ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရဟန်းတော်များနှင့် တာဝန်



ရဟန်းတော်များနှင့် တာဝန်

စာရေးသူသည် နိုင်ငံကိုချစ်သလို သာသနာတော်ကိုချစ်သည်။ စာရေးသူကဲ့သို့ပင် နိုင်ငံနှင့် သာသနာကို ချစ်သူတွေ ဒုနှင့်ဒေး ရှိနေပါလိမ့်မည်။ သို့ ရာတွင် နိုင်ငံချစ်သူက ''ဒို့ ကနိုင်ငံကိုချစ်သည်ဟေ့'' ဟု လက်သီး လက်မောင်းတန်းအော်နေရုံနှင့် မပြီးသလို သာသနာကိုချစ်လှပါသည်၊ မြတ်နိုးလှပါသည်ဟု တဖွဖွ ဆီမန်းမန်းနေရုံနှင့် မဖြစ်ပါ။ တကယ်ချစ်ရာရောက်အောင် အလုပ်လုပ်ကြဘို့ လုံးဝလိုအပ်ပါသည်။ သာသနာရိပ်တွင် ခိုလှုံနေကြသော သာသနာ့ဝန်ထမ်းများအဖို့ ပို၍အလုပ်လုပ်ကြရမည်မှာ အထူးပင် ပြောနေရန် မရှိပါ။
ယနေ့ မြန်မာနိုင်ငံကြည့်လျှင် အလွန်ပင်ချစ်စရာကောင်းသည်။ အားရကျေနပ်ဖွယ်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် လူတိုင်းပင်အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်ကိုင်နေကြသောကြောင့်တည်း။ ကြည့် ပါဦး။ နိုင်ငံအစိုးရသည် ကြီးလေးမြင့်မြတ်သော တာဝန်ကြီးများကို ချမှတ်လျှက် ဦးဆောင်မှုပေးနေသည်။ ပညာရှင်ကြီးများက သုတေသနစာတမ်းကြီးများ ပြုစုတင်ပြကြသည်။ ဒေါက်တာများကလည်း အစွမ်းကုန် ပြုစုကုသပေးလျက် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို တက်ကြွစွာ ဖြည့်တင်းပေးနေသည်။
ယနေ့လူငယ်ကလေးများကား ကျေးရွာများသို့ အနှံ့ ဆင်းကာ လုပ်အားပေးလျက်၊ ခိုင်မာလာသော ယုံကြည်ချက်ဖြင့် ဇွဲသတ္တိပြင်းထန်သော လူငယ်တို့သည် လုပ်အားပေးစခန်းတွင် လှုပ်လှုပ်ရှားရှား အား အပြည့် မာန်အပြည့် အားမာန်အပြည့်ဖြင့် ရှေ့သို့ချီနေသည်။ မည်မျှ နှစ်ထောင်း အားရဖွယ် ကောင်းလှ ပါသနည်း။

''တာဝန်ကိုယ်စီ-ရှိသင့်သည်၊ ရှိလဲ-ရှိကြသည်'' ဟူသော တေးသံသည် ယနေ့ နိုင်ငံသူနိုင်ငံသားတို့ ၏ ကြွေးကြော်သံပင်ဖြစ်သည်။ ဤမျှ အသိစိတ်တို့ဖြင့် တာဝန်တွေထမ်းဆောင်နေကြချိန်ဝယ် သာသနာ့ ဝန်ထမ်းတို့ သည် မည်သည့်အကျိုးပြုလုပ်ငန်းတွေကို ပြုလုပ်ကိုင်တွယ် နေကြပါသနည်း။ အမျိုးဘာသာ သာသနာအတွက် မည်သို့သောအုံကြွမှုဖြင့် တာစူနေပါသနည်း။ နိုင်ငံကိုချစ်လျှင် သာသနာကိုချစ်လျှင် မိမိတို့ စွမ်းနိုင်ရာနေရာမှ အလုပ်ကို လုပ်ရပေမည်။
''ထီးထမ်း-လမ်းလျှောက်''ဟူသော ဝေါဟာရသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့သည်။ ဤဝေါဟာရကြီးကို ဖယ်ထုတ်ပစ်ရန်မှာ ယနေ့သာသနာ့ဝန်ထမ်းတို့၏တာဝန် မဖြစ်သင့်ပါသလော။ ဤကမ္ဘာလောကကြီးသည် အချိန်တိုင်းမိနစ်တိုင်း ပြောင်းလွဲနေသည်ဆိုသောအချက်ကို မေ့ထား၍မဖြစ်ပေ။
''ဒီခရီး-ဒီထီးနှင့်တော်သည်၊ ဒီအရပ်-ဒီဖိနပ်နှင့်တော်သည်''ဆိုသကဲ့သို့ ခေတ်နှင့်အံဝင်အောင် မီးစင်ကြည့်ကနိုင်မှသာ ခေတ္တညူ-ကာလညူ (အချိန်နှင့်အခြေအနေကို စနစ်တကျသုံးစွဲတတ်သူ) ဖြစ်ရပေ မည်။ ဖြစ်လိုရာဖြစ်ဘဝဖြင့် ရေစုန်မျောထားပါလျှင် တာဝန်မဲ့သူ ရေသာခို အချောင်စီးသမားတွေ သာ ဖြစ်ရချိမ့်မည်။ ကျွန်ုပ်တို့သည် မြင့်မြတ်သောလုပ်ငန်းကြီးများကို ဆောင်ရွက်နေရန်အတွက်သာ အသက်ရှင် နေသင့်ကြပေ၏။
မြတ်ဗုဒ္ဓ၏လမ်းစဉ်ကို အကဲခပ်ကြည့်လျှင်လည်း (၁) မိမိကောင်းစား(ဘုရားဖြစ်)ရေး (၂)မိမိအမျိုးသားများ ကောင်းစားရေး (၃) ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းစားရေး ဟူသော အရေးကြီး(၃)ပါးကို ဆုပ်ကိုင်ကြိုးပမ်းထမ်း ရွက်ခဲ့ကြောင်း တွေ့ ရပေမည်။
ကျွန်ုပ်တို့သည် ရာဇဝင်သိရုံနှင့် မပြီးပါ။ ရာဇဝင်သစ်ကိုဖန်တီးနိုင်စွမ်းရှိရပေမည်။ ယနေ့ လုပ်သား ပြည်သူ ပြည်သားတို့သည် အတွေးသစ်အမြင်သစ်တို့ဖြင့် သမိုင်းတခေတ်ကိုမှတ်တိုင်ထူနေသည်ဟု ရိုးသားစွာပင် မြင်နေမိပါသည်။ သာသနာ့ဝန်ထမ်းတို့အနေဖြင့်ကော သမိုင်းတခေတ်ကို ဆန်းသစ်လာ စေထိုက်သည် မဟုတ်ပါလော။ မိမိတို့၏ ကြိုးပမ်းမှုကသာ ရက်ရောသောစေတနာနှင့် မြင့်မြတ်သော လုပ်ငန်းဖြစ်ပါစေ၊ လူတိုင်းဝိုင်း၍ ကောင်းချီးပေးပေလိမ့်မည်၊ ကြိုဆိုနေကြလိမ့်မည်။ စေတနာမှန်နှင့် အလုပ်ကို ရိုးသားစွာ လုပ်လိုသူအတွက် နေရာတွေများစွားပင်ရှိပါသည်။
အချို့မှာ လောကီလောကုတ္တရာစွယ်စုံအရည်အချင်းတို့နှင့် ပြည့်စုံပါသည်။ သို့ရာတွင် အနစ်နာခံ လိုစိတ်နှင့် ဇွဲလုံ့ လ ဝီရိယမရှိခြင်း၊ ထင်ပေါ်ကျောဇောမှုနှင့် ဂုဏ်လာဘ်ကို မျှော်ကိုးခြင်းတို့ကြောင့် ၄င်းတို့ ၏ အရည်အသွေးတို့မှာ သေးသိမ်မှေးမှိန်၍ နေကြရလေတော့သည်။
အချို့ဒေသမျိုးတွင်ကား ပရိယတ္တိအခြေခံ ညံ့ဖျင်းလှသောပုဂ္ဂိုလ်တို့က ထင်သလို ချယ်လှယ်၍ နေရာ ''ဘုရားကားအောက်-မျောက်ကားအထက်'' ဆိုသကဲ့သို့ပင် မဖွယ်မရာနိုင်လွန်းလှတော့သည်။ ဤအခြေမျိုးကား လက်ပိုက်ကြည့်နေကြရန် မဟုတ်ပေ။ သပိတ်တန်းမရောက်မှီ ယပ်တန်းက ရပ်စေ သင့်ကြပေသည်။
ပထမကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ငြိမ်းချမ်းရေးကွန်ကရက်တခုသို့ တက်ရောက်ပါရန် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တို့က ကမ္ဘာကျော် သိပ္ပံဆရာကြီး ''အယ်လ်ဘက်အိုင်စတိုင်း''အား ဖိတ်ကြားသည်။ ထို့သို့ ဖိတ်ကြားရာတွင် သိပ္ပံဆရာကြီး အိုင်စတိုင်းက ''အကယ်၍ ကျွန်ုပ်သာ စကားပြောခွင့်ရမည်ဆိုလျှင် ကျွန်ုပ်တို့ လူ့သမိုင်း၌ စစ်နှင့် ကျူးကျော်တိုက်ခိုက်မှုများအတွက် လူတွေထက် ဘုန်းကြီးတွေဟာ ပိုပြီးတာဝန်ရှိခဲ့တယ်လို့ ပြောမိမှာဘဲ''ဟု ရေးသား ပြန်ကြားခဲ့ဘူးသည်။ ယနေ့နိုင်ငံသည် အဖက်ဖက်မှ နိုးကြွနေချိန်တွင် သာသနာ့ဝန်ထမ်းတို့ကား ''ညောင်ပင်ကုန်းမှာ အိပ်ပျော်လို့ကောင်းတုန်း'' ပင်ရှိသေးသည် ဆိုပါလျှင် မည်မျှ တာဝန်မဲ့ရာကျချိမ့်မည်နည်း။
''ဓမ္မာစရိယဘွဲ့'' ရ ပုဂ္ဂိုလ်များကို တနှစ်လျှင် ဖျန်းမျှနှုန်း (၃ဝဝ)ခန့်မွေးထုတ်ပေးနေပါ၏။ တော်လှန်ရေး အစိုးရတက်ပြီးနောက် ''ဘွဲ့'' ရသူများပင် (ဤနှုန်းရေဖြင့်တွက်သော်) -၂ဝဝဝ-ကျော်နေချေပြီ။ ဤဘွဲ့ ရပုဂ္ဂိုလ် များသည် ဘာတွေလုပ်နေကြသနည်း။ အချို့ မှာ ဓမ္မာစရိယဘွဲ့ရလိုက်မှပင် ပို၍မျက်စိလည်ကုန်တော့သည်။ ရှေ့ဆက်၍ စာဘဲသင်ရမလား၊ ကျောင်းဘဲထိုင်ရတော့မလား၊ အတန်းစာ ဘက်ဘဲ ကူးရတော့မလား၊ ယောင်ဝါးဝါးဖြစ်ကုန်တော့သည်။
အချို့လည်းစာပေများပို့ချပေးနေကြသည်။ အချို့လည်း(အရည်အချင်းညံ့၍) မပို့ချနိုင်ကြ။ အချို့ကား အတန်းစာဘက်မျက်စိရောက်သွားကြ၏။ အချို့မူ ဆယ်တန်းတာရိုးကို မခုန်ကျော်နိုင်၊ တဖုတ်ဖုတ်ကျ ရင်းဖြင့် အမောဆို့ကုန်သည်။ ဆယ်တန်းတာရိုး ခုန်ကျော်နိုင်သူအချို့လည်း ''လူပြန်တော်ဘဝ''ဖြင့် တက္ကသိုလ်ပရိဝုဏ် အတွင်းသို့ ခုန်ဆင်းလိုက်ကြတော့သည်။
ဤသို့ဖြစ်ရာတွင် သူတို့တတွေကို အပြစ်ဖို့ရန်လည်း မသင့်ပါပေ။ အဘယ်ကြောင့် ဆိုသော် လူသားတိုင်းတို့၏စိတ်တွင် အမြဲတမ်း ''ဆာလောင်မှု'' ရှိနေသောကြောင့်ပေတည်း။ မှန်ပါသည်။ အာဟာရဆာလောင်မွတ်သိပ် သူသည် တစုံတခု စားသောက်ဖွယ်ကလေးကို ထဲ့ လိုက်ရမှ မွတ်သိပ်မှု ပျောက်သည်။ ထို့အတူ စိတ်၏ဆာလောင် မွတ်သိပ်မှုကိုလည်း ဖြည့်တင်းပေးမှသာ ပြေလည်နိုင်သည်။ အနာနှင့်ဆေးတည့်အောင် မကျွေးနိုင်လျှင်ကား နိဂုံးချုပ်ရမြဲပင်မဟုတ်ပါလော။
စာရေးသူ၏ ကိုယ်တွေ့ခံစားရမှုလေးကို သာဓကပြု၍ဖော်ပြပါဦးမည်။ စားရေးသူနေခဲ့ရသော စာသင်တိုက်သည် နိုင်ငံ၌နာမည်ကျော်များတွင် ပါဝင်သည်။ အုပ်ချုပ်သည့်ဘက်တွင် စည်းကမ်းကြီး သလောက် စာပေသင်ကြားရေးတွင် စနစ်ကြီးမားသည်။ အမြန်တတ်မြောက်လွယ်သည်။ စာမေးပွဲအောင် နိုင်ရေးထက် ပါဠိပိဋကတ်စာပေ ထူးချွန်တတ်မြောက်ရေးကို ဦးစားပေးသည်။ ဦးတည်ထားသည်။ စာမေးပွဲ များကို မလိုလဲလိုလဲသဘောမျိုးဖြင့် နောင်အလုပ်လုပ်လိုသည့်အခါ ''နောက်မြီးဆွဲလေးတပ်ရန်'' လောက်သာ ရည်ညွှန်းသည်။
ဤမျှအဖက်ဖက်ကပြည့်စုံသော တိုက်ကြီးတွင်စာရေးသူမှာ ပိဋကတ်များအတော်အတန် ပေါက်ရောက်ခဲ့ပါသည်။ စာတတ်လည်းမြန်ပါသည်။ မှန်ပါ၏။ လူကြည်ညို နတ်ကြည်ညိုလောက်သော နေးနည်း ထိုင်နည်းများကို ရရှိခဲ့သည်ဆိုလည်းမမှားပါ။ ဤသို့ဖြင့် တရွေ့ရွေ့နှင့် လှမ်းခဲ့ရာတွင် ဓမ္မာစရိယဟူသော နောက်မြီးဆွဲလေးကိုလည်း ချိတ်နိုင်ခဲ့ပါပြီ။ (အမှန်အားဖြင့် ထိုနောက်မြီးဆွဲလေး မချိတ်နိုင်မှီကပင် တတိုက်လုံး၏ အသိအမှတ်ပြု စာချ ဖြစ်ခဲ့ပါသည်။) သို့ရာတွင်ဘွဲ့ရစာချဘဝဖြင့် မတင်းတိမ်သေးပါ။ စိတ်တွင်ဆာလောင်မှုပိုးက ရွရွထိုးလာပါသည်။ တဆင့်တက်၍ ဘာသန္တရတို့ကို လေ့လာချင်ပါ၏။ ဟိန္ဒီ-သက္ကတ-အင်္ဂလိပ် တမျိုးမျိုးလေ့လာရင်း စာပေလေးပို့ချနေချင်ပါ၏။ ဟိန္ဒီနှင့် သက္ကတကို ဆရာတော်ကိုယ်တိုင် ပို့ ချနိုင်၏။ အင်္ဂလိပ်စာအတွက်ဆိုလျှင် ဆရာတော်၏ ငယ်မွေးခြံပေါက် ဝိဇ္ဇာဘွဲ့ ရတပည့်တဦး ရှိနေသဖြင့်အခက်အခဲမရှိနိုင်ပေ။
သို့သော် ဤဘာသာရပ်များကိုလေ့လာခွင့်မရ။ အခွင့်မပြု။ ဓမ္မာစရိယနှင့်ပင် ခရီးလမ်းဆုံးသို့ ရောက်သွား သလိုဖြစ်ရ၏။ ''လှော်ကောင်းတုန်း တက်ကျိုး'' ရသလိုသာတည်း။ စာရေးသူ၏စိတ် ဆာလောင်မှုမှာ ကြိမ်မီးအုံးသို့ တငွေ့ငွေ့အုံကြွ၍သာ တက်လာခဲ့ရသည်။ နောက်ဆုံးငါ့ဝမ်းပူဆာ မနေသာ ဘဝဖြင့် ရေစုန်မျောတော့သည်။ သာသနာ့ကျက်သရေဆောင်မိခင်တိုက်ကြီးမှာကား အဖက်ဖက်မှ ပြည့်စုံခန့်ညားနေပါလျှက် စာသင်ငယ်တို့၏ စိတ်ဆာလောင်မှုကို အဆုံးစွန်ဖြည့်တင်းမပေးနိုင်သဖြင့် အာဇာနည် သားကောင်းတို့မှ ဆုံးရှုံးရတော့သည်။
ဓမ္မာစရိယဘွဲ့ရပြီးနောက်မှ လူပြန်တော်ဘဝရောက်ကာ တက္ကသိုလ်မှ ဝိဇ္ဇာသိပ္ပံဘွဲ့တို့ကို ရယူ၍ နိုင်ငံ၏ တာဝန်တို့ကို ထမ်းရွက်နေသူတွေပင် မနည်းလှတော့ပေ၊ မည်သို့ဆိုစေ။ စာရေးသူကဲ့သို့ပင် ယောင်လယ်လယ် ဓမ္မာစရိယတို့ ၏ စိတ္တဇနာကြီးကို ကုသနိုင်ရန် ''ဘာသန္တရသံဃတက္ကသိုလ်ကြီး''တခု ဘွားဘွားကြီး ပေါ်ပေါက်လာရန်ကား လုံးဝလိုအပ်နေပြီဖြစ်ကြောင်း လယ်ပြင်ဆင်သွားသလို ထင်ရှားနေ တော့သည်။
အို---ပညာရှင်တို့ နိုးကြားကြလော့၊ စုပေါင်းကြိုးစားကြလော့၊ တဦးကောင်း-တယောက်ကောင်း တကိုယ်တော်ဝါဒသည် ဆိတ်သုဉ်းခဲ့ပြီ၊ စည်းရိုးခြားလိုက်လျှင် ရန်ဖြစ်ချင်သော၊ တရွာနှစ်ကျောင်းရှိလျှင် နောင်ဂျိန်ချချင်သော ညဉ်ဆိုးများကို ဖယ်ထုတ်ကြလော့၊ ''ညီညွတ်ခြင်းသည် အင်းအား''သည် ယနေ့ ကြွေးကြော်သံဖြစ်သည်။ ''ဘာရှိမှ ဖြစ်မည်၊ ညာရှိမှဖြစ်မည်''ဟု ဆင်ခြေဆင်လက် တက်နေရန်မလို၊ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်လုပ်လျှင်မုချရနိုင်သည်သာဖြစ်သည်။ ယုံကြည်ချက်ပြင်းထန်စွာဖြင့် တကယ့်ဇွဲလုံ့ လတို့ ဖြင့် လုပ်ရန်သာ လိုပေသည်။
တက္ကသိုလ်မှမွေးထုတ်လိုက်သော ဘွဲ့ရပုဂ္ဂိုလ်များသည် နိုင်ငံ၏တာဝန်ကို မိမိတို့နိုင်သမျှ ထမ်းဆောင်ကြသည်။ နိုင်ငံ၌ ထူးချွန်သောသားကောင်းများလည်း ပေါ်ထွက်လာတတ်သည်။ ဤကဲ့သို့ ''ဘာသန္တရ သံဃ တက္ကသိုလ်ကြီး'' တခုမှ သာသနာ့ဝန်းထမ်းတို့ကို စနစ်တကျမွေးထုတ်ပေးနိုင်လျှင် သာသနာလည်းကျက်သရေရှိ၊ နိုင်ငံလည်းအကျိုးများရမည်သာဖြစ်သည်။ ကျွန်ုပ်တို့သည် အရေအတွက် ထက် အရည်အသွေးတောက်ပြောင်ရေးကို ဦးစားပေးကြိုးပမ်းသင့်ပေသည်။ အရေအတွက်မည်မျှပင် များစေ၊ သာသနာ့ဂုဏ်ရောက်မထွန်းပြောင်စေဘူးဆိုလျှင် အချည်းနှီးပင်မဟုတ်ပါလော။
ဂန္ထဓုရ (စာပေပရိယတ္တိ သင်အံလေ့ကျက်အားထုတ်ခြင်း)၊ ဝိပဿနာဓုရ (တရားဘာဝနာ ပွားများအား ထုတ်ခြင်း)၊ ဟူသော သာသနာ့ဝန်ထမ်းတို့၏ တာဝန်ပိုင်းကြီးနှစ်ရပ်ကို ကျောခိုင်း၍ ထင်ရာ ရမ်းသူတွေကို ဖယ်ထုတ် ပစ်ရမည်မှာ ယနေ့ သာသနာ့ဝန်ထမ်းကောင်းတို့၏ အဓိကတဝန်ပင်ဖြစ်သည်။ စာကြီးပေကြီးများကို ရွတ်ပြောရလျှင် ''ပုရေ အဓမ္မော ဒိဗ္ဗတိ-မသူတော်တို့၏အင်အား မသူတော်တို့၏ တရားက မလွှမ်းမိုးမီ ကြိုးစားရမည်'' ဟူလို။
ထိုကဲ့သို့သာသနာတော်ဝယ် ရုပ်ပျက်နေသူတွေကို တဖြေးဖြေးချင်း ဖဲ့ထုတ်ပစ်နိုင်ရန်မှာ ပရိယတ္တိ-ပဋိပတ္တိ အရည်မှီသော ဇွဲရှိသော ရဲစွမ်းသတ္တိထက်မြက်သော သာသနာ့ဝန်ထမ်းကောင်းတို့ကို များစွာ လိုအပ်လှပေသည်။ အနှီဝန်ထမ်ကောင်းတို့ကို စနစ်တကျမွေးထုတ်နိုင်ရန် ''ဘာသန္တရသံဃ တက္ကသိုလ်ကြီး'' ကား ဝင့်ဝင့်ကြွားကြွား မားမားထီးထီးရှိသင့်ပေပြီ။ ''ယောင်လယ်လယ် ဓမ္မာစရိယ'' တို့ကို ထိန်းသိမ်း၍ သူတို့၏ လုပ်ရည်ကိုင်ရည်နှင့် အစွမ်းသတ္တိတို့ကို ထုတ်ဖော်ခွင့်ရအောင်ပြုလုပ်ပေးရေး၌ ဤကဲ့သို့သော ဘာသန္တရတက္ကသိုလ်ကြီးများကသာ အထောက်အကူဖြစ်စေမည်မှာ မုချဖြစ်သည်။
ထို့ကြောင့် အခိုင်အမာ ပိဋကတ်ကြီးများကို ခေတ်မှီစွာသင်ကြားနိုင်ရန်၊ ဟိန္ဒီ-သက္ကတ-အင်္ဂလိပ် စသော ဘာသန္တရတို့ကို လေ့လာခွင့်ရရန်၊ ဗုဒ္ဓ၏အမွေအနှစ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန် ''သီးခြားသံဃာ့ တက္ကသိုလ်ကြီး'' တခု ပေါ်ထွက်လာရေးအတွက် လောကီ-လောကုတ်စွယ်စုံရသော သာသနာ့ဝန်ထမ်းကောင်းတို့ သည် စေတနာရှေ့ထား၍ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် စုပေါင်း ထူထောင်ကြပါရန် လေးနက်စွာ တင်ပြတိုက် တွန်းလိုက်ရပါသတည်း။ ။

 

အရှင်မဟောသဓ ပဏ္ဍိတ
၁၆-၉-၇ဝ
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၂) ''ဓမ္မာစရိယ-မင်းရှိန်''အမည်ဖြင့် ရေးသားခဲ့သည်။

Views: 166

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service