက်၍ မဂ္ဂင်ရှစ်ပါး၏ ဆောင်ရွက်ချက် ဖြစ်၏။ 

ထိုဆောင်ရွက်ချက်များ ထက်မြက်လာစေရန် ဣနြေ္ဒတို့ ရင့်ကျက်မှုရှိဖို့ လို၏။ ဣနြေ္ဒတို့ရင့်ကျက်လာစေရန် မဂ္ဂင်ရှစ်ပါးဖြင့် ဆောင်ရွက်ဖို့လိုပြန်သည်။

အကယ်၍ ဣနြေ္ဒနှင့် မဂ္ဂင်တို့ဖြင့် မိမိ၏ ဒွါရ၌ ထင်လာသော အာရုံများ ကို မရှုမှတ်ဘူး ဆိုပါက စိတ်သည် အာရုံများနောက်သို့ လိုက်သွားပေမည်။


အမှန်အားဖြင့် စိတ်သည် ပကတိသဘောအရ ဖြူစင်ပါသော်လည်း ဧည့်သည်ဖြစ်သော ကိလေသာအညစ်အကြေးတို့ ကြောင့် ထိုကဲ့သို့ ယောက်ယက် ခတ်သွားရခြင်းဖြစ်သည်။ 

ထို့ကြောင့် ကိလေသာ အညစ်အကြေးတို့မှ စိတ်ကိုလွတ်မြောက်အောင် အားထုတ်ရ၏။

စိတ်သည် ကိလေသာ အညစ်အကြေးတို့မှ မလွတ်မြောက်သေးသ၍ ကာလပတ်လုံး အာရုံများနောက်သို့ တကောက်ကောက် လိုက်နေရမည်ဖြစ်သည်။ 

အကယ်၍ စိတ်သည် အာရုံများနောက်သို့ မလိုက်ရတော့ပဲ အာရုံများကသာ စိတ်ဆီသို့ လာရပြီဆိုလျှင် စိတ်သည် ကိလေသာများမှ အထိုက်အလျောက် လွတ်မြောက်ပြီဟုဆိုနိုင်၏။

ထိုသို့အားထုတ်ရာ၌ ပထမဦးစွာ သီလကို စင်ကြယ်အောင် ထိန်းသိမ်းရသည်။ သီလစင်ကြယ်လျှင် သမာဓိ အားကောင်းလာရေးအတွက် စိတ်ကို အာရုံများနောက်သို့ မလိုက်ရအောင် သတိဖြင့်စောင့်ရ၏။

အစ ပထမ၌ ပုဂ္ဂလ ဗျာပါဒဖြင့် စောင့်ရ၏။ နောက်တော့ သတိသည် သူ့ဟာသူ ဓမ္မဗျာပါရဖြင့် စောင့်လာ၏။ သတိသည် ဓမ္မဗျာပါရဖြင့် စောင့်နိုင်သောအခါ အာရုံများနောက်သို့ စိတ်က မလိုက်ရတော့ပဲ အာရုံများကသာ စိတ်ဆီသို့ လာတော့၏။

ထိုအခါ ထင်လာသော အာရုံများကို သမာဓိမဂ္ဂင် သုံးပါး ပညာမဂ္ဂင် နှစ်ပါးတို့ဖြင့် ရှုမှတ်ရ၏။


ရှုမှတ်ဖန် များလာသောအခါ မဂ္ဂင်တရားတို့သည် အာရုံတရားရော အာရမ္မဏိက တရားပါ နှစ်မျိုးလုံး အမြဲတစေ ဖြစ်ပျက်နေကြသည်ကို ပကတိမျက်စိဖြင့် မြင်ရသလို မြင်ရပြီး နောက်ဆုံး၌ မဂ္ဂင်ငါးပါးမှ ရှစ်ပါးသို့ တိုးတက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရလေတော့သည်။
(မေဃိယမထေရ်ဝတ္ထု)


စိတ်သည် ဆုံးမရန် အလွန်ခက်၏။ အလွန် လျှင်မြန်၏။ ရောက်ချင်ရာသို့ ရောက်တတ်၏။ 

ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။
ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။
(မာတိက မာတာ ဝတ္ထု တွင် အညတရ ရဟန်းအား မြတ်စွာဘ)

စိတ္တနုပဿနာ အရ စိတ်ကို ဆုံးမသောအခါ စိတ်၏ သဘာဝကို သိထားဖို့ လို၏။ စိတ်၏ သဘာဝကို သိထားလျှင် စိတ်ကို မဇ္ဈိမပဋိပဒါဖြင့် ယဉ်ကျေးအောင် ဆုံးမနိုင်၏။

စိတ်၏ သဘာဝမှာ ဒေသနာတော်အရ ဆိုလျှင် စိတ်သည် အလွန်လျှင်မြန်၏ ။ တစ်ခုသော ခဏအတွင်း၌ပင် စိတ်သည် ကုဋေတသိန်းခန့် ဖြစ်နိုင်၏။ချုပ်နိုင်၏ ။ စိတ်သည် ထိုမျှလောက် မြန်ပါ၏ ။

မသိလျှင် ခက်၏ ။ သိလျှင် လွယ်၏။ မသိခြင်းသည် အဝိဇ္ဇာ ဖြစ်၏။ သိခြင်းသည် ဝိဇ္ဇာ ဖြစ်၏။ ထို့ကြောင့် မိမိ၏စိတ်ကို မိမိက သိအောင် သတိဖြင့် အမြဲတမ်း စောင့်ကြည့်အပ်၏။ သွားချင်ရာ သွားပါစေ ကိစ္စမရှိ။ သွားမှန်းသိဖို့သာ လို၏။ 

လောဘအာရုံသို့ သွားလျှင် လောဘအာရုံသို့ သွားမှန်းသိအောင် 
ဒေါသအာရုံသို့ သွားလျှင်လည်း ဒေါသအာရုံသို့ သွားမှန်းသိအောင် 
မောဟအာရုံသို့ သွားလျှင်လည်း မောဟအာရုံသို့ သွားမှန်း သိအောင် 
ထို့အပြင် ကုသိုလ်အာရုံ တစ်ခုခုသို့ သွားလျှင်လည်း ကုသိုလ်အာရုံ တစ်ခုခုသို့ သွားမှန်းသိအောင်


အယုတ်ဆုံးအားဖြင့် မိမိ၏စိတ် ဘယ်ရောက်သွားမှန်း မသိလျှင်တောင်မှ ဘယ်ရောက်သွားမှန်း မသိသည့် သဘောကိုပင် သိအောင် သတိဖြင့်စိုက်၍ အားထုတ်အပ်၏။
ထိုအခါ မိမိ၏စိတ်သည် မိမိကိုယ် လှည့်ပတ်၍ မရတော့ပေ။ 

စိတ္တနုပဿနာ သတိပဋ္ဌာန် ဟူသည်မှာ မိမိစိတ်က သိနေသော သိစရာ အာရုံပိုင်းကို ပဓာနထား၍ အာရုံမပြုဘဲ ထို သိစရာ အာရုံတစ်ခုခုကို သိတတ်သော အာရမ္မဏိက ဖြစ်သော မိမိ၏ စိတ်ကိုသာ ပဓာနထား၍ အာရုံပြုပြီး သိနေခြင်း ဖြစ်၏။
အာရမ္မဏိကဖြစ်သော စိတ်က အာရုံပြန်ဖြစ်နေခြင်း ဖြစ်၏။

ထိုအခါ သူ၏ အာရုံသည် စိတ်သာ ဖြစ်တော့၏။ အမှန်အားဖြင့် အာရံပိုင်းနှင့် အာရမ္မဏိကပိုင်းတွင် အာရမ္မဏိကပိုင်းကို ပဓာနထား၍ ရှုမှတ်လျှင် ယင်း၏ အာရုံပိုင်းလည်း အလိုလို ပါဝင်ပြီးသား ဖြစ်လာ၏။ 

အာရမ္မဏိကပိုင်းဟူသည်မှာ စိတ်ပင် ဖြစ်၏။ စိတ် ဟူသည် အာရံနှင့် ကင်း၍ မဖြစ်ကောင်းသောကြောင့် စိတ် ဖြစ်သည်ဆိုကတည်းက ယင်းအနေဖြင့် အာရုံပြုရာ အာရုံတစ်ခုခုသည် မလွှဲသာ မရှောင်သာ ပါဝင်ပြီးသား ဖြစ်၏။

ထို့ကြောင့် စိတ်ကို ပဓာနထား၍ သတိဖြင့် ရှုမှတ်ပါက ထိုစိတ်၏ အာရုံကိုလည်း အလိုအလျောက် အပဓာနအားဖြင့် ရှုမှတ်ပြီးသား ဖြစ်လေ၏။


ထိုသို့ ရှုမှတ်ရာတွင် သတိ ဝီရိယ သမာဓိ ဟူသော သမာဓိမဂ္ဂင်သုံးပါး 'အား' မကောင်းမီ 'အသိ' ကျဲသော်လည်း ယင်းမဂ္ဂင်သုံးပါး အားကောင်းလာသည်နှင့်အမျှ 'အသိ' သည် စိပ် စိပ်လာမည် ဖြစ်၏။ 

ယင်းမဂ္ဂင်သုံးပါးတွင် သတိပဋ္ဌာန် ဆိုသည့်အတိုင်း 'သတိ' သည် ပြဋ္ဌာန်း၏။
'သတိ' ပြဋ္ဌာန်းသည်နှင့်အမျှ ဝီရိယသည်လည်း သမ္မပ္ပဓာန် ထိုက်အောင် ပြဋ္ဌာန်းဖို့ လို၏။
သတိနှင့်ဝီရိယ အားကောင်းလာလျှင် သမာဓိ ဝင်လာမည်။
သမာဓိ ဝင်လာလျှင် ပညာ ဝင်လာမည်။
ပညာ ဝင်လာလျှင် 'အသိ' စိတ်၍ စိပ်၍ လာမည်။
ထိုအခါ မိမိ၏ ရှေ့စိတ်သည် ဘယ်ကိုပင် ပြေးပြေး။ ဘယ်ကိုပြေးမှန်း မိမိ၏ နောက်စိတ်က သိလာ၏။
ထိုအခါ မိမိ၏ အရှုခံ 'ရှေ့စိတ်' နှင့် ရှုတတ်သော 'နောက်စိတ်' နှစ်မျိုးလုံး အမြဲတစေ ဖြစ်နေ ပျက်နေသည်ကိုပါ သိ၏။
ဤသို့ သိလာသည်ကိုပင် ယထာဘူတဥာဏ်ကို ရခြင်း မည်၏ ဟူ၍ ဆိုရ၏။

ဖြစ်ပျက်ကို မြင်လာသည်အထိ ယထာဘူတဥာဏ်ကို ရလာသောအခါ သင်္ခါရတရားတို့၌ ငြီးငွေ့သော နိဗ္ဗိဒါဥာဏ်သည် ဖြစ်ပေါ်လာလေ၏။
နိဗ္ဗိဒါဥာဏ် ဖြစ်ပေါ်လာသည်နှင့်အမျှ စိတ်သည် ယဉ်ကျေးလာ၏။
ထို့နောက် ဖြစ် ပျက်တို့ ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး တဏှာခေါ်သော သမုဒယသစ္စာကို ပယ်နိုင်သော ဝိရာဂဥာဏ်သည် ဖြစ်ပေါ်လာ၏။
ထိုအခါ စိတ်သည် အလုံးစုံ ယဉ်ကျေးလေပြီ။


ဤ ဇာတ်လမ်းကား အလွန်ပင်ထူးဆန်းပါ၏။ 'ကိုးဆယ့်ကိုးဇာတ် ယောက်ျားသတ် အကျွတ် မဂ် ဖိုလ် ဝင် ဟူ၍ ဖော်ပြလေ၏။

သူဋ္ဌေးသား အညတရ ရဟန်း ဝတ္ထု

စိတ်သည် မြင်နိုင်ခဲ၏။ မိမိနှစ်သက်ရာ အာရုံကို အာရုံပြုလေ့ ရှိ၏ ။

ပညာရှိသည် မိမိ၏ စိတ်ကို စောင့်ထိန်းရ၏။ အကယ်၍သာ မိမိ၏ စိတ်ကို စောင့်ထိန်းနိုင်ခဲ့သော် ထိုစိတ်သည် ချမ်းသာကို ဆောင်၏။


စိတ်ကို ငါ ဟူ၍ စွဲလမ်းနေသူများအတွက် မျက်စိသည် အခြား အရာဝတ္ထု များကိုသာ မြင်နိုင်ပြီး မိမိကိုယ်ကိုမူ ပြန်၍ မြင်နိုင်ခြင်း မရှိသကဲ့သို့ ထို့အတူ စိတ်သည်လည်း အခြားအာရံများကိုသာ မြင်နိုင်ပြီး မိမိကိုယ်ကိုမူ ပြန်၍ မမြင်နိုင်ပါချေ။ ထို့ကြောင်း စိတ်သည် မြင်နိုင်ခဲခြင်းဖြစ်၏။ အကယ်၍ စိတ်ကို မြင်လိုပါက စိတ်သည် အမြင်ခံတရား အဖြစ်သို့ ရောက်အောင် ပြုလုပ်ဖို့လို၏။

ထို့ကြောင့် စိတ်ကို မြင်တတ်သော ဓမ္မသဘောမှ အမြင်ခံ ဓမ္မသဘောသို့ ရောက်အောင် ရှေးဦးစွာ အားထုတ်အပ်၏။ 

ထိုအခါမှသာ စိတ်သည် မိမိ မဟုတ်တော့ပဲ သူတစ်ပါး ဖြစ်သွားမည် ဖြစ်၏။ သူတစ်ပါး ဖြစ်သွားလျှင် အာရုံတို့၏ ဓမ္မတာအတိုင်း မြင်၍ရပြီ ဖြစ်၏။ 

ဤသဘောကို ရည်ရွယ်၍ ခန္ဓာကို သူတစ်ပါး 'ပရတော' အနေဖြင့် ရှုရမည်ဟူ၍ ဝိသုဒ္ဓိမဂ်၌ မိန့်ဆိုခြင်း ဖြစ်၏။


ဤတွင် ကြည့်သူအဖြစ် ဆောင်ရွက်သည့်စိတ်က မဂ္ဂင်စိတ် ။ အကြည့်ခံအဖြစ် ဆောင်ရွက်သော စိတ်က ကမ္မဋ္ဌာန်း အာရုံစိတ် ဖြစ်ရ၏။

ထိုအခါ စိတ်သည် မြင်နိုင်ခဲသည် မဟုတ်တော့။ စိတ်သည် မြင်၍ ရလေပြီ။ စိတ်ကို မြင်၍ ရသဖြင့် ထိုစိတ်ကို သမာဓိအားကောင်းသော ဥာဏ်ဖြင့် ကြည့်ပါက စိတ်၏ သိမ်မွေ့သော သဘောကိုလည်း တွေ့ရ၏ ။ မိမိနှစ်သက်ရာ ထိုထိုအာရုံတို့၌ အာရုံပြုတတ်သော သဘောကိုလည်း တွေ့ရ၏။ 

ဒေါသစိတ်ကလည်း ဒေါသဖြစ်လိုက်ရမှ ကျေနပ်၏။ 
လောဘစိတ်ကလည်း ခွေးသေကောင်ပုပ်၌ပင် ဖြစ်စေ လောဘဖြစ်ရမှ ကျေနပ်၏။ 
မောဟစိတ်ကလည်း ထို့အတူပင် ဖြစ်၏။

ဤသည်ကိုပင် ဝိပဿနာဝေါဟာရဖြင့် ဆိုပါက ရာဂစိတ် ဖြစ်လျှင်လည်း ရာဂစိတ်ဖြစ်မှန်း သိ၏။ 
ဒေါသစိတ် ဖြစ်လျှင်လည်း ဒေါသစိတ် ဖြစ်မှန်း သိ၏။ 
အခြား ဘာစိတ်ဖြစ်ဖြစ် ထိုထိုစိတ် ဖြစ်မှန်း သိ၏ ဟူ၍ ဆိုရ၏။

ထိုဥာတပရိညာအဆင့်ကို လွန်သောအခါ တိရဏပရညာအဆင့်သို့ ရောက်၏။
ထိုအဆင့်၌ကား ရုပ်ဖြစ်စေ နာမ်ဖြစ်စေ အားလုံး သင်္ခါရ သဘောအရ ဖြစ် ပျက်ချည်းသာ ဖြစ်၏။ ဖြစ် ပျက်ကိုချည်း မြင်ရ၏။ 
ထို့နောက် အဖြစ်မပါတော့ပဲ အပျက်ချည်းသာ တောက်လျောက် 'ပျက်' နေသည့် အပျက် အစဉ်ကိုလည်း မြင်ရ၏။


ကြည့်စိတ် (မဂ္ဂင်) အားကောင်းလျှင် အားကောင်းသလို အကြည့်ခံ အာရုံစိတ်များ အားလုံး တစ်ပျက်တည်း ပျက်နေသည်ကို မြင်ရ၏။ ဤသည်ကိုပင် ဘင်္ဂဥာဏ် ဟူ၍ ဆိုရ၏။

ထို့နောက် ပဟာနပရိညာ အဆင့်သည် လာ၏။ ပဟာနပရိညာ ဟူသည် ခန္ဓာတို့၌စွဲနေသော ကိလေသာများကို ပယ်ခြင်း ဖြစ်၏။

ပုထုဇဉ် ဟူသမျှတို့သည် အရာရာတိုင်း၌ ငါ ငါ့ဥစ္စာ ဟူ၍ စွဲကြ၏။ မိမိနှင့် ဆန့်ကျင်ဘက်များကိုပင် 'ငါ' ဖြင့် စွဲလမ်း၏။
ထို့ကြောင့် ပုထုဇဉ်တို့သည် မိမိတို့အနေဖြင့် နှစ်သက်သောအရာ၌ဖြစ်စေ။ မနှစ်သက်သော အရာ၌ဖြစ်စေ အရာရာတိုင်း၌ 'ငါ' ဖြင့် သိမ်းပိုက်ကြသည်ချည်း ဖြစ်ကြ၏။

ပဟာနပရိညာ သဘောအရ အရာရာတိုင်း၌ 'ငါ' ကို ပယ်လိုက်သောအခါ 'သူ' လည်း အလိုလို ပယ်ပြီးသား ဖြစ်လေ၏။
အမှန်အားဖြင့် 'ငါ' ရှိ၍သာ 'သူ' ရှိနေရခြင်း ဖြစ်၏။
'ငါ' မရှိလျှင် 'သူ' လည်း မရှိတော့။
လောက၌ သူ ငါ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ မရှိ။ 
အားလုံး ဓမ္မချည်းသာ ရှိလေ၏။
ဝိပဿနာ ဝေါဟာရအားဖြင့် ဆိုရလျှင် 'ငါ' ဟူသည်ကား 'အတ္တ' ဖြစ်၏။
'သူ' ဟူသည်ကား 'အတ္တနိယ' ဖြစ်၏။

ဥာဏ်စဉ်များ ရင့်ကျက်မှုအရ အတ္တ နှင့် အတ္တနိယကို မြစ်ပြတ် ပယ်နိုင်သောအခါ ဘဝဒုက္ခမှ လွတ်မြောက်တော့၏။

မျက်စိနှင့် ရူပါရုံ တွေ့ဆုံသည် ဖြစ်စေ ။ နားနှင့် သဒ္ဓါရုံ တွေ့သည် ဖြစ်စေ။


မည်သို့ တွေ့ တွေ့ ။ ထိုသို့ တွေ့ရာ၌ ရာဂလည်း မဖြစ် ။ ဒေါသလည်း မဖြစ် ။ ထိုထို ကိလေသာများ မဖြစ်တော့ ။ ထိုအခါ မျက်စိ နား စသော အာရုံတံခါးများကို စောင့်ထိန်းပြီး သဘောသို့ ရောက်တော့၏ ။ တံခါးစောင့် ကောင်းကောင်းကို ရပြီ ။ ထိုထိုတံခါးမှ ကိလေသာရန်သူများ မဝင်နိုင်တော့ပြီ ။ စိတ်သည် လုံခြုံလေပြီ ။ ထိုအခါ ဘဝဒုက္ခမှ လွတ်ပြီ ။ လုံခြုံသော စိတ်သည် ချမ်းသာလေပြီ ။ ချမ်းသာဟူသည် နိဗ္ဗာန် ဖြစ်၏ ။
(စိတ္တဝဂ်)

ဦးရွှေအောင် ၏ ဓမ္မပဒ စိတ္တဝဂ် မှ ထုတ်နှုတ် ဖော်ပြပါသည်။

မေတ္တာဖြင့် TNO

 

Views: 230

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service