ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဆုံးမစာ ကဗျာတို့က ပြောသော ရဟန်းဘဝ

ဆုံးမစာ ကဗျာတို့က ပြောသော ရဟန်းဘဝ

 

စာပေဟောပြောပွဲ တစ်ခုတွင် စာရေးဆရာ တစ်ယောက်က “တောအကြောင်း၊ တောင်အကြောင်း၊ ခင်ဗျားတို့အကြောင်း” ဆိုပြီး ဟောပြောခဲ့ဖူး၏။ ယခုဤဆောင်းပါးသည် တောအကြောင်း၊ တောင်အကြောင်း မဟုတ်သော်လည်း “ကျွန်ုပ်အကြောင်း၊ ခင်ဗျားတို့အကြောင်း” ဖြစ်ပါ၏။ ရဟန်းဘဝတွင် ကြုံတွေ့ရ၊ ရင်ဆိုင်ရသော အကြောင်းအရာ အပိုင်းအစလေးများကို ဆက်စပ်ကာ တင်ပြပါမည်။ ရှောင်စရာ၊ သတိပြုစရာ၊ သင်ခန်းယူစရာ၊ သံဝေဂယူစရာအဖြစ် ဆရာစဉ်ဆက် ရေးသားခဲ့ကြသော ဆုံးမစာကဗျာများကို သာဓကပြ ခြေရာခံကာ ရိုးသားစွာတင်ပြခြင်း ဖြစ်ပါသည်။ တနည်းဆိုရသော် ဤအရာသည် ကဗျာ လင်္ကာတို့က ပြောပြသော ရဟန်းဘဝ၏ သမိုင်းကြောင်း သက်သေ အပိုင်းအစတို့ပင် မဟုတ်ပါလော။

 

      ရဟန်းလောကတွင် အရွယ်ကငယ်ငယ်၊ သင်္ကန်းက ထည်ထည်ဝါဝါနှင့် မျက်မှန်ကလေး တသတသ၊ မာန်လေး တကြွကြွနှင့်၊ အသံလေးက သာသာ၊ စတိုင်လေးက ခရာတာတာနှင့် မိုးစွေပန်းလို ရဟန်းတော်မျိုးလည်း ရှိတတ်ပါကြောင်း၊ အပြင်ဟန်ပန်မှာ ကြည်ညိုဖွယ်ရာ ဖြစ်သော်လည်း ကျမ်းဂန်စာပေဘက်တွင် မကျွမ်းကျင်သော ထိုရဟန်းတော်မျိုးသည် ပရိဿတ် လူပုံ အလယ်ရောက်လျှင် အရှက်ရကိန်း ကြုံတတ်ကြောင်း ‘ထီးချိုင့် ရွှေဥုတ်’က ဤသို့ ထောက်ပြထားပါသည်။

 

             ဦးရေတော် နက်လျှံပ၊ မျက်မှန်က ဝင့်ထည်။

             တတ်ဟန်ကြွ တင့်တယ်သည်၊ မြတ်အနွယ် ဇာတိ။

             အသားက ဝင်းထိန်ဝါတယ်၊ ဆင်းသိင်္ဂါ ရိုးလောက်သာကိ။

             သင်္ကန်းတော် နိုင်လွန်၊ စတိုင်မွန်ပါဘိ။

             ပြိုင်အလွန် စာဝါရှိပါငဲ့၊ သာယာသည့် အသံ။

             ပြုအမူ ဆန်းဟန်ပြသော်လည်း၊ ကျမ်းဂန်ကျ လုံးဝမသန်။

             မိုးစွေပန်း သွင်သဏ္ဍာန်လို၊ အပြင်ရံ ဟန်ပြထင်းသော်လည်း။

             ဂန္ဓကင်း အနှစ်မျှမတွယ်၊ အပြစ်က ကြွယ်ကြွယ်။

             ပရိဿတ် ဗိုလ်ပုံလယ်မှာ၊ ထိုထေရ်ငယ် ရှက်ကိန်းပလေး။ ။

 

ရဟန်းတော်တို့သည် များသောအားဖြင့် တောသူ တောင်သားများ ဖြစ်ကြ၏။ စာရေးသူ ကိုယ်တိုင် လည်း တောသားပင်တည်း။ အချို့သော ရဟန်းတော်တို့သည် တောမှာ မိဘများက ပင်ပန်းကြီးစွာ အလုပ်လုပ်ကာ ချွေးနှဲစာဖြင့် လှူဒါန်းနေရသည်ကို သတိမရဘဲ၊ မြို့ပေါ်တွင် အပျော်ကြီး ပျော်နေကြသော မြို့ပျော်မထေရ်များအတွက် သတိသံဝေဂ ရစေရန် ‘တက်မဲ့လှေနှင့် အောင်ပန်း ဆီသို့ ချီတတ်နေသူများ’ အဖြစ် ဆုံးမထားသော တေးထပ်မှာ ဤသို့ဖြစ်ပါ၏။ ညောင်ရွှေ ပရိယတ္တိ စာစောင်တွင် ပါဝင်သော ကဗျာဖြစ်ပါ၏။ (စာရေးသူအမည် မမှတ်မိတော့ပေ။)

 

             မင်းတို့တတွေ စာမကျက်ရင်ဖြင့်၊ မဟာအခက် ကြုံဦးမယ်။

             တစ်ဝါထွက်လည်း ဂုဏ်ထူးမကြွယ်တယ်၊ ရမုန်ဦးဝယ် ရေစုန်မျော။

             တတ်မဲ့လှေနှင့် အောင်ပန်းဆီကို၊ ရောင်ရမ်းမသီ ရည်စူးလေနဲ့နော။

             တောရောက်တောင်ရောက် စကားအရိုင်းလှိုင်သည်၊ အများဝိုင်းထိုင် လေတွေဖော။

             အစားနှိုင်းပြိုင် ရေရှည်သောလို့၊ မကျလေပကော တစ်နှစ်တာ။

             ဒင်းဖမိခင် ငွေတွေဖြုန်းလို့၊ နေလေတုန်းလား ခုရက်တိုင်အောင်သာ။

             ဦးနှောက်ဆေးသတဲ့ ဇာတ်သဘင်လာလျှင်၊ မပြတ်အစဉ်သာ ကြည့်ချက်ကဲလှ။

             စီးကရတ်ခဲ စတိုင်ထုတ်အချောပဲထင်၊ ဘိုင်စကုတ် ဘောပွဲဝင်။

             နွားနဲ့ရုန်းတဲ့ ဒင်းဖခင်ကို၊ မင်းကမမြင် အံ့သြပါရဲ့လေး။

             နောင်အနာဂတ် သာသနာတော်မှာ၊ မဟာဆရာတော် လုပ်အုံးမှာတဲ့လေး။ ။

     

      ရဟန်းမှန်သမျှ ဘုရားရှင်လက်ထက်တော်မှစ၍ ယနေ့ခေတ်တိုင်အောင် နေ့စဉ် ဆွမ်းခံကြ ရ၏။ စာသင်သားဘဝတွင် ဆွမ်းအတွက် အခက်ကြုံရသူ စစ်တမ်းကောက်လျှင် လွတ်ကင်းသူ ရှားပေလိမ့်မည်။ မထင်မရှား မပေါ်လွင်သော စာသင်သားများကို မဆိုထားနှင့် သဗ္ဗညုဘုရားရှင် ကိုယ်တော်မြတ်ကြီးသော်မှ ဝေရဉ္ဇာပြည်ဝယ် ရှေးကဝဋ်ကြွေးကြောင့် ဆွမ်းအခက်အခဲနှင့် ကြုံခဲ့ရကာ မြင်းစာဖြစ်သော မုယော ဆန်ကြမ်းကိုသာ တစ်ဝါတွင်းလုံး ဘုဉ်းပေးခဲ့ရ၏။ ထိုသဘော တရားကို သံဝေဂယူကာ ‘တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးက’ “အစာအတွက်နှင့် လျှာမထွက်ပါ”ဟု အစာအာဟာရနှင့် ပတ်သပ်၍ အခက်ခဲ ကြုံလာတိုင်း ဘုရားရှင်၏ အဖြစ်ကို နမူနာယူကာ သည်းခံနိုင်ကြစေရန် တေးထပ်ဖြင့် ရေးစပ်ကာ သတိပေးခဲ့ပါ၏။ 

 

             ရွှေန်းရှင် သဗ္ဗညုသို့၊ ကပ်ဝင်လုခါတွင်

             နတ်တွင်လူ့ ပဝရာသခင်တောင်၊ တစ်ခါစဉ်ဆီက။

             ဆွမ်းအတွက် ပဏ္ဍဝါပေါ်မှာ၊ ကြံရှာတော်ဘူးခဲ့သဗျ။

             ရေးဝဋ်ကြောင့် နေစံရှာ၊ ဝေရဉ္ဇာပြည်မ

             ခြွေရံပါ မကြည်မျှအောင်ပ၊ ထွီစရာ့ ဘောဇဉ်။

             မုယောဆန် သုံးဆောင်မွေ့ခဲ့ရ၊ ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်။

            ထုံးဆောင်၍ နောက်မဲ့ယှဉ်သော်၊ ကြောက်ဖွယ့်အင် ဘာမရှိပါဘူး

             ပါကဋိ မဟုတ်ကြသူမှာ၊ နုပ်စွသူငါ။

             အစာအတွက်ကြောင့် လျှာမထွက်ပါတယ်၊ ဘာတွက်တာ ပူရပါချိမ့်လေး။ ။

 

      စားရေသူ ငယ်စဉ်ကတည်းက ရဟန်းဘဝနှင့်ထပ်တူကျ၍ အလွန်နှစ်သက်သဘောကျခဲ့သော ကဗျာတစ်ပုဒ်ကို စာနာ နားလည်နိုင်ရန် တင်ပြလိုပါ၏။ ထိုကဗျာကို မိဘများထံသို့ ရေးပို့ခဲ့ရာ ကဗျာဖတ်ရင်း မိဘများလည်း မျက်ရည်ကျခဲ့ရလေသည်။ ကဗျာခေါင်းစဉ်က “ရဟန်းဘဝ” ဖြစ်ပါ၏။ (စာရေးသူ အမည် မသိ။)

            

* အင်္ဂါခြေလတ်၊ စုံပါလျှက်လည်း၊

 ရပ်ကွက် အိမ်စဉ်၊ လှည့်လည်ဝင်၍

 ဆွမ်းခံဝင်ရ၊ တို့ဘဝ။

 ရဟန်းဘဝ၊

ဓုရနှစ်ထွေ၊ ကျင့်ရပေဟု၊  

ဆိုထွေမှာကြား၊ ရှိစကားကြောင့်၊

အားတင်းစိတ်မူ၊ ကျမ်းဆူဆူကို၊

ဇွဲထူသင်ကြား၊ နေမနားခဲ့

ကြိုးစားနေ့ည၊ မြဲနိစ္စ။

 

* တစ်ခါခါဝယ်၊ ဝမ်းစာတွက်မှန်း၊

သင်္ကန်းသပ္ပါယ်၊ သပိတ်လွယ်ကာ၊

ထွက်ကာလမ်းမ၊ ဆွမ်းခံကြွဘို့

ကျောင်းကထွက်တုန်း၊

ဖြုန်းကနဲဆို၊ ရွှေမိုးညိုက

မာန်ပိုအားခဲ၊ ရွာသွန်းကြဲတော့

ဝမ်းထဲကဟာ၊ မနေသာဘူး

ဝမ်းစာအတွက်၊ ဆက်ကာထွက်ရ

မိုးရေစထဲ၊ အားမာန်ခဲလျက်။

 

* အင်း… ထွက်သာထွက်ရ၊

ဆွမ်းရဖို့လျှင်၊ ဘယ်မမြင်ဘူး

အိမ်စဉ်ဝင်ထွက်၊ လောင်းလိုက်ချက်က

‘မနက်ဈေးသွား၊ နောက်ကျသွား’လို့

ကြားရသူနွမ်း၊ ‘ကန်တော့ဆွမ်း’ တဲ့။

 

* သြော်…စာသင်သောတု…၊

အခြေပြုလျှင်

ဝမ်းမှုအားငယ်၊ ဘယ်မလွယ်ဘူး

တကယ်တွေးကြည့်….

မိဝေးဖဝေး၊ ဆွေညာဝေးနှင့်

နာရေးတစ်ဖန်၊ ကြုံလာပြန်က

အမှန်မိဘ၊ စိတ်မှာတ,မိ

တ,သာ တ,ရ၊ ဝေးဒေသမှ

မိဘ ဘယ်မှာ သိနိုင်လိမ့်။ ။

ရဟန်းဘဝတွင် ဆရာအရှင်တို့ အဓိက ပြောဆိုဆုံးမခဲ့သော အရာမှာ ‘မာတုဂါမ’ဟု ပါဋ္ဌိလို ခေါ်သော မိန်းမတို့ အကြောင်းပင် ဖြစ်ပါ၏။ မှန်လည်း မှန်လှပေသည်။

 

“ငါကလည်း ရဟန်း၊ နင်ကလည်း အပျိုဖျန်း

ယမ်းနှင့် မီးဖွါး၊ ဆားနှင့် ချဉ်သီး၊ မနီးစေရာ၊

ဓမ္မာ သောက၊ ရန်ဘက်ကျ၏။”

 

ဆိုသကဲ့သို့ ရဟန်းဘဝနှင့် မာတုဂါမသည် ဓါတ်မတည့်သော ရန်ဘက်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မာတုဂါမသည် ရဟန်းဘဝကို သေဆုံးနိုင်သော အကြောင်းတရားများတွင် တစ်ခုအဖြစ် ပါဝင်နေသောကြောင့်ပင် ဖြစ်ပါ၏။ သို့သော် ရန်ဘက်ကျသောကြောင့် လုံးဝ ကင်းအောင် နေရန်လည်း မဖြစ်နိုင်ပေ။  ရဟန်းတော်များကို အဓိက ဆွမ်းချက် ဆွမ်းလောင်း နေသူများမှာ မာတုဂါမခေါ် မိန်းမများပင် ဖြစ်ပါ၏။ ဥပမာအားဖြင့် လောက လူသားတို့အတွက် မီးသည် ရန်သူလည်း မည်သလို မိတ်ဆွေလည်း မည်ပါ၏။ သုံးတတ်လျှင် မိတ်ဆွေ။ မသုံးတတ်လျှင် ရန်သူ ဖြစ်သွားနိုင်၏။ ထို့အတူပင် မာတုဂါမသည်လည်း ဝိနည်းနှင့်အညီ မကျင့်ကြံ မနေထိုင်သော ရဟန်းတော်များအတွက် ရန်သူလည်း ဖြစ်နိုင်သလို ဝိနည်းနှင့်အညီ ကျင့်ကြံ နေထိုင်သော ရဟန်းတော်များအတွက်မူ မိတ်ဆွေလည်း ဖြစ်နိုင်ပါ၏။  

 

      ရဟန်းငယ်တို့အတွက် မာတုဂါမသည် အဝေးက ရှောင်ရမည့် အာရုံ ဖြစ်သလို၊ စွဲညိလွယ် သော ဆန့်ကျင်ဘက် အာရုံလည်း ဖြစ်နေပြန်၏။ အထိမျှမခံ၊ ထိလျှင် ငြိတတ်၏။ ငြိပြန်လျှင်လည်း တကယ်စွဲတတ်၏။ စွဲမိပြန်လျှင်လည်း အပါယ်ငရဲသော်မှ မမှုတော့ပဲ အရူးအမူး ဖြစ်တတ်ကြောင်း ကို ‘ငှက်ပစ်တောင် ဆရာတော်’က ရှောင်ရှားနိုင်ကြရန် ဤသို့ ဆုံးမခဲ့ပါသည်။

 

ပုထုဇဉ် ဓလေ့က၊ မတွေ့မှ ရွံတယ်

တွေ့ကြလျှင်ဖြင့် ခင်တွယ်တယ်၊ စဉ်တကယ်အမြဲ။

မြှာအလှ နိပ်သူပွေလျှင်၊ ဘိက္ခူတွေ ထွက်လိမ့်မလွဲ။

ကိလေသာ အရှိမှန်လျှင်၊ ထိမခံလွယ်ပဲ

ငြိပြန်လျှင် တကယ်စွဲတာမို့၊ ဖယ်လွှဲလို့ ရပေါင်။

အဝီစိတောင် အောက်ငရဲ၊ နှစ်ယောက်တွဲကျတော့ မရှောင်။

မေထုနရာဂ မှောင်လျှင်၊ ကာမဘောင် ရှောင်မကွင်းနိုင်ဘူး

မောင်ပဉ္စင်း လူငယ်တော်၊ ထွက်ပေလိမ့်နော်။

မိန်းမက လာပါခေါ်လျှင်၊ ငါဆရာတော်ပင် ထွက်ရလိမ့်လေး။ ။

 

ရဟန်းတော်များသည် မာတုဂါမများနှင့် ဆက်ဆံရာတွင် သတိတရား လက်ကိုင်ထားပြီး ဆက်ဆံမှ တော်ကာကျ၏။ မြင်ပါများလျှင် သနားတတ်ကာ ချစ်ခင် မေတ္တာစိတ် ဝင်တတ်ကြောင်းကို

 

 မိးန်းမယောက်ျား၊ မြင်ဖန်များက

သနားချစ်ခင်၊ စိတ်ကျွမ်းဝင်၍

ကျွန်ပင်တမင့်၊ ဖြစ်လင့်ကစား

မိုးနတ်သားသို့၊ ထင်မှားမယွင်း

တပ်မက်လျင်းခဲ့…။

ဟု မဃဒေဝ၌ အတိအလင်း ဖေါ်ပြ သတိပေးခဲ့ပါသည်။

 

      ကာမဂုဏ် အာရုံအမျိုးမျိုးတွင် မာတုဂါမသည် အဆွဲဆောင်နိုင်ဆုံး အာရုံဖြစ်၏။ ထို့ကြောင့် ရဟန်းတော်တို့အတွက် အကောင်းဆုံးသောနည်းလမ်းမှာ မမြင်မတွေ့ရန် ကြိုးစားခြင်းပင် ဖြစ်ကြောင်း၊ မြင်တွေ့မိပြန်လျှင်လည်း အမေ၊ အစ်မ၊ ညီမတို့လို သဘောထားကာ ဆက်ဆံသင့် ကြောင်း၊ သို့မဟုတ်ပါက မာတုဂါမအာရုံသည် ရှင်ငယ်တွေကို မဆိုထားနှင့် ဆရာပင် သတိထား ရကြောင်းကို လက်တို့ ညွန်ပြသော ‘တက္ကသိုလ် မောင်ကိုရင်’၏ တေးထပ်မှာ ဤသို့ဖြစ်ပါ၏။

 

             ရှင်ငယ်တွေ တွေးမှတ်ဖို့၊ တေးထပ်နှင့် ပြောချင်

             ရေးစပ်ဖို့ သဘောထင်သည်၊ ဟော..ကိုရင်ရှုအုံး။

             မိန်းမလှ ငယ်ငယ်မြင်လျှင်၊ တကယ်ပင် ကြည့်လို့မမုန်း။

             တွေ့ပြန်တော့ သဘောပီ၊ ပြောရယ်သည် မဆုံး

            မောတယ်ဆို ဟင်..မသုံးပါဘူး၊ ရွှင်ပြုံးတဲ့ မျက်နှာ။

            တစ်သက်တာ နှစ်ခါမဖြစ်နိုင်ဘူးတဲ့၊ သူ့ဘဝ သူ့ခန္ဓာ အချစ်နှင့်မေတ္တာ။

            ချစ်ပြန်တော့ ထပ်ခါခါ၊ တွေ့ရန်မှာ မဆိုထားနှင့်

            အသံကြား အနံ့မျှနံလျှင်၊ စားလို့ မဝင်။

            မိန်းမနှင့် ကြာကြာခင်လျှင်၊ ငါဆရာပင် ဈာန်လျှောချင်ရဲ့လေး။ ။

 

      ရဟန်းဘဝသည် တစ်ချက်ကလေးစောင်းလျှင် ခေါင်းရွေ့နိုင်သောဘဝဖြစ်၏။ ပေါ့ပေါ့ဆဆ မနေမိရန် အရေးကြီး၏။ အာပတ်သင့်ရန်အတွက် အရာရာသည် လွယ်ကူလှ၏။ ထို့ကြောင့် မမေ့မလျှော့ သတိရှိကြရန် သတိပေး ဆုံးမခဲ့သော နိုငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ‘ဆရာတော် ဦးစန္ဒာဝရ’၏ လေးချိုးကဗျာမှာ ဤသို့ ဖြစ်ပါသည်။

 

      * ဗျာပါပွေ ထိတ်စရာအခက်ပေပ၊ ကြာကြာနေ စိတ်မှာပျက်တာကြောင့်

       (အိုကွယ်…) သိက္ခာဖျက်ပါလို့ လူထွက်ချင်။

      * အဟုတ်ကျပ်ပါဘိ၊ ဒုက္ကဋ်ရယ် ထုလ္လစည်းငယ်နှင့်၊

      မုံ့ညင်းကို အပ်ပေါ်ထားသည်သို့၊ မလှုပ်သာ ဒုက္ခများပါဘိ၊

      နိဿဂ္ဂိ ပါစိတ်များရယ်တို့၊ သေအချာ ဒေသနာ ကြားပေမဲ့

      ဆင့်ကာသာ သင့်လာများတော့တယ်၊ များတဲ့ဖြစ်အင်။

     * ချင့်လို့သာ ကြံကာကြည့်ပြန်တော့၊ သင့်ဖို့ရန် မြန်ပါဘိတယ်

     သံဃာဒိရယ်က အာပတ်ပင်၊ ရှောင်ကြဉ်ဖို့ ခက်သေး။

     * ပါရာဇိကကိုလ၊ မသမာသည့်အကြံ စိတ်မှာထားပါလို့

      တစ်ကြိမ်တစ်ခါ မလိမ္မာလို့ မှားမိလျှင်၊ ထန်းငုတ်တို ပုံအလားပါဘဲ

      များပြားစွာ သည်အာပတ်တွေကြောင့်၊ ငါမထေရ် အနေကြပ်ပါဘိ

      သေလတ်သော် အပါယ်လမ်းဆီသို့၊ ဖြောင့်ဖြူးစွာ တကယ်တန်းလို့ရယ်

      (အိုကွယ်…) မြန်းလိမ့်မနှေး။ ။

 

ပါဠိလို ‘ဘိက္ခု’ဟု ခေါ်သော ရဟန်းဘဝသည် ထိပ်ဆုံး ရောက်နေမှာ မှန်၏။ ထိုရောက်နေသည့် နေရာကား အပ်ဖျားထိပ်နှင့် တူလှ၏။ မမှားလိုက်နှင့် မှားလိုက်လျှင် အောက်ကျဖို့ လွယ်ကူလှ၏။ ထို့ကြောင့် အချို့အဆွေတို့သည် ဓမ္မစေတီမင်း (ရှင်ဓမ္မဓရ)ကဲ့သို့ ရဟန်းဘဝကို ကျောခိုင်းကြ ကုန်၏။ ‘ဓမ္မစေတီမင်း (ရှင်ဓမ္မဓရ)’၏ တမ်းချင်းကား…..

 

             ရဟန်းအဖြစ်ကိုလေ၊ ကျမ်းစစ်ကာ ဘယ်လိုဟောသော်လည်း

             သဘော မနွံနာဘူး၊ လွန်တာကို ဆလံကျော့ချင်ပေါ့

             ‘ဘိက်’ ဆိုလျှင် စိတ်ကိုလျှော့ပါလို့၊ ‘ခု’ ဆိုလျှင် လူ့ကိုယ်ပျောက်တော့မယ်

             ကြောက်ပေါ့ နောက်များ။ ။

ဟူ၍ ဖြစ်ပါသည်။

 

အချို့အဆွေတော်များမှာမူ “ ကညာမေပျို ယုဇနပန်းရယ်ကြောင့်၊ ငါရွှေကိုယ် အနုသမဏ ရဟန်းမှာဖြင့်၊ အမှုမလှတဲ့ စခန်းရယ်က ထိတ်စရာသဖွယ်၊ လူ့ဘဝကို လှမ်းမယ်လို့ စိတ်ကရည်ရွယ်………..” ဆိုသလို ရည်ရွယ်ရင်း ရည်ရွယ်ရင်းနှင့်ပင် အထမမြောက်ဘဲ ရဟန်းဘဝမှာ ရာသက်ပန် ရိုးမြေကျ တည်မြဲသွားခဲ့ကြ၏။

 

အချို့အဆွေများအဖြစ်ကလည်း “ ကာမဂုဏ် စွဲလာတဲ့ စိတ်ကယ်နှင့်၊ လွှဲကာအိပ်ပေမဲ့ အောက်မေ့ဖွယ်၊ မကောင်းဓလေ့ တွယ်လာတာတွေက ကြောက်စရာအရေး၊ ကျောင်းကွေ့ အလယ်မှာဖြင့် မှောက်ကာငေး…..” ဆိုသလို တွေးရင်းတွေင်းရင်းနှင့်ပင် အချိန်တွေကြာလာကာ သည်လိုနှင့် ဆရာတော်ဘဝ ရောက်ခဲ့ကြသည်။

 

ဤသို့သော အဖြစ်သနစ်လေးများသည် ရဟန်းလောကတွင် ရှိခဲ့၏။ လက်ရှိလည်း ရှိနေဆဲ။ နောင်လည်း ရှိနေဦးမည်သာ။ ထို့ကြောင့် သတိမူ၍ ဂူကိုမြင်မိစေရန် ထုတ်ဖော်တင်ပြခြင်း ဖြစ်ပါသည်။ ဆရာစဉ်ဆက် ဆိုဆုံးမခဲ့ကြသော ဆုံးမစာ ကဗျာတို့ကပြောသော ရဟန်းတော်တို့၏ အကြောင်းကို မကွယ်မဝှက် တင်ပြခဲ့ပါပြီ။ အထင်သေးရန် မဟုတ်။ ရှုတ်ချဖွယ် မလို။ ငယ်ရွယ်သူ ပုထုဇဉ်များဖြစ်၍ ခွင့်လွှတ်သင့်လှပေ၏။

 

အကြောင်းအမျိုးမျိုးကြောင့် ရဟန်းတော်များအပေါ် အထင်အမြင်လွဲနေသူများ ဤမေးခွန်းလေးကို ဖြေကြည့်ကြပါကုန်။ ရဟန်းဘဝသည် အနေချောင်၊ အစားချောင်၊ အလုပ်မလုပ်ရဘဲ ငြိမ်းသည်ဟု ဆိုကြ၏။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၆ဝ)ကျော် ရှိရာတွင် ရဟန်းဦးရေသည် (ကိုရင် သာမဏေ များပါ ထည့်တွက်လျှင်) သုံးသိန်းကျော်သာ ရှိပါ၏။ လူအများထင်သလို ရဟန်းဘဝသည် အနေချောင်၊ အစားချောင်၊ အလုပ်မလုပ်ရဘဲ ငြိမ်းသည်ဟု ဆိုလျှင် လူဦးရေနှင့် ရဟန်းဦးရေသည် အဘယ့်ကြောင့် ဤမျှကွာခြားနေရပါသနည်း။

 

အလောင်းတော် ပါရမီဖြည့်ခဲ့ရာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှရှည်သော ဤကာလကြီးတွင် ဗုဒ္ဓလောင်းလျာသည် ရဟန်းဘဝကို (၉)ကြိမ်သာ ရခဲ့၏။ အဘယ့်ကြောင့် ထိုမျှသော ဘဝ၌သာ ရဟန်းပြုဖြစ်ခဲ့ပါသနည်း။ အခြားသော ဘဝများ၌ ရဟန်းဘဝကို အဘယ့်ကြောင့် မရခဲ့ပါသနည်း။ စဉ်းစားကြရန် ဖြစ်ပါ၏။ မှန်မှန်ကန်ကန် သုံးသပ်၍ နားလည်သဘောပေါက်ကြရန် ဖြစ်ပါသည်။

 

အချို့သော ဒကာဒကာမများသည် ရဟန်းတော်လေးများကို အပြင်ပန်းကြည့်၍ လွယ်လွယ် သုံးသပ်ကာ အထင်းသေးလိုကြ၏။ ကွယ်ရာတွင် ရှုတ်ချလိုကြ၏။ ကိုယ့်သား သမီးကို ဆုံးမလျှင်သော်မှ “ဟဲ့…ကောင်လေး၊ နင် ဒီလောက်ပျင်းနေရင် ဘုန်းကြီး သွားဝတ်တော့” တဲ့။ အနှောင့်မလွတ် အသွားမလွတ် စကားမျိုးကို လက်လွတ်စပယ် ပြောတတ်ကြ၏။ ‘ငါ့စကားနွားရ’ သဘောမျိုးနှင့် လွယ်လွယ်မပြောမိကြစေရန် သတိပြုမိစေချင်ပါ၏။

 

ရဟန်းဘဝကို လွယ်လွယ်မမှတ်ရန်၊ အထင်မသေးရန်နှင့် လုပ်ကြောက်စားရဲ မထင်ရန် ဒကာ ဒကာမများကို သတိပေး ဆုံးမခဲ့သော ‘တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ’၏ “ရဟန်းဘဝ” ဟူသော တေးထပ်ကဗျာဖြင့် ဤဆောင်းပါးကို နိုဂုံးချုပ်လိုက်ပါသည်။

 

             ရဟန်းဘဝကို အလွယ်မမှတ်နဲ့၊ တကယ်ကြပ်သကွဲ့ ဒကာတို့ရေ

             အနယ်နယ်အရပ်ရပ် ငါတို့ပြည်မှာ၊ ဝါလို့နေအောင် သံဃာများ။

             ‘လုပ်ကြောက်စားရဲ အလကားနေသည်’၊ အလွှဲအမှားတွေ ထင်ကြလေ၏တကား။

             ကာမဂုဏ်ယုတ် ခွါထုတ်ကာနော်၊ စာအုပ်ကိုသာ အဖေါ်ထား
             မသမာအလုပ်ဆိုတာ မတော်ပါကလားရယ်လို့၊ အပျော်အပါး မလိုက်ပေ။
             သပိတ်ပိုက်ကာ လမ်းတကာသွားလို့၊ ဆွမ်းရှာစားရ ပဲနှင့်ချဉ်ပေါင်ရေ။
             မဝတဝ မျှတလေသည်၊ ရသမျှတွေ သောင်းပြောင်းရောလို့

            ကောင်း မကောင်းသော ဘာမျှမချန်ပေါင်၊ ပါသမျှ ပန်းကန်ပြောင်။
            စားပြီးစာကျက် နှုတ်တက်ဆောင်တယ်၊ အမြုပ်ထွက်အောင် စာအံရသဗျလေး။

 

      တက္ကသိုလ် မောင်ကိုရင်

(ဘဒ္ဒန္တ သုနန္ဒဟယထေရ်၏ ဝိဇာတမင်္ဂလာ ရွှေရတုစာစောင်မှ)

Views: 266

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service