သောတာပန်ဆိုတာ ဒီလိုပါ
" သောတာပန် " ဆိုတဲ့ အဓိပ္ပါယ်ကို သံယုတ္တနိကာယ် သောတာပတ္တိသံယုတ် ဒုတိယသာရိပုတ္တသုတ်မှာ မြတ်စွာဘုရားရှင်က ……
" ချစ်သားသာရိပုတ္တရာ သောတ သောတ လို့ ပြောနေကြတယ်။ဘာကို သောတလို့ခေါ်တာလဲ "
" ဘုန်းတော်ကြီးသော မြတ်စွာဘုရား သောတဆိုတာ မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား "
ဒီအဓိပ္ပါယ်ကို ယူရမှာ။
သောတဆိုတာ သဒ္ဓါအနက်အားဖြင့် " နား " လို့လည်း ပြောလို့ရတယ် " ရေအလျဉ် " လို့လည်း ပြောလို့ရတယ်။ ဒီနေရာမှာ " ရေအလျဉ် " လို့ယူရမယ်။ ရိုးရိုးရေ မဟုတ်ဘူး။ ဓမ္မရေစီးကြောင်း။
မြစ်ထဲကရေတွေဟာ စီးဆင်းသွားတဲ့အခါ နောက်ဆုံးမှာ ပင်လယ်သမုဒ္ဓရာထဲကို ရောက်သလို မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်လို့ရှိရင်လည်း နောက်ဆုံးမှာ နိဗ္ဗာန်ကို ရောက်လိမ့်မယ်။ရေက ပင်လယ်ထဲကို စီးဆင်းတယ်။ မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန်ကို စီးဆင်းတယ်။ စီးဆင်းတာချင်းတူလို့
မဂ္ဂင်ရှစ်ပါးရေအလျဉ် ဓမ္မရေအလျင်ကို " သောတ" လို့ခေါ်တယ်။ တချို့ကျတော့ " သောတ " ဆိုတာ " နား " အာပန္န " ဆိုတာ ရောက်တာ။ နားကို တရားရောက်တာ။ တရားနာရင် သောတာပန်ဖြစ်တယ်။ ဒီလိုဟောတဲ့သူတွေလည်း ရှိတယ်။
မြတ်စွာဘုရားလက်ထက်ကတော့ ဟုတ်တာပေါ့။ တရားနာရင်း သောတာပန်ဖြစ်တဲ့သူတွေ အများကြီး။ ရဟန္တာတောင် ဖြစ်ကြတယ်။ အခုခေတ်က ဖြစ်ပါ့မလား။ ဘယ်ဖြစ်ပါ့မလဲ။ ပုဂ္ဂိုလ်ချင်းမှ မတူတာ။ အခုခေတ်က နေယျပုဂ္ဂိုလ်နဲ့ ပဒပရမပုဂ္ဂိုလ်တွေပဲ ရှိတာ။ ဘုရားလက်ထက်ကလို ဥဂ္ဃါဋ္ဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ်တွေ မရှိတော့ဘူး။
ဥဂ္ဃါဋ္ဋိတညူပုဂ္ဂိုလ်ဆိုတာ တစ်ပုဒ်တစ်ပါဒနာရုံနဲ့ ရဟန္တာဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ။ အင်မတန် ဥာဏ်ကောင်းတယ်။ ဝိပဉ္စိတညူပုဂ္ဂိုလ်ကျတော့ တရားတစ်ပုဒ်ကို အကျယ်ဟောရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်တယ်။
ကဲ တို့သူငါတွေက အပုဒ်တစ်ထောင်လောက် ဟောတာတောင် ဖြစ်နိုင်ပါ့မလား။ ဟောတဲ့သူတောင် မဖြစ်တာ နာတဲ့သူက ဘယ်လိုလုပ်ဖြစ်မလဲ။ ဟောရုံနဲ့မရဘူး။ တရား အားထုတ်ရ အုံးမယ်။ နာတဲ့သူကလည်း နာရုံနဲ့မရဘူး။ တရားအားထုတ်မှ ရမယ်။ အဲဒါ " နေယျပုဂ္ဂိုလ် " လို့ ခေါ်တယ်။ အခုခေတ်မှာ " နေယျပုဂ္ဂိုလ် " နဲ့ " ပဒပရမပုဂ္ဂိုလ် " တွေပဲ ရှိတယ်။
ဒါကြောင့်မို့ တရားလည်း နာရမယ်။ တရားလည်း အားထုတ်ရမယ်။ တစ်ခါတည်း နာလို့ မရဘူး။
ထပ်ခါထပ်ခါ နာရမယ်။ထပ်ခါထပ်ခါအားထုတ်ရမယ်။
တစ်နှစ်မှ ( ၁၀ ) ရက်လောက် အားထုတ်တာဆိုရင် မဂ်တော့ မရဘူး။ ကုသိုလ်ပဲရမယ်။ ကိလေသာက မြင့်မိုရ်တောင်လောက်ရှိတာဗျာ။ ( ၁၀ ) ရင် ( ၁၅ ) ရက်နဲ့ ဘယ်ရမလဲ။
ဒုတိယသာရိပုတ္တသုတ်မှာ မြတ်စွာဘုရားရှင်က ဆက်မေးတယ်။
" ချစ်သားသာရိပုတ္တရာ သောတပန္န ဆိုတာ ဘာကိုခေါ်တာလဲ "
" မဂ္ဂင် ရှစ်ပါး ရေအလျဉ်သို့ ဦးစွာ ရောက်တဲ့သူကို ခေါ်တာပါဘုရား "
ဆိုလိုတာက သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ် ရတဲ့သူကို ပြောတာ။
မဂ္ဂင်ရှစ်ပါးရေအလျဉ်ကို ဦးစွှာရောက်တဲ့ ပုဂ္ဂိုလ်ဟာ သောတာပန် ပုဂ္ဂိုလ်ပဲ။ မဂ္ဂင်ရှစ်ပါး ရေအလျဉ်ကို ရောက်တယ်ဆိုတာ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါပဲ။ ဘာနိဗ္ဗာန်လဲဆိုတော့ ခန္ဓာအကြွင်း ရှိလျက်နဲ့ မျက်မှောက်ပြုတဲ့ နိဗ္ဗာန်။ သဥပါဒိသေသနိဗ္ဗာန်။ အဲဒီနိဗ္ဗာန်ကို ဦးစွာရောက်သူ။ ဒီလိုမှသာလျှင် အဓိပ္ပါယ် ပြည့်စုံတယ်။
အပါယ်လေးပါးတံခါးပိတ်ပြီး အနုပါဒိသေသနိဗ္ဗာန်ကို ရောက်ဖို့ စိတ်ချရတဲ့ ပုဂ္ဂိုလ်လို့လည်း ဆိုနိုင်တယ်။ အနုပါဒိသေသနိဗ္ဗာန်ဆိုတာက ယခုဘဝမှာ သေပြီးတဲ့နောက် ခန္ဓာငါးပါးအသစ် ထပ်မဖြစ်တော့ဘဲ အကြွင်းမဲ့ ရုပ်သိမ်းချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်။
မြတ်စွာဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ စံဝင်သွားတဲ့ နိဗ္ဗာန်ကို ဆိုလိုတာ။
- မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ
ဆရာတော်၏ " သောတာပန်ဆိုတာ ဒီလိုပါ " တရားတော်မှ ကောက်နုတ်ဖော်ပြထားပါသည်။
Posted by Words of Buddha
—
ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊ သေမှ ခင်၊ လူတွင် မကျင့်ရာ။
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)
ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)
ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)
အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမကောင်းလည်း ကိုယ်ကတော်
သူမတော်လည်း ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။
ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)
အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။
သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)
မြန်မာဝက်ဆိုက် ဘလော့များ လမ်းညွှန် (ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။) |
မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)
မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)
![]() |
![]() |
"မြန်မာစာ မြန်မာစကား "
There are no birthdays today
© 2019 Created by ukkmaung.
Powered by
You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!
Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺