ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အသိမြှင့်၍ လူမျိုးမြင့်စေ



အသိမြှင့်၍ လူမျိုးမြင့်စေ

လူတိုင်း အသိမတူနိုင်ကြ၊ အသိကွာခြားရန် အကြောင်းရင်းများစွာက ရှိနေပါသည်။ လောကုတ္တရာ ရှုထောင့်မှကြည့်လျှင် သံသရာတစ်လျောက် ဖြတ်သန်းလာခဲ့ရသော ဘ၀များစွာမှ မိမိတို့ ပြုခဲ့သော ကုသိုလ်၊ အကုသိုလ် ပေါ်လိုက်၍ ပါရမီ အနု အရင့်အကွာအခြားက အသိမတူစေသော အကြောင်းရင်းတစ်ပါး ဖြစ်စေသည်။ လောကီရှုထောင့်မှ ဖြစ်ဆဲ၊ ရှိဆဲဘ၀တွင်ပင်လျင် ကြီးပြင်းခဲ့ရသော ဘ၀နောက်ခံ၊ ကျင်လည်ခဲ့ရသော ၀န်းကျင်၊ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ၊ လေ့လာခဲ့ရသော ပညာတို့ကလည်း အသိအကွာအခြားကို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်လာသည်။ သက်တူရွယ်တူဘ၀တွင် MBA ပညာရပ်ကို အတူတကွ သင်ယူကြပြီးနောက် ပြန်လည်အသုံးချမှု၌ အကွာအခြားရှိ၍ ရာထူးရော လစာပါမတူသော လူငယ်နှစ်ဦးကို တောင်ကိုရီးယား ကုမ္ပဏီတစ်ခု၌ တွေ့ခဲ့ရသည်။ စီးပွားရေး စီမံခန့်ခွဲမှု ပညာကို ဆရာကရှေ့မှနေ၍ တသတ်မတ်တည်း မျက်နှာမလိုက် သင်ပေးခဲ့သော်လည်း ထိုပညာကိုရယူ၊ အသုံးချရာကြရာ၌ မတူညီကြပေ။ အသိမတူသောကြောင့် လည်းကောင်း၊ ပညာကို ရယူနိုင်စွမ်းခြင်း မတူသောကြောင့် လည်းကောင်း ဖြစ်သည်။

လူတွေအားလုံး အသိတူကြလျှင် ဤကမ္ဘာကြီးသည် ယခုထက်ပို၍ ငြိမ်းချမ်းမှုကို ရနိုင်ပါ၏။ အသိမတူကြသောကြောင့် ကွဲပြားခြားနားမှုတို့ ပေါ်ပေါက်လာကာ အစွန်းရောက်ထိ အသိဆန့်ကျင်ကြသူများကြောင့်လည်း လုပ်ရပ်နှင့် ဖြစ်ရပ်များ ဆန့် ကျင်ကြကာ ကမ္ဘာကြီး မငြိမ်းချမ်းရခြင်း ဖြစ်သည်။

ဉာဏ်သုံးမျိုး
မဆုံးနိုင်သော သံသရာကို ကျင်လည်ခဲ့ကြရာ၌ မိမိတို့သည် ခြားနားသော ဘ၀များစွာ၌ ဖြစ်ခဲ့ကြရသည်။ သူတော်ကောင်း ဖြစ်ခဲ့သော ဘ၀များ ရှိခဲ့သလို သူယုတ်မာ ဖြစ်ခဲ့သော ဘ၀များလည်း ရှိခဲ့နိုင်သည်။ တစ်ဖက် နတ်သမီးငါးရာဖြင့် ခံစားရသော နတ်ဘုံ၌ ဖြစ်ခဲ့နိုင်သလို၊ ငရဲသားများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော ဘ၀၌လည်း ဖြစ်ခဲ့နိုင်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်သော ဘ၀မျိုး၌ လောကီသုခများကို ခံစားခဲ့ရသော ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ခဲ့သလို ကုန်းကောက်စရာမရှိ ထမင်းနပ်မမှန်သော ဘ၀မျိုးဖြင့်လည်း ကျင်လည်ခဲ့ရဖူးမည်မှာ သေချာပါသည်။ အတိတ်ဘ၀ ကျင်လည်ခဲ့ရသော ဘ၀များစွာ ဖြစ်ခဲ့၍ ဥပါဒါန်တရားတို့က ကျွန်တော်တို့၏ ဉာဉ်အဆင့်၊ စရိုက်အဆင့်၊ ပညာအဆင့် တို့ကို ခွဲခြား ကွဲပြားပေးလိုက်ပါသည်။ ကံစပ်၍ တစ်မိ တစ်ဖတည်းမှ ညီအစ်ကို မောင်နှမ ဖြစ်ကြလင့်ကစား ငယ်စဉ်က များစွာ မကွာခြားခဲ့သော်လည်း ကြီးဘ၀များတွင် အကွာအခြားတို့ ကြီးမားစွာ ဖြစ်နိုင်ကြသည်ကို ပတ်ဝန်းကျင်တွင် အလွယ်တကူ တွေ့နိုင်ကြမည် ဖြစ်သည်။

အသိကို ဖြစ်စေသော ဉာဏ်ကို ယေဘုယျ ခပ်ကြမ်းကြမ်းခွဲလျင် 'မျက်မြင်ကိုယ်တွေ့'ပေါ် အခြေခံ၍ ဖြစ်လာသော 'သုတဉာဏ်'၊ 'အကြောင်းနှင့် အကျိုး'ကို ဆက်စပ် ယုတ္တိသဘောမှ ဖြစ်လာသော 'အနုမိတဉာဏ်'နှင့် ကိုယ်တိုင် ခံစားဖြစ်ကြည့်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော 'သစ္ဆိကတဉာဏ်'ဟူ၍ သုံးမျိုးရှိသည်ကို တွေ့နိုင်ပါသည်။

အချို့သောသူများသည် 'အရှိ'ကို အရှိအတိုင်း သိကြ၍ 'အဖြစ်'ကိုလည်း အဖြစ်အတိုင်း သိကြသူများ ဖြစ်သည်။ အချို့သူများကား 'အရှိနှင့်အဖြစ်'ကို ထိုအတိုင်း မသိနိုင်ကြချေ။ သူတို့၏ စရိုက်နှင့်ဉာဉ်များအတိုင်း သိကြသူများ ဖြစ်သည်။ အရှိနှင့် အဖြစ်ကို မူလအတိုင်း မသိနိုင်ကြသူများမှာ တဏှာ၊ မာန၊ ဒိဋ္ဌိ ဟူသော အမှားဖြစ်စေသည့် တရားတို့က ဖုံးကွယ်ပေးထားသောကြောင့် ဖြစ်သည်။ ထိုတရားသုံးပါးတို့က လူတို့ကို သူတို့၏ ပါရမီအနု၊ အရင့်အလိုက် စရိုက်အဆင့်၊ ဉာဏ်အဆင့်၊ အနု သယအဆင့်၊ ထိုမှ ၀ါသနာအဆင့် စသဖြင့် ရောက်ရှိသွားအောင် တွန်းပို့ကြသည်။ ထို့ကြောင့် 'အရှိ၊ အဖြစ်' များကို ထိုသူများ မူလအတိုင်း မသိနိုင်၊ မမြင်နိုင်ကြတော့ခြင်း ဖြစ်သည်။

တဏှာက လူတို့ကို တပ်မက်စေသည်၊ သာယာစေသည်။ အသိနုသူများအတွက် တဏှာက ပို၍တပ်မက်၊ ပို၍ သာယာစေသည်။ ဒိဋ္ဌိက ထိုသာယာ၊ တပ်မက်မှုများကို ပို၍ ခိုင်ခံ့အောင် ပြုလုပ်ပေးသည်။ ကော်နှစ်ထပ်သုတ်သည့်ပမာ ပို၍ စွဲမြဲစေသည်။ လောကီချမ်းသာမှုကို ‘ဋ္ဌိကြီး သူတို့က သာယာတပ်မက်ပြီး လောကုတ္တရာအမြင်မှ မရှုနိုင်တော့သည့် အဖြစ်မျိုးသို့ ရောက်စေသည်။ မာနကလည်း အပံ့အပိုးကောင်း ဖြစ်သည်။ ဂုဏ်ယူ ၀င်ကြွားသည်မှတဆင့် မာနများသူများသည် မောက်မာခြင်းသို့ တိုင်အောင် မာနကလည်း တွန်းတင်ပေးတတ်သည့် သဘောရှိသည်။ ဤသုံးပါးတို့၏ ကြိုးဆွဲရာကို ကကြရသူများမှာ အတ္တကြီးသူများ တွင်တွင် ဖြစ်လာကြရတော့သည်။

အသိနှင့် ဉာဏ်ပညာ
အသိနှင့်ဉာဏ်ပညာသည် ဒင်္ဂါးတစ်ခု၏ ခေါင်းနှင့်ပန်းသဖွယ် ဖြစ်သည်။ တပ်အပ်တူသည် မဟုတ်သော်လည်း သဘောတရားအရ တူသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် အသိနှင့်ဉာဏ်ပညာကို 'အသိဉာဏ်' ဟူ၍ တွဲစကားဖြင့် တွင်ကျယ်စွာအ သုံးပြုကြသည်။ အသိဉာဏ် မည်မျှအဆင့်ရှိသည်ကို မိမိတို့၌ ကိန်းအောင်းနေသော 'လောဘ၊ ဒေါသ၊ မောဟ' မည်မျှ ရှိနေသည်ဟူသော အဆင့်ဖြင့် ယေဘုယျအားဖြင့် တိုင်းတာပါသည်။ ဤတရားသုံးပါး လွန်ကဲစွာများနေလျင် အသိဉာဏ်နိမ့် ပါးသူဖြစ်၍ ဤတရားသုံးပါး နည်းပါးနေလျင် အသိဉာဏ်ရှိသူ၊ အသိဖြစ်သူအဖြစ် သတ်မှတ်ပါသည်။

တိရစ္ဆာန်တို့သည် 'အိပ်၊ စား၊ ကာမ' သုံးပါးထက် ပို၍ အသိမရှိကြ၊ 'မှန်'သည် 'မှား'သည်လည်း မရှိ၊ အားကြီးသူ အားနည်းသူဟူ၍လည်း စည်းမထား။ ကိုယ်ဝမ်းစာအတွက် အခြားသူ၏ အသက်ကိုလည်း ငဲ့ကွက်မည် မဟုတ်၊ လောဘ၊ ဒေါသ၊ မောဟများသောကြောင့် ဖြစ်၏။ လူတို့သည် တိရစ္ဆာန်တို့ထက် အသိ တစ်စုံတစ်ရာ ပိုသည်ဖြစ်၍ 'အိပ်၊ စား၊ကာမ'ထက်ပို၍ တွေးတောကြ၏။ ထိန်းသိမ်းနိုင်စွမ်း တစ်စုံတစ်ရာ ရှိကြ၏။ သို့သော်လည်း အသိရှိကြသည် ဟူသော လူများမှာပင် 'လောဘ၊ ဒေါသ၊ မောဟ' ကြီးသူများနှင့် နည်းပါးကြသူများ ကွဲပြားခြားနားလျက် ရှိနေကြပါသည်။

လောကုတ္တရာ ရှုထောင့်မှကြည့်လျှင် တဏှာကို အသေသတ်ရန် ကြိုးစားကြရ၏။ တဏှာသည် ဘ၀ဖြစ်ခြင်း၏ မျိုးစေ့ဖြစ်၏။ တပ်မက်မှုဟူသော စွမ်းအင်က ဘ၀များစွာကို ဖြစ်စေသည်။ ဘ၀ဖြစ်က ဒုက္ခကို ခံစားကြရတော့သည်။ လောကီရှုထောင့်မှ ကြည့်လျှင် တဏှာပါးရန်လောက်တော့ ကြိုးစားကြသင့်သည်။ လောဘ၊ ဒေါသ၊ မောဟများခြင်းသည် အတ္တလွန်ကဲခြင်းကို ပံ့ပိုးရာ ဖြစ်သဖြင့် ကိုယ့်တွက်ဦးတည်လာတတ်သည်။ ကိုယ်ကျိုးစီးပွားအတွက် အခြေခံလာတတ်သည်။ ကိုယ်ကျိုးစီးပွားနှင့် ကိုယ့်အတွက်ကို အခြေခံသည်ဖြစ်၍ အများ အကျိုး၊ လောကအကျိုးတို့ကို မစဉ်းစားတော့ချေ။ ကိုယ့်အတွက် စဉ်းစားသောသူသည် အသိနိမ့်သူ ဖြစ်၍ အများအတွက် စဉ်းစားနိုင်လေ အသိဉာဏ် အဆင့်မြင့်လေဟု ယုံကြည်နိုင်သည်။

ရှုမြင်ပုံလည်း ကွဲပြား
လူတို့၏ အသိဉာဏ်အဆင့်ပေါ် လိုက်၍ ရှုမြင်ပုံ၊ ခံယူချက်များလည်း ကွဲပြားသည်။ ပထမအဆင့် ဖြစ်သော 'သုတမယဉာဏ်' အဆင့်တွင် လူ၊ သတ္တ၀ါတို့ကို တစ်ဦးချင်း၊ တစ်ခုချင်း၊ တစ်ကောင်ချင်းစီ မြင်သည်။ ဆောင်ရွက်ချက်များကို လည်း သီးခြားစီ ခွဲခြား၍ မြင်သည်။ ကွဲပြားသော စရိုက်များကိုလည်း တစ်မျိုးစီခွဲ ခြား၍ မြင်၏။ လောက၌ အသက်ရှင်သူ ဖြစ်သော်လည်း ပတ်ဝန်းကျင်နှင့် ဆက်စပ်နေရသူ ဖြစ်သော်လည်း ထိုသော လောက၊ ထိုသော ပတ်ဝန်းကျင်၏ ကောင်းကျိုးကို ဤ အဆင့်တွင် များစွာ မစဉ်းစားနိုင်ချေ။ လောကအတွက် လည်းကောင်း၊ မိမိ၏ လူ့အဖွဲ့အစည်းအတွက် လည်းကောင်း၊ မိမိ၏ ပတ်ဝန်းကျင်အတွက် လည်းကောင်း များစွာ တာဝန်ရှိသည်ဟု ခံယူသော အဆင့်လည်း မဟုတ်ချေ။ ကိုယ့်အတွက်ကိုယ်သာ ပို၍ စဉ်းစားသောအဆင့် ဖြစ်၏။

ပါရမီရော၊ ပညာအခြေခံရော၊ တစ်စုံတစ်ရာ ကောင်းမွန်လာသော အခါ ဒုတိယအဆင့်ဖြစ်သော 'အနုမိတဉာဏ်'အဆင့်သို့ ရောက်လာသည်။ 'မဆိုင်ခဲ့'ဟု ယူဆလာသည်များကို မိမိနှင့်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သက်ဆိုင်လာပြီဟု ယူဆလာ တတ်သည့် အဆင့် ဖြစ်သည်။ မိမိကိုယ်ကို ချစ်ခြင်းနှင့်အတူ ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းကို ပို၍ ချစ်ခင်လာတတ်သည်။ စာနာတတ်လာသလို ကြင်နာတတ်မှုများလည်း ရှိလာတတ်သည်။ အတ္တ အတော်အတန်ပါး၍ အများနှင့်ဆိုင်ရာ 'ပရ'အင် အား တစ်စုံတစ်ရာ ကောင်းမွန်လာတတ်သည်။ အရာရာတိုင်းသည် 'ငါ့' အတွက် မဟုတ်တော့၊ 'ငါ'ဟူသောအရာ လျော့ပါးသည့်အဆင့် ဖြစ်သည်။ ဗြဟ္မစိုရ်တရားကို အပြည့်အ၀ မဟုတ်သည့်တိုင် နားလည် သဘောပေါက်လာရသည်။ လောက၏ ချမ်းသာမှု၊ ငြိမ်းချမ်းမှုကို လက်ခံ စဉ်းစားလာနိုင်သည့် အဆင့် ဖြစ်သည်။

လောက၏ ငြိမ်းချမ်းရေး၊ သာယာရေးသည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းပေါ် မူတည်သည် မဟုတ်ချေ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တွဲဖက် မျှတရသည်။ ထို့ကြောင့် ခေတ်သစ်တွင် တစ်ဦးချင်းဝင်ငွေဟူသော per capital တစ်ခုတည်းကိုသာ မကြည့်တော့ဘဲ 'ပျော်ရွှင်မှု' ဟူသော ညွှန်းကိန်းကိုပါ နောက်ပိုင်းတွင် ထည့်သွင်း စဉ်းစားလာကြခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သက်သက်ဖြစ်သော Physical development ကိုသာ ဦးစားပေးကြလျှင် လောဘ၊ဒေါသ၊မောဟ များကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ဘဲ ကမ္ဘာကြီး ငြိမ်းချမ်းရေး ဟန်ချက်ပျက်ယွင်းမှု ဖြစ်လာရပေမည်။

ဒုတိယအဆင့်ကို လွန်လာလျှင် တတိယအဆင့် ဖြစ်သော 'သစ္ဆိကတဉာဏ်'သို့ ၀င်သည်။ ထိုအဆင့်တွင် လောကကို နားလည်စိတ်၊ ဘ၀ကို နားလည်စိတ်၊ စာနာစိတ်၊ ကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်များ အင်အားကောင်းလာသည်။ သီလ၀ိသုဒ္ဓိ တို့ ပိုအားကောင်းလာ၏။ အရာရာသည် 'ငါ့'အတွက် မဟုတ်တော့၊ 'ငါ' ဟူသော ဗဟိုချက်မှ ဝေးရာသို့ ရှေးရှုသော အခြေအနေတစ်ရပ် ဖြစ်သည်။ လောကသည် 'ငါ' တစ်ဦးတည်းနှင့် တည်ဆောက်ထားသည် မဟုတ်၊ ငါ့ မိသားစု တစ်ခုတည်းဖြင့်လည်း တည်ဆောက်ထားသည် မဟုတ် ဆိုသည့်အပေါ် ပို၍ လက်ခံလာသည့် အခြေအနေ ဖြစ်သည်။

လူတိုင်းသည် အသိဉာဏ်ဆိုင်ရာ၌ တတိယအဆင့်သို့ ရောက်နိုင်ကြလျှင် ကိုယ်က သူ့အကျိုးပြု၊ သူက ကိုယ့်အကျိုးပြုဖြင့် များစွာ သာယာအေးချမ်းလာမည် ဖြစ်သည်။ အရာရာသည် 'ငါ့'အတွက် မဟုတ်တော့သဖြင့် လောကကို ပံ့ပိုးကြရင်း ကိုယ့် အမျိုးလည်း မြင့်လာကြမည် ဖြစ်သည်။

Written by နေဇင်လတ်

Eleven Media Group

Views: 111

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
1 hour ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service