ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဆရာတော်ဘုရားကြီးများ၏ ဩဝါဒများ

ဆရာတော်ဘုရားကြီးများ၏ ဩဝါဒများ

အလေးထားအပ်သောအကျင့်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

သီလသည် အလွန်ပင် အလေးပြုထိုက်သော အကျင့်ပေတည်း။ အပါယ်လေးပါး၌ အတိဒုက္ခ ရောက်လျက်နေကြသော
သတ္တ၀ါတို့တွင် သီလပျက်မှုကြောင့် ကျရောက်ရသောသူတို့သည်  ၁၀၀ လျှင် ၉၉ ယောက်ထက်မနည်း ရှိကုန်ရာ၏။

လူဘုံ၊ နတ်ဘုံ၌ ချမ်းသာလျက်ရှိသောသူတို့တွင် သီလစင်ကြယ်မှုကြောင့် လူ၊ နတ်ဖြစ်သောသူတို့သည် ၁၀၀ လျှင် ၅၀ ထက်မနည်း
ရှိကုန်ရာ၏။ မဂ်ဖိုလ်ကိုရသော ပုဂ္ဂိုလ်တို့တွင်လည်း ရှေ့အဖို့က သီလစင်ကြယ်၍ မဂ်ဖိုလ်ရသော သူတို့သည်သာလျှင် များကုန်ရာ၏။

သို့ဖြစ်၍ သီလကို မည်သူမဆို အသက်ပမာအလေးပြု၍ စောင့်ထိန်းထိုက်သည်သာတည်း။ နောင်အခါမှ စောင့်ထိန်းမည်ဟု
ပေါ့ပေါ့ဆဆ မပြုအပ်သည်သာတည်း။ အကြောင်းမူကား ထိုသို့ ပေါ့ပေါ့ဆဆပြုလျက် သီလပျက်စီးနေခိုက်တွင် အမှတ်တမဲ့
ရုတ်တရက် သေဆုံးသွားပါလျှင် မျက်စိတစ်မှိတ်ခန့်ကာလအတွင်းမှာပင် အပါယ်ဘုံသို့ ကျရောက်သွားမည်ကို စိုးရိမ်ရသောကြောင့်တည်း။
ဘာဝနာကို အားထုတ်လိုသောသူတို့၌ကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။

ထိုသို့သောသူတို့သည်ကား အသက်ထက်ပင် အလေးအနက်ပြု၍ ထက်ဝန်းကျင် စင်ကြယ်အောင် စောင့်ထိန်းထိုက်သည်သာတည်း။

မဟာစည် ဆရာတော်ဘုရားကြီး

●●●●●●●●●●●●●●●●●●●●

တစ်ရက်မျှ အသက်ရှည်
¤¤¤¤¤¤¤¤¤¤¤¤¤¤

အနှစ်တစ်ရာ၊
သက်ရှည်ကြာလည်း၊
ခေမာအမတ၊ မမြင်ရသော်၊
ဘဝဤဇာတ်၊ ကယ်မပြတ်ဘူး၊
ဝိပဿနာ၊ အခြေပါ၍၊
လေးဖြာမဂ်စု၊ ဉာဏ်စက္ခုဖြင့်၊
ဓုဝဧကန်၊ နေရဗာန်ကို၊
ဝေဖန်မြင်ထ၊ တစ်ရက်မျှလျှင်၊
ဇီဝရှည်လျှင်း၊ တည်နေခြင်းက၊
လွန်မင်းသာစွ၊ မြတ်ထွက်လှဟု၊
ဇိနဘုရား၊ ဟောမိန့်ကြားသည်၊
တရားကြိုသင့်လှပြီတကား။

မင်းကွန်း ဆရာတော်ဘုရားကြီး
အရှင်ဝိစိတ္တသာရာဘိဝံသ

●●●●●●●●●●●●●●●●●●●



မေတ္တာ
••••••••••

`မေတ္တာ´ ဆိုတဲ့တရားဟာ လူမျိုးနဲ့လည်း သက်ဆိုင်တာ မဟုတ်ဘူး၊ ဘာသာနဲ့လည်း သက်ဆိုင်တာမဟုတ်ဘူး၊ ဘယ်သူုပဲအသုံးချချ ထိုမေတ္တာတရားရဲ့ စွမ်းအားကို ရကြမှာပဲဖြစ်တယ်။ `မေတ္တာ´ ဆိုတာ နေရာတကာ အရေးကြီးတယ်။ ပြောသမျှ၊ ဆိုသမျှ၊ စိတ်ကူးသမျှတွေဟာ `မေတ္တာ´ နဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာတယ်။ ကိုယ့်အတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ၊ သူများအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ၊ လူတိုင်းအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ၊ လူတိုင်း လူတိုင်းရဲ့ နှလုံးသားထဲမှာ `မေတ္တာ´ တရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။

`မေတ္တာ´ ဆိုတာ `` မိတ်ဆွေတို့ရဲ့စိတ်ဓာတ်၊ မိတ်တွေရဲ့ စိတ်နေသဘောထား´´ လို့ အဓိပ္ပါယ်ရတယ်။ ပါဠိ စကားလုံးပဲ။ မိတ္တဿ ဧသာ မေတ္တာ - မိတ်ဆွေရဲ့ စိတ်နေသဘောထား။
မိတ်ဆွေရဲ့ စိတ်နေသဘောထား ဘယ်လိုရှိသလဲ၊ မိတ်ဆွေရဲ့ စိတ်နေသဘောထားသည် မိမိနဲ့ ခင်မင်သူအားလုံး ကြီးပွားတိုးတက်စေချင်တယ်၊ ပျော်ရွှင်ချမ်းမြေ့စေချင်တယ်။ အဲဒီ စိတ်ဓာတ်ကို အကန့်အသတ်ထားရမလားလို့ ဆိုတော့ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်ကို အားလုံးအပေါ်မှာ ထားနိုင်အောင် ကြိုးစားရမယ်။ ကိုယ့်မိတ်ဆွေ ဟုတ်သည်ဖြစ်စေ၊ ကိုယ့်မိတ်ဆွေ မဟုတ်သည်ဖြစ်စေ၊ ကိုယ်နဲ့မသင့်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ ဘယ်ပုဂ္ဂိုလ်တွေဖြစ်ဖြစ် အားလုံးအပေါ်မှာ ဒီစိတ်ဓာတ်ကို ဖြန့်ကျက်ထားနိုင်တာကို `မေတ္တာ´ လို့ ခေါ်တာ။

အဲဒီလို ဖြန့်ကျက်ထားနိုင်အောင် ကြိုးစားဖို့ ဘုန်းကြီးတို့တစ်တွေ လုပ်ကြရမယ်။ ဒီ `မေတ္တာ´ ဆိုတဲ့ တရားဟာ လူတွေရဲ့ နှလုံးသားထဲမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်းပဲ တိုးတက်အောင် မလုပ်ဘူးဆိုလို့ရှိရင် ဒီ `မေတ္တာ´ ဟာ တိုးပွားလာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လေ့ကျင့်ပြီးတော့ `မေတ္တာ´ နှလုံးသား ရင်ထဲမှာ ပြန့်ပွားလာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

●●●●●●●●●●●●●●●●●●●●



ကိုယ့်လမ်းကိုယ်လျှောက်
•••••••••••••••••••••••••

* များစွာဒုက္ခ ရှိနေကြ၍
ဒုက္ခအမှန် လွတ်ဖို့ရန်
ဧကန်ကုသိုလ်ပြုရသည်။

* ဖြစ်ချင်သမျှ မဖြစ်ရဘဲ
လွဲရမြဲမို့ ဖြစ်ဖို့ဧကန်
အကြောင်းမှန်
ဧကန်ကုသိုလ်ပြုရသည်။

* တကယ့်အရေး၊ တကယ့်ဘေးတွင်
ကယ်တင်မည့်သူ၊ မရှိမူ၍
အပူကင်းလို၊ ကိုယ့်ကိုကိုယ်သာ
ကယ်ဖို့ရာ
မှန်စွာကုသိုလ်ပြုရသည်။

* ကုသိုလ်ကိုချစ်၊ လူအစစ်
အနှစ်ပေါ်လာသည်။

* ကိုယ့်လမ်းကိုယ်လျှောက် ၊
ကောင်းရာရောက်
မကြောက်ရအောင် စိတ်အေးသည်။



ကုသိုလ်ကြောင့် လူဖြစ်ရသည်ဖြစ်၍ လူနှင့် ကုသိုလ်၊ ကုသိုလ်နှင့် လူသည် ခွဲခွာ၍မရချေ။ ကုသိုလ်လမ်း ပျောက်ကွယ်သွားသည်နှင့် လူသည် လူ့လမ်းကြောင်းမှ ဖဲ့ခွာသွားရမည်သာ ဖြစ်သည်။

ဤခန္ဓာကိုယ်၌ ဆင်းရဲဒုက္ခများစွာ ရှိနေသောကြောင့်သာ ဒုက္ခလွတ်ကြောင်း လမ်းမှန်ကောင်းဖြစ်သည့် ကောင်းမှုကုသိုလ်ကို မချွတ်ဧကန်ပြုရပေသည်။ အကြောင်းမဲ့ ဖြစ်ချင်သလိုဖြစ်ရသည်မဟုတ်ဘဲ ရှိသလိုသာဖြစ်ရသောကြောင့် ဖြစ်ချင်သည့်အရာများ ဖြစ်ခွင့်ရရန် ကောင်းကျိုးဖြစ်နိုင်ကြောင်း နည်းလမ်းကောင်းဖြစ်သော ကောင်းမှုကုသိုလ်ကို စီးပွားရေး အလုပ်တစ်ခုဟုပင် သဘောထား၍ ကြိုးစားစုဆောင်း ပြုလုပ်နေသည်။

တကယ့်အရေး တကယ့်ဘေးကြုံလာလျှင် မည်သူက မည့်သူကို မကယ်တင်နိုင်ရကား မိမိကိုယ်တိုင်သာ ကောင်းမှုကုသိုလ်ဖြင့် ကယ်ရမည်ဖြစ်၍ ကိုယ့်ဟာကိုယ် ကယ်စရာရှိဖို့အတွက်လည်း ကုသိုလ်ပြုရပေသည်။ တကယ့်ကယ်တင်ရှင်အစစ်ကား မိမိ၏ ကောင်းမှုတရားသာတည်း။ ကုသိုလ်ကို ချစ်မှ လူအစစ်ဖြစ်ခွင့်ရပြီး ကောင်းရာကိုရောက်အောင် မကြောက်မရွံ့ ကိုယ့်လမ်းကိုယ်လျှောက် နိုင်မည်ဖြစ်သည်။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး

●●●●●●●●●●●●●●●●●●●●●



ဆုံစည်းခြင်းကောင်းမှ လမ်းခွဲခြင်းကောင်းမယ်
••••••••••••••••••••••••

လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာလည်း ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရတဲ့ လူကို အကြောင်းပြုပြီးတော့ ကုသိုလ်တွေဖြစ်အောင်
ကြိုးစားကြရမယ်။ ကိုယ့်ကြောင့် သူလည်း ကုသိုလ်ဖြစ်၊ သူ့ကြောင့် ကိုယ်လည်း ကုသိုလ်ဖြစ်၊ အပြန်အလှန် ကုသိုလ်စိတ်တွေဖြစ်၊
မေတ္တာစိတ်တွေ ဖြစ်အောင် သတိနဲ့၊ ဉာဏ်နဲ့ ယှဉ်ပြီးတော့ နေထိုင်ကြရမယ်။

မေတ္တာနဲ့ ထုံမွှမ်းထားတဲ့ ပေါင်းဆုံခြင်းဖြစ်မှသာလျှင် လမ်းခွဲခြင်းကလည်း မေတ္တာနဲ့ ထုံမွှမ်းထားတဲ့ လမ်းခွဲခြင်းဖြစ်မယ်။
ဝမ်းနည်းစရာ မကောင်းတဲ့လမ်းခွဲခြင်း၊ အဆင့်အတန်းမြင့်တဲ့ လမ်းခွဲခြင်းတွေ ဖြစ်ကြပါလိမ့်မယ်။  

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

●●●●●●●●●●●●●●●●●●●●

နေစဉ်အပ္ပမာဒ
••••••••••••••

သွားနေစဉ်၊ ရပ်နေစဉ်၊ ထိုင်နေစဉ်၊ လျောင်းနေစဉ်၊ ကွေးနေစဉ်၊ ဆန့်နေစဉ်၊ စားနေစဉ်၊ သောက်နေစဉ်၊ 
ရေချိုးနေစဉ်၊ အညစ်အကြေး စွန့်နေစဉ် အလုပ်လုပ်နေစဉ်......
အဲဒီလို နေစဉ်တိုင်း၊ နေစဉ်တိုင်းမှာ သတိမပြတ်၊ သတိကပ်ပြီး တရားအားထုတ်နေတာကို `နေစဉ်အပ္ပမာဒ´ လို့ ခေါ်ပါတယ်။
သီးသန့်သတ်မှတ်ထားတဲ့ အချိန်ပိုင်းအတွင်းမှာသာ တရားအားထုတ်တာမျိုး မဟုတ်ဘဲ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ဣရိယာပုတ်မရွေး သတိကပ် သတိထပ်နေတာမျိုးပါ။

မရွေးလေးပါး လက်ကိုင်ထားတဲ့ `နေစဉ်အပ္ပမာဒ သမား´ ဟာ`အာရုံမရွေး´ ဆိုတဲ့ အဓိကပဓာနအကျဆုံး
မရွေးနဲ့လည်း ပြည့်စုံသွားပါတယ်။ စစ်မှန်တဲ့ ဝိပဿနာသမားတစ်ယောက်ဟာ ဘယ်အာရုံကိုပဲ ကြုံကြုံ၊ ကြုံသမျှအာရုံကို အလိုက်သင့်
ရဲရဲဝံ့ဝံ့ ရှုမှတ်နိုင်ရပါတယ်။ အာရုံတိုင်းရဲ့အပေါ်မှာ `မမြဲ၊ ဆင်းရဲ၊ သဘောပဲ´ ဆိုတဲ့ ဝိပဿနာဉာဏ် အစာကြေမှ
တရားထူးတရားမြတ် ရရှိနိုင်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

●●●●●●●●●●●●●●●●●●●●●



သံယောဇဉ် ပြတ်သူများ
•••••••••••••••••••••••

သံယောဇဉ်ပယ်ဖြတ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ တကယ်တမ်း သံယောဇဉ်ပြတ်ဖို့ နေနေသာသာ သံယောဇဉ်တွေ ဖြတ်ချင်စိတ်ပေါ်ဖို့တောင် မလွယ်ပါဘူး။

တစ်သံသရာလုံးမှာ သံယောဇဉ်တွေနဲ့သာ နေလာခဲ့ကြတော့ သံယောဇဉ်နဲ့သာ ပျော်ပါတယ်။ သံယောဇဉ်ကိုသာ အဖော်လုပ်ချင်ပါတယ်။ သာမာန်လူသား ပုထုဇဉ်များအနေနဲ့ သံယောဇဉ်ရဲ့နှောင်ဖွဲ့မှုကို လွတ်အောင် အတော်ကြီးကို ကြိုးစားနိုင်မှ ဖြတ်တောက်နိုင်ပါမယ်။

အမှန်တကယ် သံယောဇဉ်ပြတ်သူများလို့ ပြောနိုင်တာက မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေပါပဲ။ ဘုရားရဟန္တာ မဖြစ်သေးရင် သံယောဇဉ် အငွေ့အသက်တွေ ကြွင်းကျန်နေပါသေးတယ်။ ဆက်လက်ပြီး ကြိုးစားရှုမှတ် ပယ်သတ်ရမဲ့ သံယောဇဉ်ကြိုးမျှင်တွေ ကျန်နေပါသေးတယ်။

ပုထုဇဉ်အဆင့်ကနေ အရိယာအဆင့်ကို ကူးတတ်ဖို့အတွက် သံယောဇဉ်နှောင်ကြိုးတွေကို ဇွတ်တိုးပြီး တစ်ဆင့်တစ်ဆင့်စီ ဖြတ်တောက်ရမှာပါ။ ပုထုဇဉ်ကနေ ပထမဆုံး အရိယာအဆင့်ဖြစ်တဲ့ သောတာပန်ဖြစ်အောင် တရားရှုမှတ်ပြီး သံယောဇဉ်ဖြတ်ရမှာမို့ ရှုမှတ်ရမယ့် တရားအစဉ်နဲ့ ပယ်ဖြတ်ရမယ့် သံယောဇဉ် တွေကို ဆက်စပ် ပြောပြသွားပါမယ်။

(၁) ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ- ဆိုတဲ့ သံယောဇဉ် (၅) ပါးတို့ကို သောတာပတ္တိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သောတပန်ဟာ သံယောဇဉ်(၅) ပါး ဖြတ်နိုင်ပါတယ်။

(၂) ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို သကဒါဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သကဒါဂါမ်ဟာ ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို ဖြတ်နိုင်ပါတယ်။

(၃) သိမ့်မွေ့သော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို အနာဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ အနာဂါမ်ဟာ ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ လုံးဝမရှိတော့ပါဘူး။

(၄) မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာ သံယောဇဉ် တို့ကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ ရဟန္တာအရှင်မြတ်တွေဟာ သံယောဇဉ်မှန်သမျှ ဘာတစ်ခုမျှ မကျန်အောင် အားလုံးကို ပယ်သတ်ပြီး ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ္တန်မှာ `` ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါမဖြစ်ကြောင်းကိုလည်း သိ၏။´´ လို့ ဟောတော်မူခဲ့တာဟာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအရှင်မြတ်တွေ ပယ်ထားပြီး ဖြတ်ထားပြီးတဲ့ သံယောဇဉ်တွေကို ပြောတာပါ။

မဂ်နဲ့ပယ်ထားပြီးတဲ့ သံယောဇဉ်တွေဟာ နောင်ကို ဘယ်တော့မှ ပြန်မဖြစ်လာတော့ပါဘူး။ အပြီးတိုင် ပြတ်သွားပါပြီ။

ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ

●●●●●●●●●●●●●●●●●●●●●

စုစည်းပေးသူ ကို လှိုင် တိုး အား ကျေးဇူးအထူးတင်လျက် သာဓု သာဓု သာဓုပါ။


ချမ်းမြေ့သာယာခြင်းအစဉ်ရှိကြပါစေ။

Views: 139

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
20 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service