ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အပါယ်နဲ့ ဝေးတဲ့လူ

အပါယ်နဲ့ ဝေးတဲ့လူ

 

အနယ်နယ်အရပ်ရပ်မှာ၊ အထူးသဖြင့်တော့အမေရိကနှင့်သြဇီတို့မှာ တရားပွဲပဲ ဖြစ်ဖြစ်၊  ဓမ္မ သင်တန်းပဲ ဖြစ်ဖြစ်ပြုလုပ်တဲ့အခါ  တစ်နာရီဟောကြား၊ တစ်နာရီမေးလိုရာမေး (ဖြေလိုရာဖြေ) အချိန် အဖြစ်သတ်မှတ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များအနေနဲ့ သိသင့်တာများရော၊ ပြင်သင့် တာများရော၊ သိချင်တဲ့ အကြောင်းအရာများရော၊ လိုအပ်ချက်အဖုံဖုံကို ခန့်မှန်းသိခွင့် ရလိုက် ပါတယ်။

 

ဝေနေယျသတ္တဝါတို့ရဲ့ အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ပမာဏကို သိ တော်မူတဲ့ ဘုရားရှင် အနေနဲ့ တရားဟောတိုင်းဟောတိုင်း၊ တရားနာပရိသတ် အတွက်၊ အနာနဲ့ဆေးကွက်တိဖြစ်ကြလို့ ဒေသနာအဆုံးမှာ အကျိုးထူးတွေ အဆင့်ဆင့်ရပြီးကျွတ်တမ်း ဝင်ကြသူတွေ ရာထောင်သောင်း ပေါင်းများစွာရှိတယ် လိုပိဋကတ်တော်မှာတွေ့ရပါတယ်။

 

တပည့်သားများ၊ အထူးသဖြင့် ပုထုဇဉ်တပည့်သားများအနေနဲ့ကတော့ တရားနာပရိသတ်ရဲ့ အလိုအဇ္ဈာသယနဲ့ ဣနြေ္ဒအနုအရင့်ဆိုတာ၊ သူတို့တွေက ဖွင့်ဆို လျှောက်ထား မေးမြန်းလာမှ ရိပ်ဖမ်း သံဖမ်း အကဲခတ်နိုင်မှာဆိုတော့ အမေးအဖြေကဏ္ဍလေး လုပ်ပေးထားတာက အတော် လေးတော့ ကျေးဇူးများပါတယ်။ အထူးသဖြင့်တော့ ”ဘာတရားဟောရမည်” လို့ မသိတဲ့ပြဿနာကို အတော်လေး ပြေလည်စေခဲ့တယ်။ သူတို့မေးတာကို ဖြေကြားရင်း တရားတစ်ပွဲ အလိုလိုပြီးမြောက် သွားတာ အတော်လည်းများတယ်။ သူတို့သိချင်နေတဲ့ အကြောင်းအရာဖြစ်လို့ ဟောကြားမှု အပေါ်မှာ ပိုပြီးတော့လည်း စိတ်ဝင်စားကြတာ တွေ့ရပါတယ်။

 

အဲဒီလို ဆရာဒကာ မေးဖြေဆွေးနွေးကြရင်းက၊ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစု မရေမရာ၊ ဇဝေဇဝါ ဖြစ်ပြီး အတော်အကြောက်ကြီးနေကြတဲ့ ပြဿနာတစ်ရပ်ကို သွားတွေ့ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ –

 

”လူ့လောကမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၊ ရှာဖွေစားသောက် နေကြသူတွေရဲ့ တစ်နေ့တာ လုပ်ဆောင်ချက် (ကံ) တွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတွေနဲ့ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကံတွေ ဘယ်ဟာက များနေမလဲ ” ဆိုတဲ့ ပြဿနာပါ။

 

အံ့သြစရာကောင်းတာကတော့ ပရိသတ်အားလုံးလိုလိုက၊ အဲ! ”လိုလို” တောင် မဟုတ်ပါဘူး၊ အားလုံးကပါပဲ ”အပါယ်ရောက်ကြောင်း အကုသိုလ်တွေက များပါတယ်” လို့ချည်း ဖြေကြတဲ့ အချက်ပါ။

 

တကယ့်ကိုပါပဲ၊ သူတို့တွေရဲ့ ဖြေဆိုသံကိုကြားရတိုင်း တရုတ်ရာဇဝင်ဇာတ်ကား တွေထဲက ရှင်ဘုရင့်ရှေ့ အစစ် ဆေးခံဖို့ ရောက်လာသူတွေအားလုံးလိုလို၊ ရှင်ဘုရင်က ဘာမှ မမေးမမြန်းရခင် ကတည်းက လက်နှစ်ဖက် ရှေ့မှာထောက်၊ ဦးခေါင်းကိုငုံ့တဲ့ပြီး ”ကျွန်တော်မျိုးကြီး သေသင့် ပါတယ်”လို့ ကြောက်လန့်တကြား အော်ပြီး လျှောက်တင်ကြတာကို ပြေးပြီး ကြားယောင် မြင်ယောင်မိပါတယ်။

လူတွေရဲ့ နေ့စဉ်ပြောဆို၊ ကြံဆ၊ လုပ်ကိုင်ကြသမျှတွေမှာ အပါယ်ရောက် ကြောင်း အကုသိုလ် တွေက တကယ်ပဲ များနေပါသလား။ အမှန်ကတော့ ကိလေသာနဲ့ ဒုစရိုက်ကို ကွဲကွဲပြားပြား နားမလည်ကြတဲ့အတွက် ကိလေသာတွေ မပယ်နိုင်သေး တာ ကိုပဲ ဒုစရိုက်အပြစ်တွေ ကြီးနေတယ် လို့ ရောထွေး မှတ်မှား ဖြစ်ကြပြီး အပြစ်မကြီးဘဲနဲ့ အကြောက်ကြီး နေကြတာပါ။ ဒီကိစ္စ အမြင်ရှင်းဖို့ အတွက် ဒီစာကိုရေးလိုက်ပါတယ်။ အ ပယ်နဲ့ဝေးစေဖို့သာမက အရာရာကို ကြောက်နေ ကြလွန်း တဲ့ ”ကြောက်ကျင့်ပါ” နိုင်ငံ သားတို့အတွက် ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေဖို့ ရည်ညွှန်းပါတယ်။

 

အရွယ်ရောက်လာသူ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ”မကောင်းမှုအကုသိုလ်ဆိုတာ အပါယ်ဒုဂ္ဂတိ ကျရောက်စေတတ်တယ် (အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်)”ဆို တာကိုတော့ ကြားဖူးနားဝ များကြပါတယ်။

 

အဲဒီအကုသိုလ်ဟာ သဘောတရားနဲ့လက်တွေ့၊ သို့မဟုတ်၊ ကိလေသာနဲ့ ဒုစရိုက်လို့ နှစ်မျိုး ကွဲပြားတယ် ဆိုတာကိုတော့ ရေရေရာရာသိသူ နည်းကြပါတယ်။

 

ပထမဆုံး ”သဘောတရားအကုသိုလ်နဲ့  လက်တွေ့အကုသိုလ်” ဆိုတာကို အမြင်ရှင်း စေချင် ပါတယ်။

 

ဗုဒ္ဓဘာသာဝင်တိုင်း (အခုဆို တခြားဘာသာဝင် အချို့လည်းအပါအဝင်) ကြားဖူးနားဝ ရှိထားတဲ့ ” လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက,အနောတ္တပ္ပ’ ဆိုတဲ့ အမည်ဆိုးနဲ့ ထင်ရှားကျော်ကြားတဲ့ တရားတွေဟာ သဘောတရားအနေနဲ့ ပုထုဇဉ်တို့ရဲ့ သန္တာန်မှာ ရှိနေကြတာချည်းပါပဲ။ ဒီတရားတွေဟာ ပင်ကိုယ်အားဖြင့် အပြစ်ကင်းစင်တဲ့စိတ်တွေကို ညစ်နွမ်း သွားစေတဲ့အတွက်ကြောင့် ”ကိလေသာတရားများ”လို့ခေါ်ပါတယ်။

 

သတ္တဝါတို့ရဲ့သန္တာန်မှာ ဒီကိလေသာတရားတို့ရဲ့ တည်ရှိဖြစ်ပေါ်မှု အဆင့်ဆင့် ကတော့ –

 

၁။ အကြောင်းတိုက်ဆိုင်လျှင် မီးပွင့်နိုင်သည့် မီးခြစ်ကျောက်အတွင်းက မီးဓာတ်ပမာ၊ အကြောင်း တိုက်ဆိုင်လျှင် ဖြစ်နိုင်ချေသဘောမျိုးနဲ့ ကိန်းဝပ်တည်ရှိ နေတဲ့အဆင့်။ ဒီအဆင့်မှာကာယ၊ ဝစီ၊ မနောဆိုတဲ့ ကံသုံးပါး အဆင့်မရောက်သေး ပါဘူး။ ( “အနုသယကိလေသာ”လို့ ခေါ်ပါတယ်။)

 

၂။ “မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်” ဆိုတဲ့ အတွင်းက အာရုံယူအင်္ဂါငါး ရပ် (ဒွါရငါးခု)နဲ့ ”အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ” ဆိုတဲ့ အပြင်အာရုံ ငါးခုတို့ တိုက်ဆုံမိတဲ့အခါ၊ ကျေနပ်စိတ်၊ မကျေနပ်စိတ်၊ ချစ်ခင်စိတ်၊  မုန်းတီးစိတ်အဖြစ်နဲ့ ထ ကြွလာတဲ့အဆင့်။ ( ဒီအဆင့်မှာ မနောကံ အဆင့်ကို ရောက်လာပါပြီ။ ဒါကို “ပရိယုဋ္ဌာနကိလေသာ”လို့ ခေါ်ပါတယ်။ အရပ်ထဲမှာ ပြောဆိုလေ့ ရှိတဲ့ ”အသဲယားလာတယ်၊ ရင်ထဲမှာ ကလိကလိ ဖြစ်လာတယ်” ဆိုတာမျိုးပေါ့။

 

၃။ ဒွါရနဲအာရုံတိုက်ဆုံမှုကြောင့် ဖြစ်ပေါ်ထကြွလာတဲ့ ကိလေသာတရားတို့ကို မနောကံ အဆင့် မှာသာ မထိန်းချုပ်နိုင်တော့ဘဲ ကာယကံ၊ ဝစီကံမြောက် လွန်ကျူးမိ သွားတဲ့အဆင့်။ (ဒီအဆင့်မှာ ကာယဒုစရိုက်၊ ဝစီ ဒုစရိုက် အဆင့်ထိရောက်လာ ပြီဖြစ်လို့ “ဝီတိက္ကမကိလေသာ”လို့ ခေါ်ပါတယ်။)

 

အဲဒီလို သုံးဆင့်၊ သုံးမျိုးရှိပါတယ်။ ဒီသုံးဆင့်ထဲကပထမဆုံးဖြစ်တဲ့ အနုသယ အဆင့်ဆိုတာ အကုသိုလ်သဘောတရားအဖြစ်တောင် ပီပီပြင်ပြင် မရောက်သေးတဲ့ မျိုးစေ့အဆင့်မျိုးပါ။

 

ဒုတိယဖြစ်တဲ့ ပရိယုဋ္ဌာနအဆင့်မှာတော့ ဖြစ်တဲ့ပုဂ္ဂိုလ်သန္တာန်မှာ အကုသိုလ် သဘောတရား ပီပြင်လာပါပြီ၊ သို့သော် ဒီအဆင့်မှာ (အဘိညာဉ်မရကြတဲ့) အခြားသူများအနေနဲ့ သိသာမြင်သာ ဖြစ်အောင် ပုံမပေါ်သေး (ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု မရှိသေး)လို့ သဘောတရား အကုသိုလ်အဆင့်လို့သာ ဆိုရမှာပါ။

 

ဒီအဆင့်မှာပဲ ဘေးလူများမသိနိုင်သေးပေမဲ့ ပြစ်မှုကျူးလွန်ရာရောက်ပြီ၊ ကံမြောက်ပြီ၊ ဒုစရိုက် အဆင့် ရောက်ပြီလို့ ဆိုနိုင်တဲ့ မနောကံသုံးမျိုး ရှိပါတယ်။

 

(က) သူတစ်ပါးပိုင်ဆိုင် စောင့်ရှောက်ထားတဲ့ ပစ္စည်းဥစ္စာ(သက်ရှိ/သက်မဲ့)တို့ကို မတော်မတရား ရယူဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံထုတ်နေမှုဆိုတဲ့ ”အဘိဇ္ဈာ” ။

 

(ခ) သက်ရှိဖြစ်တဲ့ သူတစ်ပါးကို ညဉ်းဆဲ၊ သတ်ဖြတ်၊ ဒုက္ခပေးဖို့ စဉ်းစား၊ စိတ်ကူး၊ အကြံ ထုတ်နေတဲ့ “ဗျာပါဒ”။

 

(ဂ) ကံနဲ့ ကံအကျိုးကို လုံးဝငြင်းဆန်၊ လက်မခံတဲ့ “မိစ္ဆာဒိဋ္ဌိ” တို့ပဲ ဖြစ်ပါ တယ်။

 

ဒါတွေက အဘိဓမ္မာ သဘောတရားတွေကို ခြေခြေမြစ်မြစ် သိလိုသူတို့အတွက် စဉ်းစားနိုင်ဖို့ ရေးလိုက်တာပါ။

 

အပါယ်လွတ်ရေး၊ နိဗ္ဗာန်ရောက်ရေးအတွက်ကျင့်သုံးလိုသူ၊ တစ်နည်းအားဖြင့် ပြောဖို့အတွက်မလို၊ ကျင့်တတ်ဖို့သာ လိုသူများအတွက် အကျဉ်းချုပ်သိထားသင့်တာ ကတော့ –

 

ဒီသဘောတရား အကုသိုလ်လို့ခေါ်တဲ့ ကိလေသာ အကုသိုလ်(၁ဝ)မျိုးထဲမှာ မုချအပါယ်ဒုဂ္ဂတိ လားရောက်စေနိုင်တဲ့ အကုသိုလ်က ကံနဲ့ကံ၏အကျိုးကို ငြင်းဆန် ပယ်ရှားတဲ့ “မိစ္ဆာဒိဋ္ဌိ” နဲ့ သင်္ခါရတရား မှန်သမျှတို့ရဲ့ ကြောင်းကျိုးဆက်ဖြစ်စဉ် (ပဋိစ္စသမုပ္ပါဒ်)ကို ပြတ်ပြတ်သားသား ဆုံးဖြတ် လက်ခံနိုင်ခြင်းမရှိဘဲ ယုံမှားတွေဝေနေတဲ့ “ဝိစိကိစ္ဆာ”တို့ပဲ ဖြစ်ပါတယ်။

 

ကျန်တဲ့ကိလေသာဖြစ်တဲ့ “လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ထိန(မိဒ္ဓ)၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ” ဆိုတဲ့ သဘောတရား အကုသိုလ် (၈)မျိုးတို့ကတော့ သဘောတရား အဆင့်မှာသာဖြစ်ပေါ်ပြီး ကာယကံ၊ ဝစီကံမြောက်အောင် လက်တွေ့လွန်ကြူးမှု မဖြစ်သေးသမျှ ဒုစရိုက် မမြောက်သေးတဲ့ အတွက် အပါယ်ဒုဂ္ဂတိကိုလည်း မကျရောက်စေနိုင်ပါဘူး။

 

 ဗုဒ္ဓဘာသာဝင်တို့ သဘောပေါက်ဖို့အတွက် အထင်ရှားဆုံးသာဓကတစ်ခုကို ပြောရမည်ဆိုလျင် ဘုရားရှင်ရဲ့ကျောင်းအစ်မကြီး ဝိသာခါရဲ့ အတ္ထုပ္ပတ္တိပါပဲ။

 

ဝိသာခါအမျိုးကောင်းသမီးက (၇)နှစ်သမီးမှာ သောတာပန်ဖြစ်ခဲ့တယ်ဆိုတာ ကြားဖူးကြမှာပါ။ သောတာပန်ဖြစ်သွားတဲ့အတွက် ကိလေသာခေါ်တဲ့ သဘောတရား အကုသိုလ်တွေထဲက ဘယ်လောက်လျော့ပါး ကင်းပျောက်သွားသလဲဆိုရင် “ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ”ဆိုတဲ့ ကိလေသာ နှစ်ပါးကိုသာ အကြွင်းမဲ့ ပယ်သတ်နိုင်ပါတယ်။ ကျန်ကိလေသာတွေ ကို မပယ်နိုင်ပါဘူး။

 

“သောတာပန်တို့မှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းပြီ” ဆိုတဲ့စကားကို အလေးအနက် သဘောပေါက်ဖို့တော့ လိုပါတယ်။  “ဒိဋ္ဌိကင်းတယ်” ဆိုတာက ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်ကာမတ္တမဟုတ်ဘဲ ဥာဏ်နဲ့ပါ ထိုးထွင်းသိမြင် လက်ခံသွားတာပါ။

 

ဒီကမ္မဿကတ သမ္မာဒိဋ္ဌိ နေရာမှာ ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ ခြားနားချက်ကတော့၊ ပုထုဇဉ်တိုက ယုံကြည်တဲ့ သဒ္ဓါကလွန်ကဲပြီး သိမြင်တဲ့ဥာဏ်က နည်းပါးကြတယ်။ အရိယာတိုက သဒ္ဓါနဲ့ပညာ မျှတတယ်။

 

ဥပမာအနေနဲ့ ပြရမယ်ဆိုရင် ပုထုဇဉ်တို့ရဲ့ အကုသိုလ်အပေါ်မှာ ယုံကြည်မှုက “အရက်သောက်တာ မကောင်းဘူး”လို့ သိမှတ် ယုံကြည်ပုံမျိုး။ အရိယာတို့က “အဆိပ်သောက်ရင် သေတတ်တယ်”လို့ သိမြင်ပုံမျိုးပါ။ အရက်သောက်တာ မကောင်းဘူးဆိုနေပေမယ့် သောက်ကြည့်ကြသူတွေ၊ သောက်ကျင့်ပါနေသူတွေ အများကြီးရှိတယ်။ အဆိပ်ကိုကျတော့ဘယ်သူမှ မြည်းမကြည့်ဝံ့ကြဘူး မဟုတ်လား။ သောတာပန် အရိယာပုဂ္ဂိုလ်များအနေနဲ့ “မကောင်းတဲ့ကံက မကောင်းကျိုးပေးတယ်၊ ကောင်းတဲ့ ကံက ကောင်းကျိုးပေးတယ်” ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထွင်း သိမြင်သွားပြီဖြစ်လို့ သေစေတတ်တဲ့ အဆိပ်ကို မြည်းစမ်း မကြည့်ကြသလို ဒုစရိုက်အကုသိုလ်ကို (ဆိတ်ကွယ်ရာ အရပ်မှာ ပင်ဖြစ်စေ) ကျူးလွန် ပြစ်မှားခြင်းဆိုတာ လုံးဝမရှိတော့ပါဘူး။

 

ကုသိုလ်ကံအပေါ်ထားရှိတဲ့ သဘောထားချင်းကလည်း ပုထုဇဉ်တို့က ”သရက်သီးအမှည့်က ချိုတယ်” ဆိုသလောက်ပဲ၊ မစားမဖြစ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူး ဒါကြောင့် ကြုံရင်စားမယ်၊ မကြုံရင်မစားဘူးလို့ သဘောထားတယ်။

 

အရိယာတို့ကတော့ “သဗ္ဗေသတ္တာ အဟာရဌိတိကာ”ဆိုတဲ့အတိုင်း အစားစားမှ အသက်ရှည်မယ်၊ အစားပြတ်ရင် သေတတ်တယ်”လို့ သိမြင်လက်ခံတဲ့ သဘောမျိုးဖြစ်လို့ နေ့စဉ်ဘဝအတွက် အစားမစားဘဲ မနေနိုင်သလို ကုသိုလ်ကောင်းမှု လုပ်ခွင့်ရလျှင်လည်း လုပ်နိုင်စွမ်းရှိသမျှ မလုပ်ဘဲ မနေနိုင်တော့ပါဘူး။ သင်္ခါရဓမ္မတို့ရဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ်အ ပေါ်မှာလည်း လုံးဝသံသယမရှိ ဥာဏ်နဲ့သိမြင်သွားပါတယ်။

 

ဒါကြောင့် အောက်အောက်အရိယာ ပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အကုသိုလ်တွေ သဘောတရားအနေနဲ့ ရှိနေပေမဲ့ ဝီတိက္ကမဆိုတဲ့ လက်တွေ့အဆင့်ရောက်အောင် ကျူးလွန်ပြစ်မှားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း အပါယ်မျိုးစေ့ လုံးဝကင်းပြီလို့ ဆိုနိုင်တာပါ။

 

(၇)နှစ်သမီးအရွယ်မှာ သောတာပန်ဖြစ်ခဲ့တဲ့ ဝိသာခါအမျိုးသမီးဟာ တဏှာလောဘ ကိလေသာ မကုန်ခန်းတဲ့အတွက် အချိန်တန်အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြုပါတယ်၊ ပြုသမျှ သားသမီး နှစ်ကျိပ်တောင် ရပါတယ်။ ဒါပေမယ့် တဏှာလောဘကြောင့် ကျူးလွန်ပြစ်မှားလေ့ရှိတဲ့ လိမ်ညာ၊ ကုန်းချောစတဲ့ ဝစီဒုစရိုက်မျိုး၊ ခိုးဝှက်၊ သူတစ်ပါး သားမယား အိမ်ရာဖျက်ဆီးခြင်း စတဲ့ ကာယဒုစရိုက်မျိုး လုံးဝမရှိပါဘူး။ သဘောတရားအရသာ တဏှာလောဘ ရှိနေသော်လည်း လက်တွေ့အရ တဏှာလောဘကို အကြောင်းပြုပြီး ကျူးလွန်တဲ့ အပြစ်ဒုစရိုက် ကင်းပါတယ်။ ဒါကြောင့် အပါယ်ဒုဂ္ဂတိကို ဘယ်တော့မှ မကျရောက်နိုင်တော့ပါဘူး။

 

နောက်တစ်ခုက လက်တွေ့အကုသိုလ်လို့ဆိုရမည့် ဒုစရိုက်ကံအကုသိုလ်ပါ။ ဒုစရိုက်တရား(၁ဝ)ပါး ဆိုတာ ကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝရှိကြပြီးဖြစ်လို့ အထူးရေတွက်မပြတော့ပါဘူး။

 

ဒီဒုစရိုက်ကံမြောက်တဲ့ လက်တွေ့အကုသိုလ်နဲ့ပတ်သက်လို့ သဘောပေါက်နားလည်ထားရမည့် အချက်ကတော့ “ပဉ္စာနန္တရိယကံငါးပါး”လို့ခေါ်တဲ့ (၁)အမိသတ်ခြင်း။ (၂)အဖသတ်ခြင်း။ (၃)ရဟန္တာသတ်ခြင်း။ (၄)ဘုရားရှင် ကို သွေးစိမ်းတည်အောင် (ထိ ခိုက် ရှ နာအောင်) ပြုလုပ်ခြင်း။ (၅)သံဃာကိုကွဲပြားအောင်လုပ်ခြင်းဆိုတဲ့ ကံငါးပါးသာ “ကုရာနတ္ထိ ဆေးမရှိ” အဖြစ်နဲ့ အပါယ် ဒုဂ္ဂတိကို မုချရောက်စေပါတယ်။ ကျန်အကုသိုလ်ဒုစရိုက်တွေကတော့ “ကုရာနတ္ထိ ဆေးမရှိတွေ မဟုတ်ဘူး။ ကုရာဆေးရှိတယ်၊ ကုသရင်အပါယ်ဘေးက လွတ်တယ်” ဆိုတာကို ကွဲကွဲ ပြားပြား သဘောပေါက်ထားသင့်ပါတယ်။

 

အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟောကြား တော်မူတဲ့အလိုအရ အကုသိုလ်ကို ကုသတဲ့ဆေးက ကုသိုလ်ပဲဖြစ်ပါတယ်။

 

“လောဏကပလ္လ”ဆိုတာ မြန်မာလိုတော့ “ဆားခွက်”လို့ အဓိပ္ပါယ်ရပါတယ်။ ဆားခွက်နဲ့ရေကို ဥပမာပြပြီး  အကုသိုလ်ကို ကုသိုလ်နဲ့ကုသနိုင်ပုံကို ဟောကြားရှင်းပြ တော်မူတဲ့သုတ်ပါ။

 

”အကုသိုလ်ပြုသူဟာ အကုသိုလ်သက်သက်ကိုသာပြုတယ်၊ ကုသိုလ်ဆိုလို့ ဘာမှကိုမသိသူ၊ ဘယ်ကုသိုလ်မှလည်း မပြုသူဖြစ်ခဲ့ရင်တော့ ဒီလိုပုဂ္ဂိုလ်မျိုးဟာ အကုသိုလ်ကံ သေးသေးငယ်ငယ် ကလေးပင်ဖြစ်စေဦးတော့ အပါယ် ဆင်းရဲကို ကျရောက်ခံစားရနိုင်တယ်။

 

အကုသိုလ်ကံကို မကင်းနိုင်တဲ့အတွက် ပြုမှားမိကြပေမယ့်၊ သီလ၊ သမာဓိ၊ ပညာ၊ ကာယဘာဝနာ ဆိုတဲ့  ကုသိုလ်တရားများကိုလည်း မကင်းမကွာ ပြုလုပ်ပွားများ လေ့ရှိတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ် မျိုးဟာ အပါယ်ဆင်းရဲကို နည်းနည်းကလေးတောင် မခံစားရပါဘူး” လို့ ပထမဆုံး ရှင်းပြပါတယ်။

 

ပြီးတော့မှ ဆားခွက်ဥပမာနဲ့ထင်ရှားအောင်ပြပြီး အခိုင်အမာပြု သင်ကြားတော်မူ တာပါ။

 

”ဥပမာ ဆားတစ်ခွက်ဟာ သူ့ချည်းလည်း စားမဖြစ်အောင် ငန်တယ်။ ရေတစ် ခွက်စာလောက်ထဲ ထည့်ဖျော်ထားလျှင်လည်း ငန်မြဲငန်နေဦးမယ်။ သောက်လို့မရနိုင် သေးဘူး။ အဲဒီဆား တစ်ခွက် စာကို ချောင်းရေ၊ မြစ်ရေတို့လို ရေအများကြီးထဲမှာ ထည့်ဖျော်လိုက်ရင်တော့ ဘယ်လိုဖြစ်သွား မလဲ။ ဆားစွမ်းပြပြီး ငန်နိုင်ပါဦးမည်လား”လို့ မေးခွန်း ထုတ်ပြီးမှ၊ ရေများသွားရင် ဆားက အစွမ်းမပြနိုင်၊ မငန်နိုင်တော့ကြောင်း ရဟန်းများက ပြန်ကြားတဲ့အခါ-

 

အဲဒီဥပမာအတိုင်းပဲ၊ အကုသိုလ်ဆိုတာ ဆားနဲ့တူတယ်။ ဆားဟာ နည်းနည်းများများ၊ ငန်သလို ဒုစရိုက်ကံ မြောက်တဲ့အကုသိုလ်ဟာလည်း နည်းနည်းများများ အပါယ်ဒုက္ခခံစားရနိုင်တယ်။

 

ရေများများထဲ ပျံ့ပြယ်သွားတဲ့အခါ ဆားဟာ ဆားစွမ်းမပြနိုင်၊ မငန်နိုင်တော့သလို၊ ကုသိုလ် တရားက အင်အား ကောင်းသွားတဲ့အခါ  အကုသိုလ် ဒုစရိုက်များဟာလည်း အကုသိုလ်စွမ်း မပြနိုင်တော့ဘူး။ အပါယ်ဆင်းရဲကျိုးကို မပေးနိုင်တော့ဘူးဆိုတဲ့အကြောင်း ရှင်းလင်းဟောကြား သင်ပြတော်မူခဲ့ပါတယ်။

 

(ဒီနေရာမှာ ”သင်ကြား”ဆိုတဲ့စကားကို သုံးလိုက်ရတာကတော တရားဆိုတာ နာယူပြီး သာဓုခေါ်ဖို့ အတွက် မဟုတ်ဘူး၊ တတ်ဖို့၊ သိဖို့၊ အသုံးချတတ်ဖို့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ တမင်သုံးလိုက်တာပါ)။

 

ဒီလောက်ဆိုရင် စောစောကပြောခဲ့တဲ့ တစ်နေ့တာလုပ်ဆောင်သမျှတွေထဲမှာ အပါယ် ရောက် ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တွေ ဘယ်ဟာက များသလဲ ဆိုတဲ့ ပြဿနာနဲ့ပတ်သက်လို့ ဆင်ခြင်တုံ မဲ့ ကြောက်ကျင့်ပါအဖြေရိုးကြီးတွေနဲ့မတူတဲ့ အဖြေမှန်ကို ဆင်ခြင်စဉ်းစားနိုင်လောက်ပြီလို့ ထင်ပါတယ်။

 

ဒီပြဿနာမှာ ”အပါယ်ရောက်ကြောင်း”ဆိုတဲ့ ဝိသေသနပုဒ်ထည့်ထားတာကိုက-

 

အကုသိုလ်မှာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အပါယဂမနီယအကုသိုလ်နဲ့ အပါယ်ရောက်ကြောင်း မဖြစ်တဲ့ နာပါယဂမနီယ အကုသိုလ်လို့ နှစ်မျိုးနှစ်စားရှိနေလိုပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ကြည့်ပါ။

 

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကလွဲလို့ ကျန်ကိလေသာအကုသိုလ်တွေဟာ သဘောတရား အဆင့်မှာသာရှိပြီး လက်တွေ့ ဒုစရိုက်အဆင့်မရောက်သမျှ နာပါယဂမနီယ=အပါယ် ရောက်ကြောင်း မဟုတ်ပါဘူး။

 

လက်တွေ့ဒုစရိုက်ကံအဆင့်ရောက်တဲ့ အကုသိုလ်ကံတွေမှာလည်း ပဉ္စာနန္တရိယ ကံကြီးငါးမျိုးက လွဲရင် ကျန်တဲ့ အကုသိုလ်ဒုစရိုက်ကံတွေကတော့ ရေနဲ့မတွေ့ရတဲ့ဆား ပမာ ကုသိုလ်မဖက် အကုသိုလ်ချည်းသက်သက်သာ ပြုထားသူ ဖြစ်ရင်သာ သူပြုတဲ့အကုသိုလ်ကံတွေက အပါယ် ရောက်ကြောင်း (အပါယဂမနီယ) ဖြစ်မှာပါ။

 

”ကုသိုလ်ဆိုတာ အမြဲဆောင်စရာတရား၊ အကုသိုလ်ဆိုတာ မလွှဲမရှောင်သာ တရား”အဖြစ် ကျင့်သုံးကြသူများအဖို့တော့ သူတို့ရဲ့အကုသိုလ်ကံ တွေဟာ အင်အား ကြီးတဲ့ရေအလျဉ်မှာ ပျော်ဝင်သွားတဲ့ ဆားပမာလို ”အစွမ်း သတ္တိ၊ မရှိလုံးလုံး၊ အညွှန့် တုံး”ဆိုတဲ့ အခြေအနေမျိုး ရောက်သွားပြီး အပါယ်ဒုဂ္ဂတိတို့၊ ဆင်းရဲဒုက္ခတို့ကို မပေး နိုင် တော့ဘူး လို့ သဘောပေါက် ကြရမှာပါ။

 

ဒီနေရာမှာ ဒုစရိုက်ကံမြောက်တဲ့ အကုသိုလ်ကံပင် ဖြစ်စေဦးတော့-

 

အကျိုးမပေးနိုင်ဘဲ အညွှန့်တုံးသွားအောင်ပြုလုပ်ပုံ ပြုလုပ်နည်း နှစ်နည်းရှိတယ်ဆိုတာ ကိုလည်း သဘောပေါက်ထား ရပါလိမ့်မယ်။ ”အဖြတ်နည်းနဲ့ အဖြန့်နည်း”လို့ အကျဉ်း မှတ်သားနိုင်ပါတယ်။

 

”အကုသိုလ်ကိုမဖြတ်နိုင်သေးရင်ဖြန့်ထားလိုက်ပါ”

 

မြတ်စွာဘုရားဟောတော်မူထားခဲ့တဲ့ ”လောဏကပလ္လ”သုတ်အရ အကုသိုလ်ကို အစွမ်းသတ္တိ တုံးသွားအောင် လုပ်နိုင်စွမ်းရှိတဲ့တရားဟာ ကုသိုလ်တရားပင်ဖြစ် တယ်ဆို တာ သဘောပေါက် လောက်ပါပြီ။

 

အကုသိုလ်ကံရဲ့အစွမ်းသတ္တိဆိုတာကလည်း ပဋိသန္ခေကျိုးအနေနဲ့ အပါယ်ဒုဂ္ဂတိ လားရောက် စေနိုင်စွမ်းနဲ့ ပဝတ္တိမှာ ဆင်းရဲ့ဒုက္ခအမျိုးမျိုးကြုံတွေ့ခံစား ရနိုင်စွမ်းဖြစ် တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးသားပါ။

 

အကုသိုလ်အစွမ်းသတ္တိတွေကိုတုံးသွားအောင် ကုသိုလ်တရားကလုပ်ဆောင်တဲ့ နေရာမှာ အမြစ်ပြတ် ပျောက် ပျက်အောင် ဖြတ်ပစ်တဲ့နည်းနဲ့ အစွမ်းသတ္တိတွေ ပျောက် ပြယ်သွားအောင် ဖြန့်ပစ်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။

 

အားလုံးကြားဖူးနားဝရှိထားကြတဲ့အတိုင်း ဆိုင်ရာဆိုင်ရာ အကုသိုလ်ကို အမြစ် ပြတ်ပယ်ဖြတ် နိုင်စွမ်းသတ္တိဆိုတာ ”မဂ်”လို့ခေါ်တဲ့ လောကုတ္တရာကုသိုလ်များသာ စွမ်းနိုင်ပါတယ်။ ဒီနေ့ ဗုဒ္ဓဘာသာဝင်အများစုကြီးတို့မှာ အနည်းဆုံး အပါယ်ဒုဂ္ဂတိကို မုချ ရောက်စေတတ်တဲ့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာလောက်ကို အကြွင်းမဲ့ပယ်ဖြတ်နိုင်တဲ့ သောတာပတ္တိ မဂ်ကုသိုလ် လောက်တောင် မရကြသေးဘူးလို့ထင်ပါတယ်။

 

အဲဒီလို”တစ်မဂ်တစ်ဖိုလ်မှမရကြသေးတဲ့ ပုထုဇဉ်အများစုကြီးတို့အနေနဲ့ မဆုံး နိုင်တဲ့ သံသရာခရီး တစ်လျှောက် မှာ အပါယ်ဘေးနဲ့ကင်းဝေးစွာ လျှောက်လှမ်းနိုင် အောင် ဘာလုပ်ကြမလဲ” ဆိုတာ ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေ အရေးတကြီး အသိချင်ဆုံး အရာဖြစ်ပါလိမ့်မယ်။ တိုတိုချုပ် ဖြေရ ရင်တော့ ”မဖြတ်နိုင်သေးရင် ဖြန့်ထားလိုက်”လို့ပဲ ပြောရပါလိမ့် မယ်။

 

”ဘာနဲ့၊ ဘယ်လိုဖြန့်ရမလဲ”ဆိုရင်တော့ လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟော ညွှန်ထားသလို စွမ်းနိုင်သမျှ ကုသိုလ်ကောင်းမှုများကို မမေ့မလျှော့အားထုတ်ခြင်းနဲ့ ဖြန့်ရမယ်လို့ပဲမှတ်ကြရမှာပေါ့။

 

မြတ်စွာဘုရား ဥပမာပြပြီးရှင်းလင်းပြတဲ့ ”ဆားနဲ့ရေ” ဥပမာလေးကို အသေအချာ သဘောပေါက် အာင် စဉ်းစားကြည့်ကြပါ။ ဆားကို ချောင်းရေ၊ မြစ်ရေ၊ ကန်ရေတွေ ထဲကို ဖြန့်ချလိုက်တဲ့အခါ အငန်ဓာတ်တွေကိုမတွေ့ရတော့ ဘူးဆိုတဲ့နေရာမှာ၊ ဘာကြောင့်မငန်တော့တာလဲ၊ ဒီဆားတွေ ပျောက်ပျက်သွားတာလား၊ ပျောက်ပြယ် သွားတာလား ”ပျက်”နဲ့”ပြယ်”ဆိုတာ အဓိပ္ပါယ်ချင်း တူကြပါဘူး။ ဒီနှစ်ခုကိုသဘော ပေါက်အောင်စဉ်းစားကြည့်ပါ။

 

ရေများသွားတဲ့အခါ ဆားကမငန်တော့ပါဘူး၊ ဒါပေမယ့် အဲဒီရေကိုခန်းသွား အောင်ပြန်ပြီး

ကျိုချက်ကြည့်မယ် ဆိုရင်တော့ အဲဒီဆားဟာ ပြန်ဖြစ်ပေါ်လာတာတွေ့ရပါ လိမ့်မယ်။ ဒါဆိုရင် ရေအများတည်း ရောက်သွားတဲ့ဆားဟာ ပျောက်ပျက်သွားတာ မဟုတ်ဘူး၊ ပျောက်ပြယ် သွားခြင်းသာ ဖြစ်တယ်လို့ သဘောပေါက်ရမှာပါ။ ပျောက်ပျက် သွားတာက ပြန်စုလို့မရတော့ဘူး၊ ပျောက်ပြယ်သွားတာက ပြန်စုလိုရတယ်လို့ အတို ချုပ်သဘောပေါက် နိုင်ပါတယ်။

 

မပြယ်တဲ့ဆားနဲ့ပြယ်တဲ့ဆား

 

လောဏကပလ္လသုတ်မှာ မြတ်စွာဘုရားရှင်ပြတာကတော့ ဆားဟာပြယ်မသွား တဲ့အခါ သူ့အစွမ်း သတ္တိပြည့်ဝ နေတဲ့အတွက် ငန်နေမယ်၊ ရေနည်းနည်းထဲမှာ ပျော်ဝင် နေတယ်ဆိုရင်တောင် အလွန်မပြယ်လှသေးတဲ့အတွက် သောက်မရအောင်ငန်နေပါ လိမ့်မယ်တဲ့။

 

ရေကများသွားပြီဆိုရင်တော့ ပျော်ကာမတ္တမဟုတ်တော့ဘူး ပျံ့ပြယ်သွားပြီဖြစ်လို့ ဆားရဲ့ အစွမ်းသတ္တိ မထင်ရှား တော့ဘူး၊ မငန်နိုင်တော့ဘူး၊ သောက်လိုသူတိုင်း သောက်လို့ ရနိုင် သွားတယ်။

 

ဒီဥပမာအတိုင်းပဲ အကုသိုလ်ဟာလည်း သူ့ချည်းသက်သက်ပြုထားမယ်ဆိုရင် နည်းနည်း ကလေးပင်ဖြစ်စေ သူ့အစွမ်းသတ္တိအပြည့်ရှိနေတဲ့အတွက် အပါယ်ဒုဂ္ဂတိနဲ့ ဆင်းရဲဒုက္ခကျိုးကို ပေးနိုင်ပါတယ်။

 

သီလ၊ သမာဓိ၊ ပညာ၊ ကာယဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှုများကိုလည်း စွမ်းနိုင်သမျှ အားထုတ်ကြသူများ အနေနဲ့တော့ သူတို့ပြုလုပ်တဲ့ လောကီကုသိုလ်မှန် သမျှဟာ အကုသိုလ် တွေကို (ပျောက်ပျက်သွားအောင် မပယ်ဖြတ် နိုင်ပေမယ့်) ပျောက် ပြယ်သွားအောင် ဖြန့်ပစ်နိုင်တဲ့အတွက် အကုသိုလ်တို့သတ္တိပြယ်ပြီး အစွမ်းမပြနိုင်ဖြစ် သွားမယ် လို့ဆိုလိုတာပါ။

 

ဒါဘယ်လိုဖြစ်တာလဲဆိုတာကို ခုခေတ်လူငယ်များသဘောပေါက်အောင် ရူပဗေဒဝေါဟာအတိုင်း ပြောရမယ် ဆိုရင်တော့- ရေများတဲ့အတွက် ဆားတွေပျောက် ပြယ်သွားတယ်ဆိုတာ၊ ဆားရဲ့ သိပ်သည်း ဆတွေလျော့သွားတဲ့ သဘောပါ။ သောက်ကြည့်တဲ့အခါ မငန်တော့ဘူးဆိုတာ သိပ်သည်းဆ လျော့သွားတဲ့အတွက် သက်ရောက်မှု လျော့သွားတာလို့ ပြောရင်ရပါတယ်။ သဘောကတော့ ဆားရဲ့အစွမ်းသတ္တိ တုံးသွားတာပါပဲ။

 

ကုသိုလ်ကများလာတဲ့အခါမှာလဲ အကုသိုလ်တရားတွေရဲ့ သိပ်သည်းဆတွေ လျော့သွားပါတယ်၊ သိပ်သည်းဆ လျော့သလောက် သက်ရောက်မှုလည်း လျော့ပေါ့ သွားပါတယ်။ သဘောကတော့ အကုသိုလ်ရဲ့အစွမ်း သတ္တိတွေ တုံးသွားလို့ အပါယ်ကျိုး၊ ဆင်ရဲဒုက္ခကျိုးကို ပီပီပြင်ပြင် မပေးနိုင်တော့တာပါဘဲ။

 

ဒီနေရာမှာ လူငယ်တွေပိုပြီ သဘောပေါက်စေဖို့အတွက် သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ သန်းထွန်း ဟောပြောဖြေကြားခဲ့ဖူးတဲ့ ဖြစ်ရပ်ကလေးတစ်ခုကို ပြောချင်ပါတယ်။

 

ဆရာကြီးရဲ့ဟောပြောပွဲတွေပြုလုပ်တဲ့အခါ ဆရာကြီးဟောလိုရာဟောပြီး တဲ့အချိန်မှာ မေးလိုရာ မေးခွင့်ပြုလေ့ ရှိပါတယ်။ မြင်းခြံမြို့က ဟောပြောပွဲတစ်ခုမှာ တက္ကသိုလ်ကျောင်းသား တစ်ယောက်က ဆရာကြီးကို ”ခဲတစ်ပိဿာနဲ့ လဲ(မှို့)တစ်ပိဿာ၊ ဘယ်ဟာကပိုလေးပါသလဲ”လို့ မေးပါတယ်။ ဆရာကြီးက ”တကယ်သိချင်တာလား”ဆိုတော့ ”တကယ်သိချင်လို့ပါ”တဲ့။ ဆရာကြီးရဲ့ အဖြေကတော့ ”တကယ်သိချင်ရင် အပေါ်မြှောက်ပြီး ခေါင်း(ဦးခေါင်း)နဲ့ ခံကြည်လိုက်”တဲ့။

 

ချိန်ခွင်ပေါ်မှာ အလေးနဲ့ချိန်ကြည့်တဲ့အခါ တစ်ပိဿာချင်း တူညီကြပေမယ့် ခန္ဓာကိုယ်ပေါ် သက်ရောက်လာ တဲ့အခါမှာတော့ သိပ်သည်းဆများတဲ့အရာက သက်ရောက်မှုပြင်းတဲ့သဘောပါ။

 

ဒါတွေအားလုံးခြုံငုံစဉ်းစားလိုက်ရင် လောဏကပလ္လသုတ်မှာ ဘုရားရှင်ဟော ကြာရှင်းပြတဲ့ ဆားနဲ့ရေပမာ အကုသိုလ်ကို ကုသိုလ်က အစွမ်းသတ္တိတုံးအောင် စွမ်းဆောင်နိုင်ပုံကို သဘောကျလောက်ပါတယ်။

 

ကဲ့ ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့တစ်နေ့တာ ကြံစည်ပြောဆိုလုပ်ကိုင်သမျှ ကံတွေထဲမှာ အပါယ်ရောက်ကြောင်း အကုသိုလ်တွေနဲ့ နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တွေ ဘယ်ဟာက များသလဲဆိုတာ ကိုယ်ပိုင် ဥာဏ်နဲ့ဆုံးဖြတ် နိုင်လောက်ပါပြီ။ ဖြေကြည့်စမ်းပါ။

 

”ကုသိုလ်တွေကများပါတယ်”တဲ့၊ ခုမှပဲ သုဂတိလူ့ဘုံသားအသံ ပီပီပြင်ပြင်ထွက် တော့တယ်။

 

ဟုတ်ပါတယ်၊ သဘောတရား အကုသိုလ်အနေနဲ့လည်း ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာက ဒုစရိုက်မြောက်အောင် မရှိကြပါဘူး။ ”ရတနာသုံးပါကို ကိုးကွယ်ယုံကြည်ပါ၏” လို့ ခံယူလိုက်ကတည်းက ကံမယုံတဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ကြောင်းကျိုးဆက် ဖြစ်စဉ် အပေါ် ယုံမှားတဲ့ ဝိစိကိစ္ဆာဆိုတာ ပရိယုဋ္ဌာန အဆင့် အထိတောင် ရောက်မလာကြတော့ပါဘူး။

 

လက်တွေ့အကုသိုလ်လို့ဆိုရမဲ့ ဒုစရိုက်အကုသိုလ်ကံတွေထဲမှာလည်း ပဉ္စာနန္တရိ ယကံကြီးငါးပါး မရှိကြပါဘူး။ ကျန်တဲ့အကုသိုလ်ဒုစရိုက်တွေနဲ့မကင်းနိုင်ကြဘူးဆိုပေမယ့်လည်း တစ်နေ့တာကို စာ ရင်းချုပ်လိုက်ရင် ကုသိုလ်ကများပါ တယ်။ ရေများတဲ့အခါ ဆားကအတုံးအခဲအဖြစ် မ  တည်နိုင်ဘဲ ရေထဲမှာပျံ့နှံ့သွားသလို ကုသိုလ်ကများတဲ့အတွက် အကုသိုလ်ဟာလည်း သိပ်သည်းဆ ဒီဂရီ အပြည့်မရှိတော့တဲ့အတွက် အပါယ်ဒုဂ္ဂတိကို ပစ်ချနိုင်လောက် အောင် စွမ်းအားမရှိကြတော့ပါဘူး။

 

”ဒါဖြင့် ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေ တစ်နေကုန်ဟိုပြောဒီပြော၊ ဟိုဟာလုပ်ဒီဟာ လုပ်နဲ့ ဘယ်လို ကုသိုလ်တွေများ များနေကြတုန်းဗျာ”ဆိုရင်ရော၊ ဘယ်နှယ်ပြောရပါ့။

 

အဲ- အဲဒါလည်းအရေးကြီးပြန်တယ်၊ အရေးကြီးလို့ ထပ်ပြောလိုက်ဦးမယ်နော်၊ စကားတွေကလည်း ထပ် လိုက်ထားလို့ အပြစ်တင် မစောလိုက်ကြပါနှင့်။

 

မှတ်ထားကြပါ (ဒါ- ဆရာကြီးလေသံလုပ်လိုက်တာမဟုတ်ပါဘူး၊ အကြောက်မ ကြီးစေချင်လို့ အားပေးတိုက်တွန်းလိုက်တာပါ)။

 

ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးကြရတဲ့ ကုသိုလ်ကံဆိုတာ အကျဉ်းချုပ်လိုက် ရင် သုံးမျိုးပဲရှိပါတယ်။ ဒါကို အားလုံးလိုလို ကလေးပါမကျန်သိလည်း သိပြီးသားများ ပါ တယ်၊ ”မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ဆိုတဲ့သုံးချက်ပါပဲ။

 

အဲဒီသုံးချက်ထည်းမှာ မကောင်းမှုကို မကျူးလွန်မိအောင်ရှောင်ကြဉ်နေရင် သီလ ကုသိုလ်ရပါတယ်၊ ကောင်းမှု ကိုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့စဉ်ကျင့် ဝတ်ဖြစ်တဲ့ ဆွမ်း၊ပန်း၊ရေချမ်း ကပ်လှူခြင်းစတဲ့ လှူဒါန်းမှု အမျိုးမျိုးက ဒါနကုသိုလ်ပေါ့၊ ရတနာသုံးပါးဂုဏ်ကို ဆင်ခြင် အောက်မေ့တာ၊ မေတ္တာပို့တာ၊ ပွားတာတို့က သမထ ဘာ ဝနာကုသိုလ်ပေါ့၊ ဖြူအောင်စိတ်ကို ထားဆိုတာကတော့ ရုပ်နာမ်ဓမ္မတို့ကို ”ဖြစ်ပြီးပျက်နေတဲ့ တရားများသာဖြစ်တယ်၊ တွယ်တာ တပ်မက်စရာမဟုတ်”လို့ သဘောပေါက်အောင် နှလုံးသွင်းဆင်ခြင်ပွားများနေတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်ပေါ့။

 

အဲဒီတော့ သီလကုသိုလ်တစ်ခုချင်းစီနဲ့ပဲ တိုက်ပြီးစစ်ဆေးကြည်ပါ၊ လွန်ကြူးနေ ချိန်နဲ့ ရှောင်ကြဉ် စောင့်စည်း နေချိန် ဘယ်ဟာကများသလဲ။ ”လွန်ကြူးရင်း ဆားတိုး၊ ရှောင်ကြဉ်ရင် ရေတိုး”ဆိုတဲ့ လောဏကပလ္လသုတ်လာ ဒေသနာ နည်းအတိုင်း ပြောရ ရင်၊ ဆားနဲ့ရေ ဘယ်ဟာက များနေသလဲ စဉ်းစားဆုံးဖြတ်ရမှာပေါ့။ တစ်နေ့လုံးမှာ လွန်ကြူးမိတဲ့ သီလပျက်အကုသိုလ်တွေထက် စောင့်စည်း ရှောင်ကြဉ်နေတဲ့ သီလစောင့် ကုသိုလ်တွေက များနေတယ်ဆိုတာ သဘောပေါက် လောက်ကြမှာပါ။

 

ဒီလိုဆိုရင် ”ကျွန်တော်မျိုးတို့ သေသင့်သလား၊ ရှင်သင့်သလား၊ ကျွန်တော်မျိုး တို့ဟာ အပါယ် ဘေးနဲ့ နီးသူတွေ လား၊ ဝေးသူတွေလား၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်ဆုံး ဖြတ်ပါ၊ သူများ ပါးစပ်နောက်မျှောလိုက်နေရင်တော့ သံသရာ ရေစုန်မျောလို့မဆုံးဖြစ် နေရလိမ့်မယ်။

 

 မြတ်စွာဘုရားသာသနာတော်ဆိုတာ ”ပဋိသောတဂါမိ”ဆိုတဲ့အတိုင်း သံသရာ ရေဆန်ကူးတဲ့ တရားသာဖြစ်တယ်၊ ရေစုန်မျောတဲ့တရားမဟုတ်ဘူးဆိုတာ ကြပ်ကြပ်သတိထားကြဖို့ပါ။

 

အားလုံးအပါယ်ဘေးနဲ့ဝေးကြပါစေ။

 

ဓမ္မဘေရီ အရှင်ဝီရိယ – အပါယ်နဲ့ဝေးတဲ့လူ

(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၅

Views: 4

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2017   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service