ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သူခိုးနှင့် ၀ိပဿနာ

သူခိုးနှင့် ၀ိပဿနာ

 

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ ရေဘူးကိုယ်စီယူပြီး လယ်ထွန်ဖို့ လယ်တောထဲကို ထွက်ခဲ့ပါတယ်။ လယ်ထွန်ရင်း မောလာတော့ တစ်ယောက်က သစ်ပင်ရင်းမှာရှိတဲ့ ရေဘူးကို သောက်မယ်အလုပ်မှာ
“ငါ့ ရေဘူးသောက်လိုက်ရင် ခဏလေးကုန်သွားလိမ့်မယ်၊ သူ့ရေဘူး သောက်လိုက်မှပဲ၊ သူမြင်မှာ လည်း မဟုတ်ပါဘူးလေ” ဆိုပြီး သူများရေဘူးကို သောက်လိုက်ပါတယ်။

လယ်ထွန်ပြီးလို့ ညနေအလုပ်ကပြန်တော့လည်း နှစ်ယောက်အတူပဲ ရေချိုးဆိပ်ကို ဆင်းခဲ့ပါတယ်။ နောက်ရေချိုးပြီးလို့ ကမ်းပေါ်တက်တော့ ရေချိုးပြီးစဆိုတော့ စိတ်ကော ရုပ်ကော ကြည်နေပါတယ်။  ဒါကြောင့် ရေခိုးသောက်ထားတဲ့သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ပါတယ်။ “ငါ ဒီနေ့ မကောင်းတဲ့ ကာယကံစသည် တစ်ခုခုများ ပြုခဲ့မိလေမလား” ပေါ့။

ဆင်ခြင်လိုက်တော့ မနက်က ရေခိုးသောက်ခဲ့မိတာကို ပြန်သတိရပါတယ်။ ဒီတော့ တော်တော် လည်း တုန်လှုပ်ထိတ်လန့်သွားပါတယ်။
“ဒီကုသိုလ်ကံဟာ ငါ့ကို အပါယ်ချတော့မှာပဲ”လို့ တွေးရင်း ပြုခဲ့တဲ့အပြစ်ကို ပြန်ဆင်ခြင်ပြီး ၀ိပဿနာတရားကို ရပ်လျက်ပဲ ပွားများပါတယ်။ ရပ်လျက် ပွားရင်းပဲ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါ တော့တယ်။

အဖော်သူငယ်ချင်းလည်း ရေချိုးပြီးလို့ ကမ်းပေါ်တက်လာတော့ အိမ်ပြန်ကြဖို့ ခေါ်ပါတယ်။ ဒီတော့ ပစ္စေကဗုဒ္ဓါဖြစ်သွားတဲ့ သူငယ်ချင်းက
“ငါ့အနေနဲ့ အိမ်ကို အလိုမရှိတော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓါဖြစ်သွားပြီ” လို့ ပြန်ပြောလိုက်ပါတယ်။ သူငယ်ချင်းအဖော်က အံ့သြနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စေကဗုဒ္ဓါ လို့ပြောတဲ့ သူငယ်ချင်းမှာ လူ့အ၀တ်အစားတွေနဲ့ပဲဖြစ်နေလို့ပါ။ ဒါကြောင့် သူငယ်ချင်းအဖော်က
“သင်က ပစ္စေကဗုဒ္ဓါသာပြောတယ်၊ ပစ္စေကဗုဒ္ဓါနဲ့လည်း မတူဘူး” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီတော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း
“ကဲ…ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်လိုပုံစံမျိုးလဲ၊ ပြောပါဦး”လို့ ပြန်ပြောပါတယ်။
သူငယ်ချင်းအဖော်ကလည်း
“ပစ္စေကဗုဒ္ဓါဆိုတာ ဦးခေါင်းမှာ ဆံလက်နှစ်သစ်ပဲ ရှိတယ်၊ ဖန်ရည်ဆိုးတဲ့ သင်္ကန်းရုံ၊ သပိတ် လွယ်ထားတယ်၊ ပြီးတော့ ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူမှာ နေကြတယ်” လို့ ပြောပြပါတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဦးခေါင်းကို လက်နဲ့သပ်လိုက်တာ သူငယ်ချင်းအဖော် ပြောတဲ့အတိုင်း ဖြစ်သွားပါတယ်။ နောက်တော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူကို ကြွသွား ပါတော့တယ်။

 

ငါးရာ့ငါးဆယ်ပါနိယဇာတ်ကလာတဲ့ ၀တ္ထုလေးပါ။ ဒီဝတ္ထုလေးမှာ အဆင့်လေးဆင့်တွေ့ ရပါတယ်။

ပထမ အဒိန္နာဒါနကံကို ကျူးလွန်တယ်၊

ဒုတိယ ပြုခဲ့တဲ့ အမှားကို ပြန်ဆင်ခြင်တယ်။
တတိယ ၀ိပဿနာပွားတယ်၊
စတုတ္ထ ပစ္စေကဗုဒ္ဓါဖြစ်သွားပါတယ်။

အဆင့်လေးဆင့်ကို ကြည့်ပြီး အဖြေက ဘယ်လိုထွက်လာသလဲဆိုတော့ လူတစ်ယောက်အနေနဲ့ အဒိန္နာဒါန-ခိုးမှုကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ကိုယ့်အပြစ်ကို ကိုယ်ပြန်ဆင်ခြင်ရင်း သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား ရှုမှတ်လိုက်ရင် တရားထူး တရားမြတ်တွေ ရသွားနိုင်တယ် ဆိုတာပါပဲ။ ဒါက ဒီဝတ္ထုလေးထောက်ပြီး ပြောတာပါ။ ပိုပြီး ခိုင်မာသွားအောင် ပဋ္ဌာန်းဥပနိဿယ ပစ္စည်းကိုပါ အာရုံပြုကြည့်ရအောင်ပါ။

အကုသလောစမ္မော၊ ကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော…
အကုသိုလ်တရားက ကုသိုလ်တရားကို ပြန်ကျေးဇူးပြုတတ်ပါတယ်တဲ့။ အကုသိုလ်က ကုသိုလ် တရားကို ပြန်ကျေးဇူးပြုတတ်တယ်ဆိုတော့ စာက သိပ်အံ့သြဖို့ ကောင်းနေပါတယ်။ ဘယ်လိုပြုသလဲ ဆိုတော့ -

အဒိန္နံအာဒိယိတွာ တဿပဋိဃာတတ္ထာယ ဒါနံဒေတိ၊ သီလံသမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံဥပ္ပါဒေတိ၊ အဘိညံဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

အဓိပ္ပါယ်ကတော့ သူတစ်ပါးပစ္စည်းကို ခိုးမယ်၊ ခိုးပြီး ဒီအဒိန္နာဒါနကံရဲ့အကျိုး ပယ်ဖျောက်စေဖို့ ဒါနတွေပြုမယ်၊ သီလတွေ ဆောက်တည်မယ်၊ ဥပုသ်နေ့တွေမှာ စောင့်ထိန်းရတဲ့ (၈)ပါးသီလ၊ (၉)ပါးသီလကို စောင့်ထိန်းမယ်၊ ဈာန်ဖြစ်စေတဲ့ သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများမယ်။ ၀ိပဿနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်၊ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာပတ်လည်း ရနိုင်ပါတယ်တဲ့။ ဒါက မြတ်စွာဘုရားရှင် ပဋ္ဌာန်းမှာ တိုက်ရိုက်ဟောပြထားတာပါပဲ။ တစ်ခုတော့ရှိတယ်။ ပဋ္ဌာန်းက ဆက်ပြထားပါသေးတယ်။

အမေကို သတ်မယ်၊
အဖေကို သတ်မယ်၊
ရဟန္တာကို သတ်မယ်၊
မြတ်စွာဘုရားရှင်ကို သွေးစိမ်း တည်အောင် လုပ်မယ်၊
သံဃာကို ဂိုဏ်းခွဲမယ်၊
အဲဒီလို အကုသိုလ်မျိုးတွေ ကျူးလွန်ပြီးရင်တော့ ဒါအကုသိုလ်ကံတွေ ပယ်ဖျောက်ဖို့အတွက် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတွေ ဘယ်လောက်ပဲ ပြုပြု၊ ဘယ်လောက်ပဲ ပွားပွား၊ ဒီဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပါဘူးတဲ့။ ကုသိုလ်တော့ ဖြစ်တယ်ပေါ့လေ။

ကိုယ်က ဘယ်လို အကုသိုလ်ကံတွေပဲ ကျူးလွန်ခဲ့၊ ကျူးလွန်ခဲ့၊ ပဉ္စာနန္တရိယကံငါးပါးကို မကျူးလွန်
ရသေးဘူးဆိုရင် သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား ရှုမှတ်လိုက်ရင် တရားထူး တရားမြတ်တွေ
ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကိုယ်က ဒီတရားသဘောလေးကို အာရုံပြုပြီး ပြုနေဆဲအကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကျန်ရှိနေတဲ့ သက်တမ်းလေးကို ကုသိုလ်လေးတွေနဲ့ပဲ နေသွားဖို့ပါ။

“မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေကို ဆက်ဆက် ပြုနေမယ်ဆိုရင်တော့ သစ်ပင်ဟာ ခုတ်ပါများလာရင် လဲသွားရတော့သလို ဘ၀ဟာလည်း မကောင်းတဲ့ဂတိကို လဲကျသွားနိုင်ပါတယ်။

ပုထုဇဉ်ပီပီ ဘယ်သူမှ အမှားမကင်းကြပါဘူး။ ကိုယ်ပြုခဲ့တဲ့ ပြုနေဆဲ အကုသိုလ်ကို အကုသိုလ်မှန်း သိပြီး ဆင်ခြင်ပစ်နိုင်ဖို့ပါပဲ အရေးကြီးပါတယ်။ ရှေ့ပိုင်းမှာ မသိလို့မှားခဲ့တာတွေကို ထားလိုက်ပါတော့။ ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကုသိုလ်လေးတွေ စိတ်ကောင်းလေးတွေနဲ့ နေသွားနိုင်ဖို့ပဲ အရေးကြီး ပါတယ်။

အကုသိုလ်တစ်ခုကို မပြုမိအောင် ကြိုးစားလိုက်တာဟာ ကိုယ့်အတွက်တင် ကျေးဇူးများတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကျေးဇူးများသွားတာပါ။ “သူခိုးနဲ့ ၀ိပဿနာ၊ ၀ိပဿနာနဲ့ သူခိုး” ဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သူခိုးနဲ့ ၀ိပဿနာဆိုတာ ပဋ္ဌာန်းသဘောတရားအရ ဆက်စပ်နေပြန်ပါတယ်။

သူခိုးတစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုခုကို ခိုးမယ်၊ ခိုးပြီး ကိုယ့်ရဲ့အပြုအမူအပေါ် အပြစ်တစ်ခု အနေနဲ့ ပြန်မြင်မယ်၊ ပြီးတော့ ဆင်ခြင်မယ်၊ သံဝေဂဖြစ်မယ်၊ ဖြစ်ပေါ်လာတဲ့ သံဝေဂကို အခြေခံပြီး ၀ိပဿနာရှုမှတ်လိုက်မယ်ဆို တရားထူး တရားမြတ်တွေ ရသွားနိုင်ပါတယ်။

“ငါ သူခိုးပဲ၊ ငါ သူခိုးပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘာမှ စိတ်ဓာတ်တွေ ကျနေစရာ မလိုပါဘူး။ သူခိုး ၀ိပဿနာတရား အားထုတ်ရင် တရားထူး တရားမြတ် မရနိုင်ဘူးလို့ မြတ်စွာဘုရား ဟောမထားပါဘူး။ ၀ိပဿနာဆိုတာ “ပညာ” ပိုင်းမှာ ပါသွားပါပြီ။ ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုးကို ခွဲခြားပေးတာပါ။ ကိုယ်က ၀ိပဿနာတရားကို ကြိုးကြိုးစားစားနဲ့ အားထုတ်ရင်း ကိုယ့်ရင်ထဲမှာ “ဥာဏ်” ဖြစ်သွားပြီဆိုရင် ခိုးစရာအာရုံနဲ့ ပြန်တွေ့ရရင်တောင် ခိုးတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ ခိုးတယ်၊ ခိုးတယ် ဆိုတာ မသိလို့ ခိုးကြတာပါ။ သိသွားပြီဆိုရင် ဘယ်တော့မှ မခိုးတော့ပါဘူး။ အဲဒီလို သိဖို့အတွက် အသိကို ဖြစ်စေတဲ့ ၀ိပဿနာတရားကို အားထုတ်ပြီး ရှာတဲ့ နည်းလောက်ကောင်းတာ လောကမှာ ရှိကို မရှိတော့ပါဘူး။

အဓိကကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီတော့ သိဖို့အတွက်ဆိုရင် ၀ိပဿနာတရား အားထုတ်ပစ်ရမှာပါပဲ။ ကိုယ့်ဝန်းကျင်မှာ ရိပ်သာတွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့နီးစပ်ရာ ရိပ်သာ တစ်ခုခုကို ပေတေပြီး ဇွတ်ဝင်ပစ်လိုက်ပါ။ တရားအားထုတ်ရင်း အားထုတ်ရင်းနဲ့ ကိုယ်တစ်ခါမှ မသိဖူးတဲ့ အသိတွေ ရင်ထဲကို ရောက်လာပါလိမ့်မယ်။  ကျင့်ပြီးရတဲ့ အသိဟာ စာနဲ့ ရေးပြဖို့ သိပ်ခက်ပါတယ်။ ကိုယ်တိုင်အားထုတ်ပြီး သိရတဲ့အသိက သူများရေးပြ ပြောပြတာထက် ပိုရှင်းပါတယ်။

တရားအားထုတ်လို့ ကိုယ့်ရင်ထဲမှာ အသိရောက်သွားပြီဆိုရင်
“သြော်…လောကမှာ ဒီလို တရားမျိုးတွေ ရှိပါလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အံ့သြလို့မဆုံး ဖြစ်နေရဦးမှာပါ။ ပြီးတော့ ၀ိပဿနာ တရားအားထုတ်ပြီး ရလာတဲ့အသိဟာ ကိုယ့်ဘ၀ကို ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်သွားရမယ် ဆိုတာလည်း အလိုလိုသိသွားပါလိမ့်မယ်။

ခိုးတယ်ဆိုတာ ပစ္စည်းရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ရာထူးဋ္ဌာနန္တရ ရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ သိတာ မသိတာနဲ့ပဲ ဆိုင်ပါတယ်။ မသိလို့ရယ်သာ ခိုးနေကြတာပါ။ သိရင် မခိုးတော့ ပါဘူး။ ဒါကြောင့် သိဖို့ပဲ အရေးကြီးပါတယ်။

အတိတ် အတိတ်ဘ၀တွေက တရားပါရမီတွေပါခဲ့ရင်လည်း ရင်ထဲမှာ တရားအသိလေးတွေ အလိုလို ရှိနေတတ်ပါတယ်။ ဒီလို လူသူတော်ကောင်းလေးတွေက နေရာတော်တော် များများမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့မျက်နှာလေးတွေက အများနဲ့ယှဉ်လိုက်ရင် သိပ်ပြီး သိသာထင်ရှား နေပါတယ်။

အထူးသဖြင့်တော့ သူတို့ရဲ့ မျက်နှာလေးတွေဟာ ကြည်ပြီး ၀င်းနေတတ်ပါတယ်။ အတိတ် အတိတ်ဘ၀တွေက တရားအသိလေးတွေ ပါလာတာဆိုတော့ ခိုးဖို့မပြောနဲ့ ခိုးချင်တဲ့စိတ် ဖြစ်မှာတောင် အတော်ကြောက်လေ့ရှိပါတယ်။

တရားအသိလေးတွေ ပါရမီပါလာခဲ့တာနဲ့ ပတ်သက်ပြီး သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂ၀ိသာဏသုတ် ထဲက ၀တ္ထုလေးကို သွားသတိရလိုက်ပါတယ်။


ဗာရာဏသီမင်းတစ်ပါးရှိပါတယ်။ သူ့ကို စားဖိုမှူးက အစားကောင်း ၊အသောက်ကောင်းတွေနဲ့ ချက်ပြီး ကပ်ပါတယ်။ စားဖိုမှူးက မင်းကြီးပေးမယ့် ဆုတော် လာဘ်တော်ကိုလည်း သိပ်ပြီး မျှော်လင့်ပါတယ်။ ဒါပေမယ့် မင်းကြီးက ဘယ်လောက်ကောင်းအောင် ချက်ကပ်ကပ် ကောင်းတယ် လို့ ကျေးဇူးစကား တစ်ခွန်းတောင် မပြောပါဘူး။

ဒီတော့စားဖိုမှူးက “ဒီမင်း အရသာကို သိတတ်တဲ့ ဇိဝှါဝိဥာဏ်ဓာတ် မရှိတာဖြစ်ရမယ်” ဆိုပြီး အရသာမရှိတဲ့ ခပ်ညံ့ညံ့ အစားအစာကို ချက်ကပ်ပါတယ်။ မင်းကြီးက အစားညံ့မှန်း သိပေမယ့် ဘာမှမပြောဘဲ ဆင်ခြင်ပြီးပဲ စားပါတယ်။

မင်းကြီးက ဘာမှပြန်မပြောတဲ့အခါကျတော့ စားဖိုမှူးက
“ဒီမင်း ကောင်းတာ ဆိုးတာကို မသိဘူး” ဆိုပြီး မင်းကြီးကို ခပ်ညံ့ညံ့ပဲကပ်ပြီး ကျန်တာကို သူ့အတွက် တိုတိုထားပါတော့တယ်။ မင်းကြီးက စားဖိုမှူး တိုတိုထားတာကို သိပါတယ်။

ကြာလာတော့ စားဖိုမှူးတိုတာကိုပဲ
“သြော်…လောဘဆိုတာ အံ့သြဖို့ ကောင်းလိုက်တာ၊ မင်းဖြစ်တဲ့ ငါ့မှာ စားဖိုမှူးလောဘကြောင့်
ထမင်းကောင်းကောင်းတောင် မစားရပါလား”လို့ ဆင်ခြင်ပြီး သံဝေဂဥာဏ် ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ စားဖိုမှူး တိုတာကိုပဲ သံဝေဂဖြစ်ပြီး တောထွက် ၀ိပဿနာတရား အားထုတ် လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

မသိတဲ့သူက ခိုးပြီး၊ သိတဲ့သူကတော့ သူတစ်ပါး ခိုးတာကိုပဲ သံဝေဂယူရင်း ၀ိပဿနာတရား အားထုတ်ပြီး တရားထူး တရားမြတ်တွေ ရသွားပါတယ်။ ဒါ သိတာနဲ့ မသိတာ ကွာသွားတာပါပဲ။

လူတွေဟာ မသိသေးသရွေ့တော့ ခိုးနေကြဦးမှာပါ။ သိသွားရင် မခိုးတော့ပါဘူး။ ဒီတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ သိဖို့ သိပ်အရေးကြီးပါတယ်။ မသိလို့ မှားကြရတာပါ။ သိရင် မမှားကြပါဘူး။ အဓိက တရားခံကတော့ မသိတာပါဘဲ။ ခိုးခိုးနေကြတာကို အပြစ်ပေးရုံ၊ အပြစ်ယူရုံနဲ့တော့ မလုံလောက်ပါဘူး။ သိအောင်လည်း လုပ်ပေးဖို့လိုပါတယ်။ မသိသေးရင်တော့ အာရုံနဲ့တွေ့ရင် ပြန်ခိုးဦးမှာပါ။

တကယ်လို့ ကိုယ်က သိချင်တယ်ဆိုရင်တော့ ၀ိပဿနာတရားကို အားထုတ်ပစ်လိုက်ဖို့ပါပဲလေ။

( ရဝေနွယ် - အင်းမ )
(၂၀၀၆၊ သြဂုတ်လ)၊ ရုပ်ရှင်တေးကဗျာမှ ဓမ္မဒါနပြုပါသည်။

Views: 107

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
20 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service