ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဒေါသရှေ့ထား သူ့အမှား

ဒေါသရှေ့ထား သူ့အမှား

..... အရှင်မဟာပါလမထေရ်က မိမိကိုယ် မိမိ ပြန်မေးတယ်။ … အို မဟာပါလ … သံသရာမှာ မျက်စိကွယ်ပေါင်း များခဲ့ပြီ။ အမှန်ကို မမြင် မသိခဲ့သော အမှောင်ထုမှ လွတ်မြောက်ရန် ဖြစ်သည့် တစ်ခုတည်းသော လမ်းပေါ်၌ လျှောက်နေသော ငါ့အတွက် ရပ်နေရန်လည်း မသင့်။ နောက်ပြန်ဆုတ်ရန်ဆိုသည်ကိုတော့ ထည့်၍ပင် မစဉ်းစား … အဝေးကြီး ဝေးပေပြီ။ ငါ့အတွက် ခရီးရှေ့ဆက်ရန်သာ ရှိ၏။ သံသရာတွင်း နောက်ဆုံး မျက်စိကွယ်ခြင်းသာ ဖြစ်သင့်ပေစွတကား … ဒီလို မေးတယ်။

ဒီတော့ တရားနာ တကာ တကာမတွေအတွက်လည်း မိမိတို့မှာ အမြင် အကြား စသည် အာရုံများ ကောင်းခိုက်၊ တရားနာနိုင် တရားထိုင်နိုင် တရားရှုမှတ်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်နေခိုက်၊ ကိုယ်လက်အင်္ဂါတွေရဲ့ စွမ်းရည်သတ္တိတွေ အားကောင်းနေခိုက်မှာ တရားဘက်ကို အသုံးချစေ ချင်တယ်။

ဒကာကြီး ဦးဌေးလှိုင် ပြောခဲ့ဖူးတာလေး သူ့လင်္ကာလေးကို အမှတ်ရလို့ ရွတ်ပြချင်ပါတယ်။

“ကိုယ် .. လက် .. ခြေ များ
ကိုယ့်စကားမှ၊ နားမထောင်ဘိ
အားအင်ချိပြီး၊ မစွမ်းဖြစ်မှ
သတိပြဋ္ဌာန်း၊ ကမ္မဋ္ဌာန်း
ကြိုးပမ်း ဘယ်မှာရမည်နည်း”

(အရှင်စက္ကိန္ဒ၏ “ဒေါသရှေ့ထား သူ့အမှား” တရားတော် မှ)

+++++

ဓမ္မပဒလာ အရှင်စက္ခုပါလမထေရ်၏ အကြောင်းကို ဆရာကြီး ဦးရွှေအောင်၏ “ဓမ္မပဒ” စာအုပ်မှ ကောက်နုတ်ဖော်ပြလိုပါသည်။

စက္ခုပါလမထေရ်

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရားသခင် သီတင်းသုံးတော်မူစဉ်က ဖြစ်ရပ် ဖြစ်၏။ သာဝတ္ထိပြည်၌ သူကြွယ် မဟာသုဝဏ္ဏသည် သားကြီး မဟာပါလနှင့် သားငယ် စူဠပါလတို့ကို လောကအလယ်၌ ထားရစ်ကာ ကွယ်လွန်ခဲ့၏။

မဟာပါလနှင့် စူဠပါလတို့သည် တစ်ဦးနှင့် တစ်ဦး များစွာ ကြင်နာကြသော ညီနောင်အရင်း ဖြစ်ကြပါလျက် မဟာပါလက အဆန်လမ်း လောကုတ္တရာကို မြင်၏။ စူဠပါလက အစုန်လမ်း လောကီကို မြင်၏။ တစ်နေ့တွင် မဟာပါလသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားသခင်ထံတော်မှ တရားတော်ကို နာယူ၏။

ထိုတရားပွဲကား မဟာပါလ၏အလို အဇ္ဈာသယကို လိုက်၍ ဟောသော တရားပွဲ ဖြစ်၏။ ထိုတရားပွဲ၌ ဒါနနှင့် စပ်၍လည်း ဟော၏။ သီလနှင့် စပ်၍လည်း ဟော၏။ နတ်ပြည်နှင့် စပ်၍လည်း ဟော၏။ လောက၏ အပြစ် ယုတ်ညံ့ခြင်း ညစ်နွမ်းခြင်းတို့နှင့် စပ်၍လည်း ဟော၏။ လောကုတ္တရာ၏ အကျိုးအာနိသင်နှင့် စပ်၍လည်း ဟော၏။

မဟာပါလသည် ဘဝမှ လွတ်မြောက်အောင် လုပ်ရန် ဉာဏ်ဖြင့် မြင်လေ၏။ အိမ်ပြန်ရောက်သော် ညီဖြစ်သူ စူဠပါလကို သူ၏ စည်းစိမ်ဥစ္စာတို့ကို ပေး၍ မြတ်စွာဘုရားသခင်၏ သာသနာတော်၌ ရဟန်းပြုမည့်အကြောင်း ဆုံးဖြတ်ချက်ကို ပြောလေသည်။

အစ်ကိုကြီး၏ စကားကို ကြားလျှင် စူဠပါလမှာ များစွာ တုန်လှုပ်လျက် ကျိုးကြောင်းပြ၍ ကန့်ကွက်စကား အတန်တန် ဆိုသော်ငြားလည်း ခိုင်မြဲသော မဟာပါလ၏ လောကအမြင်နှင့် ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်။

နောက်ဆုံး၌ မဟာပါလသည် မိမိ၏ညီငယ် စူဠပါလအား မိမိ၏ စည်းစိမ်ဥစ္စာ အားလုံးကို အမွေအဖြစ် ပေးစွန့်ပြီး မြတ်စွာဘုရားသခင် သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းပြု၏။ စူဠပါလလည်း ငိုကြွေး မြည်တမ်းရင်း ကျန်ရစ်ခဲ့၏။

မဟာပါလသည် ဆရာ ဥပဇ္ဈာယ်ထံ၌ ငါးဝါပတ်လုံး နေ၍ ဝါကျွတ်သောအခါ ပဝါရဏာပြု၍ မြတ်စွာဘုရားသခင် အထံသို့ ချဉ်းကပ် ရှိခိုးလျက် ရဟန်းတို့၏ တာဝန်ကို လျှောက်ထား မေးမြန်း၏။

‘ပိဋကစာပေ သင်အံ ပို့ချခြင်း’နှင့် ‘ဝိပဿနာတရား အားထုတ်ခြင်း’ ဟူ၍ တာဝန်နှစ်မျိုး ရှိကြောင်း မိန့်တော်မူရာ မဟာပါလသည် ကြီးရင့်သော ကာလ၌ ရဟန်းပြုခြင်းကြောင့် ပိဋကတ်စာပေ သင်အံ ပို့ချခြင်း တာဝန်ကို မထမ်းဆောင်နိုင်ဘဲ ဝိပဿနာတရား အားထုတ်ခြင်း တာဝန်ကိုသာ ထမ်းဆောင်နိုင်သောကြောင့် ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူပါရန် မြတ်စွာဘုရား သခင်အား လျှောက်ထား၏။

မြတ်စွာဘုရားသခင်ကလည်း မဟာပါလအား အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းတရားကို မဟာပါလ၏ စရိုက်အားလျော်စွာ ဟောကြားတော်မူလိုက်၏။

မဟာပါလသည် သီတင်းသုံးဖော် ခြောက်ကျိပ်တို့နှင့်အတူ သာဝတ္ထိမှ ယူဇနာ ၁၂၀ ကွာဝေးသော ပစ္စန္တရစ်ရွာသို့ ကြွရောက်၍ ရဟန်းတရားကို အားထုတ်၏။ ရဟန်းတရားကို အားထုတ်ရာတွင် ဣရိယာပုတ် လေးမျိုးအနက် အိပ်ခြင်း ဣရိယာပုတ်ကို ပယ်၍ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် သုံးမျိုးဖြင့်သာ အားထုတ်၏။ မဟာပါလသည် ကြမ်းပြင်ပေါ်၌ မည်သည့်အခါမျှ ကျောကုန်းကို မဆန့်။ မည်သည့်အခါမျှ မအိပ်။

အိပ်စက်ခြင်း လုံးဝ မပြုသော အရှင်မဟာပါလအား ဝါဆိုလ လွန်၍ ဝါခေါင်လသို့ ရောက်လျှင် အိုးပေါက်မှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရည်တို့သည် တသွင်သွင် ယိုစီးလျက် မျက်စိရောဂါ ဖြစ်ခဲ့၏။

အခြားသော သီတင်းသုံးဖော်တို့က အရှင်မဟာပါလ၏ မျက်စိရောဂါကို ကုရန် လိုကြောင်း၊ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ ဖိတ်ကြားထားသော မျက်စိကုဆရာ ရှိကြောင်း၊ ခွင့်ပြုလျှင် မျက်စိကုဆရာကို ခေါ်၍ ပြသလိုကြောင်း လျှောက်ထားကြ၏။

အရှင်မဟာပါလက သဘောတူ ခွင့်ပြုသောအခါ သီတင်းသုံးဖော်တို့သည် မျက်စိကုဆရာအား အကြောင်းကြားလျှင် မျက်စိကုဆရာသည် ဆီကို ချက်၍ ပို့၏။ မျက်စိထဲသို့ ဆီထည့်နည်းကိုလည်း လျှောက်ထားလိုက်၏။ ဆရာကိုယ်တိုင် လိုက်လာ၍ကား မကု။

ဆေးညွှန်းအရဆိုလျှင် ပက်လက်အိပ်ပြီး ဆီကို နှာဝမှ လောင်းထည့်ရမည်။ သို့ရာတွင် အရှင်မဟာပါလသည် တရားအားထုတ်ချိန်မှ စ၍ ပက်လက်ဖြစ်စေ စောင်းလျက်ဖြစ်စေ မည်သည့်အနေအထားနှင့်မျှ မအိပ်ရန် အဓိဋ္ဌာန်ပြုထား၏။  ထို့ကြောင့် မျက်စိရောဂါ ကုသရန် အတွက် ဆေးအညွှန်းနှင့် အဓိဋ္ဌာန်အကြား တစ်ဖက်ဖက်ကို လိုက်နာရန် မဟာပါလ ဆုံးဖြတ်ရချေတော့မည်။

အရှင်မဟာပါလသည် အဓိဋ္ဌာန် အပျက်မခံဘဲ ထိုင်လျက်ပင် ဆီကို နှာဝမှ လောင်းထည့်၏။ မျက်စိကုဆရာ၏ ညွှန်ကြားချက်ထက် အဓိဋ္ဌာန်မပျက်ဖို့က လောကုတ္တရာရေးရာတွင် ပို၍ အရေးကြီး၏။ မျက်စိကုဆရာ၏ ညွှန်ကြားချက်အတိုင်း မလိုက်နာလျှင် မျက်စိရောဂါ မပျောက်ရုံသာ ရှိမည်။ အဓိဋ္ဌာန်ပျက်လျှင် လောကုတ္တရာတရားနှင့် ပို၍ ဝေးမည်။ မဟာပါလ၏ ရည်ရွယ်ချက်က လောကုတ္တရာတရားထူး ရရေးသာ ပဓာန ဖြစ်၏။

မဟာပါလ ရွာတွင်းသို့ ဆွမ်းခံဝင်ရာ မျက်စိကုဆရာနှင့် တွေ့၏။
“အရှင်ဘုရား၏ မျက်စိရောဂါအတွက် တပည့်တော် ဆီပို့လိုက်ပါတယ်။ ဆီကို ခတ်ပါရဲ့လား ဘုရား”
“ခတ်ပါတယ် ဒါယကာ”
“ဒါဖြင့် သက်ကော သက်သာပါရဲ့လား”
“မသက်သာပါဘူး ဒါယာကာ”
“ဆီကို ခတ်တဲ့အခါ ထိုင်ရင်း ခတ်ပါသလား။ အိပ်ပြီးမှ ခတ်ပါသလား”
ဤမေးခွန်းကိုမူ မဟာပါလ မဖြေတော့။

မျက်စိကုဆရာကလည်း ဇွဲမလျှော့။ အထပ်ထပ် မေး၏။
မဟာပါလကလည်း ဇွဲမလျှော့။ ငုတ်တုတ် ခံ၏။ မဖြေ။
နောက်ဆုံး၌ မျက်စိကုဆရာက လက်လျှော့လိုက်၏။ ‘ကြွပါတော့ အရှင်ဘုရား’ဟု လျှောက်ပြီး ကျောင်းသို့ ကိုယ်တိုင် သွားကြည့်၏။ မဟာပါလ၏ ကျောင်းသင်္ခမ်း၌ အိပ်ရာဟူ၍ မရှိ။ ထိုင်ရာနှင့် စင်္ကြံလျှောက်ရာသာ ရှိ၏။

အမှန်အားဖြင့် မျက်စိကုဆရာ၏ မျက်စဉ်းဆီသည် ညွှန်ကြားချက်အတိုင်း လိုက်နာပါက တစ်ကြိမ်ခတ်ရုံမျှဖြင့် မျက်စိရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မဟာပါလသည် သူ၏ အဓိဋ္ဌာန်ကို မဖျက်။ ‘ထိုင်ရင်း ခတ်သလား၊ အိပ်ပြီး ခတ်သလား’ဟူသော မေးခွန်းကိုပင် မဖြေ။ ထိုမေးခွန်းသည် ဝိနည်းသိက္ခာပုဒ်နှင့် စပ်၏။ ရဟန်းတို့မည်သည် မိမိတို့၏ အကျင့်ပဋိပတ်နှင့် စပ်လျဉ်း၍ ထုတ်ဖော် မပြောကောင်း။

မျက်စိကုဆရာသည် မဟာပါလအား ကြည်ညိုပါ၏။ မျက်စိရောဂါကိုလည်း ပျောက်ကင်းစေလိုပါ၏။ ရဟန်းတရားကိုလည်း ကျင့်စေလိုပါ၏။ ထို့ကြောင့် မျက်စဉ်းဆီကို အိပ်ပြီး ခတ်ပါရန် အကြိမ်ကြိမ် လျှောက်ထား၏။ တောင်းလည်း တောင်းပန်၏။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မြတ်သောသူတို့သည် မိမိတို့၏ ပါရမီမြောက် အဓိဋ္ဌာန်ကို ဖျက်ရိုး မရှိ။

လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် အခြေခံအနေဖြင့် အင်္ဂါ ၄ ရပ် ရှိဖို့ လို၏။
ယင်း အင်္ဂါ ၄ ရပ်ကို ‘ဣဒ္ဓိပါဒ်’ဟု ခေါ်သည်။

ခိုင်မာသော ရည်မှန်းချက် ရှိရမည်။
မဆုတ်နစ်သော ကြိုးပမ်းမှု ရှိရမည်။
စိတ်ဓာတ် ခိုင်မာရမည်။
လုံလောက်သော ဉာဏ်ပညာ ရှိရမည်။

ဤအင်္ဂါ ၄ ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ လောကုတ္တရာဖြစ်စေ တစ်နေ့တွင် မလွဲမသွေ အောင်မြင်ရ၏။
တစ်နေ့တွင် ဆိုရာ၌ ဣဒ္ဓိပါဒ် ကြားမပြတ်သော “တစ်နေ့တွင်” ဖြစ်၏။
ဣဒ္ဓိပါဒ် ကြားပြတ်သွားပါက “တစ်”ကပင် ပြန်စရ၏။
ထိုအခါ “တစ်နေ့တွင်”သည် မဆုံးနိုင်သော “တစ်နေ့တွင်” ဖြစ်ပေလိမ့်မည်။

မဟာပါလသည် သူ၏ တရားအားထုတ်မှု လုပ်ငန်း၌ ဘဝမှာ လွတ်မြောက်ရေး ပန်းတိုင်အတွက် “တစ်”က ပြန် မစလို။ ရှေ့သို့သာ တိုး၍ တိုး၍ သွားလို၏။ ထို့ကြောင့် အဓိဋ္ဌာန်ကို ဖျက်၍ အိပ်ပြီး မျက်စဉ်းဆီကို မခတ်။ ထိုင်လျက်သာ ခတ်၏။ ထိုအခါ မျက်စိရောဂါက မသက်သာ၊ တိုး၍ တိုး၍သာ လာ၏။

မျက်စိကုဆရာကလည်း ဆရာနာမည်ပျက်မှာ စိုးရိမ်။ နောက်ဆုံး မတတ်သာတော့၍ မဟာပါလအား - “အရှင်ဘုရား၊ တပည့်တော်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မပြုနိုင်ပါက မျက်စိရောဂါ ပျောက်ကင်းနိုင်ဖွယ် မရှိပါ။ ယနေ့မှ စ၍ တပည့်တော်ကလည်း မျက်စဉ်းဆီ ပေး၍ ကုသတော့မည် မဟုတ်ပါ။ အရှင်ဘုရားကလည်း တပည့်တော်၏ ကုသမှုကို ခံယူနေသည်ဟူ၍ မှတ်ယူတော် မမူပါလင့်” ဟူ၍ လျှောက်ထားပြီး အဆက်ဖြတ်လိုက်၏။

မဟာပါလသည် စိတ်ဓာတ်ကျခြင်း မရှိဘဲ ပို၍ပင် အားတင်းကာ ရဟန်းတရားကို အားထုတ်၏။ ထိုနေ့ ညဥ့်သန်းခေါင်ယံလွန်ချိန်၌ မျက်စိနှစ်ဖက်တို့သည်လည်း ကွယ်လေ၏။ အာသဝေါတရား တို့သည်လည်း ကုန်ခန်းလေ၏။

ထိုအခါ မဟာပါလသည် ဘဝမှ လွတ်မြောက်သော ရဟန္တာ ဖြစ်လေ၏။ ထိုအချိန်မှ စ၍ မဟာပါလအား “စက္ခုပါလမထေရ်” ဟူ၍ အမည်သစ် တွင်လေ၏။

စက္ခုပါလမထေရ် မျက်စိကွယ်သောအခါ ရွာတွင်းသို့ ဆွမ်းခံ မဝင်နိုင်တော့။ အခြား သီတင်းသုံးဖော် ခြောက်ကျိပ်တို့က ပြုသင့် ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို ပြု၏။ ဆွမ်းခံ၍ လုပ်ကျွေးကြ၏။ ဒါယကာတို့ကလည်း စက္ခုပါလမထေရ်အတွက် ကျောင်းသို့ ဆွမ်းပို့ကြ၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် စက္ခုပါလမထေရ်၏ အနီးကပ် သြဝါဒကို ခံယူ၍ တရားအားထုတ်ကြရာ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ နီးသောအခါ အားလုံး ရဟန္တာ ဖြစ်ကြလေ၏။

ဝါကျွတ်သောအခါ ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရှိ မြတ်စွာဘုရားသခင်ကို ဖူးမြော်ရန် စက္ခုပါလမထေရ်အား လျှောက်ထားကြ၏။

စက္ခုပါလမထေရ်က “အရှင်ဘုရားတို့နှင့်အတူ တပည့်တော်သွားလျှင် အရှင်ဘုရားတို့လည်း မချမ်းသာ၊ တပည့်တော်လည်း မချမ်းသာ ဖြစ်မည်။ သို့ဖြစ်၍ အရှင်ဘုရားတို့ ဦးစွာ သွားနှင့်ကြ။ တပည့်တော်၏ စကားဖြင့် မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့ကို ရှိခိုးကြ။ ထို့နောက် တပည့်တော်၏ညီ စူဠပါလအား တပည့်တော် မျက်စိကွယ်ကြောင်း၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ လာရောက်နိုင်ရေးအတွက် ညီထံမှ တစ်စုံတစ်ယောက် စေလွှတ်ပေးရန် တောင့်တလျက်ရှိကြောင်း ပြောပြကြ” ဟူ၍ မိန့်ကြား၏။

ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွရောက်၍ မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့အား စက္ခုပါလမထေရ်၏ စကားဖြင့် ရှိခိုး၍ တစ်ဖန် မိုးသောက်သောနေ့၌ စက္ခုပါလမထေရ်၏ညီ စူဠပါလသူကြွယ်နေရာ လမ်းခရီးသို့ ဆွမ်းခံဝင်ပြီး စက္ခုပါလမထေရ် မှာကြားသည့်အတိုင်း စူဠပါလသူကြွယ်အား ပြောကြားကြ၏။

စူဠပါလသူကြွယ်လည်း ရဟန္တာခြောက်ကျိပ်တို့၏ ညွှန်ကြားချက်အတိုင်း တူဖြစ်သူ ‘ပါလိတ’ကို လမ်းခရီး၌ ဘေးကင်း ရန်ကင်းစိမ့်သောငှာ သာမဏေပြုစေပြီး၊ အစ်ကို စက္ခုပါလမထေရ်ထံ ရောက်လျှင် အကျိုးအကြောင်း လျှောက်ထားကာ စက္ခုပါလမထေရ်၏ တောင်ဝှေးစွန်းကို ကိုင်၍ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ဆီသို့ တူဝရီးနှစ်ယောက် လာကြ၏။

တူဝရီးနှစ်ယောက် လာကြရာ လမ်းခရီးအကြား ကဋ္ဌနဂရရွှာသို့ ရောက်၏။ ကဋ္ဌနဂရရွာမှ ထွက်၍ တော၌ သီချင်းဆိုလျက် ထင်းခွေနေသော အမျိုးသမီးငယ်၏ သီချင်းသံ၌ တပ်မက်ကာ ပါလိတသာမဏေသည် ဦးရီး စက္ခုပါလမထေရ်အား ခေတ္တ ရပ်တန့်တော်မူပါရန် လျှောက်ထားပြီး အမျိုးသမီးငယ်ထံ သွား၏။ သာမဏေနှင့် အမျိုးသမီးငယ်တို့ မှောက်မှားကြ၏။

ယခုပင် သီချင်းသံ ကြား၏။ ယခုပင် သီချင်းသံ ပျောက်၏။ သာမဏေသည်လည်း ကြာမြင့်၏။ သာမဏေနှင့် အမျိုးသမီးငယ်တို့သည် မှောက်မှားခြင်း ဖြစ်တန်ရာ၏။ သာမဏေသည်လည်း သီလပျက်စီးခြင်း ဖြစ်တန်ရာ၏ ဟူ၍ စက္ခုပါလမထေရ် ဆင်ခြင်မိ၏။

သာမဏေသည် မိမိကိစ္စပြီး၍ ဦးရီးထံ ပြန်လာကာ ရှေ့ခရီး ဆက်ရန် လျှောက်ထား၏။ ဦးရီးကလည်း သာမဏေအား ‘သာမဏေ၊ သင်သည် အမျိုးသမီးငယ်နှင့် မှောက်မှား၍ သီလပျက်ခဲ့ပြီ မဟုတ်လား’ ဟူ၍ မေး၏။ သာမဏေက မဖြေ။ ဦးရီးကလည်း ထပ်ကာ ထပ်ကာ မေး၏။ သာမဏေလည်း ဆိတ်ဆိတ် နေ၏။

စက္ခုပါလမထေရ်သည် တူသာမဏေအား မိမိ၏ တောင်ဝှေးစွန်းကို အကိုင်မခံဘဲ နှင်ထုတ်လေ၏။
သာမဏေကမူ မျက်စိနှစ်ဖက် ကွယ်နေသော ဦးရီးတော် မထေရ်သည် တောအုပ်အလယ်၌ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အမျိုးမျိုး တောင်းပန် လျှောက်ထား၏။ သာမဏေဘဝနှင့် မကိုင်ရလျှင် လူဘဝနှင့် ကိုင်မည်ဖြစ်ကြောင်း ထပ်၍ လျှောက်၏။  စက္ခုပါလမထေရ်က လုံးဝ ခွင့်မပြု။ ထိုအခါ သာမဏေသည် ကြီးစွာသော နောင်တဖြင့် ချစ်လှစွာသော ဦးရီးထံပါးမှ ငိုကြွေးမြည်တမ်းလျက် ဖဲခွာရလေ၏။

စက္ခုပါလမထေရ်သည် ကန္တာခရီးထဲ၌ အဖော်မဲ့ ဖြစ်၏။ မျက်စိလည်း မမြင်။ နောက်ဆုံး၌ သိကြားမင်းသည် ခရီးသည် ဟန်ဆောင်၍ စက္ခုပါလမထေရ်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်း အရောက် ဆောင်ယူသွား၏။ စူဠပါလသူကြွယ် ဆောက်လုပ် လှူဒါန်းထားသည့် ကျောင်း၌ နေရာချပေး၏။ နောက် စူဠပါလအား အစ်ကို စက္ခုပါလမထေရ် ရောက်ရှိပြီဖြစ်ကြောင်း သတင်းပို့၏။

ညီ စူဠပါလသည် အစ်ကို စက္ခုပါလအား အစွမ်းကုန် ပြုစု လုပ်ကျွေး၏။ မိမိ၏ ကျွန်နှစ်ယောက်ကိုလည်း ကျွန်ဘဝမှ လွတ်ငြိမ်းစေပြီး အစ်ကို မထေရ်ထံ၌ သာမဏေပြု၍ အနီးကပ် လုပ်ကျွေးစေ၏။

တစ်ခုသော မိုးကြီး သည်းထန်စွာ ရွာပြီး နောက်တစ်နေ့ မိုးသောက်ယံ၌ စက္ခုပါလမထေရ် စင်္ကြံသွားလျှင် မိုးရေစွတ်စိုစဖြစ်သော မြေမှ ထွက်လာသော ပိုးဖလံများစွာကို နင်းမိသဖြင့် ပိုးဖလံတို့ သေကြကုန်၏။ စင်္ကြံလမ်းသည် ပိုးဖလံသေတို့ဖြင့် ပြွမ်း၏။ စက္ခုပါလမထေရ်၏ သာမဏေတို့ တံမြက်မလှည်းမီ ဘုရားဖူးရဟန်းများသည် စက္ခုပါလမထေရ်၏ ကျောင်းသို့ ရောက်လာကြပြီး စင်္ကြံလမ်းရှိ ပိုးဖလံသေများကို တွေ့ကြ၏။


စင်္ကြံလမ်း၌ ပိုးဖလံများကို စက္ခုပါလမထေရ်က စင်္ကြံသွားခြင်းအားဖြင့် သတ်ပါကြောင်း ဘုရားဖူးရဟန်းများက မြတ်စွာဘုရားသခင်အား လျှောက်ထားကြ၏။

မြတ်စွာဘုရားသခင်က “ရဟန္တာတို့အား သေစေလိုသော စေတနာ မရှိ” ဟူ၍ ဟောတော်မူ၏။ ထိုအခါမှ စက္ခုပါလမထေရ်သည် ရဟန္တာဖြစ်ကြောင်း သိရှိကြပြီး ရဟန္တာဖြစ်ပါလျက် မျက်စိကွယ်ခြင်းနှင့် စပ်လျဉ်း၍ သဘောမပေါက်သော ပရိသတ်အား မြတ်စွာဘုရားသခင်က ဤသို့ ဟောကြားတော်မူ၏။

- ဓမ္မတို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်လျှင် အထည်ကိုယ် ရှိကုန်၏။
- မကောင်းသောစိတ်ဖြင့် ပြောဆို ပြုလုပ်မိပါက ထိုသို့ ပြောဆိုမိ ပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွား၏ ခြေရာသို့ အစဉ်တစိုက် လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်နေလေ၏။

စက္ခုပါလမထေရ်သည် တစ်ခုသော မျက်စိကုဆရာ ဘဝက မျက်စိရောဂါရှင်တစ်ဦးအား မှားသောအတွေးနှင့် မှားသောအမြင်တို့က ခင်းပေးသော လမ်းပေါ်၌ လျှောက်၍ မျက်စိကန်းအောင် ပြုလုပ်ခဲ့ဖူး၏။ ထိုအကုသိုလ်ကံကြောင့် မျက်စိကန်းရခြင်း ဖြစ်၏။

+++++

“မနော ပုဗ္ဗင်္ဂမာ ဓမ္မာ မနော သေဋ္ဌာ မနောမယာ။
မနသာစေ ပဒုဋ္ဌေန ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခ မနွေတိ စက္ကံ ဝ ဝဟတော ပဒံ။”
(ဓမ္မပဒဂါထာ - ၁)

+++++

အထက်ပါ မူလပါဠိတော်ကို ညောင်လေးပင် တောရဆရာတော်ဘုရားက ဤသို့ မြန်မာအနက် ပြန်ဆိုတော်မူသည်။

ဓမ္မာ = နာမက္ခန္ဓာ တရားသုံးပါးတို့သည်။
မနောပုဗ္ဗင်္ဂမာ = ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ (ဝါ) ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွား ရှိကုန်၏။
မနောသေဋ္ဌာ = ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူး ရှိကုန်၏။
မနောမယာ = ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။
ယော ပုဂ္ဂလော = အကြင်ပုဂ္ဂိုလ်သည်။
ပဒုဋ္ဌေန = ပြစ်မှားလိုသော။
မနသာ = စိတ်ဖြင့်။
စေဘာသတိဝါ = အကယ်၍ ပြုမူလည်း ပြုငြားအံ့။
တတော = ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ဆိုခြင်း ပြုခြင်းတို့ကြောင့်။
နံ ပုဂ္ဂလံ = ထိုပုဂ္ဂိုလ်သို့။
ဒုက္ခံ = ဆင်းရဲသည်။
အနွေတိ = အစဉ် လိုက်တတ်၏။
ကိမိဝ = အဘယ်ကဲ့သို့နည်းဟူမူကား။
စက္ကံ = လှည်းဘီးသည်။
ဝဟတော = ဝန်ဆောင်သော နွားလား၏
ပဒံ = ခြေရာသို့။
အနွေတိ ဣဝ = အစဉ် လိုက်သကဲ့သို့တည်း။

+++++

မြန်မာပညာရှိ ဆရာကြီး ဦးဖိုးလတ်၏ ‘မြန်မာလို ဓမ္မပဒ တရားလမ်းစဉ်’ စာအုပ်ငယ်၌ ဤသို့ မြန်မာပြန်ထား၏။

“စိတ်သည် နာမ်တရားတို့၏ ရှေ့ဆောင် ကြီးမှူး ဖန်တီးသူ ဖြစ်၏။ အကြင်သူသည် မကောင်း ယုတ်မာသော စိတ်ဖြင့် ပြောသော်လည်းကောင်း၊ ပြုသော်လည်းကောင်း လှည်းဘီးသည် နွား၏ ခြေရာနောက်သို့ လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် ထိုသူ၏ နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏။”

+++++

ဆရာကြီး မင်းသုဝဏ်၏ မြန်မာပြန် ဓမ္မပဒမှာ ဤသို့ ဖြစ်၏။

“နာမ်တရားကို စိတ်ဆောင်သွား။ ယင်းတရားကို စိတ်ဦးစီး။ ယင်းတရားသည် စိတ်ဖြင့်ပြီး။  ဖျက်ဆီးလိုသည့် စိတ်နှင့်များ။ ပြောမှား ပြုမှား လုပ်မိငြား။ နွားခြေရာသို့ ဘီးလိုက်သို့ ။ ဒုက္ခလိုက်မည် ထိုသူတို့။”

+++++
စာကိုး
ဦးရွှေအောင်၏ “ဓမ္မမဒ” ။

ဦးသုခ၏ “စိတ်ဆိုသောစိတ်နှင့်ဝဉ္စနာဒီပနီ”
မင်းသုဝဏ်၏ “ဓမ္မပဒ”

Views: 102

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service