ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဘုရားလက်ထက်က နှလုံးသား ဘုရားတည်သူ

ဘုရားလက်ထက်က နှလုံးသား ဘုရားတည်သူ  
နှလုံးသား ဘုရားတည်တယ်ဆိုတဲ့ အကြောင်းအရာ မြတ်စွာဘုရား ဟောရတာက ရာဇဂြိုလ် မြို့ ဝေဠုဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့ပျော် သီတင်းသုံးတော်မူစဉ် တုန်းက မြန်မာနာမည် နဲ့ မောင်ဖိုးဉာဏ်ဆိုတဲ့ ကလေး ချာတိတ်ကလေး တစ်ယောက်ကို အကြောင်းပြုပြီးတော့ ဟောခဲ့တာပါ။ ချာတိတ်ကလေးက စောစောတုန်းကတော့ မိစ္ဆာဒိဌိပါ။ သူ့မိဘနှစ်ပါးစလုံးကလည်း မိစ္ဆာဒိဌိပါ။ ရတနာသုံးပါး ကံ ကံ၏အကျိုးကို လက်မခံပါဘူး။ မယုံပါဘူး။

မောင်ဖိုးဉာဏ်လေးက ကလေးသူငယ်လေးတွေနဲ့ သမ္မာဒိဌိ ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတာ များတော့ သူ့ရဲ့ အဖော်ကလေးတွေနဲ့ အတူတကွ ဘုရားရောက်လိုက် ကျောင်းရောက်လိုက် တရားပွဲရောက်လိုက်၊ ဒီလို ရောက်ရောက်သွားတော့ အပေါင်းအသင်းတွေ ဆိုတော့ အဲဒီ အပေါင်းအသင်း မိတ်ဆွေဆွဲဆောင်ရာ ပါသွား ပါသွားနဲ့ ပါသွားလိုက်တာ၊ တရားလည်းနာ ကုသိုလ်တွေလည်း လုပ်ရ၊ ရတနာ သုံးပါးလည်း ကြည်ညိုရ၊ အကြောင်းအားလျော်စွာ သူ့မိဘက မိစ္ဆာဒိဌိ ဖြစ်နေလို့သာ သူက မိစ္ဆာဒိဌိ ဖြစ်နေတာကိုး။ ဖိုးဉာဏ်ဆိုတဲ့အတိုင်း သူက ဉာဏ်ရှိတဲ့သူပါ၊ ချာတိတ်ကလေးဖြစ်ပေမယ့် စဉ်းစားချင့်ချိန် ချိန်တွယ်တတ်တဲ့ အသိဉာဏ်ရှိတယ်။


ဘုန်းကြီးတွေဆီသွားပြီးတော့
တရားနာရတာ နားထောင်ကောင်းလိုက်တာ၊ ထူးဆန်းလိုက်တာ ဒီလိုဖြစ်တယ်။ သူဟာ လက်တွေ့ တရားတွေ လုပ်လုပ်စမ်းကြည့်တာ နှလုံးသွင်းကြည့်လိုက်တော့ အေးချမ်းလိုက်တာ၊ တရားတွေက လုပ်ကိုလုပ်ရမယ့် အလုပ်တွေပါလား။ ယုံရုံလေးနဲ့ ပြီးတာမဟုတ်၊ ကိုးကွယ်ရုံလေးနဲ့ ပြီးတာ မဟုတ်။ လက်တွေ့ လုပ်ကြည့် လက်တွေ့ ချမ်းသာစေတဲ့ တရားပါတကား။

ကိုးနှစ် ဆယ်နှစ်ဝန်းကျင်သာ ရှိသေးတဲ့ မောင်ဖိုးဉာဏ်လေး တရားကို လက်တွေ့နာရင်း နှလုံးသွင်းရင်း နဲ့ နှလုံးသား ဘုရားတည်တတ်လာတယ်၊ ရတနာသုံးပါး ဆည်းကပ်တတ်လာတယ်။ မြတ်နိုးတတ် လာတယ်။ မေတ္တာပို့တတ်လာတယ်။ တရားက အဖော်တွေနဲ့ ကလေးအဖော်အချင်းချင်း ပေါင်းပြီးတော့ တရားကလည်း ကြိမ်ဖန်များစွာ နာရသကိုး။

အဲဒါနဲ့ နှလုံးသားမှာ ဘုရားတည်တတ်လာတော့ တစ်နေ့ သူ့အဖေနဲ့ အတူတကွ သူ့အဖေနာမည်က မြန်မာနာမည်နဲ့ ဦးကံတဲ့။ သူ့အမေနာမည်က မြန်မာနာမည်နဲ့ ဒေါ်ကံတဲ့။ သူ့အဖေ ဦးကံနှင့် တောထဲ ထင်းခုတ်သွား၊ ထင်းတွေ လှည်းထဲထည့် ပြန်လာတဲ့အခါမှာ သင်္ချိုင်းကုန်းတစ်ခုအနား ရောက်တော့ အရိပ်လည်းကောင်း ရေလည်းကောင်း မြက်လည်းပေါတာနဲ့ လှည်းကိုချွတ်ပြီး ခဏအနားယူ သူတို့သားအဖလည်း အနားယူ၊ နွားတွေကိုလည်း အနားပေး မြက်ကျွေး ရေတိုက် ဒီလိုနေကြတုန်း နွားတွေကလည်း ကြိုးမချည်ဘဲနဲ့ လွှတ်ထားတာဆိုတော့ လှည်းသမား အရှင်သခင်တွေ မသိဘဲ အိမ်ပြန်သွားကြ၊ အိမ်ပြန်သွားကြတော့ ညနေစောင်းလို့ အိမ်ပြန်မယ်လို့ ကြည့်တော့ နွားတွေက တစ်ကောင်မှ မရှိတော့ဘူး။

အဲဒါနဲ့ ဦးကံတစ်ယောက်က သားလေးကို လှည်းနားအစောင့် ထားခဲ့ပြီး အိမ်ပြန်ပြီး နွားယူရ၊ နွားယူရင်း နဲ့ တော်တော်လှမ်းတော့ တော်တော်ဝေးတော့ မိုးချုပ်သွား၊ နွားနှစ်ကောင်က အိမ်မှာတွေ့ပါတယ်။ အိမ်မှာ တွေ့လို့ ဖြုတ်ယူလာခဲ့တော့ နေဝင်တော့ မြို့တံခါး ပိတ်သွား၊ တံခါးပိတ်တော့ ဘယ်လိုမှ အပြင်ထွက်လို့ မရတော့ အိမ်ကိုပဲ ပြန်သွားတော့တယ်။

ဦးကံကတော့ အိမ်ပြန်တော့ နောက်မှာ လှည်းနှင့် ကျန်ရစ်တယ်၊ ကလေးလေးက ကိုးနှစ်ဆယ်နှစ်အရွယ် ချာတိတ်ကလေး ကျန်ရစ်တဲ့နေရာက သင်္ချိုင်းကုန်း အချိန်က ညအခါ၊ တစ်စတစ်စ ညဥ့်နက်လာတယ်။ အဖေလာနိုး အမေလာနိုး မျှော်နေရတယ်။ အဖေကပြန်မလာ အဖေပြန်မလာတော့ ညဥ့်နက်လာတော့ သူကအိပ်၊ လှည်းအောက်မှာ အိပ်တယ်၊ အိပ်တော့ သူ အမှတ်တမဲ့ မအိပ်ဘူး ဘာသာအယူတော့ မိစ္ဆာဒိဌိ လို့သာပြောရတယ်။ လုပ်ငန်းစဉ်က သမ္မာဒိဌိလမ်းစဉ်ကကို အလိုလိုရောက်နေပြီ၊ အိပ်ခါနီး သူက ဘုရား အာရုံပြုလို့ ဘုရားရှိခိုးလို့ မေတ္တာပို့လို့ နမောတဿတွေ သေသေချာချာရွတ်လို့ သူက လုပ်တာ နှလုံးသား ဘုရားတည်ထားတာ၊ လူကြည့်တော့ ဘာမှမဟုတ်တာ၊ ကလေးရယ် ဒါပေမယ့် နှလုံးသားက ရတနာနှလုံးသား ဖြစ်နေတော့ အဲဒါနဲ့ ရတနာသုံးပါး ပူဇော်ရှိခိုး မေတ္တာပို့ပြီးတော့ အိပ်ပျော်သွားတယ်။

အိပ်ပျော်သွားတော့ သင်္ချိုင်းကုန်းမှာက သစ်ပင်ကြီးနှစ်ပင်၊ ဒီဘက်သစ်ပင်က ဘီလူးကြီးနာမည်က ဖိုးချွန်တဲ့၊ ဟိုဘက်သစ်ပင်ပေါ်က ဘီလူးကြီးက ဖိုးလွန်တဲ့၊ ဖိုးချွန်က ချွန်ကိုချွန်လို့ ဖိုးချွန်ခေါ်တာ၊ ဖိုးလွန်က လွန်ကိုလွန်လို့ ဖိုးလွန်ခေါ်တာ၊ အဲဒါနဲ့ ဖိုးဉာဏ်လေး အိပ်ပျော်သွားတော့ ဟိုဘက် သစ်ပင်ပေါ်မှာ ရှိနေတဲ့ ဖိုးလွန်က ဖိုးချွန်ကို လှမ်းခေါ်လိုက်တယ်။

“ဟေ့ ဖိုးချွန်”
“ဘာတုန်းကွ ဖိုးလွန်”
“ဟိုဘက်က လှည်းအောက်မှာ ကလေးလေးဟ”
“ဘီလူးကြီး ဘာလုပ်မလို့တုန်းဟ’
“စားမှာပေါ့ကွ”
“အဲဒီကလေးက စားရမယ့် ကလေးမဟုတ်ဘူးကွ ဖိုးလွန်ရဲ့။ ဘာဖြစ်လို့တုန်း”
“အော် … ငါ အကဲခတ်နေတယ်ကွယ့် သူအိပ်တဲ့ အချိန်ကစပြီး အမှတ်တမဲ့မှ မနေဘဲ ပါးစပ်ကလည်း ရွတ်လိုက်တာစုံလို့ကွာ၊ အိပ်ခါနီးလည်း ရှိခိုးလိုက်တာ ဝတ်ချလိုက်တာ ပို့လိုက်တဲ့ မေတ္တာကလည်း မပြောပါနဲ့တော့ ဒီကလေးတော့ စားရမယ့် ကလေးလို့ ငါမထင်ဘူးကွာ။ ဒါကြောင့် မင်းမစားပါနဲ့ကွာ မလုပ်ပါနဲ့။”

ဒီလိုဆိုတော့ ဖိုးလွန်က “ဖိုးချွန်ရယ် မင်းသတ္တိနည်းလိုက်တာကွာ ကိုယ့်ပါးစပ်ပေါ် ရောက်တာတောင် မင်း ဆင်ခြေဆင်လက်တွေ တယ်ပေါပါလား။ တယ်ပြီးတော့ အကြောင်းပြလှချည်လား၊ ကဲ မင်းမစားလည်း ငါစားမှာပေါ့။”
ဆိုပြီးတော့ တားလို့မရဘူး၊ ဖိုးလွန်တစ်ယောက် သစ်ပင်ပေါ်က ကဗျာကယာဆင်းပြီးတော့ လှည်းအောက်မှာ အိပ်နေတဲ့ မောင်ဖိုးဉာဏ်လေး ခြေထောက်ကို စားမလို့ လာဆွဲ၊ လာဆွဲတော့ ဟိုက အမူအကျင့်ကထုံနေတဲ့ ကလေးလေး၊ လူကြီးကလေးပေါ့၊ အရွယ်ကတော့ ချာတိတ်ကလေး၊ ဒါပေမယ့် နှလုံးသားက လူကြီးဖြစ်နေတယ်၊ လူကြီးကလေးခေါ်တယ်။

အဲဒါ ဘီလူးက ခြေထောက်သွားဆွဲတော့ သူ့ပါးစပ်က လွှတ်ခနဲ “နမော ဗုဒ္ဓဿ” ကျွနုပ်ပ် မြတ်ဗုဒ္ဓအား ရှိခိုးပါတယ်ဘုရား။ တနည်းအားဖြင့် တပည့်တော် နှလုံးသားဘုရားရှိပါတယ်။ ကျွန်ုပ် နှလုံးသား ဘုရားရှိပါတယ်။ ပါးစပ်က မပြောပေမယ့် ဟေ့ ဘီလူးကြီး ကျွန်ုပ်ကို အထင်မသေးနဲ့လေ၊ ကျုပ်နှလုံးသား ဘုရားရှိတယ်။ ကျွန်ုပ်မှာ အဖော်ရှိတယ် ကျွန်ုပ်မှာ အားကိုးစရာရှိတယ် ကျွန်ုပ်အနေနဲ့ ပါးစပ်က လွှတ်ခနဲဆိုလိုက်တော့ ဗုဒ္ဓ စကားလုံး ကြားရ၊ ကြားတာနဲ့ ပါးစပ်တင်ထွက်သွားတဲ့ ဗုဒ္ဓ မဟုတ်ဘူး၊ နှလုံးသားထဲ တည်ထားတဲ့ဘုရားဆိုတော့ ဘီလူးကြီး တစ်ခါတည်း ကြောက်အား လန့်အားနဲ့ နောက်ဆုတ်သွားတယ်။

ဒီတော့ ဖိုးချွန်က ပြောကောင်းတာပေါ့။ “မတွေ့ဘူးလား ကိုယ့်လူ၊ ကျုပ်က တားတာမရဘူး။ မင်းက ကလေးလေးကို အထင်သေးတာကိုး။ ကဲ ပြောတာ နားမထောင်တော့ မင်းကို ဒဏ်ပေးရမယ်။ ကဲ … ဘုရင့် နန်းတော်ထဲမှာ အကောင်းဆုံးစားစရာတွေ မင်းသွားယူ ဒီကလေးကို ကျွေးရမယ်။”

ဖိုးလွန်ကလည်း မှားမိတယ်ဆိုတော့ ဒဏ်ထမ်းရတာပေါ့ ချက်ချင်း ဘုရင့်နန်းတော်သွား၊ သော့အထပ်ထပ် ခတ်ထားတဲ့ စားဖိုဆောင်ထဲမှာ ရှင်ဘုရင်စားတဲ့ခွက်နဲ့ ဥစ္စာကို ရွှေခွက်ထဲ ကျကျနနထည့်၊ အမြန်ဆုံးယူလာခဲ့၊ ယူလာခဲ့ပြီးတော့ ဟိုမှာ စောင့်နေတဲ့ ဖိုးချွန်ရော၊ စားစရာယူလာတဲ့ ဖိုးလွန်ကော နှစ်ယောက်စလုံး ကလေးလေး မောင်ဖိုးဉာဏ်အတွက် စားစရာကျွေးကြတယ်။

မှောင်နေတဲ့အချိန်ဆိုတော့ ကလေးလေးကလည်း ဘီလူးတွေလို့ မထင်ဘူးတဲ့။ ဟိုကလည်း အဖေအမေ ယောင်ဆောင်ပြီးတော့ ကျွေးကြ။ ဒီနေရာ စဉ်းစားကြည့်ပေါ့၊ အော် နှလုံးသား ဘုရားတည် လိုက်တော့ အန္တရာယ်ပြုနိုင်တဲ့ ဘီလူးတောင်မှ မိဘ အယောင်ဆောင်ပေးရပါတကား။ နှလုံးသား ဘုရားတည်ထားတော့ ကြောက်စရာ ဘီလူးလာတောင် ဘီလူးလို့တောင် မထင်လိုက်ရပါတကား။ သူများအကြောင်းပြောတော့ မိမိအတွက် လမ်းညွှန်ချက် သင်ခန်းစာ နှလုံးသားဘုရားတည်ပုံ ဘာခက်လို့လဲ။
အဲဒါနဲ့ စားစရာသောက်စရာတွေ ယူကျွေး ကလေးလေးကလည်း အဖေအမေအမှတ်နဲ့ပဲ မကြောက်ဘဲ နဲ့စား ပြီးတော့ပြန်အိပ်သွားတယ်၊ ကလေးက ပြန်အိပ်တော့ ဘီလူးနှစ်ယောက်က ပစ်မထား ခဲ့ဘူး။  တော်ကြာ သူ့အတွက် အန္တရာယ်တွေ့ရချည်ရဲ့၊ တို့နှစ်ယောက် တစ်ညလုံး စောင့်ရှောက် ရအောင် မိုးလင်းခါနီးအထိ စောင့်ရှောက်ကြတယ်။ ပြီးတော့ ရွှေခွက်မှာ စာရေးခဲ့တယ်။

“ဤခွက်ကို ဤကလေး ခိုးတာမဟုတ်၊ ဘီလူးတွေယူပေးတာ၊ ဤကလေး နှလုံးသားမှာ ဘုရားတည်ထားတဲ့ အတွက်ကြောင့် ရတနာသုံးပါး စွမ်းအားကြောင့်မို့ ကြည်ညိုလေးစားလွန်းလို့ ယူကျွေးတာ၊ ကလေးမှာ ဘမှ အပြစ်မရှိ”
ဆိုတဲ့အကြောင်းကို ရွှေခွက်မှာ စာရေး၊ “ဒီစာကိုလည်း ရှင်ဘုရင်ကိုယ်တိုင်က လွဲရင် ဘယ်သူမှ မမြင်စေသတည်း” လို့ ဘီလူးတန်ခိုးနဲ့ ဓိဌာန်ပြီး ဖုံးထားလိုက်တယ်။ ပြီးတော့ ကွယ်ပျောက်သွားကြတယ်။

မနက်လင်းတော့ နန်းတော်မှာ ရွှေခွက်ပျောက်တဲ့ အကြောင်းကြားတော့ ဒေါင်းတောက်အောင် ရှာကြ၊ နောက်ဆုံး မြိုးပြင်ထွက်ရှာ သင်္ချိုင်းကုန်းနားက လှည်းပေါ်မှာ သွားတွေ့၊ အနားမှာ လူလိုက်ရှာတော့ ဖိုးဉာဏ်လေးကို သွားတွေ့တယ်။ ဖိုးဉာဏ်ပဲ ဖမ်းသွား။ နန်းတော်ရောက် ရှင်ဘုရင့်လက်ထဲ ရွှေခွက် အပ်တယ် ရှင်ဘုရင်ကလည်း ရွှေခွက်ကြည့်လိုက်တာနဲ့ စာကို တွေ့လို့ အကြောင်းသိသွားပြီ၊ အဲဒီအချိန်မှာပဲ ဦးကံနဲ့ ဒေါ်ကံတို့လည်းပဲ သားလေးဆီလာရင်း သားလေး နန်းတော်ထဲရောက်နေတယ် ကြားတော့ သူတို့လည်း နန်းတော်ထဲ လိုက်သွားကြ၊ သားအမိ သားအဖ သုံးယောက်စလုံး နန်းတော်ရောက်သွားကြတယ်။

ရှင်ဘုရင်က မောင်ဖိုးဉာဏ်လေးကို အင်မတန်လေးစားတော့ အော် .. ငါစားမယ့် အစားအသောက်တွေကို တန်ခိုးကြီးတဲ့ ဘီလူးက ယူပြီးတော့တောင် ပေးရပါတကား၊ သော့အတန်တန် ခပ်ထားတဲ့ နေရာ တန်ခိုးရှိတဲ့ ဘီလူးပဲ ယူလို့ရမှာပေါ့၊ ဤကလေးခိုးတာ မဟုတ်ဘူး၊ ရှင်ဘုရင်က သိသွားတယ်။ ဒါကြောင့် သိပ်လေးစားတယ်။ ဘီလူးကတောင် လေးစားရတဲ့ ကလေးပါတကားဆိုပြီးတော့ ကလေးလေးကို အင်မတန် လေးစားတယ်။

လေးစားတော့ ဘုရားဆီကို ခေါ်သွားတယ်ဗျာ။ နှလုံးသား ဘုရားတည်တဲ့အတွက် တန်ခိုးကြီးတဲ့ ဘီလူးတွေကလည်း လေးစားရတယ်။ နှလုံးသားမှာ ဘုရားတည်ပြီးတဲ့အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်ကသော်မှ လေးစားရတယ်။ လူကြည့်တော့ ချာတိတ်ကလေး၊ ကိုးနှစ်ဆယ်နှစ် အရွယ်ပဲရှိသေးတယ်။ ရတနာသုံးပါး ကျေးဇူးပေါ့၊ နှလုံးသား ဘုရားတည်လိုက်တဲ့ ကျေးဇူးပေါ့။

နှလုံးသား ဘုရားမတည်ဘဲနဲ့ ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ် အသက်ဘယ်လောက်ပဲ ကြီးကြီး နှလုံးသားထဲ အမှိုက်တွေ ရှုပ်နေရင် ဘယ်သူက အရေးစိုက်မှာလဲ၊ ဘယ်သူက လေးစားမှာလဲ၊ ကိုယ်ဟာကိုယ်လည်း လေးစားမှာမဟုတ်၊ နှလုံးသား ဘုရားတည်တော့ ချာတိတ်ကလေးကိုတောင် တန်ခိုးကြီးတဲ့ ဘီလူးတွေက လေးစားရတယ်။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်ကတောင် မှ လေးစားရတယ်။ ဒါနဲ့ သားအမိသားအဖ သုံးယောက်စလုံး ကျောင်းခေါ်သွး၊ ဘုရားဆီရောက်တော့ ဘုရားကို ရှင်ဘုရင်ကပဲ လျှောက်တယ်။

“မြတ်စွာဘုရား ဘုရားဂုဏ်ကို ပွားများတာ အန္တရာယ်ကင်းနိုင်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား၊ ဘုရား ဂုဏ်တော်ပွားများတဲ့ စွမ်းအားသည်သာ အန္တရာယ်ကင်းစေနိုင်ပါသလား ဘုရား၊ အခြား အရာတွေကကော အန္တရာယ်ကင်းစေနိုင်ပါသလား ဘုရား” မေးတော့ မြတ်စွာဘုရားက ဘုရားဂုဏ် ပွားများမှုဟာလည်း အန္တရာယ်ကင်းစေနိုင်တယ်။ ဒီပြင် ကျန်တဲ့ ငါးမျိုးဟာလည်း အန္တရာယ်ကင်းစေနိုင်တယ် ဆိုပြီးတော့ နှလုံးသား ဘုရားတည်မှုနှင့် ပတ်သက်လို့ ခြောက်မျိုးဟောကြားတော်မူတယ်။  ခြောက်မျိုးကတော့ အဇ္ဈာသယလိုက်ပြီးတော့ အရာဌာနလိုက်ပြီးတော့ ဟောတာပါ။

၁) က ခုနက ပထမရွတ်လိုက်တဲ့ ဂါထာ၊ ဘုရားဂုဏ်ကို အာရုံပြုခြင်း၊
၂) က ဘုရားလို့ပြောရင် တရားက မကင်းနိုင်လို့ တရားရဲ့ဂုဏ်ကို အာရုံပြုခြင်း၊
၃) က ဘုရားရယ်လို့ ပြောလိုက်ရင် အရိယာသံဃာကလည်း ပါလာတယ်၊ သံဃာ့ဂုဏ်ကို အာရုံပြုခြင်း၊ တရားနဲ့ သံဃာဟာလည်း ဘုရားရဲ့ တရားတနဲ့ သံဃာ ဆိုပြီးတော့ ဒါတွေ အာရုံပြုလည်း နှလုံးသား ဘုရားတည်တယ်လို့ ဆိုရတာပဲ။
၎) က ကကာယဂတာသတိ၊ သုံးဆယ့်နှစ်ကောဌာသ ဘာဝနာကို သမာဓိရအောင် စူးစိုက်ပြီးတော့ ပွားများခြင်း၊ တနည်းအားဖြင့် မိမိခန္ဓာကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိမပြတ် ဉာဏ်နဲ့ လိုက်ပြီးတော့မှ ဟိုသာသနာအသိ တွေအထိ တိုးမြှင့်၍ ပွားများခြင်း၊
၅) က ကရုဏာပွားများခြင်း၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေ ဒုက္ခမှ လွတ်ကြပါစေလို့ ပွားများခြင်း၊
၆) က မေတ္တာတရားပွားများခြင်းလို့ ခြောက်မျိုး ဘုရားက ဟောတယ်။

နောက်ဆုံးဂါထာက - သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ၊
ယေသံ ဒိဝါစ ရတ္တောစ၊ ဘာဝနာယ ရတော မနော၊
ယေသံ- တရားချစ်ခင် စိတ်ကောင်းဝင်သည့် အကြင်သူတော်စင် ပုဂ္ဂိုလ်တို့သည်၊ ဒိဝါစ - နေ့အခါ၌ လည်းကောင်း၊ ရတ္တော - ညဥ့်အခါ၌လည်းကောင်း၊ ဘာဝနာယ - မေတ္တာစွမ်းအား မြတ်တရား၌၊ ရတော - နှလုံးသားဝယ် ဘုရားတည်ကာ ကောင်းစွာမသွေ မွေ့လျော်တတ်ပါပေ၏၊

ဂေါတမသာဝကာ - ဂေါတမ နွယ်ဖွား ရှင်တော်မြတ်ဘုရား၏ တပည့်သားသမီး ဖြစ်ကြကုန်သော၊ တေ - တရားချစ်ခင် စိတ်ကောင်းဝင်သည့် ထိုသူတော်စင် ပုဂ္ဂိုလ်တို့သည်၊ သဒါ - နေ့ရောညပါ အခါခပ်သိမ်း၊ သုပ္ပဗုဒ္ဓံ - ကောင်းစွာထူးခြား နိုးကြား တက်ကြွ နှစ်သက်လိုက်ရလေအောင်၊ ပဗုဇ္ဈ န္တိ - နှလုံးသားဝယ် ဘုရားတည်ကာ ကောင်းစွာမသွေ နိုးကြားနိုင်ကြလေ ကုန်သတည်း။

နောက်ဆုံး ခြောက်ခုမြောက်က မေတ္တာတရား၊ အားလုံးပေါင်းလိုက်တော့ ခြောက်မျိုးပေါ့။ ဘုရားကို ပဓါနထား ပြောလိုက်လို့ နှလုံးသားဝယ် ဘုရားတည်လို့ ပြောရတာ၊ တကယ်တော့ ခြောက်မျိုးလုံး တရားအလုပ်မှန်သမျှ ဘယ်အလုပ် လုပ်လုပ်ပေါ့၊ ဘုရားက လမ်းညွှန်ချက်အတိုင်း လေးလေးနက်နက် လုပ်လို့ရှိရင် နှလုံးသား ဘုရားတည်တယ်လို့ ခေါ်ရတာပါ။

အဲဒီ အကြောင်းအရာကို မြတ်စွာဘုရားက ခြောက်ဂါထာဟောပြလိုက်တော့ ဝိပဿနာအသိတွေ အထိ ပြပြီးတော့ ဟောလိုက်တဲ့အခါမှာ တရားနာ ပရိတ်သတ်ထဲမှာက မောင်ဖိုးဉာဏ်လေး ကလည်းပါတယ်၊ သူ့အဖေဖြစ်တဲ့ ဦးကံကလည်းပါတယ်၊ သူ့အမေဖြစ်တဲ့ ဒေါ်ကံကလည်းပါတယ်။ အဖေနဲ့ အမေက စောစောက မိစ္ဆာဒိဌိ၊ သားလေးကို အကြောင်းပြုပြီးတော့ ပရိသတ်ထဲ ရောက်နေ ကြတာ။ မြတ်စွာဘုရားက တရားအသီးသီး ဖော်ပြပြီးတော့မှ တရားကို ဟောပြလိုက် တဲ့ အခါမှာ ခန္ဓာမှာ ဉာဏ်စိုက် ပြီးတော့မှ သူတို့ တရားကို ကောင်းကောင်းလေး နာတတ်၊ နာတတ်တော့ သားလေး မောင်ဖိုးဉာဏ်ကလည်း စိတ်ပါလက်ပါ တရားနာလေ့ရှိတော့ အလုပ်လုပ်ရင်းနဲ့ တရားနာ လိုက်တာ ခြောက်ဂါထာလည်းပြီးရော တစ်ခါတည်း သောတပန်ဖြစ်သွား။

သူ့အဖေဖြစ်တဲ့ ဦးကံကလည်းပဲ ဟယ် တရားတွေက လက်တွေ့ လုပ်လိုက်တော့ တယ်အေးချမ်းစေပါလား၊ အမှန်အတိုင်း သိရော တကယ့် အမှန်တရားတွေပါလား ဆိုပြီးတော့ လေးလေးနက်နက် ပြတ်ပြတ်သားသား ခန္ဓာမှာ ပိုင်းဖြတ် တရားအလုပ်လုပ်ရင်းနဲ့ နာလိုက်တာ ဦးကံကြီးလည်း သောတာပန်ဖြစ်။ မိစ္ဆာဒိဌိဖြစ်နေတဲ့ ဒေါ်ကံကြီးကလည်းပဲ ဘုရားဟောတဲ့ တရား ဝမ်းတွေသာလိုက်တာ ဉာဏ်အသိ ဖွင့်ပြီး တော့မှ လက်တွေ့ အလုပ်လုပ်ရင်း ပွားများရင်းနဲ့ နာလိုက်တာ သူလည်းပဲ သောတာပန်ဖြစ်။ သားလေးတစ်ယောက် နှလုံးသားမှာ ဘုရားတည် ပြလိုက်တဲ့အတွက် မိဘနှစ်ပါးသော်မှ သမ္မာဒိဌိ ဖြစ်ကုန် ရတယ်။ သမ္မာဒိဌိတောင်မှ ကမ္မဿကတာသမ္မာဒိဌိ၊ ဝိပဿနာ သမ္မာဒိဌိတင် ဘယ်ကလို့လည်း မဂ် ဖိုလ် သမ္မာဒိဌိ အဆင့်အထိ ရောက်သွားကြတယ်။ နိဗ္ဗာန်ကို တိုက်ရိုက် မျက်မှောက်ပြုရတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဖြစ်သွားကြပြီ။

သောတာပန်ဖြစ်ပြီးပြီလည်းဆိုရော တရားကို သိပ်ယုံကြည် လေးစားလွန်းလို့ တရားကို အားထုတ်ရတာ အားမရ နိုင်လွန်းလို့ နိဗ္ဗာန်ကိုလည်း တိုက်ရိုက်မျက်မှောက် ပြုရပြီဆိုတဲ့အတွက် အင်မတန်မှ တရားမှာ မွေ့လျော်လွန်းလို့ အဲ … တို့သားအမိ သားအဖ သုံးယောက်စလုံး သာသနာဝင်ပြီးတော့ ရဟန်းပြုတာပဲ ကောင်းပါတယ်ဆိုပြီးတော့ သားလေးက ရှင်ပြု အဖေနဲ့ အမေက ရဟန်းပြု သာသနာဝင် တရားဆက်အားထုတ်၊ အားလုံး ရဟန္တာဖြစ်ကုန် ကြတယ်။

နှလုံးသား ဘုရားတည်လိုက်တော့ ဟန်ကျလိုက်တာ၊ ချာတိတ်ကလေးကလည်း ကိုးနှစ် ဆယ်နှစ်သား ဝန်းကျင် ငယ်တယ်သာဆိုရတယ် နှလုံးသားဘုရားတည်တော့ ပတ်ဝန်းကျင်က လေးစားလိုက်ကြရတာ၊ အဖေနဲ့ အမေတောင် နောက်လိုက်တွေ ဖြစ်ကုန်တယ်။ သားလေးက ရှေ့က အဖေနဲ့အမေက နောက်က၊ သားလေးက နှလုံးသားမှာ ဘုရားတည်ပြ လိုက်တဲ့အတွက် အဖေနှင့် အမေသော်မှ အရိယာတွေ ဖြစ်ကုန်ကြရတယ်။ အဲလိုဆိုတော့ နှလုံးသား ဘုရားတည် လိုက်တဲ့အတွက် မဂ် ဖိုလ် တွေအထိ ရကြတယ်ပေါ့။

တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော) ဆရာတော်

Views: 144

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
21 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service