ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သာမဏေကျော် ရှင်သံကိစ္စည်း

သာမဏေကျော် ရှင်သံကိစ္စည်း

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ ရဟန်းတော်သုံးကျိပ်(၃၀)တို့သည် ဘုရားရှင်ထံမှ တရားတော်နာယူပြီး၊ ရှင်သာရိပုတ္တရာ၏ ညွန်ကြားချက်ဖြင့် သမဏေကျော် ရှင်သံကိစ္စကို ခေါ်ဆောင်ကာ ဦးချပြီး၊ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွါ၍ (၂၁)ယူဇနာဝေးသော အိမ်ခြေ (၆၀၀၀)ရှိသည့် တောရဂေါစရဂါမ် ရွာကြီးသို့ ကြွချီတော်မူကြသည်။

ရှင်သံကိစ္စသည် သမဏေကျော် တစ်ပါးဖြစ်ပြီး၊ သာဝတ္ထိပြည်သား သူကြွယ်မျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ သာမဏေလောင်းလျာ ကိုယ်ဝန်အရင့်အမာနှင့် မိခင်ကွယ်လွန်၍ မီးရှို့သောအခါ တစ်ကိုယ်လုံး လောင်ကျွမ်းသွားသော်လည်း မိခင်ဝမ်းဗိုက်မှာ မီးမစွဲဘဲ ကျန်ရှိနေသဖြင့် တံစူးဝါးဖြင့် နှစ်နေရာ သုံးနေရာထိုးဆွပြီး၊ မီးကျီးဖြင့်အုံးကာ ပစ်ထားကြ၏။

မီးရှို့သမားတို့သည် နောက်တစ်ရက် မီးငြိမ်းသတ်ရန်အလာ မီးကျီးပုံပေါ်၌ ချမ်းသာစွာ လျောင်းစက်နေသော ရုပ်လက္ခဏာထူးခြားသည့် သားငယ်ကို မြင်တွေ့ကြရသည်။ အလွန်ထူးဆန်းအံ့သြခြင်းဖြစ်ကာ ရွာသို့ယူဆောင်၍ နိမိတ်ဖက်ဆရာများကို မေးမြန်းကြ၏။

နိမိတ်ဖက်ဆရာက….. “ဤသူငယ်သည် ကြီးပြင်းလာသောအခါ လူ့ဘောင်၌နေလျှင် ဆွေ(၇)ဆက် မျိုး(ရ)ဆက် ဆင်းရဲမွဲ ငတ်လိမ့်မည်။ ရဟန်းပြုလျှင် အခြံအရံ ရဟန်း(၅၀၀)နှင့် သွားလာလှည့်လည်လိမ့်မည်” ဟု ဟောကိန်းထုတ်လိုက်၏။

ဆွေမျိုးများက ပြုစုစောင့်ရှောက်ထားရာ သိနားလည်သော အရွယ်သို့ ရောက်လျှင် မိမိဖြစ်ကြောင်းစုံကို သိရသည်နှင့် သံဝေဂဖြစ်ကာ (၇)နှစ်သား အရွယ်တွင် အရှင်သာရိပုတ္တရာထံတွင် ရှင်သာမဏေ ပြုခဲ့၏။ ရှင်သာမဏေလောင်းလျာသည် ‘ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော’ ဟူသော ကာယာနုပဿနာ ‘တစပဉ္စက’ ကမ္မဋ္ဌာန်းကို ရွတ်ဆိုနှလုံးသွင်းရာ ရှင်ပြုရန် ဆံချနေစဉ်ပင် ပဋိသမ္ဘိဒါလေးတန်နှင့် တကွ ရဟန္တာ ဖြစ်သွား၏။ ရဟန္တာ ကိုရင်လေးသံကိစ္စသည် မေတ္တာဝိဟာရ ဘာဝနာကို အထူးပွါးများလေ့ရှိသည်။

ကပ္ပိယကြီးကြောင့်… ရဟန်းတော်သုံးကျိပ်(၃၀) တို့လည်း သတ်မှတ်ထားသော တောသို့ရောက်သောအခါ ဂေါစရဂါမ် ဒကာ ဒကာမများက ကျောင်းကန်များ စီမံ၍ လျှောက်ထားကြသဖြင့် ထိုရွာတွင် ၀ါကပ်ရန် ဆုံးဖြတ်ကြ၏။

ဝါဆိုကြသောနေ့တွင်… “ငါ့ရှင်တို့၊ ငါတို့ဟာ ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူလာပြီး၊ ပေါ့ပေါ့ဆဆနေလို့ မဖြစ်ဘူး။ ငါတို့မှာ ဘုရားရှင်အား ပဋိပတ် တရားအလုပ်ဖြင့် ပူဇော်တာကလွဲ၍ တစ်ခြားနည်း မရှိဘူး။ ဒီတော့ ဆွမ်းခံချိန်၊ မထေရကြီးထံ ချဉ်းကပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်မှာ တစ်နေရာတည်း နှစ်ပါးမနေကြစတမ်း” ဟု အချင်းချင်း ကတိက၀တ်ပြုကာ ကမ္မဋ္ဌာန်းတရား ရှုပွါးကြသည်။

ရဟန်းတော်များသည် ဆွမ်းခံရာမှအပြန် လမ်းခုလတ် မြစ်ဆိပ်ကမ်း၌ ရေမိုးချိုးပြီးမှ သဲသောင်ပြင်၌ ဆွမ်းဘုဉ်းပေးလေ့ရှိကြသည်။ တစ်နေ့တွင် သမီးအိမ်ထောင်သည်များကို မှီခိုစားသောက်နေရသော ဒကာကြီးတစ်ဦးသည် သမီးများအိမ်လှည့်ပြောင်းကာ ၀မ်းကျောင်းနေရသော်လည်း ၀၀လင်လင် မစားရသဖြင့် ရဟန်းတော်များ ဆွမ်းစားရာအနီးသို့ ခရီးကြုံရောက်လာ၏။ သူ့အတွက် ဖက်ရွက်ကြီးတစ်ရွက်ပေါ်တွင် တစ်ပါးလျှင် ဆွမ်းတစ်လုပ်ကျစီ ဟင်းနှင့်နယ်၍ ပေးစွန့်ကြ၏။

မွန်မြတ်သော အစားများကိုစားပြီးလျှင် အလှူအတန်း တစ်ခုခုက ကြွလာသည်ဟုပင် ယူဆကာ မေးလျှောက်ရာ အလှူကြီးအတန်းကြီးမရှိ။ နေ့စဉ်ပင် ထိုသို့ပင် လောင်းလှူကြကြောင်း မိန့်တော်မူသည်ကို ကြားရသောအခါ သမီးများထံ သံဃာအလုပ်အကျွေးလုပ်နေရန် ခွင့်တောင်းလေသည်။ ရဟန်းတော်များထံ ၀တ်ကြီးဝတ်ငယ်ပြုရင်း နေလာခဲ့ရာ (၂)လခန့်ရှိလျှင် ကျောင်းဆီယစ်ကာ ၀ဖြိုးလာ၏။ သမီးများကိုလည်း တွေ့ချင်နေသည်။ ရဟန်းတော်များကို လျှောက်ထားလျှင်လည်း ခွင့်ပြုချင်မှ ပြုမည်အထင်ဖြင့် မလျှောက်ထားဘဲ၊ ‘စားကြွင်းစား’ ဒကာကြီးသည် တောရကျောင်းမှ တိတ်တဆိတ် ထွက်သွားတော့သည်။

‘နွားပိန်ထူတော့ လူဝှေ့’ ဆိုသလို ထိုကပ္ပိယကြီး သမီးထံ သွားရမည့် လမ်းခရီးကြား၌ ခိုးသား(၅၀၀) ခိုအောင်းလျက်ရှိကြသည်။ ထိုခိုးသား(၅၀၀)တို့သည် တောစောင့်နတ်မင်းအား လူ၏အသွေးအသားတို့ဖြင့် ယစ်ပူဇော်ရန် (၇)ရက်တိုင်တိုင် လူရှာ၍ မရနိုင်ရှိနေကြ၏။ ခေါင်းဆောင်မှာ သစ်ပင်ထိပ်ဖျားတတ်၍ လူသွားလူလာ စောင့်ကြည့်နေခိုက် ထိုကပ္ပိယကြီးရောက်လာ၍ ၀ိုင်းဝန်းဖမ်းဆီးကြလေသည်။ မီးပုံကြီးကိုဖိုကာ လူကိုထိုးသတ်ကင်ရန် တံကျင်များ ပြုလုပ်နေသည်ကို မြင်၍ အကြောင်းစုံ ပြောဆိုနေသည်များကို ကြားသိရသောအခါ ထိုကပ္ပိယက သေဘေးမှ လွတ်မြောက်ရန် ဉာဏ်ဆင်၍ …

“အမောင်တို့၊ ကျွန်ုပ်ဟာ ထမင်းကျန်စားရတဲ့ စားကြွင်းစား လူယုတ်ပါ။ ဟိုတောထဲမှာ ခတ္တိယမင်းသားက ရဟန်းဝတ်လာတဲ့ ရဟန်း(၃၁)ဦး ရှိပါတယ်။ ထိုသူမျိုးကို သတ်၍ ယဇ်ပူဇော်လျှင် သင်တို့၏အရှင်သခင် နတ်မင်းကြီး ပို၍ကျေနပ်ပါလိမ့်မည်”ဟု ပြောဆိုကာ ခိုးသားများအား တောရကျောင်းသို့ ခေါ်ဆောင်လမ်းညွှန်လေသည်။ ‘နွားပိန်ထူတော့ လူဝှေ့’ ဆိုသကဲ့သို့ သနား၍ စောင့်ရှောက်ကျွေးမွေးထားသူကပင် သူတော်ကောင်းများအား ဒုက္ခပေးတတ်ကြ၏။ တရားအင်အားခေါင်းပါး အားနွဲ့သူများနှင့် အတူနေကြသော ယောဂီတို့ သတိပြုရန်ဖြစ်သည်။ ထိုလူမျိုး၏ စေတနာဖြင့် ကူညီစောင်းရှောက်မှုသည်ပင်လျှင် ယောဂီများအား ကြီးစွာသော အနှောင့်အယှက် ဖြစ်တတ်သည်။

ရဟန်းတော်များလည်း သင့်လျော်ရာ၌ အသီးသီး တရားရှုမှတ်နေကြရာ ရုတ်တရက် ရဟန်းတော်များကို မတွေ့မမြင်ရသဖြင့် ခိုးသူကြီးက “ဘယ်မှာလဲ ရဟန်းတော်တွေဆိုတာ” ဟုမေးလျှင် လျှို့ဝှက်အချက်ပေးသော ကျောက်စည်ကြီးအကြောင်းကိုပါ ထုတ်ဖော်ညွှန်ပြ၍ ကျောက်စည်ထိုးလိုက်ရာ ရဟန်းတော်များလည်း အသီးသီး ဟိုမှသည်မှ ကြွလာတော်မူရ၏။ ကျောင်းဝင်းအလည်ရှိ ကျောက်ဖျာကြီးပေါ်၌ စုဝေးတော်မူလာကြသည်။

သံဃာ့မထေရ်ကြီးက မည်သူက မည်သည့်အတွက် ကျောက်စည်ထိုးကြောင်း မေးတော်မူ၍ ခိုးသူကြီးက ယဇ်ပူဇော်ရန် ရဟန်းတစ်ပါးအလိုရှိကြောင်း ပြောပြသည်ကို ကြားသိတော်မူလျှင် …. “ငါ့ရှင်တို့၊ ညီတော် နောင်တော်အားလုံးနှင့်စပ်၍ ဖြစ်ပေါ်လာသော ကိစ္စမှန်သမျှ ငါနောင်တော်ကြီးမှာ တာဝန်ရှိတယ်။ ငါသည် သင်တို့၏ကိုယ်စား အသက်စွန့်ရန် လိုက်ပါသွားမယ်။ အားလုံးရဲ့ အန္တရာယ် မဖြစ်သင့်ဘူး။ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရဟန်းတရားကိုသာ ကြိုးစား အားထုတ်ရစ်ကြပါ” ဟု မှတော်မူ၏။

ကျန်ရဟန်းတော်များကလည်း “နောင်တော်၏ ကိစ္စဟူသည် ညီငယ်၏ တာဝန်သာ” ဟု အသီးသီး ပြောဆိုတားမြစ်ကာ “ငါသာလျှင် အသေခံမည်” ဟု တညီတညွတ်တည်း ပြောဆိုလာကြ၏။ ထိုသို့ တစ်ပါးပြီးတစ်ပါး ပြောဆိုကန့်ကွက် လုယက်ပြောဆိုသည်ကို မြင်ရသော သံဃာ့ပရိဿတ်အစွန်းမှ သံကိစ္စ သာမဏေငယ်သည် သင်္ကန်းကို လက်ကတော့တင်ကာ နေရာမှထလျက်….

သံကိစ္စသာမဏေ .. “လျှောက်ထားပါရစေဘုရား။ အရှင်ဘုရားအားလုံး သည်းခံတော်မူကြပါ။ တပည့်တော်သာလျှင် အရှင်ဘုရားတို့အတွက် အသက်စွန့်ရန် လိုက်ပါသွားပါရစေ”။

ရဟန်းများ… “မဟုတ်ဘူး ငါ့ရှင်၊ သင့်ကို ထည့်လိုက်လို့ မဖြစ်ဘူး။ တို့တွေအားလုံးသာ သေချင်သေသွားပါစေ။ သင့်ကို ထည့်လို့ မဖြစ်ပါဘူး”။

သာမဏေ… “ဘာ့ကြောင့်ပါလဲ ဘုရား”။

ရဟန်းများ… “ငါ့ရှင်၊ သင်ဟာ ငယ်သော်လည်း တရားစစ်သူကြီး အရှင်သာရိပုတ္တရာရဲ့ တပည့်တစ်ဦးဖြစ်တယ်။ ငါ့တပည့်လေးကို ခေါ်သွားပြီး၊ သူခိုးလက်ကို ၀ကွက်အပ်တယ်လို့ အပြောမခံပါရစေနဲ့။ ငါ့ရှင် အေးအေးနေပါ”။

သာမဏေ… “ဒါတွေ ရှိပါစေဘုရား။ မြတ်စွာဘုရားရှင်ဟာ တပည့်တော်ဆရာ့ထံ အရှင်ဘုရားများတို့ကို စေလွှတ်တာ၊ တပည့်တော်ဆရာကလည်း တပည့်တော်ကို ခေါ်သွားရန် မိန့်တော်မူတာဟာ ဒီကိစ္စကို မြင်တော်မူကြလို့သာ ဖြစ်ပါတယ်။ စဉ်းစားတော်မူကြပါ။ တပည့်တော် ခုပဲလိုက်သွားပါ့မယ်။ တပည့်တော်အပေါ်မှာ အပြစ်ကြီး အပြစ်ငယ်များ ရှိခဲ့လျှင်သာ သည်းခံခွင့်လွှတ်တော်မူကြပါဘုရား”။

သံကိစ္စသာမဏေသည် မတ်တတ်ရပ်ရှိခိုးရာမှ ထိုင်ချကာ ရဟန်းတော်များ အားလုံးအား ရိုသေစွာဦးချ၍ ခိုးသူကြီးများနှင့်အတူ လိုက်ပါသွား၏။ မည်သူကမျှ သူ့စကားကို ဟန့်တား၍ မရဘဲ၊ မျက်ရည်စက်လက်နှင်ကြည့်၍သာ ကျန်ရစ်ခဲ့ကြသည်။ သံဃာ့မထေရ်ကြီးကမူ ကြံရာမရ ခေါင်းငုံ့နေရာမှ ရုတ်တရက်ထကာ ကြိုးတုတ်ခေါ်ဆောင်သွားသော ခိုးသူကြီးနောက်သို့လိုက်၍ …. “ဒါယကာ၊ ဟိုရောက်လျှင် မီးဖို၍ တံကျင်လျှိုသတ်ရန် ဟန်ပြင်ခြောက်လှန့်ပြီး၊ ကိုရင်လေးကို ပြန်လွှတ်လိုက်ပါ။ သင်အလိုရှိတဲ့ကိစ္စ ဖြစ်ရပါစေ့မယ်” ဟု မေတ္တာရပ်ခံလိုက်ပါသေးသည်။ သို့သော် မရတော့ချေ။

ခိုးသူကြီးသည် မိမိတို့တောစခန်းသို့ ရောက်လျှင် ငယ်သားများအား မီးဖိုခိုင်းထား၏။ တံကျင်များကိုလည်း အသပ်ခိုင်းထား၏။ ယဇ်ပူဇော်ရန် အမျိုးမျိုး စီမံနေခိုက် သာမဏေအား မိမိအနီးတါင် ခေတ္တထိုင်နေစေသည်။ ခိုးသူကြီး၏ သန်လျက်နှင့် သာမဏေငယ်၏ မေတ္တာ၊ သာမဏေငယ်လည်း မည်သို့မျှ လွတ်မြောက်ရန် မကြီုးစား မကြံစည်တော့ဘဲ၊ အချိန်ရခိုက်လေးတွင် မိမိနှလုံးသွင်းမြဲ ‘မေတ္တာကမ္မဋ္ဌာန်း’ကိုသာ ပွါးများဝင်စားနေလိုက်၏။ ခိုးသူကြီးကိုလည်း ခြုံ၍ မေတ္တာပွါးများနေလိုက်၏။ “သတ္တ၀ါဟူသည် ကံသာလျှင် ကိုးကွယ်ရာရှိပေ၏။ အားလုံး ချမ်းသာကြပါစေ” ။

သာမဏေငယ်သည် မည်သူ့အပေါ်မျှ အပြစ်မတင်၊ ‘ကံစီရင်သလို ခံရတော့မည်’ ဆုံးဖြတ်ကာ ငြိမ်သက်စွာ မေတ္တာဈာန်ဝင်စားနေခိုက် ခိုးသူကြီးသည် သာမဏေငယ်၏ နောက်နားသို့ အသာတိုးသွားပြီး၊ သန်လျက်ကို အိမ်မှထုတ်လိုက်၏။ အသွားနှစ်ဘက် ထက်လှသော သန်လျက်ကို လက်နှင့် ကောင်းစွာဆပြီးနောက် အံကြိတ်လျက် သာမဏေငယ်၏ ကျောကုန်း၌ အားကုန်ထိုးသွင်းလိုက်လေ၏။ သို့ရာတွင် သာမဏေငယ်မှာ တုတ်တုတ်မျှ မလှုပ်။ မာကျောလှသော သန်လျက်သည်သာလျှင် အသွားချင်းထိမတတ် လိပ်ခွေ၍သွား၏။ ခိုးသူကြီးသည် သူထိုးပုံ ဟန်မကျ၍ ဖြစ်မည် အထင်ဖြင့် လိပ်ခွေသွားသော သန်လျက်သွားကို အားကုန်ရိုက်ဆောင့်ပြီး ဖြောင့်ကာ ပို၍ ခက်ထန်သော ဒေါသဖြင့် နောက်တစ်ချက် ဆင့်၍ ထိုးလိုက်၏။ သန်လျက်မှာ ထန်းရွက်ကဲ့သို့ ပျော့ခွေလိပ်ကာ အရိုးထိအောင် ကွေးကောက်သွားပြန်သည်။

ခိုးသူကြီးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်ရာမှ ချွေးသီးချွေးပေါက်များ ကျကာ အတန်ကြာ မှိုင်တွေချ၍ စဉ်းစားနေ၏။ သာမဏေငယ်ကား ခိုးသူကြီး လုပ်နေသည်ကို သိပုံမရချေ။ ‘ငါ၏သန်လျက်ကား ရှေးအခါက ကျောက်ဖျာဖြစ်စေ၊ ရှားသားနှစ်ပင်ဖြစ်စေ၊ ထိုးခုတ်လိုက်လျှင် သစ်ဥကဲ့သို့ရှိ၏။ ယခုမူ နှစ်ကြိမ်တိုင်တိုင် လိပ်၍ခွေသွား၏။ ဤငါ့သန်လျက်သည် စိတ်မရှိသော်လည်း ဤသာမဏေငယ်၏ ဂုဏ်ကျေးဇူးကို သိ၏။ ငါကား စိတ်ရှိသူ လူပင်ဖြစ်လျက် သာမဏေငယ်၏ ဂုဏ်ကျေးဇူးကို မသိ။ မိုက်မဲလှချေတကား’ ဟု စဉ်းစားကာ သန်လျက်ကို ချက်ချင်း လွှင့်ပစ်ကာ သာမဏေငယ်၏ ခြေရင်း၌ ၀ပ်စင်းရှိခိုးလျက်…

“အရှင့်သား၊ အကျွန်ုပ်တို့မှာ စီးပွါးဥစ္စာ အသပြာငွေ တည်းဟူသော အကြောင်းကြောင့် ဤတောအုပ်မှာ ကျင်လည်ကျက်စားနေခဲ့ပါတယ်။ ကျွန်ုပ်တို့ကို အသေးကမြင်လျှင် ထောင်နှင့်ချီပြီး အုပ်စုဖွဲ့ကာ လာကြသူများပင်လျှင် ကြောက်ရွံ့တုန်လှုပ်ကြရပါတယ်။ စကားတစ်ခွန်း နှစ်ခွန်းမျှပင် မပြောနိုင်ဘဲ၊ ကျက်သေ သေကြရတယ်။ သင့်မှာကား စိုးရိမ်စိတ်မျှပင် မပေါ်။ သင့်မျက်နှာမှာလည်း ဖိုဝမှာတင်သော ရွှေစင်၊ ရွှန်းရွှန်းပွင့်သော မဟာလှေကားပန်းလို လန်းဆန်းကြည်လင်လှပါဘိတယ်။ အကြောင်း ဘယ်လိုပါလဲ အရှင့်သား…..”။

 

သာမဏေငယ်သည် စင်စစ် အာသဝေါကုန်ပြီးသော ရဟန္တာဖြစ်၏။ သေခြင်းကိုလည်း မကြောင်းကြ၊ ရှင်ခြင်းကိုလည်း မတောင်းတ။ စိုးရိမ်သောက ကြောက်ရွံ့ခြင်းကင်းပုံကို ဟောပြတော်မူရာ ခိုးသား(၅၀၀)လုံး ထိုနေရာ၌ပင် သံဝေဂဖြစ်ကာ ရှင်သာမဏေ ပြုကြကုန်၏။

သံကိစ္စသာမဏေငယ်သည် ခိုးသား(၅၀၀)တို့ကို နောက်ပါခေါ်ဆောင်၍ (သီတင်းသုံးဖေါ်များ ကြောင်းကြ ပူပန်မှု ငြိမ်းစေရန်) တောရကျောင်း သံဃာတော်များထံ ဦးစွာ ၀င်၍ နှုတ်ဆက်ကန်တော့၏။ ထို့နောက် ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာနှင့် ဘုရားရှင်ထံသို့ သွားရောက် ကန်တော့သည်။

ဘုရားရှင်က…

“သာမဏေ သံကိစ္စ၊ သင့်မှာ တပည့်တပန်းတွေ (၅၀၀)တောင် ရလာပါပကောလား” ဟု မိန့်တော်မူကာ ခိုးသားများအားလည်း……

ယောစ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

“ချစ်သားတို့၊ သင်တို့တတွေ ခိုးဆိုးလုယက်ကာ သီလမရှိ၊ သမာဓိ မတည်ဘဲ၊ အသက်တစ်ရာ ရှင်နေရတာထက်၊ ယခုကဲ့သို့ သီလရှိပြီး၊ မေတ္တာဈာန်သမာဓိနှင့် တစ်ရက် အသက်ရှင်ရခြင်းက အလွန်ပင် အကျိုးများပေတယ်” ဟု ဟောကြားတော်မူရာ ခိုးသား(၅၀၀)လုံး ပဋိသမ္ဘိဒါလေးတန်နှင့်တကွ ရဟန္တာ ဖြစ်တော်မူလေ၏။

ဤတရားတော်၌ အကျင့်သီလနှင့် မေတ္တာဘာဝနာသည် ပဓါန လိုအပ်ကြောင်းဖြစ်၏။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

Views: 174

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service