ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

"ငမောက်ဈေးထဲက သစ္စာစကား"

 "ငမောက်ဈေးထဲက သစ္စာစကား"


၁၉၉၈ ခုနစ်ခန့်ကဖြစ်၏။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ငမောက်ဈေး အတွင်း၌ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးနှစ်ယောက်သည် ချုပ်ထည်များ များများကျ လာချိန်ဖြစ်သဖြင့် အလုပ်များနေကြ၏။

အသက် (၅၅) နှစ်ခန့်ရှိ အမျိုးသမီးကြီးမှာ အမေဖြစ်ပြီး အသက်နှစ်ဆယ်ခန့်ရှိသူ အမျိုးသမီးလေးမှာ သမီးဖြစ်သည်။ အမျိုးသမီးကြီး၏အမည်ကို ဒေါ်လှမြင့်ဟုခေါ်၏။ သားနှစ်ယောက်၊ သမီး နှစ်ယောက်ရှိသည့်အနက် သားနှစ်ယောက်မှာ အိမ်ထောင်ကျသွားပြီး သမီးကြီးမှာ သီလရှင် ဝတ်ကာ ဓမ္မာစရိယတန်းပင်ရောက်နေပြီ။

ခင်ပွန်းမှာ အလုပ်က ပင်စင်ယူပြီးဖြစ်သဖြင့် ဝင်ငွေမရှိပေ။ ယခု သမီးအငယ်ဆုံးလေး စက်ချုပ်ခဖြင့် ဝမ်းကျောင်းနေကြရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း တစ်လတွင် ရက် (၂၀)ခန့်လောက် သမီးငယ်၏အလုပ်ကို ဒေါ်လှမြင့် ဝင်ကူပေးနေခြင်းဖြစ်သည်။

ကျန်ဆယ်ရက်ကား သားသမီးကို ကူနိုင်ဖို့နေနေသာသာ ဒေါ်လှမြင့် အိမ်မှာပင်မရှိပေ။ အမှတ် (၆)ရပ်ကွက်ရှိ ဟင်္သာတ ကျောင်းတိုက်တွင် တစ်လတစ်ကြိမ် (၇)ရက်တရားစခန်းဖွင့်ရာ ဒေါ်လှမြင့်တစ်ယောက်တည်းက ချက်ရေးပြုတ်ရေးတာဝန်၊ ယောဂီထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်များကို အပတ်စဉ် ယူထားသည်။

တရားစခန်းမှာ ပင်မဗုဒ္ဓဝါဒီနည်းအတိုင်း ပြသခြင်းဖြစ်သည်။ ဒေါ်လှမြင့်သည် ထိုနည်းအတိုင်း နှစ်များစွာ အားထုတ်ခဲ့ဖူးသူဖြစ်သဖြင့် ဟင်္သာတကျောင်း ဆရာတော်ကို အဘက်ဘက်က အကူအညီပေးနိုင်ခြင်းဖြစ်သည်။ ယောဂီငါးဆယ်ခန့် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းကို တစ်ယောက်တည်း အဆင်ပြေအောင် ချက်ပြုတ်နိုင်သည်မှာ အံ့သြဘွယ်ရာတစ်ခုပင်ဖြစ်၏။

တရားစခန်းသည် ခုနှစ်ရက်သာဖြစ်သော်လည်း စခန်းမစမီ ကြိုတင်ပြင်ဆင်ရခြင်း၊ တရား စခန်းပြီးသည့်နောက် ပစ္စည်းပစ္စယများကို သိမ်းဆည်းရခြင်းတို့ကြောင့် တစ်လလျှင် ဆယ်ရက် ခန့်ကား ကျောင်းမှာပင်ကုန်သွား၏။ ထို့ကြောင့် သမီးငယ်ကို တစ်လလျှင် ရက်နှစ်ဆယ်သာ ကူညီနိုင်ခြင်းဖြစ်၏။

ဒေါ်လှမြင့်ကား အသပြာမရှိသော်လည်း သဒ္ဓါရှိသူဖြစ်၏။ ထို့ကြောင့် သမီးလေး၏ ဝင်ငွေ တစ်ခုတည်းသာရှိသည်ဖြစ်၍ အိမ်မှာ ဓနိမိုးထရံကာ ယိုင်နဲ့နေသော်လည်း အလှူအတန်းကား ပြတ်သည်ဟူ၍မရှိ။ သူတို့နေရာ (၈)ရပ်ကွက်၊ ဝင်္ကဘာပန်းခြံသည် ဘုန်းကြီးကျောင်းများနှင့် ဝေးသည်ဖြစ်၍ သက်ကြီးရွယ်အိုများ၊ ဥပုသ်စောင့်ရန် အခက်အခဲတွေ့ကြရ၏။

ထိုအခက်အခဲကို ဒေါ်လှမြင့်က ဖြေရှင်းပေးသည်။ ဥပုသ်နေ့တိုင်း သူ့အိမ်မှာ သံဃာတစ်ပါး ဆွမ်းကပ်ပင့်လိုက်သည်။ သီလယူချင်ကြသော အဘိုးအဘွားများကိုလည်း အိမ်သို့လာကြရန် ဖိတ်ခေါ်လိုက်သည်။ ရောက်လာကြသော ဥပုသ်သည်အားလုံးအတွက် အကျွေးအမွေးကို ဒေါ်လှမြင့်က တာဝန်ယူသည်။ ထမင်း၊ အချိုပွဲ၊ ပြည့်စုံအောင် လှူဒါန်းသည်။

တရားစခန်း (၇)ရက်အတွင်း အာရုဏ်ဆွမ်း၊ နေ့ဆွမ်း မပေါ်လျှင်လည်း ဒေါ်လှမြင့်ကသာ လှူဒါန်းသည်။ ယောဂီငါးဆယ်ခန့် ကျွေးမွေးရန် ပန်ကန်ခွက်ယောက်များကို နည်းနည်းချင်း ဝယ်စုလှူခြင်းဖြင့် ပြည့်စုံသွားသည်။ သာသနာကို မရှိသည့်ကြားက အငတ်ခံ၍ လှူဒါန်းလိုခြင်းသည် သာသနာတော်၏ ကျေးဇူးကို သိထား၍ဖြစ်၏။

"အလှူခံမဝင်ရ"

ငါရှိသည်ဟူသော အစွဲဒိဋ္ဌိနှင့် သို့လော၊ သို့လော တွေးတောခြင်း၊ ဝိစိကိစ္ဆာတို့ မရှိတော့ခြင်း၊ ငါးပါးသီလကို ဖောက်ဖျက်ချင်သော စိတ်စေတနာတို့ ချုပ်ငြိမ်းသွားခြင်း၊ ရတနားသုံးပါး၏ ဂုဏ်ကျေးဇူးကို တစ်ကယ်သိသွား၍ ယခင်ကထက် ပို၍ ကြည်ညိုလာခြင်း၊ ပို၍ လှူဒါန်းလာခြင်း၊ ဤအင်္ဂါသုံးချက်သည် သောတာပန်မှာသာရှိသည်။

ဗုဒ္ဓလက်ထက်တော်က အိုးထိန်းသည်လင်မယားသည် သောတာပန်တည်သွားပြီးဖြစ်၍ သာသနာကို အရင်ပုထုဇဉ်ဘဝထက် ပို၍ကြည်ညိုလာ၏။ ထို့ကြောင့်လည်း ဘုရားကျောင်းတော်မှ သံဃာငါးရာကျော်ကို သပိတ်လိုက သူတို့ဆီ အလှူခံကြရန် ဖိတ်မန်ကြသည်။ သူတို့သည် သဒ္ဓါတရားရှိလွန်း၍သာ ဖိတ်မန်ကြခြင်းဖြစ်သည်။ ဥစ္စာဓနအနေဖြင့် တစ်နေ့လုပ်မှတစ်နေ့စား အဆင့်လောက်သာရှိ၏။

ဒကာက ထိုသို့ ဖိတ်မန်ထားလျှင် ရဟန်းများအနေဖြင့် လိုသလောက် အလှူခံကောင်းသည်ဖြစ်ရာ ရဟန်းငါးရာကျော်တို့သည် ဝိုင်း၍ အလှူခံကြလေတော့သည်။ တစ်ရာနှင့်တစ်ယောက်မဟုတ်ဘဲ ငါးရာနှင့်တစ်ယောက် ဖြစ်ရာ အိုးထိန်းသည်လင်မယားမှာ စားဝတ်နေရေးအတွက် အိုးမဖုတ်နိုင်ကြတော့ဘဲ ရဟန်းတော်များအတွက် သပိတ်ချည်း ဖုတ်ပေးနေရတော့သည်။

ရက်ကြာလာသောအခါ အိုးထိန်းသည်လင်မယားမှာ ဝင်ငွေမရှိသဖြင့် ငတ်ပြတ်ဆင်းရဲလာကြ၏။ သူတစ်ပါးထံက ချေးငှားစားပြီး ရဟန်းများ လိုအပ်သော သပိတ်များကို ဝမ်းပန်တသာ ဖုတ်ပေးနေဆဲပင်။ သောတာပန်တို့၏ သဒ္ဓါတရားကား အံ့ဘွယ်ရှိစွ။ ပုထုဇဉ်များ ဘယ်လိုမှ လိုက်မမီနိုင်ပါပေ။

ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ရဟန်းများကို ခေါ်ယူတားမြစ်ပြီး ထိုအိုးထိန်းသည် လင်မယားကဲ့သို့ ဥစ္စာဓနနည်းပြီး သဒ္ဓါတရား များပြားကြသူများထံမှ မတရားသဖြင့် အတိုင်းအရှည် မသိ အလှူမခံရ။ အလှူခံက ပါဋ္ဋိဒေသနီ အာပတ်သင့်စေ ဟုပညတ်တော်မူခဲ့ရသည်။ ခေတ် စကားဖြင့်ပြောရလျှင် အလှူခံမဝင်ရဟူ၍ ဆိုင်းဘုတ်ချိတ်ပေးလိုက်ခြင်းပင်။

ယခုလည်း ဒေါ်လှမြင့်၏ သဒ္ဓါတရားကား သောတာပန်တစ်ယောက်၏ သဒ္ဓါတရားမျိုး ဖြစ်နေ၏။ သောတာပန်ဟုတ် မဟုတ်ကား ဘုရားရှင်သာ သိနိုင်သောအရာဖြစ်၏။ ဝိပဿနာတရား နာကြားအားထုတ်နေသူတစ်ယောက်ဖြစ်သောကြောင့် သောတာပန် ဖြစ်မည်ဆိုလျှင် ဖြစ်နိုင်သည်သာ။

ထိုဒေါ်လှမြင့်ပြုနေသော ဒါနစွမ်းအားကြောင့် သမီးငယ်၏ စက်ချုပ်လုပ်ငန်းမှာ သူများထက် အောင်မြင်ခြင်းဖြစ်၏။ သို့သော် အသိဉာဏ်နုနယ်ရှာသေးသော သမီးငယ်မှာ “ညည်းအမေက အထိန်အကွပ်မရှိ၊ လှူချင်တိုင်း လှူနေတာ၊ ညည်းတို့ အိမ်ကောင်းကောင်းနဲ့ ဘယ်တော့မှနေရမှာမဟုတ်ဘူး။ တစ်ကယ်ဆို ညည်းရဲ့ တစ်ရက်ဝင်ငွေက နည်းတာမဟုတ်ဘူး”

ထိုသို့ သမီးနှင့်အမိကြား မလိုအပ်သော ဂုံးတိုက်စကားများကြောင့် မိခင်အပေါ် မကျေမနပ် ဖြစ်လာခဲ့သည်။ သို့သော် ဘာသာရေးနှင့် ပတ်သက်နေ၍ ပြောလည်းမပြောရဲ။ ပြောရမည့် အခွင့်အလမ်းကိုသာ ရှာနေသည်။ ယနေ့ကား ထိုပြောရမည့်အခွင့်အလမ်းကြီး ဆိုက်ရောက်လာလေပြီ။ ဒေါ်လှမြင့်သည် လက်ဖက်ရည်ချိုတစ်ခွက်နှင့် အီကြာကွေးတစ်ခုဝယ်လာပြီး ဘေးနားချကာ ချုပ်ထည်တစ်ခုကို ကူညှပ်ပေးနေ၏။

ထိုအချိန်မှာပင် တရားစခန်းဝင်ဖူးသော ယောဂီတစ်ဦး ဈေးဝယ်ရင်းဖြင့် ဒေါ်လှမြင့်ဆိုင်ရှေ့ ရောက်လာကာ “ ဒေါ်လှမြင့် နောက်အပတ် တရားစခန်း ကျွန်မ ဆက်ဝင်မှာနော်။ စာရင်းသွင်း ပေးထားပါ” ဟုပြောလိုက်၏။ ဒေါ်လှမြင့်ကလည်း “အေး သွင်းထားမှာပေါ့။ ဘယ်လိုလဲ၊ တရား အားထုတ်ပြီးတော့ စိတ်တွေအေးပြီး အားလုံး အဆင်ပြေသွားတယ် မဟုတ်လား” ဟု ပြန်မေးလိုက်၏။

“မှန်လိုက်တာ ဒေါ်လှမြင့်ရယ်။ တရားထိုင်လိုက်တော့ စိတ်တွေငြိမ်းချမ်းသွားတယ်။ ဒါနပြုတာ၊ သီလဆောက်တည်တာကိုလည်း စိတ်ပါလက်ပါလုပ်ဖြစ်လာတယ်။ ဒါကြောင့်ထင်ပါရဲ့။ အခုဆို ကျွန်မတို့ စီးပွားရေးတွေလည်း အများကြီး အဆင်ပြေလာတယ်” ဟု ဝမ်းသာအားရနှင့် ပြောပြနေ၍ ဒေါ်လှမြင့်ကလည်း ထောက်ခံလိုက်သည်။

“အဲဒါ တရားတော်ရဲ့တန်ခိုးတွေပေါ့။ ဒါ့ကြောင့် ဘုရားက ‘ဓမ္မောဟဝေရက္ခတိဓမ္မစာရီ’ = တရားကျင့်သူကို တရားက ပြန်စောင့်ရှောက်တယ်လို့ ဟောတော်မူတာပေါ့။ အခု ကျွန်မတို့မိသားစုလည်း ကြည့်ပါလား တစ်ခြားဘာစီးပွားရေးမှ ရှိတာမဟုတ်ဘူး။ ဒီသမီးလေး စက်ချုပ်တာပဲရှိတယ်”

“ကျွန်မက တရားလည်းထိုင်၊ တရားစခန်းလည်းလုပ်အားပေး၊ တတ်နိုင်သလောက်လည်း လှူဆိုတော့ အခု ကျွန်မတို့ကို တရားတော်က ပြန်စောင့်ရှောက်တာပေါ့” ယောဂီဟောင်းက ပြုံးပြီးခေါင်းညိတ်ကာ ထွက်သွား၏။

မပြုံးနိုင်ဘဲ မျက်နှာကိုမဲ့ကာ ဒေါ်လှမြင့်အား ကြည့်နေသူတစ်ယောက်ရှိ၏။ ထိုသူကား စက်ချုပ်နေသော သမီးငယ်ပင်ဖြစ်ပါ၏။ သာသနာက သူတို့အား စောင့်ရှောက်သည်ဆိုခြင်းကိုသူမ လက်မခံနိုင်။ သူ့အမေက သာသနာကို တအားလှူနေ၍သာ သူတို့မှာ အိမ်ကောင်းကောင်းနှင့် မနေရခြင်းဟု ယုံကြည်နေသည် မဟုတ်ပါလား။

ထို့ကြောင့်လည်း အမေ့ကိုလက်တွေ့ပညာပေးချင်သဖြင့် လက်ဖက်ရည်ချိုသောက်ရန် နောက်ဘက်လှည့်လာသော ဒေါ်လှမြင့်နားမှ လက်ဖက်ရည်နှင့် အီကြာကွေးကို သူမဘက်သို့ ယူလိုက်ပြီး “ကဲ... အမေ၊ တရားကိုကျင့်ရင် တရားကပြန်စောင့်တယ်လို့ အမေက ပြောတယ်။ အခု အမေသောက်မယ့် လက်ဖက်ရည်ချိုနဲ့ အီကြာကွေးကို သမီးယူလိုက်ပြီ။ အမေစောင့်ခဲ့တဲ့ တရားက လက်ဖက်ရည်တစ်ခွက်နဲ့ မုန့်တစ်ခုပေးအောင် လုပ်ပြစမ်းပါ။ သမီး လက်တွေ့ကြည့်ချင် ပါတယ်” ဟုပြောလိုက်၏။ 

မည်မျှခက်လိုက်သော ပြဿနာပါနည်း။ ဤနေရာ၌ အသိဉာဏ်မရှိသော တရားလည်းမရှိသည့် မိခင်သာဆိုလျှင် သမီးငယ်ကို ရိုက်နှက်ဆဲဆိုပေလိမ့်မည်။ ရိုက်နှက်ဆဲဆိုလျှင် သမီးငယ်နာကျင်၍ အရှက်ရရုံသာရှိမည်။ သာသနာကို ကြည်ညိုလာမည်မဟုတ်။ ထိုအခါကျမှ ဒေါ်လှမြင့်မှာ သမီးငယ်က သူ့ချွေနည်းစာထဲမှ လှူဒါန်းနေသည်ကို မကြိုက်မှန်း ရိပ်မိလိုက်တော့သည်။ သာသနာကို အထင်သေးပြီး အယုံအကြည်နည်းသွားလျှင် သမီးငယ်၏ သံသရာရှေ့ရေးကား တွေးပူစရာပင်ဖြစ်ပါ၏။ ထို့ကြောင့် ငါ့မှာသစ္စာမှတစ်ပါး အားထားစရာမရှိတော့ပါလား ဟူသော အတွေးနှင့်အတူ

“တပည့်တော်မသည် ယောဂီများ တရားရစေချင်သော စေတနာသက်သက်ဖြင့် ပင်မဗုဒ္ဓဝါဒီ တရားစခန်းကြီးကို ငါးနှစ်ကျော်ကြာအောင် ကိုယ်အားငွေအားဖြင့် စိုက်ထုတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ အများလှူဒါန်းသော ငွေကြေးကို မိမိအတွက် တစ်ပြားတစ်ချပ်မျှ မသုံးစွဲခဲ့သည့်အပြင် တပည့်တော်မ၏ အိမ်ကသာ မရှိသည့်ကြားက စိုက်ထုတ်လှူဒါန်းခဲ့ပါသည်”။

“ဤစကားသည် မှန်ကန်ပါ၏။ ဤမှန်ကန်သောသစ္စာ၏အာနုဘော်ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့် သာသနာတော်မြတ်၏ တန်ခိုးတော်ကို သမီးလေး မျက်ဝါး ထင်ထင်မြင်အောင်ပြပါစေသတည်း”

ဟု လက်အုပ်ချီကာ လှိုက်လှိုက်လှဲလှဲဆို၍ သစ္စာပြုလိုက်၏။ ပြီးလျှင် အေးအေးဆေးဆေးပင် ကိုယ့်အလုပ်ကို ပြန်လုပ်နေလိုက်၏။ သာသနာကို ယုံကြည်သော ဒေါ်လှမြင့်မှာ တည်ငြိမ်စွာ အလုပ်ကို ဆက်လုပ်နေသော်လည်း ယုံကြည်မှုနည်းသေးသော သမီးငယ်ကား အလုပ်လုပ်တာ မဖြောင့်တော့။ မျက်စိက ကျီးကန်းတောင်းမှောက်၊ အရပ်လေးမျက်နှာကို လျှောက်ကြည့် နေမိသည်။ အရပ်လေးမျက်နှာက ဘာမှမထူးခြားသောအခါ ကောင်းကင်သို့ မော့ကြည့်ပြန်သည်။ မျက်လှည့်ထဲသကဲ့သို့ ကောင်းကင်ကများ လက်ဖက်ရည်နှင့်မုန့်တွေ ကျလာလေမလား ဟုထင်သောကြောင့်ဖြစ်၏။ သူ့အမေသည် သူ့ရှေ့မှာ သစ္စာပြုထားသည်မဟုတ်လား။

ဆယ်မိနစ်ပင် မကြာပါ။ လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးတစ်ယောက် မုန့်နှင့် ပါဆယ်ထုတ်လေးကိုင်ကာ ဒေါ်လှမြင့်တို့ဆိုင်သို့ ဝင်လာသည်။ “ဒေါ်လှမြင့်၊ ဆိုင်ရှင်အစ်ကိုကြီးက နို့ဆီကောင်းကောင်းလေးရလာလို့ လက်ဖက်ရည်နဲ့မုန့် ပို့ခိုင်းလိုက်ပါတယ်ခင်ဗျာ” ဟုဆိုကာ ရိုရိုသေသေ ပေးထားခဲ့ပြီး ပြန်ထွက်သွား၏။

သမီးငယ်ကား လက်ဖက်ရည်နှင့်မုန့်ကိုတစ်လှည့်၊ မိခင်ကိုတစ်လှည့်၊ ပါးစပ်အဟောင်းသားနှင့် ကြည့်ကာ ငေးနေ၏။ မကြာပါချေ။ ဈေးဝယ်လာကြသော ယောဂီဟောင်းနှစ်ယောက်တို့ကလည်း မုန့်နှင့်လက်ဖက်ရည်များ လာပို့ကြပြန်၏။

လက်ဖက်ရည်သုံးခွက်နှင့်မုန့်သုံးမျိုး ဒေါ်လှမြင့်၏ရှေ့သို့ ဆက်ကာ ဆက်ကာ ရောက်လာသော အခါတွင်ကား သမီးငယ်သည် စက်ခုံပေါ်မှ ကပျာကယာဆင်းကာ မိခင်ရှေ့တွင် ဒူးတုပ်ထိုင်ရှာ၏။ ပြစ်မှားအထင်သေးမိသော နောင်တမျက်ရည်တို့က သမီးငယ်၏မျက်နှာတွင် အိုင်ထွန်းလို့နေသည်။

“အမေ...အမေ့အပေါ်မှာရော၊ သာသနာပေါ်မှာပါ အထင်သေးစိတ်ထားမိတာ သမီးမှာပါတယ်။ သမီးကိုခွင့်လွှတ်ပါ။ နောက်နောင် သာသနာတော်နဲ့ ပတ်သက်ရင် အမေ့စိတ်ကြိုက်လှူပါ။ သမီး အမြဲတန်း ဝမ်းသာအားရရှိနေမယ်ဆိုတာ ကတိပေးပါတယ် အမေ” ဟု ဆိုကာဦးသုံးကြိမ်းချ ကန်တော့တောင်းပန်လိုက်၏။

“သမီးလေး သာသနာတော်အပေါ် ယုံကြည်သွားတဲ့အတွက် အမေကလည်း ဝမ်းသာအားရ ခွင့်လွှတ်ပါတယ်” ဟူသော မေတ္တာ၊ ကရုဏာ အနံ့သင်းသည့် ဒေါ်လှမြင့်စကားက သမီးငယ်အတွက်ရော၊ သာသနာတော်အတွက်ပါ အားတက်စရာကောင်းလှပါ၏။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။

 

Zahan Mon

 

Views: 127

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service