ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဒွိဟိတ်ကို တိဟိတ်ပြောင်းချင်သလား

ဒွိဟိတ်ကို တိဟိတ်ပြောင်းချင်သလား

တိဟိတ် ကိစ္စ

မေး။ ။ (၂၀၀၈-ခုနှစ်၊ ဒီဇင်ဘာလထုတ် မြတ်ပန်းရဂုံစာစောင်ပါ ပဋိသန္ဓေစိတ်အရ ဖြစ်နေသော ဒွိဟိတ်ပုဂ္ဂိုလ်များသည် ညာဏ်ယှဉ်သော ဥက္ကဋ္ဌကုသိုလ်ဖြစ်အောင် ဆည်းပူးနိုင်လျှင် ယခုဘ၀ မှာပင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်ကာ တရားရနိုင်ကြောင်း အာစရိယ၀ါဒတစ်ခု ကို ကြားနာရသဖြင့် ထိုကဲ့သို့ ဖြစ်နိုင်/မဖြစ်နိုင် ကျမ်းဂန်နှင့်အညီ ဖြေကြားပေးနိုင်ရန် မေးလိုက်သည့် ဒေါ်ဝင်းဝင်းသူ၏ မေးခွန်းကို ဖြေကြားခြင်း ဖြစ်ပါသည်။) (နောက်မှ သိရသည်မှာ ထိုဝါဒသည် နာမည်ရ ဓမ္မကထိက ဆရာတော်၏ ၀ါဒဖြစ်သည်ဆို၏။)


ဖြေ။ ။ရှေးဦးစွာ ဘုရားဟော ပါဠိတော်များကို ထုတ်ပြပါမည်။ “ရဟန်းတို့၊ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန် သော သဘောဟုဆိုအပ်သော နိယာမ(မဂ်)သို့သက်ဝင် ရန် မထိုက်တန်။”

အဘယ်ခြောက်မျိုးတို့နည်းဟူမူ (ဈာန်,မဂ်,ဖိုလ်,နတ်ရွာကို) တားမြစ်တတ်သော နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာနှင့်ပြည့်၏၊ တားမြစ်တတ်သော ဒွိဟိတ် အဟိတ် ပဋိသန္ဓေ၀ိပါက်နှင့်ပြည့်စုံ၏၊ ယုံကြည်မှု သဒ္ဓါလည်း မရှိ။ (ကုသိုလ်ရေး၌) ပြုလိုမှု ဆန္ဒလည်း မရှိ။ ပညာလည်း ကင်းမဲ့၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရ သော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟုဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် မထိုက်တန်။” (အင်္ဂုတ္တိုရ်၊ ဆက္ကနိပါတ်၊ အာဝရဏသုတ်)

“အဘယ်သူတို့သည် မကျွတ်ထိုက်သော သတ္တ၀ါတို့ မည်ကုန်သနည်း။
အကြင်သတ္တ၀ါတို့သည် ပဉ္စာနန္တရိယ ဟူသော ကံပိတ်ပင်မှု ရှိကုန်၏။ နိယတမိစ္ဆာဒိဋ္ဌိဟူသော ကိလေသာပိတ်ပင်မှု ရှိကုန်၏။ အဟိတ် ဒွိဟိတ်ပဋိသန္ဓေဟူသော ၀ိပါက်ပိတ်ပင်မှု ရှိကုန်၏။ ယုံကြည်မှု မရှိကုန်။ မဂ်ကို ရအောင် အားထုတ်ဖို့ရန် အလိုမရှိကုန်။ ပညာနည်းကုန်၏။ ကုသိုလ် တရားတို့၌ မဖောက်မပြန် မှန်ကန်သော သဘောရှိသော မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့်မြဲသော မဂ်သို့ သက်ရောက်ခြင်းငှါ မထိုက်ကုန်။ ဤသူတို့သည် မကျွတ်ထိုက်သော သတ္တ၀ါတို့ မည်ကုန်၏။

(၀ိဘင်းပါဠိတော်၊ ဉာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်)


“အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော `အဘဗ္ဗာဂမန` ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။
အကြင်ပဂ္ဂိုလ်တို့သည် ပဉ္စာနန္တရိယကံတည်းဟူသော ပိတ်ပင်ခြင်း နှင့်လည်း ပြည့်စုံကုန်၏။

နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော ကိလေသာ၏ ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏။ အဟိတ် ဒွိဟိတ် တည်းဟူသော ၀ိပါက်ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏။ သဒ္ဓါတရား လည်း မရှိကုန်။ ကုသိုလ်၌ လိုလားခြင်း ဆန္ဒမှလည်း ကင်းကုန်၏။ ဉာဏ်ပညာလည်း မဲ့ကုန်၏။ ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောရှိသည်ဖြစ်၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသော လောကုတ္တရာ အရိယာမဂ်သို့ သက်ရောက်ခြင်းငှါ မထိုက်ကုန်။

ဤပုဂ္ဂိုလ်တို့ကို အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော “အဘဗ္ဗာဂမန” ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ (ပုဂ္ဂလပညတ်ပါဠိတော်) အထက်ပါ ဘုရားဟော ပါဠိတော်များအရ ဒွိဟိတ်ပုဂ္ဂိုလ်သည် ဤဘ၀ ဈာန် မဂ် ဖိုလ် တရားထူး မရနိုင်သည်မှာ ထင်ရှားပါသည်။ ပုဂ္ဂလပညတ်ပါဠိတော်လာ ပုဂ္ဂိုလ်လေးမျိုး ခွဲခြားပြသော ဒေသနာတော်ကိုလည်း ရှုပါဦး။ အကျဉ်းဟောကာမျှဖြင့် မဂ်ဖိုလ်ကိုရသော ဥဂ္ဃတိတညူပုဂ္ဂိုလ် ဟူသည် အဘယ်နည်း။

အကြင်ပုဂ္ဂိုလ်အား အကျဉ်းထုတ်ဆောင် ဟောပြအပ်သော အခါနှင့် တပြိုင်နက် သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။ ဤပုဂ္ဂိုလ်ကို အကျဉ်းဟောကာမျှဖြင့် မဂ်ဖိုလ်ကို ရသော “ဥဂ္ဃတိတညူ” ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။


အကျယ်ဟောကာမျှဖြင့် မဂ်ဖိုလ်ကိုရသော ၀ိပဉ္စိတညူ ပုဂ္ဂိုလ်ဟူ သည် အဘယ်နည်း။
အကြင်ပုဂ္ဂိုလ်အား အကျဉ်းအားဖြင့် ဟောအပ်ပြီးသော ဒေသနာ၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်အပ်သည်ရှိသော် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။ ဤပုဂ္ဂိုလ်ကို အကျယ်ဟောကာမျှဖြင့် မဂ်ဖိုလ်ကို ရသော ၀ိပဉ္စိတညူ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍ တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော နေယျပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်အား အကျဉ်း (ပါဠိ) အားဖြင့်လည်းကောင်း၊ အကျယ် (အဋ္ဌကထာ) အားဖြင့်လည်းကောင်း၊ သင့်လျော်လျောက်ပတ်စွာ နှလုံးသွင်းသောအားဖြင့်လည်းကောင်း၊ မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်လျက် ချဉ်းကပ်သောအားဖြင့် လည်းကောင်း ဤသို့ အစဉ်အတိုင်း သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်သည် ဖြစ်၏။ ဤပုဂ္ဂိုလ်ကို ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍ တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကိုရသော နေယျပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ပုဒ်ဗျည်းမျှသာ အတိုင်းအရှည်ရှိသော ပဒပရမပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ အကြင်ပုဂ္ဂိုလ်အား အကြိမ်များစွာ နာကြားသော်လည်း၊ အကြိမ်များစွာ ဟောပြောရွတ်ဆိုသော်လည်း၊ အကြိမ်များစွာ ဆောင်ပြသော်လည်း၊ အကြိမ်များစွာ သရဇ္ဈာယ်သော်လည်း ထိုကိုယ်၏အဖြစ်၌ သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်။ ဤပုဂ္ဂိုလ်ကို ပုဒ်ဗျည်းအတိုင်းအရှည်ရှိသော ပဒပရမပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။”

အထက်ပါ ဒေသနာတော်လာ ပဒပရမပုဂ္ဂိုလ်ဟူသည် ဤဘ၀တွင် မဂ်ဖိုလ် လုံးဝမရနိုင်သော ပုဂ္ဂိုလ်ဖြစ်၏။ အကယ်၍ ဒွိဟိတ်ပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း တိဟိတ်ကုသိုလ်ဖြစ်အောင်ပြုလျှင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်ကာ မဂ်ဖိုလ်ရနိုင်ပါသည်ဆိုလျှင် အထက်ပါအတိုင်း မကျွတ်ထိုက်သောပုဂ္ဂိုလ်၊ ပဒပရမပုဂ္ဂိုလ် စသည်ဖြင့် ဟောနေဖွယ်ပင် မလိုပါ။

ဘုရားရှင်၏ တရားတော်ကို နာရမှတော့ တိဟိတ်ကုသိုလ်ဖြစ်ဖို့ မခဲယဉ်းတော့ပါ။ သမထ၀ိပဿနာ လုပ်ငန်းများ သည် ဉာဏ်ယှဉ်၍ ပြုရသော တိဟိတ်ကုသိုလ်များပင် မဟုတ်ပါလော။ အဋ္ဌကထာ တို့၌လာသော နတ်ရွာ-နိဗ္ဗာန်-ဈာန်-မဂ်-ဖိုလ်တရားတို့ကို တားမြစ် တတ်သော အန္တရာယ်တို့ကို ထုတ်ပြဦးမည်။ မျက်မှောက်ဘ၀၌ သဂ္ဂန္တရာယ် (နတ်ပြည်အန္တရာယ်)၊ မဂ္ဂန္တရာယ် (မဂ်ဖိုလ်၏ အန္တရာယ်) ဖြစ်စေနိုင်သော တရားငါးမျိုး ရှိပါသည်။ ထိုငါးမျိုးမှာ---

၁။ ကမ္မန္တရာယ် = မာတုဃာတက (မိခင်ရင်းကို သတ်မှု) စသော ပဉ္စာနန္တရိယကံငါးပါးနှင့် ဘိက္ခုနီမ၌ မိစ္ဆာစာရကျူးလွန်မှုသည် ကမ္မန္တရာယ်မည်၏။ (ပဉ္စာနန္တရိယကံထိုက်သူမှာ ဈာန်မဂ်ဖိုလ် သာမက နောက်ဘ၀၌ သုဂတိဘ၀ကိုပင် ရဖို့ရာ အခွင့်မရှိ။ ဘိက္ခုနီမ၌ မိစ္ဆာစာရ ပြုသူကား ဈာန်မဂ်ဖိုလ်ကိုသာ မရသည်၊ ကောင်းမွန်စွာ နေထိုင်လျှင် သုဂတိဘ၀ကိုကား ရနိုင်ပါသေး၏။ အရိယာဖြစ်သော ဘိက္ခုနီမ၌ လွန်ကျူးလျှင်ကား သုဂတိဘ၀ကိုပင် မရနိုင်၊ အပါယ်ရောက်ကြောင်း ကံဖြစ်၏။ သာမန်ဘိက္ခုနီမ၌ပင် နှစ်ဦးသဘော တူမှ မိစ္ဆာစာရမဖြစ်နိုင်သည်။ အလိုမတူဘဲ အတင်း အကြပ် ကျူးလွန်ရာ၌ကား သဂ္ဂန္တရာယ်ဖြစ်၏။ )


၂။ ကိလေသန္တရာယ် = (ကိလေသာဆယ်ပါးတွင် ပါသော) အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိ, နတ္ထိကဒိဋ္ဌိ ဟူသော နိယတမိစ္ဆာဒိဋ္ဌိ သည် ကိလေသန္တရာယ် မည်၏။ (ဤနိယတ မိစ္ဆာဒိဋ္ဌိရှိသူများလည်း ဤဘ၀ ဈာန်မဂ်ဖိုလ်ကို မရနိုင်ရုံမျှမက နောင်ဘ၀၌လည်း သုဂတိဘ၀ ကိုပင် ရနိုင်ခွင့်မရှိ။ ၀ိသုဒ္ဓိမဂ်တွင် လွန်ကဲသော ကိလေသာရှိသော ဥဘတောဗျည်းနှင့် ပဏ္ဍုက်များကိုလည်း ၀ိပါကန္တရာယ်၌ မသွင်းဘဲ ဤကိလေသန္တရာယ်၌ သွင်းပြသည်။)


၃။ ၀ိပါကန္တရာယ် = အဟိတ်-ဒွိဟိတ် ပဋိသန္ဓေစိတ်များသည် ၀ိပါကန္တရာယ်မည်၏။ (ညံ့ဖျင်းသော မျိုးစေ့ကြောင့် မအောင်မမြင် ပေါက်ခဲ့ရသော သစ်ပင်သည် မည်မျှလောက်ပင် ရေစင်သွန်းလောင်း အပ်သော်လည်း ကြီးကျယ်မြင့်မား ဖွံ့ထွားဖို့ရာ မျှော်လင့်ဖွယ်မရှိတော့ သကဲ့သို့၊ ထို့အတူ ညံ့ဖျင်းသော ကံကြောင့် အဟိတ် ဒွိဟိတ် ပဋိသန္ဓေ နေခဲ့ရသူမှာ မျိုးစေ့ဖြစ်သော ပဋိသန္ဓေ၀ိပါက်ကိုက မအောင်မြင်သော ကြောင့် ဤဘ၀၌ ဈာန်မဂ်ဖိုလ်တရားဖြင့် စည်ကားဖို့ရာ မရှိတော့။ ကောင်းမွန်စွာ ကျင့်ပါမူ တမလွန်၌ သုဂတိဘ၀ကိုကား ရနိုင်ပါသေး၏။)


၎။ အရိယူပ၀ါဒန္တရာယ် = အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ ဆဲရေးခြင်းသည် အရိယူပ၀ါဒန္တရာယ်မည်၏။ နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် ဈာန်၏ အန္တရာယ်ဖြစ်၏။ ထိုပုဂ္ဂိုလ်ထံသွား၍ တောင်းပန်ဝန်ချ လျှင်ကား အပြစ်ပြေပျောက်၏။ အကယ်၍ ထိုပုဂ္ဂိုလ်မရှိတော့လျှင် သင့်လျော်သော လူကြီးသူမ သံဃာများထံသို့ သွား၍ အကျိုးအကြောင်း ပြောပြတောင်းပန်လျှင် ၊ အယုတ်ဆုံးအားဖြင့် ထိုပုဂ္ဂိုလ်အိပ်စက်ခဲ့ရာ ခုတင်ညောင်စောင်း၊ ထိုပုဂ္ဂိုလ်၏ သင်္ချီုင်းဂူ စသည်သို့ သွား၍ တောင်းပန်ကန်တော့လျှင် အန္တရာယ် ပြေပျောက်နိုင်၏။ (ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သူ ကိုလည်း မပြစ်မှားမိစေရ၊ အရိယူပ၀ါဒကံတမျှ အပြစ်ကြီးလေးလှ၏။)


၅။ အာဏာဝီတိက္ကမန္တရာယ် = လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်များသည် အာဏာဝီတိက္ကမန္တရာယ် မည်၏။ ရဟန်းတစ်ပါးသည် ပါရာဇိကအပြစ်သင့်လျှင် လူမထွက်သမျှ၊ သံဃာဒိသေသ်အာပတ်သင့်လျှင် ပရိဝါသ် မာနတ် မဆောက်တည် သမျှ ၊ ကြွင်းသောအပြစ်များသင့်လျှင် ဒေသနာမကြားသမျှ ထိုအန္တရာယ်မှ မကင်းလွတ်၊ ထိုအန္တရာယ်မကင်းက သုဂတိဘ၀နှင့် ဈာန်မဂ်ဖိုလ်ကို ရဖို့ရာ အခွင့်မရှိတော့။ ဤဘဝမှ စုတေလျှင် အပါယ်လေးပါးသို့သာ သွားရဖို့ ရှိ၏။

သို့ရာတွင် ပုထုဇဉ်သဘာဝအလိုက် စိတ်ကို မထိန်းနိုင်၍ အပြစ်သင့်ပြီးနောက် ဆိုင်ရာ ဝိနည်းလမ်းကြောင်းဖြင့် ကုစားပါလျှင် ထိုအပြစ်များ ကင်းစင်နိုင်သောကြောင့် ထိုအာဏာဝီတိက္ကမ (ဘုရားရှင်၏ အာဏာတော်ကို ကျော်နင်းခြင်း) အမှုကို မပြုမိအောင်လည်း စောင့်စည်း၍ ၊ မတော်တဆပြုမိပြန်လျှင်လည်း ဆိုင်ရာ ဝိနည်းကံအရ ကုစား၍ သဒ္ဓါတရားဖြင့် နေထိုင်သူမှာ ထိုအန္တရာယ်မှ ကင်းနိုင်ပါ၏။


နတ်ရွာ မဂ်ဖိုလ်ဈာန်ကို မတားမြစ်ပါ။ (သင်္ဂြီုဟ်ဘာသာဋီကာနှင့် ဆိုင်ရာအဋ္ဌကထာ+ဋီကာများ)
အထက်ပါ နတ်ရွာနိဗ္ဗာန်မဂ်ဖိုလ်ဈာန်တို့ကို တားမြစ်နိုင်သော အန္တရာယ်ငါးမျိုးတို့တွင် နောက်ဖြစ်သော အရိယူပဝါဒန္တရာယ်နှင့် အာဏာဝီတိက္ကမန္တရာယ်မှာ ကုစားကောင်းသော အန္တရာယ်များဖြစ်၏။ အထက်သုံးပါးမှာ မကုစားကောင်းသော ကုစား၍လည်းမရနိုင်တော့ သော အန္တရာယ်များဖြစ်၏။

ထို့ကြောင့် အနုဒီပနီပါဌ်တွင် “သေသေသု တီသု ပဋကမ္မံ နာမ နတ္ထိ၊ -မေ ဓမ္မာ -မသ္မိံ ဘဝေ ဈာနမဂ္ဂါနံ အန္တရာယံ ကရောန္တီတိ အန္တရာယိကာ နာမ” ဟု မိန့်၏။ နောက်အကြောင်းတစ်ခု မှာ အဘိဓမ္မာဒေသနာတော်များအရ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်သည် ဘဝတစ်ခု၌ တူရမြဲ၊ တစ်မျိုးတည်းသာ ဖြစ်ရမြဲဖြစ်သောကြောင့် ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေလာခဲ့သူသည် ဤဘဝမှာပင် တိဟိတ်အဖြစ် ပြောင်းလဲကာ စုတေသောအခါ တိဟိတ်စိတ်ဖြင့် စုတေသည်ဟူ၍ မရှိနိုင်ပါ။

အနည်းငယ်ထပ်၍ ဆိုရလျှင် လူဘုံသားတို့သည် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သဟဂုတ်စိတ်ဖြင့် ပဋိသန္ဓေနေသော အဟိတ်ပုဂ္ဂိုလ်၊ ဉာဏ် (အမောဟဟိတ်) မပါသော မဟာဝိပါက် ဉာဏဝိပ္ပယုတ်လေးပါး (တပါးပါး)ဖြင့် ပဋိသန္ဓေနေသော ဒွိဟိတ်ပုဂ္ဂိုလ်၊ အလောဘ အဒေါသ အမောဟ-ဟူသော ဟိတ်သုံးပါးလုံးပါသော မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်လေးပါး (တပါးပါး) ဖြင့် ပဋိသန္ဓေနေသော တိဟိတ်ပုဂ္ဂိုလ်-ဟု သုံးမျိုးရှိနိုင်ရာ အဟိတ်ပုဂ္ဂိုလ်များသည် ပဋိသန္ဓေပါ ဆွံ့အ နားမကြားသူများ၊ ဝမ်းတွင်း ကန်း၊ ဝမ်းတွင်းရူး စသည်များနှင့် မိန်းမလျာ စသော လူစဉ်မမီ လူတန်းမစေ့သူများဟု ကျမ်းစာများတွင် ဖော်ပြထားပြီး ဒွိဟိတ်ပုဂ္ဂိုလ်နှင့် တိဟိတ်ပုဂ္ဂိုလ်များမှာ ပုံပန်းသဏာန်--အားဖြင့် ကွဲပြားခြားနားမှု မရှိပါ။

ထို့ကြောင့် ခွဲခြားရခက်ပါသည်။ စာမတတ်ရုံ မှတ်ဉာဏ်မကောင်းရုံမျှဖြင့် ဒွိဟိတ်ပုဂ္ဂိုလ်ဟု မဆိုနိုင်သလို ဘွဲ့ဒီဂရီများစွာ ရရှိရုံမျှဖြင့်လည်း တိဟိတ်ပုဂ္ဂိုလ်ဟု မသတ်မှတ်နိုင်ပါ။

သို့ရကား မိမိသန္တာန်၌ တရားအားထုတ်ဖို့ရာ သဒ္ဓါတရား ကုသလစ္ဆန္ဒ ဝီရိယတို့ မရှိသည်ကို ဖုံးကွယ်လိုသဖြင့် “တို့ကတော့ ဒွိဟိတ်ပုဂ္ဂိုလ်ထင်ပါရဲ့၊ ဒီဘ၀တော့ မဂ်ဖိုလ်ရနိုင်တော့မှာ မဟုတ်ပါဘူး၊ ဒါန သီလလောက်ပဲ ကိုယ်တတ်နိုင်သလောက် လုပ်ပါတော့မယ်” ဟု ဆင်ခြေပေးခြင်းသည်လည်း မမှန်ကန်ပါ။

ထို့ကြောင့် “ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်သူ အားထုတ်လျှင် နောက်ဘဝ၌ တိဟိတ်ဖြစ်၏။ အားမထုတ်လျှင် ဘဝအဆက်ဆက်ပင် ဒွိဟိတ်က တက်ခွင့် မရနိုင်ရာပြီ။ အဟိတ်သို့ လျော့၍ သွားဖို့သာ ရှိတော့သည်” ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ မိန့်မှာချက်ကို အလေးအနက် ထား၍ ကြိုးစားအားထုတ်ကြကုန်ရာ၏။

ဘုရားရှင်ပင်လျှင် ဒွိဟိတ်ကို တိဟိတ်ဖြစ်အောင်၊ မကျွတ်ထိုက်သူကို ကျွတ်ထိုက်သူဖြစ်အောင် မလုပ်ဆောင်နိုင်ပါသည် ကို ရအောင်လုပ်နိုင်ပါသည်ဟု ဆိုလာလျှင်လည်း လိမ်ညာလှည့်ဖျား ခြင်းမှတစ်ပါး အခြားမရှိနိုင်ပါ။

ထိုပုဂ္ဂိုလ်မျိုးကို အဋ္ဌကထာများတွင် “သင်သည် ဘုရားရှင် မဟောအပ်သည်ကို ဟော၏။ ဘုရားရှင်၏ ဓမ္မစက်ကို ပုတ်ခတ်၏။ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်ကို တားမြတ်၏။ ”-စသည်ဖြင့် ကဲ့ရဲ့တော်မူကြပါသည်။ နိုင်ငံတစ်နိုင်ငံတွင် ခိုးသူကြီး ဓားပြကြီး တစ်ယောက် ပေါ်ပေါက်ခဲ့သော် လူအများ၏ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည် သာသနာတော်၌ သူခိုးဓားပြကြီးအဖြစ်ဖြင့် လူအများ၏ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လာသူဟု ဥပမာပေးတော်မူကြ၏။

ထိုပုဂ္ဂိုလ်မျိုးကို “မိမိ၏ လွဲမှားစွာ ယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ ထိုမှားသောအယူသည် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားအား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့ ”ဟု ဘုရားရှင် မိန့်တော်မူပါသည်။

အောက်ပါဒေသနာတော်ကို ထောက်ရှု၍ မိမိလည်း သာသနာ ဖျက်သူထဲတွင် မပါဝင်အောင် ရှောင်ကြဉ်ရာ၏။


“ရဟန်းတို့ ၊ အကြင်ရဟန်းတို့သည် အဓမ္မ-ကို ဓမ္မ-ဟု ပြကုန်၏။ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည်မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏-ဟု (မိန့်တော်မူ၏)။

(အင်္ဂုတ္တိုရ်၊ ဧကကနိပါတ်၊ တေတ္တိံသတိမသုတ်)


တရားမကြိုက်၊ အမှားလိုက်၊ ဆရာမိုက်နှင့် လွဲကြပါစေ။ ။

 

Views: 112

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service