ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အမျိုးမျိုးအဖုံဖုံရေးသားနေကြသော သင်္ကြန်အကြောင်းများ


             အမျိုးမျိုးအဖုံဖုံရေးသားနေကြသော သင်္ကြန်အကြောင်းများ

သင်္ကြန်(ရေသဘင်ပွဲ) ပါဠိ = သင်္ကန္တ =သက္ကတ=သင်္ကြန်တ
သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။

အိမ်နီးချင်းတို့ရဲ့ သူနည်းသူဟန် သူ့သင်္ကြန်
မြန်မာတို့ နှစ်စဉ် နှစ်သစ်ကူးပွဲတော်အဖြစ် ဆင်နွှဲလေ့ရှိတဲ့ သင်္ကြန်ပွဲတော်ဟာ သက္ကတ ဘာသာ စကား သင်္ကြန္တ ဆိုတဲ့ စကားကဆင်းသက် လာခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကူးပြောင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ကိုးကွယ် ယုံကြည်မှုအရ တူညီမှုရှိတဲ့ ဒေသ တွေမှာ လိုက်နာ ကျင့်သုံးကြတဲ့ ဓလေ့ထုံးစံတွေကလည်း တူညီလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံလိုပဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီ ကျင့်ကြံနေထိုင်ရာဒေသအချို့မှာ နှစ်သစ်ကူးကျင်းပပုံမှာ တူညီမှုရှိကြပါတယ်။
သက္ကတ ဘာသာစကားကနေ ဆင်းသက်လာ တဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေ အနေ ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှုရှိခဲ့တာကိုလည်း တွေ့ရပါ တယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိုင်လူမျိုး တို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတယ်။ ကျင့်သုံး လိုက်နာကြသူတွေရဲ့ နေထိုင်ရာ ပထ၀ီဝင်ဒေသ ကွဲပြားမှုအရ အခေါ် အဝေါ်ကွဲပြားမှုရှိသလို ကျင်းပပုံ ကျင်းပနည်း မှာလည်း အနည်းအများကွဲပြားမှုရှိကာ အမျိုးသား အသွင်အပြင် လက္ခဏာ တစ်ခုအဖြစ် ပြောင်းလဲမှု ရှိတန်သလောက်ရှိခဲ့ပါတယ်။


ကမ္ဘောဒီးယားတို့ရဲ့ ချိုချနမ်သမေး
ချိုချနမ်သမေးဆိုတာ ခမာဘာသာစကားအရ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အများအားဖြင့် မတ် ၁၃ ရက်မှာ စတင်ပါတယ်။ တစ်ခါတစ်လေ မတ် ၁၄ ရက်စတင်ပြီး ၃ ရက်ကြာကျင်းပပါတယ်။ နှစ်အရေ အတွက်ကိုတော့ သာသနာ သက္ကရာဇ်နဲ့ သတ်မှတ်ပါတယ်။ ဥပမာ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘောဒီးယား ပြက္ခဒိန်အရ ၂၅၅၃ (သာသနာ သက္ကရာဇ် Buddhist Era) ခု ဖြစ်ပါတယ်။
နှစ်သစ်ကူးနေ့မှာ လူအများက ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ဘုရားစင်မှာ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေထွန်းပြီး ပူဇော်ကြပါတယ်။ မိသားစုဝင်တွေဟာ ဆင်းတုတော်ရှေ့မှာ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြပါတယ်။ ကံကောင်းစေရန်အတွက် ရေနဲ့ မနက်ပိုင်းမှာ မျက်နှာ၊ နေ့လည်မှာ ရင်အုပ်၊ အိပ်ရာဝင်ခါနီးမှာ ခြေစတဲ့နေရာတွေကို ဆွတ်ဖြန်းကြပါတယ်။
ဒုတိယနေ့မှာ ဆင်းရဲသားတွေ၊ အိုးအိမ်မဲ့တွေ၊ ၀င်ငွေ နည်းသူတွေ၊ မိမိအမှုထမ်းတွေကို ပေးကမ်းစွန့်ကြဲပါတယ်။ ဘုရား ကျောင်းကန်သွားပြီး ဘိုးဘေးဘီဘင်တွေကို ပူဇော်ကန်တော့ ကြပါ တယ်။
တတိယနေ့မှာ ဗုဒ္ဓဆင်းတော်တွေကို ရေသပ္ပါယ်ပြီး အမွှေးနံ့သာတွေ ပက်ဖြန်းပေးပါတယ်။ ဘိုးဘွားမိဘတွေနဲ့ ကလေး တွေကိုလည်း ရေမိုးချိုးပြီးသန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက် ပေး ကြပါတယ်။ကျောင်းပရ၀ုဏ်တွေအတွင်းမှာ သဲပုံစေတီတွေ တည်တာ ဟာလည်း ခမာတို့ရဲ့ နှစ်သစ်ကူးအစဉ်အလာတစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဆံတော်နဲ့ မကိုဋ်တော် ကိန်းဝပ်စံပယ်နေတယ်လို့ အစဉ်အလာအရ ယုံကြည်ထားတဲ့ တာဝတိံသာနတ်ပြည်က စေတီတော်ကို ရည်မှန်းပြီး သဲပုံစေတီကြီးကို တည်ပါတယ်။ မြတ်စွာဘုရားရဲ့ မဟာသာဝက လေးပါးဖြစ်တဲ့ ရှင်သာရိပုတြာ၊ ရှင် မောဂ္ဂလန်၊ ရှင်အာနန္ဒာနဲ့ ရှင်မဟာကသပ တို့ကို ရည်စူးပြီး စေတီရံလေးဆူကိုတည် ပါတယ်။
နောက်အစဉ်အလာတစ်ခုကတော့ တစ်ဦးနဲ့တစ်ဦး ရေလောင်းတဲ့ ရေသဘင်ပွဲဖြစ်ပါတယ်။
ခမာတို့ဟာ နှစ်သစ်ကူးပွဲမှာ အထူးစားဖွယ်ခဲဖွယ်တို့ကို ပြင်ဆင် တတ်ပါတယ်။ ထူးခြားတာကတော့ ကြာလန်လို့ ခေါ်တဲ့ ကောက်ညှင်းကျည်တောက်လို စားစရာ ဖြစ်ပါ တယ်။ နောက်အစဉ်အလာ တစ်ခုက ကစားပွဲတွေကျင်းပတဲ့အစဉ်အလာဖြစ်ပြီး ကစားနည်းတွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည် နယ်ဖြစ်တဲ့ မဏိ ပူရက ကစား နည်း တွေနဲ့ တူပါ တယ်။ နှစ်သစ်ကူး ကာလတစ်ခုလုံး လမ်းဆုံ လမ်းခွ တွေမှာ ကစားပွဲ တွေ ကျင်းပပေးပါတယ်။
လာအိုရဲ့ ဘီးမိုင်
ဘီးမိုင် သို့မဟုတ် ဆွန်ကရန် လို့ခေါ်တဲ့ လာအို နှစ်သစ်ကူးပွဲတော်ကို ဧပြီ ၁၃ ရက်က နေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်နဲ့ သြစတြေးလျကို ရောက်နေကြတဲ့ လူမျိုး တွေကလည်း နှစ်သစ်ကူးပွဲကိုကျင်းပကြပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းကနေ စတင်ပြောင်းရွှေ့ရောက်ရှိစက လာအိုနှစ်သစ်ကူး ပွဲတော်ကို ဇန်န၀ါရီ ၁ ရက်မှာ ကျင်းပခဲ့ပေမယ့် အခြေချ နေထိုင် လာတဲ့အချိန်မှာတော့ ခမာနဲ့မွန်မြန်မာတို့ရဲ့ အစဉ်အလာ အတိုင်း လက်ခံကျင်းပခဲ့ပါတယ်။
ပွဲတော်ကျင်းပရက်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဖြစ်ပေမယ့် လွမ်ဘရာဘန်လို မြို့ကြီးတွေမှာတော့ ရက်သတ္တ တစ်ပတ်ကျော်ကြာမြင့်ပါတယ်။ နှစ်သစ်ကူးပထမရက်မှာ ကျေးရွာနဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ပါတယ်။ နှစ်သစ်ကူး ပွဲတော်အတွက် အမွှေးနံ့သာ၊ ရေချမ်း၊ ပန်းတို့ကို ဆက်ကပ်ပါတယ်။ ဒုတိယနေ့ကိုတော့ နှစ်ဟောင်းနှစ် သစ်ရဲ့ ကြားရက်အဖြစ် သတ်မှတ်ပါတယ်။ ပွဲတော်နောက်ဆုံးရက်ကို နှစ်ဆန်းတစ်ရက်အဖြစ် သတ်မှတ်ပါတယ်။
အစဉ်အလာအရ ဆင်းတုတော်တွေနဲ့ ဆရာတော် သံဃာ တော်တွေကို ရေသပ္ပာယ်ပေးပါ တယ်။ ပြီးတော့ မိတ်ဆွေသင်္ဂဟတွေ ဖြတ်သွားဖြတ်လာတွေကို ရေပက်ဖြန်းပါတယ်။ ကျောင်းသား သူငယ်တွေက ရှေးဦးစွာ လူကြီး သူမတွေကို ရိုသေစွာနဲ့ ရေးမိုးချိုးပြီး သန့်စင်ပေး ပါတယ်။ နောက်အသက်ရှည်ငြိမ်းချမ်းသာယာဖို့ ရည် စူးပြီး သံဃာတော်တွေကို ရေးမိုးချိုး သန့်စင် ပေးပါတယ်။

နောက်ဆုံးမှ အချင်းချင်းရေလောင်းပြီး ရေသဘင်ပွဲနွှဲကြပါတယ်။ ရေပက် ဖြန်းတဲ့အခါ ရေထဲမှာ အမွှေးနံသာရဖို့အတွက် ပန်းများ၊ ရေမွှေးများထည့်ပါတယ်။ ကာဘင်လာဖွန်ဘုရင်ကြီးရဲ့ သမီးတော် ခုနှစ်ပါးက ဂူကြီးထဲမှာ ဖခင်ကြီးရဲ့ ဦးခေါင်းတော်ကို ထားပြီး နှစ်စဉ် ပသရာကနေ ရေပက်ဖြန်းတဲ့အလေ့ ပေါ်လာတယ်လို့ အယူရှိ ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ခေါင်းလျှော်ရေ သို့ မဟုတ် ပေါင်ဒါမှုန့်တွေနဲ့ ပက်ဖြန်းတဲ့ အလေ့ပါ ထွန်းကား လာပါတယ်။
လာအိုနိုင်ငံမှာလည်း သဲပုံစေတီ တည်တဲ့ အစဉ်အလာ ရှိပါတယ်။ သဲပုံစေတီကို အမွှေးနံသာ၊ ပန်းမန်၊ တံခွန် ကုက္ကားတွေနဲ့ မွမ်းမံပြီး အမွှေးနံသာ ပက်ဖြန်းပါတယ်။ လာအိုတို့ရဲ့သဲပုံစေတီက သမီးတော်ခုနှစ်ပါးရဲ့ခမည်းတော်ကာ ဘင်လာဖွန်ဘုရင်ကြီးရဲ့ ဦးခေါင်းတော်ထားရှိရာ တောင်တော်ကို ရည်မှန်းပြီး တည်ထားတာ ဖြစ်ပါတယ်။
တိရစ္ဆာန် ဘေးမဲ့လွှတ်တဲ့ပွဲတော်နဲ့ နှစ်သစ်ကူးပန်းခူး ပွဲတော်ကလည်း ထင်ရှားတဲ့ ပွဲတော်တွေ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ နှစ်စဉ်နှစ်သစ်ကူးမယ်ရွေးပွဲကျင်းပပါတယ်။ နှစ်သစ်ကူးမယ်ရွေးပွဲကို ဒေသအသီးသီးမှာ ကျင်းပပါ တယ်။ ကာဘင်လာဖွန် ဘုရင် မင်းမြတ်ရဲ့ သမီးတော်ခုနှစ်ပါးကို ရည်စူးအလှမယ် ခုနှစ်ဦး ပြိုင်ပွဲဝင်ရပါတယ်။ လူကြီး လူငယ်အားလုံးဟာ ဘုန်းတော်ကြီး ကျောင်းကိုသွားပြီး ဥပုသ် သီးတင်းဆောက်တည်ကြပြီး ညနေပိုင်းမှာ ဖျော်ဖြေပွဲတွေကို ကြည့်ရှုကြပါတယ်။


ထိုင်း ဆွန်ကရန်
ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို လူကြီးသူမတွေနဲ့တွဲပြီး ကျင်းပလေ့ရှိတဲ့အတွက် ထိုင်းလူမျိုး တွေဟာ နှစ်သစ် ကူးပွဲတော် ကာလမှာ ဇာတိရပ်ရွာကိုပြန်တတ်ကြပါတယ်။ ပွဲတော်ကာလဟာ အစဉ်အလာအားဖြင့် ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။
နှစ်သစ်ကူးရက်ကို မူလက ဗေဒင်ကိန်းခန်း အရ တွက်ချက်ခဲ့ပေမဲ့ ယခုတော့ ပုံသေ သတ်မှတ် ထားပါတယ်။ပွဲတော်ရက်တွေဟာ ရက်သတ္တပတ် ပိတ်ရက်တွေနဲ့ကြုံရင် ပိတ်ရက်ထဲ ပါတဲ့ရက်တွေကို နောက်ရက်တွေမှာ ထည့် ပေါင်းကျင်းပပါတယ်။ တ ကယ်လို့ သင်္ကြန်ရက်ဟာ ရက် သတ္တပတ် ကြားရက်ဖြစ်ရင် ရှေ့ သီတင်းပတ် သောကြာ နေ့ ကနေ နောက် သီ တင်းပတ် တနင်္လာ နေ့ အထိ ကျင်းပပါတယ်။
ထိုင်းသင်္ကြန် အထင် ရှားဆုံး ကတော့ ရေသဘင် ပွဲဖြစ် ပါတယ်။ လူတွေဟာ လမ်းတကာ လှည့်ပြီး ရေစည်တွေ ရေ>ပတ်တွေနဲ့ ရေကစားကြ ပါတယ်။ ဒါမှမဟုတ် လမ်းဘေးမှာ မဏ္ဍပ် ထိုးပြီး လမ်းသွားလမ်းလာတွေကို ရေပိုက်တွေနဲ့ ရေပက်ပါတယ်။ သင်္ကြန်ရဲ့ တကယ့်အစဉ်အလာထုံးစံက မိသားစု ၀င်၊ မိတ်ဆွေ သင်္ဂဟ အိမ်နီးချင်းအပါအ၀င် လူကြီးသူမ တွေကို သွားရောက် ဂါရ၀ပြုတဲ့ပွဲ ဖြစ်ပါတယ်။
ရေကစားတာအပြင် ဘုရားကျောင်းကန်သွားပြီး သံဃာတော်တွေကို ဆွမ်းကပ်ပူဇော်တာ ကလည်း သင်္ကြန် ဓလေ့တစ်ခုဖြစ်ပါတယ်။ အိမ်ဦးခန်းဘုရားစင်က ဗုဒ္ဓဆင်းတော်တွေ၊ ဘုန်းတော်ကြီးကျောင်းက ဆင်းတုတော်တွေကို လည်း အမွှေးနံ့သာရေတို့နဲ့ ပူဇော်ပါတယ်။ ဒီလိုလုပ်ရင် နှစ်သစ်မှာ သာယာဝပြောမှုကိုရနိုင်တယ်လို့အယူရှိပါတယ်။ ချင်းမိုင်လို မြို့ကြီးတွေမှာတော့ ဗုဒ္ဓဆင်းတုတော်တွေကို တခမ်းတနား ဆင်ယင် ထား တဲ့ ယာဉ်တွေနဲ့ ပင့်ဆောင်လှည့် လည်ပြီး ရေသပ္ပါယ်ခံပါတယ်။ လူအများအပြားက လမ်းတွေပေါ် လှည့်လည် လာတဲ့ ဆင်းတု တော်တွေကို ရေပက် ဖြန်းပေးတာဟာ အစဉ်အလာတစ်ခု ဖြစ်ပါ တယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ဒီတစ်နှစ်အတွင်း ကျောင်းကို လာချိန် ခြေထောက်မှာကပ်ပါခဲ့တဲ့ သဲမှုန့်တွေကို အစားပြန်ပေး တဲ့အနေနဲ့ လူတိုင်းဟာ ဘုန်းတော်ကြီးကျောင်းကို သဲလက် တစ်ဆုပ်စီ သယ်ယူလာပါတယ်။ ဒီသဲတွေကိုစုပြီး သဲပုံစေတီတည်ပါတယ်။


တချို့ကတော့ အကုသိုလ်အမှုကိုရှောင်ကြည်ပြီး ကုသိုလ်မှုကို ပြုပါမယ်ဆိုတဲ့ နှစ်သစ်ကူး အဓိဋ္ဌာန်ပြုကြပါတယ်။ တစ်အိမ်လုံးကို ရှင်းလင်းသုတ်သင်ပေးပါတယ်။ ရေပက်ဖျန်းတာရဲ့ မူလရည်ရွယ်ချက်က လူတွေကိုအရိုအသေ ဂါရ၀ပြုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေကို ရေ သပ္ပါယ်တဲ့ရေကို ခံယူထားတယ်။ လူကြီးသူမတွေနဲ့ အိမ်ထောင်စု ၀င်တွေ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံပါစေဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့ ရဲ့ ပုခုံးကို ဒီရေစင်နဲ့ဖျန်းဆွတ်ပေးတာဖြစ်ပါတယ်။ လူငယ် လူရွယ် တွေကလည်း အပူဒဏ်ကိုသက်သာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီး သွားတွေကို ပက်ဖျန်းပေးတာဖြစ်ပါတယ်။ ကားတွေလှည့်ပြီး ကြမ်း ကြမ်းတမ်းတမ်းရေကစားတာက နောက်မှပေါ်လာတဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။
မူးယစ်သောက်စားလို့ မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အလွန်အကျွံပြုမူမှုတွေ၊ အနာတရဖြစ်မှုတွေကြောင့် သင်္ကြန်ရက် အတွင်း ကြမ်းကြမ်းတမ်း ပြုမူမှုတွေလျှော့ချဖို့ အစဉ်အလာ စောင့် ထိန်းသူတွေက တောင်းဆိုလာပါတယ်။သင်္ကြန်ကာလမှာ မယ်အလှ ပြပွဲတွေကို နေရာအနှံ့အပြား ကျင်းပကြပါတယ်။ မိန်းမပျိုကလေး တွေက အလှအပနဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသကြပြီး ပရိ သတ်က အဆုံးအဖြတ်ပေးပါတယ်။

ဒီမှာက ထိုင်းသင်္ကြန်ပွဲဗွီဒီယိုလေးပါ songkran ဆွန်ကရန် (ဆွန်ခန်) လို့ခေါ်ပါတယ် နှိပ်ပါ


ယူနန် ရေသဘင်ပွဲ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနာမှာ မှီတင်းနေထိုင် ကြတဲ့ ဒိုင်မျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူးပွဲတော်မှာ အရေးပါတဲ့ အခမ်း အနားတစ်ခုကတော့ ရေသဘင်ပွဲဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရေသဘင်ပွဲနဲ့တူညီပါတယ်။ ပွဲတော်ရက်အစမှာ အရိုအသေဂါရ၀ ပြုတဲ့ ပွဲတွေနဲ့စတင်ပြီး နောက်ဆုံးမှာ ရေသတင်ပွဲကို ဆင်နွှဲကြပါ တယ်။ ပွဲတော်ပထမရက်မှာ နှစ်ဟောင်းကို စွန့်ခွာတဲ့အနေနဲ့ နဂါးလှေပြိုင်ပွဲကို ကျင်းပပါတယ်။ ဒုတိယနေ့ကျင်းပ တဲ့ပွဲကတော့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ တတိယနေ့က ပွဲတော်ရဲ့ အထွတ် အထိပ်နေ့ဖြစ်ပြီး ရေသတင်ပွဲနွှဲတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒိုင် လူမျိုးတွေဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ဘုန်းတော်ကြီး ကျောင်းကိုသွားကြပါတယ်။ ကျောင်းမှာဘုန်းတော်ကြီးတွေက ပရိတ် တော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်ကြပါတယ်။ နောက်တော့ ဗုဒ္ဓရုပ် ပွားတော်ကို ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်းမှ ပင့်ဆောင်ပြီး မဏ္ဍပ်ကို ပင့်ဆောင်ပါတယ်။ အဲဒီမှာရုပ်ပွားတော်ကို ရေနဲ့ ပက်ဖျန်း ပါတယ်။ ဒီပွဲတော်ကို "ဗုဒ္ခဘုရားရှင်အား ရေသပ္ပာယ်ပွဲ" လို့ ခေါ်ပါ တယ်။ အခမ်းအနားပြီးဆုံးမှ အချင်းချင်း ရေပက်ဖျန်းကြပါတယ်။
ဒါပေမယ့် ရေပက်ကစားတာဟာ ပျော်ပွဲရွှင်ပွဲ သက်သက် မဟုတ်ပါဘူး။

ဒီပွဲဟာ ဂုဏ်ယူစရာပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒိုင် လူမျိုးတို့ အယူအဆအရ ရေဆိုတာ သန့်စင်မှုသဘောကို ဆောင်ပါ တယ်။ ချစ်ခင်စေတနာထားမှုသဘောကို ဆောင်ပါတယ်။ ဒါကြောင့် အတန်းအစားအစိမ်း အကျက်မရွေး တစ်ဦးဦးကို ရေသဘင်ပွဲတော် ကာလမှာ ရေနဲ့ပက်ဖျန်းတာက ကံကောင်းပါစေ၊ သာယာဝပြော ပါစေဆိုတဲ့သဘောကို ဆောင်ပါတယ်။ ယခုနှစ်မှာ ယူနန်ပြည်နယ် မှာ ပူပြင်းခြောက်သွေ့မှုနဲ့ ရင်ဆိုင်နေရပြီး ဒီမိုးခေါင်ရေရှားမှုဟာ ရာစုနှစ်အတွင်းမှာ အပူပြင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ပူပြင်းခြောက် သွေ့မှုကို သက်သာစေမဲ့ မိုးခေါ်ပွဲတွေနဲ့အတူ ရေသဘင်ပွဲတော် ကို ဒိုင်လူမျိုးတွေက အစဉ်အလာမပျက် ဆင်နွှဲမှာ ဖြစ်တယ်လို့ ပေကျင်းတိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။


ဘင်္ဂါလီနှစ်သစ်ကူး
ဘင်္ဂါလီပြက္ခဒိန်ရဲ့နှစ်သစ်ကူးနေ့ကို ဘင်္ဂလားဒေ့ရှ်နဲ့ အနောက် ဘင်္ဂေါနယ်မှာ ကျင်းပပါတယ်။ ပြီးတော့ အာသံနဲ့ ထရိုင်ပူရမှာရှိတဲ့ ဘင်္ဂါလီတို့ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ပွဲတော်ကျင်းပရက်ဟာ ဧပြီလ ၁၄ ရက်ကနေ ၁၅ ရက်အထိကျရောက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပြီး နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ မှာ ခမ်းခမ်းနားနား ကျင်းပပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံ ပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပါတယ်။
ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ကို ကိုလ်ကတ္တား၊ ဒါကာမြို့တို့မှာ ကျင်းပလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင် ပေါ်သားတို့ရဲ့ မြို့တော်ဖြစ်တဲ့ Rangamatiမှာ ကျင်းပပါတယ်။ ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ဟာ တောင်အိန္ဒိယ (ကေရာလ၊ တမီနာဒူး)၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယအရှေ့ ပိုင်း၊ အိန္ဒိယ (အာသံ၊ မဏိပူရ၊ သြရိဿ) နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ကျင်းပတဲ့ နှစ်သစ်ကူးသင်္ကြန်ရက်နဲ့ တိုက်ဆိုင်မှုရှိပါတယ်။

ဒါကိုတော့ဒီကယူလာတာပါ နှိပ်ပါ

မက္ကဆီကိုသင်္ကြန်
ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများ တွင်သာ နှစ်သစ်ကူးသော အခါ သမယတွင် အတာ ရေသဘင်ပွဲ ဆင်ယင်နွှဲ သကဲ့သို့ လက်တင် အမေရိကားနိုင်ငံ တခုဖြစ်သော မက္ကဆီကိုနိုင်ငံ တွင်လည်း အထက်ပါ နိုင်ငံများ ကဲ့သို့ ဘာသာရေး ပွဲတော် တခုတွင် ရေကစားသော ဓလေ့ဖြင့် ပျော်ရွှင် ဆင်နွှဲလေ့ ရှိကြောင်း သိရှိရသည်။
ရိုမန်ကက်သလစ် ဘာသာအား တနိုင်ငံလုံး၏ ၉၅ရာခိုင်နှုန်း သက်ဝင် ယုံကြည်သော မက္ကဆီကို နိုင်ငံတွင် ဘက်ပတစ် (နှစ်ခြင်း အသင်းတော်) ဘာသာတရား ကိုင်းရှိုင်းသူ လူနည်းစုတို့၏ ပွဲတော်တခု ဖြစ်သော သူတော်စင် စိန့်ဂျွန်းပွဲတော် (ဂျွန်လ ( ၂၄)ရက်နေ့) သည်၊ ယခင်က ကျော်ကြားသော ပွဲတော်အဖြစ် တလေးတစား အခမ်းအနားဖြင့် ကျင်းပခဲ့သော်လည်း ယခုအခါ တိမ်ကော ပပျောက်လု နီးပါး ပွဲတော်တခု အဖြစ် သိရှိရသည်။
မက္ကဆီကို နိုင်ငံ အနောက်တောင်ဖက် အခြမ်းရှိ ပွေဘလာ မြို့ကြီး အနီးမှ တလက်ကလာ ပြည်နယ်၊ Ixtenco မြို့တွင် ရိုးရာဓလေ့ အရ အထူးဆင်ယင် ကျင်းပသော ထိုပွဲတော်ကို ဂျွန်လ ၂၃ရက်နေ့ နံနက် အရုဏ်တက် ၂နာရီ ကတည်းကပင် လမ်းများပေါ်တွင် သစ်သီး အသီးအနှံ၊ ပန်းမာန်လ်၊ ကော်ဇောများ ခင်းကျင်းကာ ရိုးရာ တေးဂီတများဖြင့် တီးမှုတ် ဖျော်ဖြေနေကြပြီး မီးကျည်မီးပန်းများ ပစ်ဖေါက် ပျော်ပါးကြကာ သူတော်စင် စိန့်ဂျွန်းရုပ်ထု ဘုရားကျောင်းတွင်းမှ သယ်ဆောင်လာ၍ မြို့တွင်းသို့ လှည့်လည်သည့် အချိန်တွင် ထိုပွဲတော်အား စတင်သည်ဟု သိရှိရသည်။
ထိုပွဲတော်မှာ ကိုလိုနီစပိန် အငွေ့အသက် လွှမ်းမိုးပြီး မြေကမ္ဘာ နတ်သမီးအား ပူဇော်သော ရိုမန်ကက်သလစ် အစဉ်အလာမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ထိုသူတော်စဉ် စိန့်ဂျွန်းရုပ်ထုအား ဘီစီ ၃၀၀ - ၄၀၀ ရာစုနှစ် ပြင်သစ်ဗိသုကာ လက်ရာဟန်နွယ်သော မြို့လည်ရှိ ဘုရားကျောင်းတွင် ထားရှိသည်ဟု ဆိုသည်။
ယခုခေတ်တွင်မူ ယင်းပွဲတော်အား ထိုဒေသတွင်းရှိ မိသားစုများ ပြန်လည်ဆုံတွေ့သော အထိမ်းအမှတ် ပွဲတော်၊ ရယ်စရာများ၊ ပျော်ရွှင်ဖွယ်များ အတိခြုံလွှမ်းသည့် ပွဲတော် အဖြစ်သာ ကျင်းပ ဆင်ယင်နွှဲလျက် ရှိကာ ပူပြင်းလှသော မက္ကဆီကို ၏ နွေရာသီ ဂျွန်လ (၂၄)ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်သည်။
ထိုနေ့တွင် မြို့အနီးအနားရှိ စမ်းချောင်းများတွင် မိသားစုများ ပျော်ပါး စားသောက်ကာ ရေဆော့ ကစားကြခြင်း၊ ရေပူဗောင်းများဖြင့် ပေါက်ကစားခြင်း၊ ရေပုံးများဖြင့် လိုက်လံ ပက်ကစားကြခြင်း နှင့် လူငယ်များ သောက်စား မူးယစ်ကြသည်ဟု သိရှိရသည်၊ ထိုသို့ ရေဆော့ ကစားကြသည့် ဓလေ့မှာ လက်တင် အမေရိကားရှိ နိုင်ငံတခု အတွက်တော့ ထူးခြား လှပေသည်။

- လူထုအသံ အွန်လိုင်း ဂျာနယ်

ရွှေမန္တလေး က သင်္ကြန်အကြောင်း
တန်ခူးလတာ မြန်မာ ၁၂လ ရာသီခွင်မှာ အစကနဦးနှစ်ဦးရဲ့ ပထမလ။ ထန်းသီးတွေဆွတ်ခူးတဲ့ လ။ ထန်းခူးလလို့ ရှေးတုန်းက ဖွဲ့ဆိုခဲ့ ကြတယ်။ အင်းဝခေတ်ရောက်မှ တန်ခူးလလို့ ရေးခဲ့ ကြတယ်။ သုံးခဲ့ကြ တယ်။တန်ခူးလဟာ သာယာလှလို့ ရှေးစာဆိုတွေက အမျိုးမျိုးဖွဲ့သီရေး သားခဲ့ကြတယ်။ အင်းဝခေတ်စာဆို တော် မင်းဇေယျနန္ဒမိတ်က အတာ ရေသဘင်ကို ညွှန်းပြီး၊ပုရစ်ဖြာစီရတု မှာ’တန်ခူးရာသီ၊ တိုင်ခဲ့ပြီ၊ ဆန်းထူး ဝါနီ၊ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီတိုင်ခဲ့ ပြီ’လို့ ရေးစပ်ခဲ့တယ်။ ရတနာပုံခေတ် ရေသဘင်ပွဲ ကို ကုန်းဘောင်ဆက်မဟာရာဇဝင် တော်ကြီးမှာ ရေးဖွဲ့ထားတာက၊ သင်္ကြန်တော်အခါကြားတာနဲ့ တစ် ပြိုင်နက် ရွှေမြို့တော်ရှေ့မျက်နှာဦး ထိပ် တံခါးတော်ကစပြီး တစ်ဆယ့် နှစ်ရပ် တံခါးတော်အကုန်အမြောက် သံ သုံးချက်စီပေးရပြီး၊ အခါသုံးရက် အတွင်း အစဉ်ထုံးစံအတိုင်း ရေပက် ဖျန်းစေတယ်။

- အချိန်အခါဟာ နံနက်၊ ညနေ အချိန်မှာ ရေကြည်ရေအေး၊ အမွှေး ထုံရည်များနဲ့သာ ပက်ဖျန်းရမယ့် အကြောင်း၊ မြို့တွင်းမြို့ပြင် မောင်း ကြေးနင်းခတ်စေပါတယ်။ မင်းနှစ်ပါး နံတော်သင့်တဲ့ မဟာမုနိဘုရား၊ လေသာမာရဇိန် ဘုရားမှာ ဆွမ်းတော်အဖွယ်အစုံ ကပ်လှူပူဇော်ပြီး၊ ရွှေနန်းတော်ပေါ် မှာ မြို့စား၊ ရွာစား၊ အပျိုတော်တို့နဲ့ လက်သုံးတော် လက်ဖက်ရည်တော် တို့ကို အမိန့်တော်နဲ့အတူ တစ်ဦးနဲ့ တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ရေသွန်းလောင်းကစားကြတယ်လို့ ဆိုပါတယ်။ခရစ်နှစ် ၁၈၈၅ခုနှစ်ကစပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှာ မြန်မာဘုရင်မိသားစုပါတော်မူတာနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ဆုံးရှုံးခဲ့ရ တယ်။

- မြန်မာ့ယဉ်ကျေးမှု အဆောက် အအုံတွေလည်း ထီးသုဉ်း၊ နန်းသုဉ်း ကွယ် ပျောက်ခဲ့ရတယ်။သီပေါဘုရင် နဲ့အတူပါတော်မူသွားရတဲ့စုဖုရားလတ် ဟာ မြန်မာနှစ်သစ်ကူးတဲ့ အခုလို အတာသင်္ကြန်ရောက်ပြီဆိုရင် ကျန် ရစ်ခဲ့တဲ့ ရတနာပုံနေပြည်တော်က မြန်မာပြည်သူတွေကို အလွမ်းစာ ရေးပို့ပေးဖူးတယ်။စုဖုရားလတ်ရဲ့ အလွမ်းစာကို မန္တလေးမြို့ကျုံးအနောက်ဘက်က မန္တလေး စာကြည့် တိုက်နဲ့ ပြတိုက်မှာ ရှိပါတယ်။ ဒါကိုကြည့်တာနဲ့ပဲ ကျွန်တော်တို့ရဲ့ ရွှေမန္တလေးရတနာပုံ မြို့တော်ကြီးရဲ့ မြန်မာ့သင်္ကြန်ပွဲကြီး ဟာ အဲဒီအချိန်ကပဲ ကြီးကျယ်ခဲ့ တယ်။ ယဉ်ကျေးသိမ်မွေ့ပြီး ယဉ် ကျေးမှုကို အခြေခံခဲ့တယ်ဆိုတာ ပေါ်လွင်နေပြီဖြစ်ပါတယ်။ကဲဒါတွေကို ဘာလို့ပေရှည် အောင် ရေးနေရလဲဆိုတာ စာဖတ် ရင်း ရှင်းသွားမှာပါ။ မန္တလေးသင်္ကြန် ဟာ ကျုံးဘေးပတ်လည်က ရေပက် ခံမဏ္ဍပ်တွေဆီကို ပုံစံဒီဇိုင်းအမျိုး မျိုးနဲ့ရောက်လာကြတော့မှာ။

- ဒါကြောင့် ကျွန်တော်အားမနာ စွာနဲ့ပဲ ဆက်ရေး၊ ဆက်ပြောပါ့မယ်။ ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ က အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။

- အတာသင်္ကြန်အခါတွင် ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။

- ဤသို့ဆို လျှင် ထိုမကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် မကောင်းသောကြည့်ခြင်းဖြင့် ပျက် စီးသေကျေအောင် ကြည့်ရှုသော ဟူ၏။ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။ သင်္ကြန်စာထဲမှာလည်း သင်္ကြန်အခါ ရှောင်ကြဉ်စရာတွေ တွေ့ရမှာဖြစ်ပါ တယ်။

-
''တကယ်တော့ သင်္ကြန်ဆိုတာ နှစ်တစ်နှစ် ကူးပြောင်းသွားတဲ့ ကာလ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဟောင်း အညစ်အကြေးတွေ၊ အကုသိုလ်အပြစ်တွေကို အတာရေအေးနဲ့ဆေးတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ လူငယ်တွေ အပျော်ဘက်ကနေ ကုသိုလ်ရေးကိုကူး လာတဲ့အတွက် ကောင်းတယ်လို့ပြောရ မှာပါ။ သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတဲ့ ဓလေ့မှန် စရိုက်မှန်ကိုတော့ ရှင်သန်စေချင်ပါတယ်''
'' ဒီနှစ်သင်္ကြန်မှာတော့ အပျော်တွေလျော့ပြီး ကုသိုလ်ရေးတွေကို ပိုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ပြီး တော့ နှစ်ဆန်းတစ်ရက်နေ့မှာ သက် ကြီးရွယ်အိုတွေကိုခေါင်းလျော်တာတို့၊ လက်သည်းခြေသည်းညှပ်ပေးတာတွေ ၊ သတ္တဝါတွေကိုဘေးမဲ့လွှတ်ပေးတာတွေ လုပ်ပြီးကုသိုလ်ယူဖို့လည်း စိတ်ကူးထားပါတယ်။ ရိပ်သာမှာတရားစခန်းဝင်ဖို့ လည်းရှိပါတယ်''ဟု လူငယ်တစ်ဦးက ဆိုသည်။

သီရိလင်္ကာသင်္ကြန်
သီရိလင်္ကာနိုင်ငံ၏ ဓလေ့ သင်္ကြန်နေ့သည် အတုယူစရာကောင်းလှ၏၊ သင်္ကြန်ဟူသော ဝေါဟာရသည် ‘ကူးပြောင်းခြင်း’ ဟူသော အဓိပ္ပါယ်ကိုရ၏။ ကူးပြောင်းခြင်းဟူသည် ဤ၌ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းကိုဆိုလိုပါသည်။ ထိုကြောင့် New Year Day ဟုခေါ်ကြသည်။ နှစ်သစ်ကူးပြောင်းသောနေ့ဟု ဆိုလိုသည်။ မြန်မာ့အခေါ်အဝေါ်အရ နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်၏။ နှစ်သစ်ကူးပြောင်းသောနေ့သည် မြန်မာနှင့်သီရိလင်္ကာ အတူတူပင်ဖြစ်သည်။ တချို့သောနိုင်ငံများလည်း တူညီကြောင်း ကြားသိရသည်။ မည်သည့်နိုင်ငံများတူညီကြသည်ကိုကား မိမိအတိအကျ မသိရသေးပါ။

-
သီရိလင်္ကာနိုင်ငံ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တစ်ရက်အလိုနေ့၌ အ၀တ်ဖြူများဝတ်ကြ၍ ဘုန်းကြီးကျောင်းများသို့ ဥပုသ်စောင့်သွားကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌လည်း ဥပုသ်စောင့်ကြသည်။ ဤ၌ ဥပုသ်စောင့်ကြပုံကို အနည်းငယ်တင်ပြလိုပါသည်။ သီရိလင်္ကာ၌ ဘာသာရေးနှင့် ပတ်သက်သော အမှုကိစ္စမှန်သမျှ အ၀တ်ဖြူကိုသာ ၀တ်ဆင်ကြသည်။ တခြား မည်သည့်အရောင်မျှ မ၀တ်ကြပါ။ သူတို့သည် အ၀တ်ဖြူများဝတ်၍ လာကြပြီးလျှင် ဥပုသ်ဆောင် (ဓမ္မသာလာ) ၌ ဆိတ်ငြိမ်စွာ တရားရှုမှတ်ပြီးနေကြပါသည်။

- နံနက် (၈)နာရီခန့်အချိန်၌ ဆရာတော်က ရှစ်ပါးသီလ ပေး၍ တစ်နာရီမျှ တရားဟောပါသည်။ တရားဟောပြီးသောအခါ တရားရှုမှတ်ခိုင်းပါသည်။ နေ့လည်(၁၁)နာရီ အချိန် ထမင်းကျွေးပါသည်။ ထမင်းစား ပြီးသည်နှင့်တပြိုင်နက် ဥပုသ်သည်များထဲမှ စွမ်းနိုင်သောပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် တရားဟောခြင်း၊ တရားဆွေးနွေးခြင်း၊ ဘာသာရေးနှင့်ပတ်သက်သော အမေးအဖြေများပြုလုပ်ခြင်းများကို နေ့လည် (၄)နာရီထိလုပ်ကြပါသည်။

- ဤ၌ ‘သူတို့တနေကုန်ထိုင်နိုင်ရဲ့လား ညောင်းညာကိုက်ခဲလို့ တရားအပေါ် အာရုံပြုနိုင်ရဲ့လား’ ဟု မေးဖွယ်ရှိသည်။ သူတို့ကား တရားနာသောအချိန်၌ ရပ်၊ သွား၊ ထိုင်၊ အိပ်၊ မည်သို့သောဣရိယာပုထ် ဖြင့်မဆို နေနိုင်ပါသည်။ မြန်မာပြည်၌ ကဲ့သို့ ကြုံ့ကြုံ့လေး မလှုပ်မယှက် ထိုင်နေရသည်မဟုတ်၊ လွတ်လပ်စွာ နေချင်သလိုနေ၍ တရားကိုနာကြားနိုင်ပါသည်။ တရားဟောသော လူ၊ ဘုန်းကြီး၊ အရှေ့သို့ ခြေဆင်းပြီး ထိုင်နေကြသည်မှာ မြန်မာမျက်စိဖြင့်တော့ လုံးဝ မသင့်တော်လှ။ သူတို့ဓလေ့ကား ပြဿနာမရှိ ထိုင်ချင်သလိုထိုင် အပြစ်မရှိပါ။
ညနေ(၄)နာရီအချိန်တွင် ဘုန်းကြီးက တရားဟောပါသည်။ တရားဟောပြီးသည်နှင့် တပြိုင်နက် တရားထိုင်ရပါသည်။ ညနေ(၆)နာရီခန့်အချိန်တွင် လူပုဂ္ဂိုလ်များထဲမှ စွမ်းနိုင်သူက တရားဟောပြန်ပါသည်။ ထိုပုဂ္ဂိုလ်တရားဟောပြီးနောက် ပရိတ်ကြီးပါဠိတော်များ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ် စသော ပါဠိများနှင့် ဘုရားကို ရွတ်ဖတ်ပူဇော်ကြပါသည်။ ည(၁၀)နာရီမှ စ၍ မိမိစွမ်းနိုင်သလို တရားမှတ်ခြင်း၊ ဗုဒ္ဓစာပေဖတ်ခြင်း၊ ကျက်မှတ်ခြင်း များကို မည်သည့်အချိန်ထိ ပြုလုပ်ကြသည်ကို မိမိမသိပါ။ ည(၂)နာရီ မိမိတရေးနိုး၍ ထကြည့်သောအခါ တချို့တရားထိုင်နေကြတာကို မြင်ရသေး၏။ သူတို့သည် ဥပုသ်ကာလအတွင်း ကွမ်းစားခြင်းမပြုပါ။ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး အရက်ကိုးကား ဥပုသ်စောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာများ အခါခပ်သိမ်း လုံးဝ မသောက်ကြပါ။ တချို့ ခိုးသောက်တာ ရှိသည်ဟု ဆို၏။ မိမိမတွေ့ဖူးပါ။ ဘာသာခြားများသည် အရက်၊ ဆေးလိပ်ကို သောက်သုံးသူ အလွန်ရှားပါလှ၏။ ဤကား သူတို့ဥပုသ်နှင့် ပတ်သက်သော အတုယူစရာ ဓလေ့တည်း။
သီရိလင်္ကာ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တရက်အလိုတွင် ဥပုသ်စောင့်ခြင်း၊ ရပ်ကွက်အတွင်း လူကြီးများ ဆရာများ၊ မိဘများအား ကန်တော့ခြင်း အမှုကို မြန်မာနိုင်ငံ သီတင်းကျွတ်လ ကန်တော့ကြသလို ပြုလုပ်ကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်စောင့်ခြင်း၊ ခေါင်းလျှော်ခြင်း မင်္ဂလာကို ပြုလုပ်ကြပါသည်။ ဤ၌ ခေါင်းလျှော်မင်္ဂလာကို အနည်းငယ်တင်ပြပါအုံးမည်။ နံနက်အချိန်၌ ဒကာတချို့ ကျောင်းသို့ရောက်လာကြပြီး မဏ္ဍပ်ထိုးခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း အမှုကိုကြိုတင်ပြုလုပ်ကြပါသည်။ သူတို့ ယူလာကြသော တမာရွက်၊ ကွမ်းရွက်နှင့် တခြားမည်သည့်အရွက်မှန်း မိမိ မသိသော အရွက်များကို ရောပြီး ဆုံဖြင့်ထောင်းကာ သတ္ထုရည်များညှစ်ယူ၍ စတီးအိုးကြီးဖြင့် ထည့်ထားကြ၏။ နေ့လည်အချိန်၌ ကျောင်းသို့ လူကြီးလူငယ် ရှိသမျှအားလုံး နီးစပ်ရာကျောင်းသို့ သွားရောက်ကြ၏။ လူစုံလောက်သောအချိန်၌ ဘုရားရှေ့တွင် ပရိတ်သတ်များ မတ်တပ်ရပ်လျှက် လက်အုပ်ချီကာ ငြိမ်သက်စွာနေကြ၏။ ပရိတ်သတ်ရှေ့တွင် သူတို့ထောင်းထားသော တမာရွက်စသော သတ္ထုရည်အိုးနှင့် အုန်းဆီအိုးကို ခင်းကျင်းတည်ထား၍ အနုပညာသမားများသည် တူရိယာများဖြင့် တီးမှုတ်ကြကာ ကျောင်းသူ ကျောင်းသားများက ဓမ္မတေးဖြင့် ဖျော်ဖြေကြပြီး ဂုဏ်တော်ဘွဲ့တေးဖြင့် ဗုဒ္ဓကို ချီးကျူးပူဇော်ကြ၏။
သူတို့ပူဇော်ပြီး မင်္ဂလာချိန်ရောက်သောအခါ လက်အုပ်ချီ၍ ရပ်နေကြသော ပရိတ်သတ်ရှေ့တွင် ဘုန်းကြီးများက မတ်တပ်ရပ်လျှက် ငါးပါးသီလ ဆောက်တည်စေ၏။ ထို့နောက် ပရိတ်များရွတ်ဖတ်ကြ၏။ ပရိတ်ရွတ်ဖတ်ပြီးသောအခါ ဘုန်းကြီးများ တစ်ပါးစီ နှစ်သစ်ကူးဆုတောင်းမှုကို ပြုကြ၏။ သူတို့ တစ်ပါးပြီး တစ်ပါး အလှည့်ကျ ဆုတောင်းရင်း စာရေးသူအလှည့်သို့ရောက်လာ၍ လောကု(ကျောင်းထိုင်) က မိမိအား မိုက်ခရိုဖုန်း ထိုးပေးရာ အကြောင်းမသိ၍ ကြိုတင်စီစဉ်မှုမရှိ သီဟိုဠ်စကားမရသော မိမိအဖို့ အခက်ကြုံရ၏။ ပရိသတ်ရှေ့ မိုက်ကြီးကိုင်ပြီး ဘာပြောရမည်ကို မသိသဖြင့် စိတ်ထဲပေါ်လာသော စည်တော်ကြီးကိုရွတ်ဆိုလိုက်၏။
“အောင်မြန်မာ…..အောင်ဂါထာ….အောင်ရာနိမိတ်ကယ်…ထွန်းပေလို့ဗျာ….။ အောင်ရပ်ကယ် သာသလေး…..အောင်ရာဘိမယွင်း…ရိုင်းပင်းကာ ကူညီပေး..တယ်...ကဗျာဆရာ..ဆွေသုဝဏ်ပါဗျာ..သွင်းဆိုသည့်စာ……” ဟု ရွတ်ဆိုလိုက်ရာ သူတို့နားမလည်ကြသော်လည်း အလွန်နားထောင်၍ကောင်းကြောင်း အခမ်းအနားအပြီး၌ လာရောက်လျှောက်ထားကြ၏။
သံဃာများ အသီးအသီး နှစ်သစ်ကူးဆုတောင်းကြပြီးသောအခါ ပရိသတ်များတန်းစီ၍ ဘုန်းကြီးရှိရာသို့လာကြ၏။ ထိုပရိသတ်ကို ဘုန်းကြီးများက ခေါင်းဆေးမင်္ဂလာပြုလုပ်ပေး၏။ တမာရွက်စသည်ဖြင့် ပြုလုပ်ထားသော သတ္ထုရည်နှင့် အုန်းဆီကို လက်ဖြင့်စိမ်ယူကာ သူတို့ခေါင်းကို ပွတ်ပေးခြင်းဖြစ်၏။ ထိုခေါင်းဆေးမင်္ဂလာပြုပြီးသောအခါ ဘုရားများ၊ ဗောဓိပင်များ၌ှဆီမီးပူဇော်ခြင်း၊ ပန်းပူဇော်ခြင်း၊ ကွမ်းရွက်ပူဇော်ခြင်းများကို အထူးတလည်ပြုလုပ်ကြပါသည်။ ထိုနေ့၌ တနေကုန် (သူတို့ အခေါ် လက်ကီးဒိုင်း) ဗြောက်ဖောက်ခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းများကို ပြုလုပ်ကြပါသည်။ အထူးအားဖြင့် နှစ်သစ်ကူးပြောင်းချိန်၌ တနိုင်ငံလုံး ဆူညံပွက် ဘ၀ဂ်ညံအောင် နားကွဲမတတ် ဗြောက်ဖောက်ကြသည်။ ကောင်းကင်တပြင်လုံး မီးရှူးမီးပန်းများဖြင့် လင်းဖြာလျှက်ရှိနေသည်မှာ အံ့မခန်း ရှုမြင်ရပါသည်။ ဤကား 2008 ခု ကုလားကျောင်း၌ မိမိ၏ မြင်ကွင်းတည်း။
ဒီနှစ် (2009) ၌ လည်း မကုဋမြန်မာကျောင်း၌ မြန်မာရဟန်းတော်များ မြန်မာမှုမြန်မာ့ ဟန်ဖြင့် နှစ်သစ်ကူးပွဲ ပြုလုပ်ကြပါသည်။ မုန့်လုံးရေပေါ်နှင့် ဗူးသီးကြော်များ ပြုလုပ်ကျွေးမွေး စားသောက်ကြခြင်း၊ ကံစမ်းမဲဖောက်ခြင်းတို့ကို နံနက်အချိန်၌ ပြုလုပ်ကြပါသည်။ ကံစမ်းမဲ၌ ပေါက်မဲအနည်းငယ်သာ ထည့်နိုင်သော်လည်း ဟာသ မဲများပါဝင်သဖြင့် အလွန်ပျော်ရွှင်စရာကောင်းလှပါသည်။ ဟာသမဲ၌ “ပြည်တန် ပတ္တမြားလုံး အရွယ် ချိုချဉ်ပါဘုရား၊ ကုလားမကိုကဲချင်တော့ ပေါက်မဲနှင့်လွဲမှာပေါ့၊ ဂုဏ်တော်ပုတီးစိပ်လိုက်ပါအုံး” စသည်ဖြင့် ဟာသမဲကိုဖတ်လိုက်တိုင်း တသောသောရယ်မောကြရ၏။ မဲအစီအစဉ်အပြီး တစ်ဦးနှင့် တစ်ဦး ရေလောင်းကြ အိုးမဲဖြင့်သုတ်ကြ နောက်ကြ ပြောင်ကြနှင့် အလွန်ပျော်စရာကောင်းလှ၏။ တစ်နှစ်တာ ညောင်းညာခဲ့သမျှ တနေ့တာ ပက်ဖြန်းသော သင်္ကြန်ရေဖြင့် မောပန်းမူးဝေ ညောင်းညာကိုက်ခဲ အကုန်ပျောက်သွားရသည်ဟုထင်မိ၏။

တမူထူးခြား၍ အတုယူဖွယ်လည်းကောင်းလှပေ၏ ရိုးရာဓလေ့တို့ အပြင် ဘာသာတရားကိုင်းရှိုင်းမှု မှာ အထင်ကရ ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်သော မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ခံယူချက်များ လုပ်ကိုင် ပြုမူ ပြောဆိုနေကြသော အကျင့်စာရိတ္တများ သာသနာကိုအကျိုးပြုနေကြပုံများထက် အလွန်ပင်သာလွန်နေကြပေသည် ဟု လေ့လာမိပါသည်

သင်္ကြန်ပုံပြင်
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစားပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူးအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်းမည်ဟု သတ်မှတ်ကြပါသည်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသရေ(ခွေးသားရေ) မှာ ရေးပါသည်။ ယခင်က ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။
ဗေဒင်ကျမ်းများအရ
လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်ကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။
ဗေဒင်ကျမ်းများတွင်သင်္ကြန်အခါသိကြားမင်းဆင်းသည်ဟုလုံးဝမရေးထားပါ။
သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်ုးလည်းဆိုကြပါသည် ဤသည်မှာ ဗြဟ္မဏဝါဒ လို့ပြောလျှင်ရပါသည်။


ပွဲတော်ဖြစ်လာပုံ
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ဒုလ္လဘရဟန်းဝတ်ကြခြင်း ၊ ကုသိုလ်ရေးအတွက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပက်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
မြန်မာ့သင်္ကြန်ကတော့ (အများစုကို ကြည့်ပြီး ခြုံငုံသုံးသပ်ရရင်) အကုသိုလ်တွေ မိုးမွှန်အောင်လုပ်တဲ့ ပွဲကြီးအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာနေတယ်။ အထူးသဖြင့် သင်္ကြန်ဆိုရင် အရက်သေစာ သောက်စားပွဲကြီး၊ လူငယ်လူကြီး (မျာပွေ ပွဲကြီး)လို့ ဆိုရတော့မယ့်ကိန်း ဆိုက်နေပြီဖြစ်လို့ ချစ်စရာ ယဉ်ကျေးမှုတွေ မပျက်သုဉ်းခင် တစ်ခုခု လုပ်သင့်နေတာတော့ အမှန်ပါပဲ။

အထက်ပါအကြောင်းအရာကိုတော့ဒီနေရာကယူလာတာပါ နှိပ်ပါ

တချို့ကလည်း မြန်မာ့ရိုးရာသင်္ကြန်ကို ဟိန္ဒူဘာသာမှစတင်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားတချို့လက်ကိုင်ပြုဖော်ပြနေကြတာတွေ့ရပါတယ် ဒီလင့်ကို နှိပ်ပြီးကြည့်နိုင်ပါတယ် နှိပ်ပါ

ဒီနေရာမှာတော့ သရုပ်ပျက်နေတဲ့မြန်မာ့သင်္ကြန်ကိုဒီလိုဝေဖန်ပါတယ် နှိပ်ပါ

“နွေဦးကျက်သရေ ...”

ထိန့်လိုက်တဲ့ အိုးစည်
ပီကလည်း ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော
အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း ...။

ဤကဗျာစာပိုဒ်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ဘေးမဲ့နွားလွှတ်ပွဲ တခုအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာဇော်ဂျီ၏ “တခုသော သင်္ကြန်အခါ” ကဗျာထဲမှ ဖြစ်သည်။





ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။



တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။ ကဗျာများကူးယူခဲ့ရာနေရာနှိပ်ပါ

ဇော်ဂျီ

အထက်ပါအကြောင်းအရာစာပေများအားလုံးသည် ကူးယူဖော်ပြခြင်းများသာဖြစ်ပါသည် အနည်းငယ်မျှသာကိုယ်တိုင်ဖြည့်စွက်ရေးသားခဲ့ပါသည်။ ကူးယူခဲ့သောလင့်များအား ဖြည့်သွင်းဖော်ပြထားပါသည်။

thuwunnaoscar

Views: 154

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service