ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မျက်လုံးနှစ်ဖက်နဲ့ လူ

မျက်လုံးနှစ်ဖက်နဲ့ လူ

လူသုံးမျိုးနှင့် အမြင်သုံးမျိုး

ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိသတ္တ၀ါတို့ကို ထိုအန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ “(၁) လောကမျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၂) လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၃) လောကမျက်လုံးကော ဓမ္မမျက်လုံးပါ အလင်းနှစ်ဖက်ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်းရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤသုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

(၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေးအတွက် ဥာဏ်ပညာ မရှိသူကို စုံလုံးကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိဘ၀မှာလည်း ပြည့်စုံမှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။ ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေးအမြင် အလွန်လိုအပ်လှပါသည်။
စီးပွားရေးမှာ တိုးတက်လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောကမျက်လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။ ထိုကဲ့သို့ လောကမျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာအတွက် စားစရာအတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့်အတွက် လောကမျက်လုံးမရှိနိုင်၊ လောကမျက်လုံး မရှိသောသူသည် ဓမ္မမျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောကမျက်လုံး မရှိသောသူသည် သံသရာအတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိဘ၀ ခက်ခဲနေသူသည် နောင်ရေးအတွက် မျှော်လင့် တောင်းတနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေးအတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန်လွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသားတစ်ယောက်သည် ငယ်စဉ်ကတည်းက ဘာပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ပိုင်ဆိုင်ထားသည့်စည်းစိမ်များသည် သူတို့သားလေးတစ်သက် မကုန်နိုင်”ဟု ယူဆထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏများကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။ မိဘများ၏ သားအပေါ် ထားရှိသည့် မဟာအမှား တစ်ခုဖြစ်သည်။
ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေးတစ်ယောက် ပညာမဲ့လူတန်းစား တစ်ယောက်ဖြစ်ရသည်။ မိဘများ ကွယ်လွန်သည့်အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ်ပစ္စည်းများကို မိမိလက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထိုရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောကမျက်လုံးလည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူများကို ခွဲခြားသိမြင်သော လူမှုရေးပညာ၊ ကောင်း၏ မကောင်း၏၊
အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည်အတွက် လူလိမ်လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်းကစားကျူးသူများနှင့်ပေါင်းမိကာ ရှိသမျှပစ္စည်းတွေလည်းကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြဘ၀သို့ ရောက်သွားလေတော့သည်။

အကယ်၍သာ ပထမအရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယအရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထိုအရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။ သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောကအခွင့်ရေး ဓမ္မအခွင့်ရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀အသစ်မှာတော့ အပါယ်လေးပါးလားရတော့သည်။

(၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင်

လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ်ကို ဧကစက္ခုက ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လိုဝင်လာအောင်၊ ဘယ်လိုတိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။ လောကစီးပွားရေး အတွက် လောကမျက်လုံးပဲရှိ၊ ဓမ္မမျက်လုံးကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ တစ်ဖက်အစွန်းရောက်နေသော လောကမျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည်အတွက် ၀ိသမနည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။
လောကကောင်းကျိုးမပြုသည့် အရောင်းအ၀ယ်၊ လောကအကျိုးမဲ့စေသည့် အရောင်းများဖြစ်သည့် လက်နက်အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ်စတဲ့ လူသားအကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရောဆိုပြီး ရှာဖွေနိုင်သည့် လောကမျက်လုံးကားရှိသည်။ ဓမ္မမျက်လုံး အလင်းကား မရရှာသဖြင့် အလိုဣစ္ဆာကြီးသူသည် လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ်မျက်လုံးမရှိ။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက်အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ်တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ ၀က်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိကဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က်များကို တိုင်မှာချည်နှောင်၊ တူ၊ ဒုတ်၊ ဓားစသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေမရှင်၊ အရှင်လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီလက္ကားအရောင်းအ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။
ထိုအလုပ်သည် ဓမ္မမျက်လုံးရှိသူအတွက် အလွန်အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။ ဓမ္မမျက်လုံးရှိနေသူ မည်သူမဆို ထိုအလုပ်မျိုး မလုပ်နိုင်။ သူကတော့ ၅၅ နှစ်တိုင် ထိုအစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီးအချိန် ၀က်လိုအော်၊ အခုတ်အသတ်ခံ၊ ရေနွေးအပူခံ၍ ၀က်များအော်သလို (၇)ရက်တိုင် အော်ပြီး သေသွားရှာသည်။ နောင်ဘ၀လားသော် ငရဲအထိ ဆင်းရတော့သည်။

လောကမျက်းလုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက်တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စားဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံးရှိရမည်၊ ဓမ္မမျက်လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။ ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မမျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထိုပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်းမရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။

စာရေးသူတို့ အားလုံး သတ်ရှိသတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ ထိုလိုအပ်ချက်များကို ရှာနိုင်သည့် လောကမျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောကမျက်လုံး မရှိပြန်လျှင်လည်း လူမှုရေးကျင့်ဝတ်တွေ လူမှုဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။
ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း

လောကမျက်လုံး အလင်းလည်းရှိ၊ ဓမ္မမျက်လုံးလင်းလည်းရှိသူကို ဒွိစက္ခုကဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်းရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။ လောကီနယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေတတ်သည့် အမြင်များ ရှိဖို့လိုသည်။ ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။
ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက် အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။ ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည် ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည် လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။ သူတို့သည် လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင် ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။ ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့် ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ အကျိုးများစွာ ဖြစ်သည်။

လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။ လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့်မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည်၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။
ထိုအသေ၀ိတဗ္ဗလောဘသည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊ ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မမျက်လုံးဖြစ်သည်၊ ထိုဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောကမျက်လုံး ဓမ္မမျက်လုံးတို့ ဟန်ချက်ညီနေကြခြင်းဖြစ်သည်။ အထက်ဖော်ပြပါ ကျောင်းဒကာ ကျောင်းအမကြီးများကဲ့သို့ လောကမျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်းရှိနေပါမှ ဘ၀သံသရာ ၀ဋ်မှ လွတ်မည်။
နိဂုံး

ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့်တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာမှာ အစွန်းအထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့်အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ်သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။ အလားတူပင် ဓမ္မကြေးမှုံသည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့်သန္တာန်မှာ ဘာအပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။ မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့်အရာမှန်သမျှ ဖြည့်ရမည်သာတည်။ နှစ်ဖက်လုံးကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူကတော့ ဝေေ၀၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင်သူကတော့ အလင်းအားပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Views: 107

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service