ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သီတင်းကျွတ်လပြည့် . . . ထိုတစ်နေ့

သီတင်းကျွတ်လပြည့် . . . ထိုတစ်နေ့ 

ရှေးမြန်မာ ဘိုးဘွားများ လက်ထက်မှစ၍ သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးမြိုင်မြိုင် ထွန်းညှိခြင်း၊

 

ဘုရား စေတီများတွင် မီးပူဇော်ခြင်း၊ အမိအဖ၊ အဘိုးအဘွား၊ ဆရာသမား၊ အသက် ကြီးသူများကိ အာမိသဝတ္ထုများဖြင့် ကန်တော့ခြင်း စသော ပူဇာမင်္ဂလာ၊ ဂါရဝနိဝါတ မင်္ဂလာ အဖြာဖြာဖြင့် ကောင်းမှုပြုကြ စမြဲဖြစ်ပါသည်။ ဤသည်ကား မြန်မာမှု နယ်ပယ်တွင် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော ကုသိုလ် မင်္ဂလာ ပြုခြင်းများ ပေတည်း။ စာဆိုရှင် ဘိုးသူတော် ဦးမင်းက ဆယ့်နှစ်လရာသီ ဘွဲ့သဖြန်၌ ဤသို့ ဖွဲ့ဆို ထားပါသည်....

 

''ကြာငါးမည် ကြိုင်သင်းလို့ လျှံဝင်းတဲ့ ပြောင်ထိန် ရွှေနန်းတော်ဦးမှာလ ကွန့်မြူးမြင်းမိုရ်မီး ညီးတဲ့ခါချိန်၊ ရှိခိုးငယ်နှိမ် သုံးကြိမ်ရိုပြောင်း၊ သက္ကစ္စ ဂါရဝါနှင့် စဉ်အလာ ပူဇော်ပွဲကို ခဲကြပေတောင်း''ဟု စပ်ဆို ခဲ့ပါသည်။

 

မြန်မာ့ ဆယ့်နှစ်လရာသီခွင်တွင် သီတင်းကျွတ်လသည် ခုနစ်ခုမြောက်သောလ ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ဟူ သည့် ဥတုသုံးလီတွင် မိုးဥတု၌ ပါဝင်သောလဖြစ်၏။ ရှေးအခါက ''သန်တူလ'' ဟု ခေါ်ခဲ့၏။ သန်တူလ ဆိုသည်မှာ ဝသာန မိုးရာသီကို ''သန်'' ဟူ၍ ခေါ်ခြင်းဖြစ်ပါသည်။ မိုးဥတု၏ နှောင်းပိုင်းလ ဟုလည်း ခေါ်နိုင်ပါသည်။

 

သန်တူလဟု ခေါ်ခဲ့ခြင်းကို လေ့လာလိုက်သောအခါ တိဘက်မှလာသော တိဘက်ဘာသာ အယူအဆဟု တွေ့ရပါသည်။ အဓိပ္ပာယ်မှာ ''ကောက်စပါး'' ဟုခေါ်ပြီး ''တူ'' ဟူသည် တစ်စုံတစ်ရာကို ထောင်သည်၊ မတ်သည်၊ စိုက်သည်ဟူသော အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သန်တူလသည် ''ကောက်စပါးပင်များ ထောင်မတ် လာသောလ'' ဟု အဓိပ္ပာယ် ရပါသည်။

 

ဝေါဟာရ လီနတ္တ ဒီပနီကျမ်းတွင် သီတင်းကျွတ်လဟု ခေါ်သည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉ဝ၊ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တွင် သီတင်း ကျွတ်သောကြောင့် ''သီတင်းကျွတ်လ'' ဟူ၍ ခေါ်ကြောင်း သိမှတ်ထားကြရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဝါတွင်းကာလတွင် အဆုံးပိတ်လ အဖြစ်ရှိနေသည်မှာ သီတင်းကျွတ်လပင် ဖြစ်သည်။

 

သီတင်းကျွတ် လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အတွက် အလွန်မွန်မြတ်သော ထူးမြတ်သည့်နေ့ ဖြစ်ပါသည်။ ကဆုန် လပြည့်နေ့သည် ဗုဒ္ဓနေ့။ ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာ အခါတော်နေ့ ဖြစ်သကဲ့သို့ သီတင်းကျွတ် လပြည့်နေ့သည် မဟာကရုဏာတော် အရှင်မြတ်ဘုရားသည် တာဝတိံသာ နတ်ပြည်၌ရှိသော မယ်တော်ဖြစ် ခဲ့ဖူးသူ သန္တုဿိတ နတ်သားကို တရားဟောပြီး သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်း သက်တော်မူသည့် နေ့ဖြစ်သဖြင့် နေ့ထူး နေ့မြတ်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

ဘုရားရှင် လူ့ပြည်သို့ ဆင်းသက်လာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးရောင်စုံများ ထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပလေ့ရှိသော အစဉ်အလာသည် ယခုအခါမှ ပြုကြသည် မဟုတ်။ ရှေးဘိုး ဘွားများ လက်ထက်ကပင် ရှိခဲ့သော ပြုမြဲအမှုပင်ဖြစ်၏။ ထို့အပြင် ဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို အကြောင်းပြု၍ ''ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မော...'' အစရှိသည့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာ ပြုကာ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြု၍ သီတင်းကျွတ် လပြည့်နေ့ ထိုတစ်နေ့ကို ''အဘိဓမ္မာ အခါတော်နေ့'' ဟု မှည့်ခေါ် သတ်မှတ်ကြကာ အဘိဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများကိုလည်း ကျင်းပ ခဲ့ကြပါသည်။

 

သီတင်းကျွတ် လပြည့်နေ့ကို ''ဘုရားဆုပန်နေ့'' ဟုလည်း ခေါ်နိုင်ပါသည်။ အကြောင်းမှာ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော် မူလာသောအခါ လင်္ကျာဘက် ရွှေစောင်းတန်းမှ နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းမှ ဗြဟ္မာများ ခြံရံဝန်းရံလျက် ကိုယ်တော်တိုင်ကမူ ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော် မူခဲ့၏။ ထိုအခါသမယ မြင်တွေ့ရမှုသည် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ် ပြည့်စုံသော အသရေတော်ကို ဖူးတွေ့ကြရသော အခါ ၃၆ ယူဇနာအတွင်းရှိ ပရိသတ်အားလုံးသည် ဘုရားရှင်အား အားကျကြကုန်၏။ ထို့ကြောင့် ဘုရားဖြစ်ချင်စိတ်ပါ ဖြစ်လာကြကာ ဘုရားဆုကို မတောင်းသူ မရှိသလောက်ပင် ဖြစ်၏။ ထို့ကြောင့်လည်း သီတင်းကျွတ် လပြည့်နေ့ကို ဘုရား ဆုပန်နေ့ဟု ခေါ်သည်မှာ မှန်လွန်းလှ၏။

 

ဘုရားရှင်သည် လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ''တန်ခိုးပြာဋိဟာ'' ကို ပြတော်မူခဲ့၏။ ဘုရားရှင်၏ တန်ခိုးပြာဋိဟာ ပြတော်မူမှုကို အကြောင်းပြု၍ စကြာဝဠာ တိုက်လုံး၌ အကာအကွယ် အဆီး အတားမရှိ ဟင်းလင်းပြင်ကြီး ဖြစ်သွားလေ၏။

ဘုရားရှင်၏ ''လောကဓိဝရလာ'' တန်ခိုးတော်ကြောင့် လူနတ်ဗြဟ္မာ ငရဲသား အားလုံးတို့သည် တစ်ဦးနှင့် တစ်ဦး ပကတိအတိုင်း ထင်ရှားစွာ မြင်ခဲ့ရလေသည်။

 

သီတင်းကျွတ် လပြည့်နေ့သည် ဝါတွင်းကာလ၏ ကုန်ဆုံးချိန် တစ်ရက် အလို ဖြစ်သောကြောင့် ဝါဆိုတော်မူ ကြသော သံဃာတော်တို့အဖို့ လွတ်လပ်စွာ သီတင်းသုံးခွင့် ရတော့မည့် တစ်ရက်ကူးရန် စောင့်သောနေ့ ဖြစ်ပါသည်။ အတိအကျ ဝါဆိုတော်မူကြသော သံဃာများသည် အလွန် အကျိုးထူးသော ''ကထိန်'' အလှူကို ခံထိုက်သော အခွင့်အရေးလည်း ရရှိကြမည် ဖြစ်သည်။

 

လောကီ လူသားတို့ အဖို့လည်း ထုံးတမ်းစဉ်လာအရ အိမ်ရာထောင်ခြင်း ပြုနိုင်ကြပြီ ဖြစ်သဖြင့် အချုပ် အချယ်မှ ကျွတ်လွတ်လာပြီ ဖြစ်သောနေ့ ဟုလည်း ဆိုနိုင်ပါသည်။ ဤသို့ဖြင့် သီတင်းကျွတ် လပြည့်နေ့သည် ရဟန်းတော်များ ဝါမှထသဖြင့် ဝါကျွတ်သောနေ့၊ အပြစ်ရှိပါက ပြောကြားပါရန် အချင်းချင်း ဖွင့်ဟဖိတ်မန်သမှု ပြုကြသော ပဝါရဏာနေ့၊ ဘုရားရှင် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီး မြောက် အောင်မြင်သော အဘိဓမ္မာ အခါတော်နေ့၊ နတ်ဗြဟ္မာများ ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ် ပြည်သို့ ဆင်းသက်တော်မူသော နေ့၊ ဘုရားရှင်ကို ရည်စူးပူဇော်သော အားဖြင့် ဆီမီးထွန်းညှိ ပူဇော်ကြ သောနေ့၊ နတ်လူခပင်းမှ ဘုရားဆုပန်ကြသောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာ တိုက်တစ်ခွင်လုံး တိုးလျှိုပေါက် လင်းလင်းထင်းထင်း မြင်ရသော ရောင်စဉ်ပြသည့်နေ့ ဟူ၍ အထူးအထူး သော မြတ်သည့် အကြောင်းနှင့် ပေါင်းဆုံလာသောနေ့ အဖြစ် သတ်မှတ်ကြရမည် ဖြစ်ပါသည်။

 

မိုးလေ ငြိမ်သက် နေအလင်းအလက်တွင် ရွှေရောင်ဝင်းဝါ စေတီမဟာ၌လည်း သီတင်းကျွတ် လပြည့်နေ့တွင် သူငါအများ ဘုရားဖူးများဖြင့် စည်ကားနေမည် ဖြစ်ပါသည်။ အစဉ်ထာဝရလည်း စည်ကားဦးမှာပင် ဖြစ်သည်။ သီတင်းကျွတ်လပြည့် ထိုတစ်နေ့သည် မြတ်သော နေ့တစ်နေ့ ပေတည်း။   ။

 

 ရွှေတည်

Views: 293

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
19 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service