ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ကံကောင်း ထောက်မချိန်”



“ကံကောင်း ထောက်မချိန်”

သုံးလတာ ကြာမြင့်တဲ့ ပြည်ပခရီးမှာ အကြောင်းအား လျော်စွာ တရားပွဲ ကလေးတွေ ဟောပြော ခဲ့ရသလို အထူး သဖြင့်တော့ ဓမ္မစကြာ သင်တန်းနဲ့ ပဋ္ဌာန်း သင်တန်း များကို တတ်နိုင် သမျှ ဟောပြခဲ့ ရပါတယ်။

ပြည်ပ ရောက်ပြီး မကြာခင်မှာပဲ ပြုလုပ်တဲ့ အော်ရီဂန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း ပဋ္ဌာန်း သင်တန်းက အွန်လိုင်းကနေ ဒါရိုက် လွှင့်ပေး ရာကနေ တခြားဒေသမှာ ရှိကြတဲ့ မြန်မာများပါ နာကြား ခွင့်ရကြလို့ သူ့ဒေသ ကိုယ့်ဒေသ တွေမှာလဲ အလားတူ သင်တန်းတွေ ဖြစ်အောင် စီစဉ်ကြတဲ့ အတွက် ဒီတစ်ခေါက်မှာ ဓမ္မသင်တန်းတွေရော ရောက်ခဲ့ရတဲ့ ဒေသတွေရော ပိုပြီး ကျယ်ပြန့် ခဲ့တယ်လို့ ဆိုရမှာပါပဲ။





ပေးခဲ့ရတဲ့သင်တန်းတွေထဲမှာ အော်ရီဂန်ပြည်၊ ပေါတလန်မြို့၊ သီရိမင်္ဂလာကျောင်းနဲ့ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊မေတ္တာနန္ဒဝိဟာရမှာ ပြုလုပ်တဲ့ သင်တန်းတွေကတော့ ဆရာဒကာတွေလဲ ညီညွတ်တက်ကြွကြသလို သင်တန်းသား တွေကလဲ၊ အရွယ်စုံ၊ အလွှာစုံ၊ ပညာစုံဆိုသလို ပါဝင်ကြပြီး အမေးအမြန်းလဲ ထူကြတဲ့အတွက် အတော်လေး စိုပြေပါတယ်။

နေ့စဉ်နေ့စဉ် သင်တန်းကို တစ်နာရီပေးပြီး ကြားမှာကုသိုလ်ရှင်များရဲ့ မြန်မာရိုးရာ အာဟာရ ဒါနများကို သုံးဆောင် အနားယူကြပါတယ်၊ ပြီးရင်မေးလိုရာ မေးဖို့တစ်နာရီဆိုပြီး အချိန်ပေးထားတဲ့ အတွက် မေးလျှောက်ဖြေကြားရတဲ့ အစီအစဉ်ကလဲ ပိုပြီးစိတ်ဝင်စားမှု ရှိသလို ပိုပြီးလဲ တက်ကြွ လာကြသလိုရှိပါတယ်။

ပရိသတ်ကို “ကိုယ်သိလိုတာ ကိုယ်မေးခွင့်” ပြုတဲ့ အစီအစဉ်ဟာ၊ ဒီနေ့လူအများစုမှာ ဘာတွေ အခက်အခဲရှိပြီး ဘာတွေသိချင်ရှိနေကြတယ်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာ ကြိုတင် သိခွင့်ရတာကလဲ ဓမ္မသင်တန်းပေးသူများအတွက် အလွန် အထောက် အကူဖြစ်ပြီး ကျေးဇူးများပါတယ်။

ဟုတ်ပါတယ်၊ မြတ်စွာဘုရားရှင်ကတော့ ဝေနေယျတို့ရဲ့အလိုအဇ္ဈာသယကို ကိုယ်တော်တိုင် သိရှိပြီးတော့မှ “အနာနဲ့ဆေး ကိုက်အောင်ပေး” ဆိုသလို ကွက်တိ ဟောကြားခဲ့တာဆိုတော့ တရားပွဲတိုင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်ခဲ့ဘူး၊ ဒေသနာအဆုံးမှာ သရဏဂုံတည်မှုကစလို့ မဂ်ဖိုလ်နိဗ္ဗာန် ရသည်အထိ အကျိုးကျေးဇူး များသွားကြကြောင်း ပိဋကတ်တော် တွေမှာပါပါတယ်။

မိမိတို့လို ပုထုဇဉ်သာဝက များအနေနဲ့က အနာကိုလဲ မခန့်မှန်းနိုင် ဆေးကလဲ ဘုရားရှင်ဖေါ်ပေးခဲ့တဲ့ဆေးကိုယူပြီးမှ

ကိုယ်တိုင်တောင် တကယ်တမ်း ထိထိရောက်ရောက် စားသုံးပြီးလို့ အနာရောဂါ ကင်းစဉ်နေသူများ မဟုတ်ကြလေတော့ တရားဟော တရားပြ လုပ်နေရတာတွေက တစ်ခါတစ်လေ ပါရာစီတစ်မော့ ဆေးတစ်မျိုးနဲ့(၉၆)ပါး အကုန် လိုက်ကု နေရသလို ဖြစ်နေပါတယ်၊

တစ်ခါတစ်လေများဆို အနာနဲ့ဆေး မကိုက်ညီရုံမျှမကဘူး ဆေးကြောင့်ပိုလေးသလို ပြဿနာမျိုးတွေလည်း ကြုံရဖူးပါတယ်၊ ဒီလိုအခြေအနေမျိုးတွေမှာ တစ်ဖက်ကစောဒကတက် မေးမြန်းလာပြီဆိုရင်လဲ ကိုယ်က ဘုရားဖေါ်ပေးတဲ့ဆေးကိုသာ ဘုရားရှင်ရဲ့ဂုဏ်သတင်း အရှိန်အဝါနဲ့ အာဘောင်အာရင်းသန်သန် ဟောပြော နေရတာ၊ သူ့ရောဂါလည်း ကိုယ်မသိ၊ ကိုယ့်ဆေးမှာပါတဲ့ ဆေးမယ်တွေရဲ့ ရသဝိပါကဂုဏ်သတ္တိလို့ခေါ်တဲ့၊ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလဲ သိမထားလေတော့ တရားပွဲအချို့မှာ ဆရာဒကာ ငြင်းခုန်ပွဲနဲ့ အဆုံးသတ်သွားရတာမျိုးလဲ ကြားရဖူးပါတယ်။

အခုလိုမေးမြန်းခွင့် ပြုတဲ့အခါမှာတော့ ဆရာက ရောဂါကို အထူးရှာဖွေနေစရာ မလိုတော့ဘူး၊ ဝေဒနာရှင် (patient)က သူ့ရောဂါသူဖွင့်ပြပြီး မေးတာဖြစ်လို့ ဘုရားဟော ပိဋကတ်တွေထဲက ဆိုင်ရာဆေးနည်း အဆိုအမိန့်များကို ကိုးကား ဖြေဆိုလိုက်ရတော့ အနာနဲ့ဆေး ကိုက်သလိုလိုလေးတော့ ဖြစ်သွားတယ်လို့ဆိုရမယ် ထင်ပါတယ်။ တစ်ခေါက် တစ်လေတော့ ဆေးနဲ့တွေ့လေ အနာတိုးလေ ဆိုသလိုပဲ နဲနဲသိလာခါမှ ပိုပြီးသိလိုစိတ်တွေ၊ ပိုပြီးမရှင်း မလင်းဖြစ်တာ မျိုးတွေလဲရှိတော့ ရှိတတ်ပါတယ်၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မေးကြဖြေကြတာဖြစ်လို့ ဆရာဒကာပိုပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဖြစ်စေတဲ့အတွက် တရားနဲ့ တရားနာသူ တို့ကိုလဲ ပိုပြီးထဲဝင် ရင်းနှီးစေတယ်လို့ ခံစားရပါတယ်။

မိမိကတော့ မေးခွန်းတွေ ဖြေခါနီးတိုင်း ဇာတ်မင်းသားကြီး ဦးအောင်မောင်းရဲ့စကားလေးကို ရယ်စရာအဖြစ်နဲ့ ပြောပြလေ့ရှိပါတယ်၊ ဇာတ်မင်းသားကြီး ဦးအောင်မောင်းက “ငါနဲ့တွဲရတဲ့ ဆိုင်းသမားတွေ ထဲမှာတော့ ဘမောင်ကြီးနဲ့ တွဲရတာ အဆင်အပြေဆုံးပဲ”တဲ့ “ဘာပြုလို့လဲ ဆရာ”လို့မေးတဲ့အခါမှာတော့ “အေး သူကလည်း တီးချင်ရာတီးတာပဲကွ၊ ငါကလည်း ဆိုချင်ရာဆို လိုက်တာပဲ၊ နောက်ဆုံး “ပလုံဂျိ” ဆိုတဲ့ အခါမှာတော့ အဆိုရော အတီးရောက ချက်ကိုတည့်လို့ပဲ”လို့ ပြောပါသတဲ့၊ အခုလဲ အဲဒီလို သဘောထားပြီး မေးကြဖြေကြတာပေါ့လို့ ပြောဖြစ်ပါတယ်။

ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်း ပဋ္ဌာန်းသင်တန်းမှာ ဖြေခဲ့တဲ့အထဲက နာမည်နဲ့လိုက်အောင် ထက်ထက်၊ စွာစွာ ခေါင်းမာမာ သင်တန်းသူ အမျိုးသမီးငယ် တစ်ဦးရဲ့မေးခွန်းနဲ့ ဖြေခဲ့ပုံကလေးကို အရင်ဆုံးပြောပြချင်ပါတယ်။

မေးခွန်းရှင်ရဲ့ အမေးကတော့ “ဘုန်းဘုန်းဘုရား ဗုဒ္ဓဘာသာ တရားတော်အရ ကောင်းတဲ့ ကုသိုလ်ကံတွေက ကောင်းကျိုး ပေးတယ်၊ မကောင်းတဲ့ အကုသိုလ်ကံတွေက မကောင်းကျိုး ပေးတယ်လို့ ယုံကြည်လက်ခံကြပါတယ်၊ လူတိုင်းလူတိုင်းမှာလဲ သံသရာတစ်လျောက်လုံးမှာ ပြုထားခဲ့တဲ့ ကုသိုလ်ကံတွေရော အကုသိုလ်ကံတွေရော ရှိနေကြတယ်လို့ သိရပါတယ်၊ အခု ဘဝအကျိုးပေး နေတာတွေကျတော့ အချို့နိုင်ငံတွေမှာ အကုသိုလ်ကံရဲ့ အကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေသာ များနေပြီး ကုသိုလ်ကံရဲ့ အကျိုးတွေက အတော်နည်းနေပါတယ်၊ ဥပမာ - အီသီယိုးပီးယားတို့လိုနိုင်ငံတွေမျိုးပေါ့။

ဒါနဲ့ပတ်သက်လို့ ဒီလူတွေမှာကော အတိတ်ကပြုခဲ့တဲ့ ကုသိုလ်ကံတွေမရှိဘူးလားလို့မေးကြည့်တဲ့အခါ၊ လူကြီးသူမတွေ ကရော ဆရာတော်များကပါ သုဂတိလူဘုံမှာ ရောက်လာသူမှန်သမျှ ကုသိုလ် မျိုးစေ့ကိုယ်စီ အနည်းနဲ့အများ ဆိုသလို ပါကြတာ ချည်းပဲလို့ ဖြေကြပါတယ်။

ဒါဖြင့် အဲဒီလူတွေရဲ့ကုသိုလ်ကံကောင်းတွေက ဘယ်အခါကျမှ အကျိုးပေးမှာလဲလို့ မေးကြည့်တော့ “အကြောင်းအပေါင်း စုံမှ” လို့ ဖြေကြပြန်ပါတယ်၊ အကြောင်းအပေါင်းက ဘယ်တော့ စုံမှာလဲလို့ မေးပြန်တော့ “လှံ ထမ်းလာတာသာ မြင်နိုင်တယ်၊ ကံထမ်းလာတာ မမြင်နိုင်ဘူး”တဲ့၊ ဒါကြောင့် သူတို့အတွက် ကံကောင်း ထောက်မချိန်ကို မသိနိုင်ဘူး လို့ဖြေကြပါတယ်။

မြတ်စွာဘုရား ရှင်တော်မြတ်က အလုံးစုံကို သိတော်မူခဲ့တာဖြစ်လို့ သတ္တဝါတွေ သိသင့် သိထိုက်သမျှကိုလဲ ပြည့်ပြည့်စုံစုံ ဟောတော်မူခဲ့ တယ်လို့လဲ ကြားနာရဖူးပါတယ်၊ ဒီလိုဆိုရင် လူတွေရဲ့ ကံကောင်း ထောက်မချိန်ကိုရော မြတ်စွာဘုရား ဟောတော်မမူခဲ့ဘူးလား၊ အဲဒါရှိရင် ဖြေကြားပေးပါဘုရား”တဲ့။

ဒီကလေးမက၊ မေးခွန်းကို စာနဲ့အသေအချာ ရေးလာပြီး ဖတ်မေးတာပါ၊ သူမေးခွန်းအဆုံးမှာတော့ “ဒီမေးခွန်းကို အပြည့်အစုံ ဖြေရရင်တော့ တရားတစ်ပွဲစာ လောက်ကိုရှည်သွားမယ်၊ အခြားသူတွေအတွက် မေးဖို့အချိန် မကျန်လောက်တော့ဘူး” လို့ မိမိကပြောတဲ့အခါ၊ အားလုံးကပဲ “အို မကျန်ချင်နေပါစေ၊ ဒီမေးခွန်းက အားလုံးသိဖို့ လိုအပ်တဲ့ မေးခွန်းပဲ၊ အပြည့်အစုံသာ ဖြေပါဘုရား” လို့ ထပ်မံတောင်းဆိုကြပါတယ်။

လူတွေရဲ့ ကံကောင်း ထောက်မချိန်ကို မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တာ ရှိပါတယ်၊ အထောက်အထား ကျမ်းကိုးကိုအရင်ပြောရမယ်ဆိုရင်တော့ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ စက္ကသုတ်ဖြစ်ပါတယ်။

ကျေးဇူးပြုပြီးတော့ မေတ္တာရပ်ပါရစေ၊ လိုရင်းကို မရောက်နိုင်ဘူး ကြားပေါက် စကားတွေ များလွန်းတယ်လို့တော့ မထင်ပါနဲ့၊ ဒီနေရာမှာ ဆရာသမားများရဲ့ အမျော်အမြင်ကြီးမှုနဲ့ ကျေးဇူးကြီးမှုကို သတိရမိလို့ကြားဖြတ်ပြောလိုက်ပါဦးမယ်။

ဒီစက္ကသုတ်ဆိုတာ “လူတွေရဲ့ ကံကောင်းထောက်မချိန်”လို့ အမည်တပ်ပြီး ဟောတော်မူတဲ့သုတ်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့်အဓိပ္ပါယ်အရ အဲဒီသဘော သက်ရောက်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ မိမိတို့ ဒေးဒရဲ ကွင်းကျောင်းတိုက်မှာ နိကာယ်ငါးရပ် သင်တန်းတက်ရောက် သင်ကြားစဉ်က ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တဥဇ္ဇောတိကနဲ့ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ဘုရားကြီးတို့ရဲ့ ဩဝါဒကလေးကိုပြေးပြီး သတိရမိပါတယ်။

ဆရာတော်ကြီးများက “ဘုရားဟော နိကာယ်ပါဠိတော်တွေကို သင်ယူတဲ့အခါ အသံကပြော အနက်အဓိပ္ပါယ်လောက် တင်ရပ်မနေကြဘဲ၊ ဟောတော်မူတဲ့ ဘုရားရှင်ရဲ့ဆိုလိုရင်း အာဘော်ကို သဘောပေါက်အောင် အဋ္ဌကထာစတဲ့ ဖွင့်ဆိုချက် တွေကိုလဲ လေ့လာရမယ်၊ ကိုယ်တိုင် ခံယူနိုင်စွမ်း ရှိလောက်အောင် နည်းဥပမာ နေတ္တိစတဲ့ စာလေ့လာနည်းတွေကိုလဲ ရိပ်မိစားမိရှိစေရမယ်၊

ဆရာကြီး အရှင်အာဒိစ္စဝံသ ပြောသလို ပြောရမယ်ဆိုရင်တော့ လူဆိုတာ ရိပ်စားတတ်ရတယ်၊ ရိပ်မစားဘဲ ဒီအတိုင်း အပင်လိုက် ကိုက်စားလို့ကတော့ နွားမြက်စားသလို မကျေနိုင် မညက်နိုင်ကြီး ဖြစ်နေတတ်တယ်”လို့ ပြောခဲ့သဗျာ။

အခုအရှင်တို့လဲ ပါဠိတော်တွေကို ဘာဝတ္ထဆိုက်အောင် မလေ့လာဘဲ အသံçအနက်လောက်နဲ့ စာတတ်ကြီးထင်ပြီး ကျင့်ကြံ ဟောပြောနေရင်တော့ ဘုန်းကြီးလူထွက် တရားသူကြီးလိုဖြစ်နေမယ်တဲ့”၊ အဲဒါဘယ်လိုတုန်းဆိုတော့ -

ဘုန်းကြီးလူထွက် တစ်ယောက်က တရားသူကြီး လုပ်ချင်တော့ ဥပဒေပုဒ်မတွေကို တစ်လုံးမကျန် အာဂုံနှုတ်တက် ကျက်ပြီး စာမေးပွဲဖြေတာ အောင်ရောတဲ့၊ ဥပဒေဘွဲ့ရတော့ သူ့ကိုတရားသူကြီး အဖြစ်ခန့်လိုက်ပါရော။

မိန်းမချင်းရန်တွေ့တဲ့ အမှုတစ်ခုမှာ သူ့ရုံးတော်ကို တရားလိုအမျိုးသမီးက “ ဟိုအမျိုးသမီးက သူ့ဆံပင်ကိုဆွဲပြီးနားရွက် ကို တံတွေးနဲ့ ဆွတ်ပါတယ်၊ အဲဒါသူကမခံချင်လို့ ဆံပင်ဆွဲတဲ့လက်ကို ဖမ်းပြီးလိမ်ချိုးတဲ့အခါ သူက ကျမမျက်နှာကို တံတွေးနဲ့ ထွေးပါတယ်၊ အဲဒါကြောင့် ကျမကလဲ သူ့ပါးကို ပြန်ရိုက်ပါတယ်၊ အဲဒါ ဘယ်သူ့မှာ အပြစ်ရှိသလဲ ဆုံးဖြတ်ပေးပါ”လို့ဦးတိုက်လျှောက်ထား ပါသတဲ့။

တရားသူကြီးက သူကျက်ထားတဲ့ ဥပဒေပုဒ်မတွေကို အခေါက်ခေါက်အခါခါ ပြန်ရွတ်ကြည့်ပြီးတော့မှ “ငါကျက်မှတ်ထားတဲ့ ဥပဒေတွေထဲမှာ ဆံပင်ဆွဲပြီး နားရွက်ကို တံတွေးနဲ့ ထွေးတယ်ဆိုတဲ့ အခုနင်ပြောတဲ့ အချက်တွေမပါဘူး၊ ဒါကြောင့် ဒီအမှုဟာ ဥပဒေနဲ့ အကျုံးမဝင်တဲ့အတွက် ရုံးတော်က ပလပ်လိုက်တယ်”လို့ ဆုံးဖြတ်လိုက်သတဲ့၊ အဲသလို မဖြစ်အောင် စာကိုအဓိပ္ပါယ်ဆိုက်တဲ့ အထိ လေ့လာသင်ယူကြပါလို့ ဆုံးမတော် မူကြပါတယ်။

အခုပြောမယ့် စက္ကသုတ်မှာလဲ နားရွက်ကို တံတွေးနဲ့ဆွတ်တယ်ဆိုတာမျိုးလို မေးခွန်းရှင်မေးတဲ့အတိုင်း တိုက်ရိုက်ကြီး

ညွှန်ပြမထားပေမယ့် ဒီသဘော သက်ရောက်တဲ့ အဖြေတစ်ခုလို့တော့ ပြောနိုင်ပါလိမ့်မယ်၊ ဟောတော်မူတဲ့ အကြောင်း အရာကတော့ --

လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးçရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစတဲ့ လောကရေးရာမှာဖြစ်စေ၊ မဂ်ရဖိုလ်ပေါက် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ ဓမ္မရေးရာမှာဖြစ်စေ၊ အလွယ်တကူ ပြည့်စုံပြီးမြောက်နိုင်တဲ့အတွက်ကြောင့် “စက်”လို့ ခေါ်ဆိုထိုက်တဲ့ တရားလေးပါးရှိပါတယ်၊ အဲဒီလေးပါးဆိုတာ -

၁။ သင့်လျော်တဲ့ အရပ်ဒေသမှာနေရခြင်း၊

၂။ ရှေးကကြိုတင်ပြုဖူးတဲ့ကောင်းမှု အထူးရှိခြင်း၊

၃။ ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်း၊ သူတော်ကောင်းကိုအမှီရခြင်း၊

၎။ မိမိကိုယ်စိတ်နှစ်ပါးကို ကောင်းစွာတည်ဆောက်ထားနိုင်ခြင်းတဲ့ ...

ဒီထဲမှာ နံပါတ်(၃)က ကံကောင်းခြင်းဆိုတာပါတယ်၊ အဲဒီကံကောင်းခြင်းတွေဟာ ဘယ်အခါမှာဖြစ်နိုင် သလဲဆိုတာ ကတော့ ကျန်တဲ့အကြောင်း (၃)ပါး တို့နဲ့ပြည့်စုံအောင် ထောက်မနိုင်တဲ့ အခါမှသာ ဖြစ်နိုင်မယ်လို့ အကျဉ်းချုပ် သဘော ပေါက်ရပါလိမ့်မယ်။

ဒီအကြောင်းတရား လေးပါးတည်းမှာ “ကြိုတင်ပြုဖူးတဲ့ ကောင်းမှုအထူးရှိခြင်းဟာ ပမာဏလိုရင်းဖြစ်တယ်၊ ဒီကောင်းမှုအထူးက သင့်လျော်တဲ့ အရပ်ဒေသ ရောက်အောင်ပို့ပေးတယ်၊ သူတော်ကောင်း အမှီရအောင်စီမံပေးတယ်၊ မိမိကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ တည်ဆောက်နိုင်သူ ဖြစ်အောင်ပြုလုပ်ပေးတယ်” လို့ စတုက္က အင်္ဂုတ္တရနဲ့ ဒီဃနိကာယ် သိင်္ဂီတိသုတ် အဋ္ဌကထာတို့မှာ မိန့်ဆိုပါတယ်၊ (ဒီအဆိုအရဆိုရင် လူမှာဗီဇက ပမာဏ လိုရင်းဖြစ်တယ်လို့ ဆိုလိုရာ ကျပါတယ်)။

ဒါနဲ့ပတ်သက်လို့ ပရိတ်ကြီး နိဿယသစ်ကျမ်းပြု သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်မြတ်ကြီးရဲ့ သုံးသပ်ချက်ကတော့ - ဆိုခဲ့ပြီးသော အချက်များမှာ တကယ် ပါရမီပြည့်စုံပြီးသော ပစ္ဆိမဘဝိကတို့ အတွက်သာ လုံလောက်ရာ၏၊ သာမန်ကောင်းမှုရှင် (ပါရမီရှင်)များ၌ကား စိတ်မချရသေး၊ ရှင်ဒေဝဒတ်သည် (သင့်လျော်တဲ့အရပ်) ပတိရူပ၌လည်းဖြစ်ရ၊ တကယ့်သပ္ပုရိသ ဘုရားရှင် ကိုလည်းမှီရ၏၊ ရှေးကောင်းမှုလည်းရှိခဲ့သည်သာ၊ သို့သော် မိမိကိုယ်စိတ် နှစ်ပါးကို ကောင်းအောင် တည်ဆောက်နိုင်မှု(အတ္တသမ္မာပဏိဓိ)ပျက်ကာ အကျိုးမဲ့ဆုံးရှုံးခဲ့ရရှာ၏။ အဇာတသတ်လည်း ကောင်းမှုရှင်(ပါရမီရှင်) တစ်ဦးပင်၊ ဖခင်သောတာပန် သူတော်ကောင်း (ဗိမ္ဗိသာရမင်းကြီး) ကိုမှီရပါလျက် ရှင်ဒေဝဒတ်နှင့် အပေါင်းမှာကာ အတ္တသမ္မာပဏိဓိပျက်ခဲ့ ၍ နစ်နာရရှာသည်၊

ဤအချက်များကား ပုထုဇ္ဇနဂတိ၏ စိတ်မချရသည့်အဖြစ်ကို ဖေါ်ပြလျက်ရှိရာ စိတ်ချရသော အရိယာဘူမိသို့ ရောက်ရေးအလေးပေးကာ ကြိုးစားသင့်ကြောင်းသတိပေး လျက်ရှိပေသည်”တဲ့ (ပရိတ်ကြီးနိဿယသစ်- ၁၂၅)။ (ဒီသုံးသပ်ချက်အရ ပစ္ဆိမဘဝိကသား စစ်စစ်တို့မှာ ဗီဇကပမာဏလိုရင်းဖြစ်ပြီး သာမန်ကုသိုလ်ရှင် ပါရမီရှင်၊ ပုထုဇဉ်များမှာ ပတ်ဝန်းကျင်က ပမာဏလိုရင်းဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ဒီလက်သဲကွင်းထဲက စကားရပ်တွေကတော့ မနေ့ညနေက ဒကာကြီးတစ်ယောက် မေးသွားတဲ့ လူမှာ ဗီဇနဲ့ပတ်ဝန်းကျင် ဘယ်ဟာက အဓိကကျသလဲဆိုတဲ့ အမေး အတွက်ဖြစ်ပါတယ်)။

ဆရာတော်ကြီးရဲ့သုံးသပ်ချက်အရ ဆိုလိုရင်းကတော့ လူတို့ရဲ့ ကံကောင်း ထောက်မချိန်ဟာ ကံမျိုးစေ့တွေကို ပေါက်ရောက်ကြီးထွားခွင့် ရအောင်ပြုလုပ် နိုင်စွမ်းရှိတဲ့ လူစွမ်းလူစတွေကို လိုအပ်တဲ့ အရည်အချင်းပြည့်မီအောင် တည်ဆောက် ထားရှိပြီးဖြစ်တဲ့အချိန်လို့ ပြောချင်ပါတယ်။

ဒီလိုဆိုရင် ကိုယ့်ကို ကိုယ်လူစွမ်းလူစ အရည်အချင်း ပြည့်ဝအောင် တည်ဆောက်ထားရှိရေးဟာ လောက ဓမ္မနှစ်ဝလုံးအောင်မြင် ပြည့်ဝရေး အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ် ဆိုတာ သဘောပေါက်လောက်ပါပြီ။

အရေးကြီးတာ ကိုယ့်ကိုကိုယ်ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံအောင်တည်ဆောက်ကြမလဲ ဆိုတဲ့အချက်ပါပဲ။

ဒါနဲ့ပတ်သက်လို့ မာန်လည် ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာမှာ ဖော်ပြတဲ့ “ကံကောင်းထောက်မချိန်” အကြောင်း လင်္ကာပိုဒ်ကို လေ့လာကြည့်ရင်ပိုပြီး သဘော ပေါက်လောက်မယ် ထင်ပါတယ်၊ အဲဒါကိုနည်းနည်း လေ့လာကြည့်ရအောင်ပါ။

ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ် အပိုဒ်- ၂၄၅ မှာ -

“ကံဟူမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း”တဲ့။ ကံသာပဓာနလို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဟောခဲ့တာဟာ အရင်းမူလ အခြေခံ အနေနဲ့သာ ဟောပြတာပါ။ “အရင်းသာ”ဆိုတာ

စိုက်ပျိုးရေးသမားအနေနဲ့ဆိုရင် “မျိုးစေ့”သဘော၊ အရောင်းအဝယ် သမားအနေနဲ့ ဆိုရင်တော့ “အရင်းအနှီး” သဘောမျှသာဖြစ်ပါတယ်။ စီးပွားချမ်းသာ တိုးတတ်ချမ်းသာဖို့ အသက်ရှည်ရာ အနာမဲ့ရေး ဆိုတဲ့လောကစည်းစိမ်နဲ့ ပြည့်စုံဖို့ ဆိုရင်ဉာဏ်ဝီရိယ ပယောဂတို့နဲ့ အကောင်းအထည် ဖေါ်ပေးရမယ်လို့ ဆိုလိုပါတယ်။

ဟုတ်ပါတယ် ဘယ်မျိုးစေ့မှ သူချည်းထားလို့ ပေါက်ရောက်သီးပွင့်နိုင်စွမ်းမရှိသလို ဘယ်အရင်းအနှီးမှလဲ ဉာဏ်လုလ္လ ပယောဂတို့နဲ့ အကောင်အထည်ဖေါ် ကြိုးစားခြင်းမပြုဘဲ အစို့အတက်ထွက်သလို တိုးပွားလာနိုင်စွမ်း မရှိဘူးဆိုတာ အားလုံးသဘော ပေါက်ကြပြီးဖြစ်မှာပါ။

ဒီနေရာမှာ ဉာဏ်ဆိုတာ ဘာလဲဆိုတာလည်းအားလုံး သဘောပေါက်ကြမယ်ထင်ပါတယ်၊ ကိုယ်လုပ်ကိုင်မည့် အလုပ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရည်အချင်း ပြည့်မီအောင် သင်ယူလေ့လာထားတဲ့ အသိပညာ အတတ်ပညာ များကစလို့ အခြေအနေအချိန်အခါ၊ ကာလဒေသ စသည်တို့ကို ဝေဖန်ရှုမျှော် သုံးသပ်နိုင်စွမ်းများကို ဆိုလိုတာပါပဲ။ ဒါကို ဆရာတော်ကြီးက -

“ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊

ကြမ္မာအကြောင်း၊ မရိုးကောင်းဟု၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏” လို့မိန့်ပါတယ်။

မီးဆိုတာ ပူတတ် လောင်တတ် တယ်ဆိုတာလောက်မှ အသိမရှိဘဲ မီးပုံထဲခုန်ဆင်းပြီး မီးလောင်တော့မှ “ကံဆိုးလို့ဖြစ်တာ”လို့ မပြောသင့်ဘူး၊ ကျားရှိတဲ့တောထဲကို အကာအကွယ်မဲ့ အရဲကူးသွားပြီး ကျားကိုက် ခံရတာမျိုးကိုလဲ ကံကိုလှည့်မချပါနဲ့လို့ ဆိုလိုတာပါ၊ မီးလောင်မှုမျိုး ကျားကိုက် ခံရမှုမျိုးဟာ ကံဆိုးလို့မဟုတ်ပါဘူး၊ အဲဒါဉာဏ် ဆိုး(ညံ့)လို့ဖြစ်ရတာပါ။

အထင်ရှားဆုံး သာဓကတစ်ခု အနေနဲ့ မန္တလေးမြို့ရဲ့ အသည်းနှလုံးကို ပြာကျသွားစေခဲ့တဲ့ မီးလောင်မှုကြီး တစ်ခုအကြောင်း စဉ်းစားကြည့်ရင် သဘောပေါက်နိုင်ပါတယ်။

ရာသီဥတုပူပြင်းလှတဲ့အချိန်မှာ ခရီးဝေးကိုမောင်းနှင်ပြီးပြန်ရောက်စ ကားကြီးတစ်စီး ကားဆိပ်ရောက်တဲ့အခါ လက်ကျန် ဓာတ်ဆီ ဘယ်လောက်ရှိသေးလဲ ဆိုတာသိဖို့အတွက် ညအမှောင်ထဲမှာ ဆီတိုင်ကီကို ဖွင့်ပြီးတုတ်နဲ့ ထောက်တိုင်းတယ်၊ ပြီးတော့ တုတ်မှာရှိတဲ့ အမှတ်ကိုမြင်ရအောင် ဂတ်စ်မီးခြစ်နဲ့ ခြစ်ပြီးကြည့်သတဲ့၊ ဒီအပူချိန်မှာ ဒီလောက်ခရီးဝေး မောင်းနှင်လာတဲ့ ကားရဲ့ဓာတ်ဆီတွေပူပြီး ဂတ်စ်တွေပျံ့နေမယ်ဆိုတာ မစဉ်းစားတတ်ဘဲ မီးခြစ် ခြစ်လိုက်တာ တစ်ခါတည်း တိုင်ကီထဲပါ ဝင်တောက် ပေါက်ကွဲရာက အဲဒီစပါယ်ယာလဲ ပွဲချင်းပြီးသွားသလို မန္တလေးမြို့ကြီးရဲ့ အသည်းနှလုံးရော ကလီစာတွေရောလဲ ပြာကျသွားတော့တာပဲ။

အဲဒီမှာ လုလ္လနဲ့ ပယောဂ ဘာကွာခြားသလဲ ဆိုတာကိုလဲ ထင်ရှားတွေ့နိုင်တယ်၊ ခရီးရောက်မဆိုက် နားတောင်မနားဘဲ ဆီတိုင်ကီကို ဖွင့်ပြီး တိုင်တယ်ဆိုတာက လုလ္လတော့မှန်တယ်၊ ဒီအချိန်မှာ ဆီတိုင်ကီကိုဖွင့်ပြီး မီးခြစ်နဲ့ မကြည့်သင့်ဘဲကြည့်တာကျတော့ လုပ်ကိုင်မှု မမှန်ကန်တဲ့အတွက် ပယောဂချွတ်ယွင်းတာ၊ လုလ္လတော့ လုလ္လပဲ၊ ဉာဏ်နဲ့ယှဉ်မှ အဲဒီလုလ္လဟာမှန်ကန်တဲ့ ပယောဂဖြစ်တယ်၊

ဉာဏ်နဲ့မယှဉ်ရင် ပယောဂပျက်တယ်လို့ခေါ်တယ်၊ မြန်မာစကားမှာ “မိုးလွန်မှထွန်ချ”တို့ “သူခိုးပြေးမှ ထိုးကွင်းထ”တို့ ဆိုတာတွေလဲ လုလ္လဖြစ်ပေမယ့် ပယောဂမမှန်တဲ့ သဘောကိုပြနေတာပဲ။

ဒါနဲ့ပတ်သက်လို့ ဆရာတော်ကြီးရဲ့လင်္ကာမှာ ---

“လုလ္လမထူ၊ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊

ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာ ဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုလ္လ၊ ရှိအပ်စွာ့တည်း”လို့ ရေးထားပါတယ်။

ပညာဉာဏ်နဲ့ သင့်မသင့်ဝေဖန်ပိုင်းခြားပြီးပြုတဲ့ လုလ္လမျိုးမှ ပယောဂမှန်တဲ့ လုလ္လစစ်စစ်ဖြစ်တယ်၊ ဒီလုလ္လမျိုးကသာ ကံကိုထူပေး နိုင်တာပါ။ ကံကိုလုလ္လနဲ့ထူရမယ်၊ လုလ္လကိုပယောဂနဲ့ တည့်မှန်အောင်ထိန်းရတယ်၊ ပယောဂကို ဉာဏ်နဲ့ထူရမယ်၊ ဒါမှသာ ကံတွေ ထလာမယ်၊ ကံကောင်းထောက်မလာ မယ်လို့ ဆိုလိုတာပါ၊ ဉာဏ် လုလ္လ ပယောဂတို့ ချိန်ကိုက် ဖြစ်ပုံနဲ့ ပတ်သက်လို့လဲ

ဆရာတော်ကြီးက -

“တံငါလက်တွင်း၊ ရောက်လျင်းတုံငြား၊ သုံးကောင်ငါးကို မှတ်သားဝမ်းထဲ နည်းယူစွဲလော့”လို့ သတိပေးထားပါတယ်။

မြစ်ထဲမှာ လှေနဲ့ကွန်ပစ်ပြီး ငါးဖမ်းတဲ့တံငါသည်တစ်ယောက်က ငါးသုံးကောင်မိတော့ အရှင်အတိုင်းပဲ လှေဝမ်းထဲမှာ

ရေစပ်စပ်ထည့်ပြီးလွှတ်ထားတယ်၊ အဲဒီထဲမှာ တစ်ကောင်သောငါးက လှေထဲရောက်နေပြီဆိုတာသိလို့ လွတ်အောင်ဆိုပြီး ခုန်တယ်၊ လှေနှုတ်ခမ်းကိုမကျော်တော့ ရေပြင်ထဲမရောက်ဘူး၊ လှေဝမ်းထဲပဲ ပြန်ပြန်ကျနေတယ်၊ အကြိမ်ကြိမ် ကြိုးစားပြီး ခုန်နေတယ်၊ ကြာတော့ တံငါက စိတ်တိုပြီး လှေတက်နဲ့ရိုက်လိုက်တာ သေပါရောတဲ့။ တစ်ကောင်သောငါးကတော့ ငါကံကောင်းလို့ ခုထိမသေတာ၊ ကံကောင်းရင်နောင်လဲ မသေနိုင်ဘူး၊ အချိန်တန်ရင် လွတ်မှာပဲဆိုပြီး ဒီအတိုင်းပဲ လှေဝမ်းထဲမှာ ငြိမ်နေတယ်၊ သူလဲ အိမ်အထိပါသွားတော့ ဟင်းစားဖြစ်သွားတာပဲ။ တစ်ကောင်သောငါးကတော့ အခြေအနေ အခွင့်အခါကို စောင့်ဆိုင်းနေတယ်၊ လှိုင်းအပုတ်၊ လှေအလူး၊ လှေနှုတ်ခမ်းနဲ့ ရေပြင်နဲ့ ညီခမန်းဖြစ်ချိန်မှာ ခုန်ချလိုက်တာ တစ်ခါတည်း ရေထဲပြန်ရောက်သွားရောတဲ့။

အဲဒီငါးသုံးကောင်မှာ ပထမငါးက လုလ္လရှိတယ်၊ ဉာဏ်မကူတဲ့အတွက် ပယောဂပျက်လို့ အသက်ဆုံးရတာ၊ ဒုတိယငါးကလုလ္လလည်း မထူ ဉာဏ်လည်း မကူလို့ သေရတာ၊ တတိယငါးကတော့ ဉာဏ်ကူတဲ့အတွက် ပယောဂမှန်ပြီး လုလ္လကထူမပေးလို့ သူ့ကံရှိသ၍ ဆက်လက်အသက်ရှည်ခွင့်ရတာဖြစ်ပါတယ်။

“ကိုယ့်ကိုယ်နဲ့စိတ်ကို ကောင်းအောင် တည်ဆောက်ထားနိုင်ခြင်း“ဆိုတာ အဲဒီလို ဉာဏ်၊ လုလ္လ၊ ပယောဂတို့ အကူအထူ မှန်ကန်အောင် ဆင်ခြင်သုံးသပ် ကြိုးစားအားထုတ် နိုင်စွမ်းတွေ ပြည့်စုံအောင် သင်ယူလေ့လာ ကြိုးစားရတာကို ဆိုလိုတာပါ။ အဲဒီအကြောင်းအပေါင်းတွေ ပြည့်စုံချိန်ဟာ လူတိုင်းအတွက် ကံကောင်းထောက်မချိန် ဖြစ်မှာသေချာပါတယ်။

ဒီအချက်အလက်တွေကို ပြည့်စုံအောင် ကြိုးစားအားထုတ်မှု မပါဘဲ အရာရာမှာ ကံကိုချည်းပုံချပြီး ကံဖြတ်လမ်းသွားတွေအဖြစ်နဲ့ တန်ခိုးရှင် မနိုးနိုး၊ ဘိုးတော်တွေ၊ ဝိဇ္ဇာတွေ၊ နတ်တွေကပဲ မ နိုးနိုးနဲ့ မျှော်ကိုးပသနေသူတွေ အတွက်ကတော့ ကံကောင်း ထောက်မချိန်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့လဲ ဆရာတော်ကြီးက -

“အန္ဓဗာလ၊ လူ့ထိုမျှတို့၊ ကမ္မဝီရိယ၊ မယုံကြဘူး၊ သိဝမဟေ၊ ပရမေသွာ၊ ဗြဟ္မာ ဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊

တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊ ပေးစားဖန်ဆန်ဆင်းး၊ ဖြစ်တ်တုံုံလျင်းးဟု၊ ချွတ်ယွင်းသမှု၊ အမှားရှုသည်၊ တောင်သူယူလေ့ ယူလာတည်း“ တဲ့ ဒီထဲမှာပါတဲ့ သိဝတို့ မဟေသရတို့ စတာတွေကတော့ ဗြဟ္မဏဝါဒက တန်ခိုးရှင်ကြီးများလို့သတ်မှတ် ပူဇော်နေကြတဲ့ သူတို့ဘာသာအရတော့ နတ်ဘုရားတွေ ပေါ့လေ၊ အဲဒါတွေကို ပြောတာပါ၊ ဆရာတော်ကြီးက “တောင်သူ့ယူလေ့ယူလာတည်း”လို့ ဆိုပေမယ့် ခုအခါမှာတော့ မြို့ကြီးသား နိုင်ငံကြီးသားတွေ၊ ကိုယ့်ကိုကိုယ် ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်လို့ပြောနေကြသူတွေပါ ဒီလိုယူလေ့ ယူလာတွေ အတော်ကြီးခေတ်စားနေ ကြပါပြီ။ ဒီလိုပူဇော်ရင်းကပဲ တစ်စုံတစ်ရာ အကျိုးထူး တစ်ခုခုနဲ့ ကြုံတွေ့ခံစားရတယ်ဆိုရင်တော့ ဒါဟာ မမြင်ရတဲ့ “ ကံဟောင်းစားတွေ” လို့ပဲ ဆိုရပါလိမ့်မယ်။ မေးခွန်းပြောတဲ့ အချို့နိုင်ငံတွေမှာ ဆင်းရဲတွင်းက မတတ်နိုင်ကြသေးတဲ့အကြောင်းကလည်း၊ ဒီလင်္ကာအရ ကြည့်မယ်ဆိုရင်၊ ကံဆိုးနေလို့ မဟုတ်လောက်ပါဘူး၊ ဉာဏ်ဆိုးပြီး ပယောဂချို့တဲ့ နေကြလို့သာ ဖြစ်ပါ လိမ့်မယ်။

တကယ့်ကံကောင်းထောက်မချိန်နဲ့ ပတ်သက်လို့ ဆရာသမားများဆုံးမခဲ့တဲ့ အဆိုအမိန့်တစ်ခုလဲ ရှိသေးတယ်၊

ဦးဇင်းတို့ကတော့ အဲဒီနည်းကို အမြဲပဲ အလေးထား လိုက်နာနေပါတယ်။ ဒါကြောင့် ဒီနည်း ကလေးကိုလဲ အကြောင်း တိုက်ဆိုင်တုန်းမှာ ဆက်ပြောလိုက်ပါဦးမယ်။

သတ္တဝါတိုင်းမှာပဲ သံသရာတစ်လျှောက်လုံးပြုခဲ့တဲ့ ကံတွေဟာ ကုသိုလ်ရော အကုသိုလ်ရောနှစ်မျိုးလုံးပဲ ရောပြွန်း ရှိနေခဲ့တယ်၊ဒီကံနှစ်မျိုးလုံးရဲ့ ကမ္မသတ္တိတွေကလဲ မပြတ်ဖြစ်ပျက်စဉ်ဆက်နဲ့ ရှိနေတာပဲ၊ အကုသိုလ် ကမ္မသတ္တိတွေက အနုသယသဘောမျိုးနဲ့ ရှိနေကြတယ်၊ ကုသိုလ် ကမ္မသတ္တိတွေကတော့ အလေ့အထုံ၊ ပါရမီဓာတ်ခံ သဘောမျိုးနဲ့ ရှိနေကြတာပေါ့။

ဥပမာသဘောနဲ့ တင်စားပြောမယ်ဆိုရင် သတ္တဝါတိုင်းရဲ့သန္တာန်မှာ အနုသယ အမည်ခံထားတဲ့ အကုသိုလ်အင်ဂျင်ကြီးရယ်၊ အလေ့အထုံပါရမီလို့အမည် ခံထားတဲ့ ကုသိုလ်အင်ဂျင်ကြီးရယ် နှစ်လုံးအသင့်ရှိနေကြတယ်၊ အဲဒီထဲမှာ အကုသိုလ်အင်ဂျင်ကတော့ မပြတ်နှိုးထားတဲ့အတွက် အမြဲတမ်း အော်တိုမစ်တစ်လို ဖြစ်နေတယ်၊ သတ္တဝါနှိုးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာအကုသိုလ်အင်ဂျင်ကနိုးလာတော့တာပဲ။

ကုသိုလ်အင်ဂျင်ကတော့ တစ်ခါတစ်လေမှနိုးတဲ့ အင်ဂျင်လို လေးလံနေတတ်တယ်၊ သူ့ကို “သတိ”သော့နဲ့ဖွင့်ပေးနိုင်မှ၊ တစ်ချို့များဆို သတိကို “ဟန်ဒယ်”လို မြဲမြဲကိုင်ပြီးနာနာလှည့်နှိုးပေးမှ နိုးတတ်တာ။

ပစ္စုပ္ပန်ကံတွေမှာ အကျိုးအသစ်တွေကို ဖြစ်စေတတ်တဲ့ ဇနကသတ္တိဆိုတာလဲရှိတယ်၊ အတိတ်ကံဟောင်းတွေကို ချူဆီလိုကူညီပေးတတ်တဲ့ ဥပတ္ထမ္ဘကသတ္တိဆိုတာလဲရှိတယ်၊ အတိတ်ကံတွေကို အကျိုးပေးခွင့် မရသေးအောင် ဖိစီးနှိပ်စက်တတ်တဲ့ ဥပပီဠကသတ္တိဆိုတာလဲ ရှိတယ်၊ ဆန့်ကျင်ဘက်ကံတွေရဲ့ သတ္တိကိုဖျက်ဆီးတတ်တဲ့ ဥပဃာတက သတ္တိဆိုတာလဲရှိတယ်။

အဲဒီလေးမျိုးထဲမှာ ဥပတ္ထမ္ဘကသတ္တိရှိတဲ့ ပစ္စုပ္ပန်ကံတွေဟာ ကံဟောင်းအင်ဂျင်ကြီးတွေကို နိုးအောင် ကူညီပေးတတ်တဲ့ “ချူဆီ”နဲ့တူတယ်တဲ့၊ အကုသိုလ်ကံ ချူဆီထည့်ပေးရင် အတိတ်ကံ အင်ဂျင်နှစ်မျိုးထဲက အကုသိုလ်ကံ တွေပဲနိုးထပြီး ဆိုးကျိုးဒုက္ခတွေပဲ တွေ့ကြုံနေရမယ်၊ ကုသိုလ်ကံချူဆီထည့်ပေးမှ အတိတ်က ကုသိုလ်ကံအင်ဂျင်တွေလဲ နိုးထပြီး ကောင်းကျိုး သုခတွေ တွေ့ကြုံခံစားခွင့်ရမယ်လို့ဆိုပါတယ်။

ဒီအာစရိယဝါဒအလိုအရ ဆိုရင်တော့ အတိတ်ကံတို့ရဲ့ကောင်းကျိုးပေးချိန်“ကံကောင်းထောက်မချိန်”ဟာ ပစ္စုပ္ပန်မှာ အပြုများတဲ့ ကံတို့နဲ့ ဆက်စပ်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အကုသိုလ်ကံတွေ နိုးထချင်ရင် အကုသိုလ်ကံသစ် ချူဆီကိုထည့်၊ကုသိုလ်ကံတွေနိုးထ ထောက်မစေချင်ရင် ကုသိုလ်ကံသစ်ချူဆီကို များများထည့်ပေးရမယ်လို့ ဆိုလိုတာပါ။ ကုသိုလ်ကံချူဆီကိုမှ “များများ”လို့ အထူးပြု ပြောဆိုရတာကတော့ စောစောကပြောသလိုပဲ ကုသိုလ်အင်ဂျင်က နှိုးတဲ့ အကြိမ်နည်းတဲ့အတွက် ဂျီး“ချေး”ကပ်နေတတ်လို့ ဖြစ်ပါလိမ့်မယ်၊ ဒါကလဲ ကံကောင်း ထောက်မချိန်ကို ကိုယ်တိုင်ဖန်တီး သိရှိနိုင်တဲ့နည်းတစ်နည်းပေါ့၊ ဒီလောက်ဆိုရင် ကံကောင်း ထောက်မချိန်ကို မှန်းဆ သိနိုင်လောက် ပြီထင်ပါတယ်၊ ထင်တဲ့အတိုင်းပဲ တရားတစ်ပွဲ စာတောင် မကတော့ဘူး၊ (၁)နာရီကျော်ကျော် ကြာသွားပါပြီ၊ ဒီလောက်ဆို ကျေနပ်ကြ ရော့ပေါ့။

ကံကောင်းထောက်မအောင် စွမ်းဆောင်နိုင်ကြပါစေ။

ကံကောင်းထောက်မကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Views: 132

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service