ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သာသနာငါးထောင်

ဆရာတော်ဘုရား

သာသနာငါးထောင်ပဲ တည်မယ်လို့ မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူခဲ့ပါသလား။ သာသနာ ၂၅၀၀ ကျော်လျှင် သိကြားမင်း၏ သာသနာဆိုတာ ဟုတ်ပါသလား။ မြတ်စွာဘုရားက သိကြားမင်းကို သာသနာ ၂၅၀၀ နောက်ပိုင်း စောင့်ရှောက်ပါ့လို့ မှာတော်မူခဲ့ပါသလားဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။

မောင်ကြည်မိုး

လာရှိုး

ဤပြဿနာမှာ ထေရ၀ါဒဗုဒ္ဓသာသနာတွင် ထပ်ခါတလဲလဲ ပေါ်ပေါက်နေကျ ပြဿနာပင်ဖြစ်လေသည်။ ကုန်းဘောင်ခေတ် ၀ိနိစ္ဆယစာပေတို့တွင် မကြာမကြာ ဖြေရှင်းရေးသားကြသည်ကို တွေ့ရပေသည်။ မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်နေ့စွဲဖြင့် ဖြေဆိုထားသော လုံးတော်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက၀ိသဇ္ဇနာကျမ်းတွင်လည် အကျယ်တ၀င့်ဖြေဆိုထားသည်ကို ဖတ်ရ၏။ လုံးတော်ဆရာတော်ဘုရားကြီးက ” သာသနာတော်ငါးထောင်ဟူ၍ ဘုရားဟောပါဠိပိဋကတ်တော်အရ သုတ္တန်ပိဋကတ်တော်ကျမ်းတို့တွင် မလာမရှိရကား သာသနာတော်ငါးထောင်ပါဠိကို ပိဋကတ်တော်မှာ မရှာသင့်။ သဖန်းပွင့်ကို ရှာသကဲ့သို့ တွေ့မြင်ရာသော သဘောပင်မဟုတ်။ ယင်းသို့ဖြစ်လျက် အနက်သဘာဝ ဒေသနာတော်၏ အရအကျကို မထောက်ဆ မဆင်ခြင်၊ မမြော်မြင်မစဉ်းစားနိုင်ကြသဖြင့် ပညာနုလှသော ဗာလသောတုဇန အပ္ပညာဏတ ပုဂ္ဂိုလ်ငယ်များက မစဉ်းစားမဆင်ခြင်သဖြင့် မြင်မြင်ဝါးဝါး ၁၈ ပါးသော ဘေဒကကရကိုမျှ မထောက် မကြောက်မလန့် ၀ံ့ဝံ့စားစား ဘုရားဟောကျမ်းဂန် ဝေးလေပြန်သော် သဘောယုတ္တိ ရှိမရှိ မှန်မမှန် ဥာဏ်နည်းသူဖြစ်၍လည်း မမြင်၊ အမုန်ယစ်သော တောဆင်ကို ချွန်းမတင်ဘဲ လွှတ်သကဲ့သို့ ကယောက်ချောက်ချား မာန်ထောင်လွှားလျက် ငါးထောင်သာသနာ အမိန့်တော်ဒေသနာသည်မှာရှိ၏ ဟု ဆိုမိဆိုရာ ဆိုရှာကြပေသည်” စသည်ဖြင့် အကျယ်ဆုံးဖြတ်တော်မူခဲ့လေသည်။

ထိုမှတစ်ပါး အမရပူရမြို့ မဟာသကျသီဟတိုက်နေ ဦးဝဏ္ဏာစာရ အမည်ရှိသောပုဂ္ဂိုလ်က သာသနာငါးထောင်ရှိကြောင်း၊ နေတ္တိကျမ်း သာသနာဟာရခန်း၌ ဘုရားဟောတော်မူကြောင်း ဖော်ပြဟောကြားခဲ့သည်ဟု ဆိုသောစကားအရလည်း ဆရာတော်ကြီးများက ချေဖျက်ဆုံးဖြတ်တော်မူကြသည်။

ထိုစကားနှင့်စပ်၍ ဂုဏ၀ါဘိလင်္ကာရ သဒ္ဓမ္မဓဇ မဟာဓမ္မ ဓဇရာဇဂုရုဘွဲ့တံဆိပ်တော်ရ ပရိယတ္တိဆေက ပိဋကတ္တယကောဝိဒ နိကာယန္တရ ၀ိနယဓရ လဇ္ဇပေသလ ကုက္ကုစ္စက သိက္ခာကာမ ပုရိသ ဝေပုလ္လ သတိမန္တဗျတ္တိ ပဋိဗလ မင်းတုန်းမင်းဆရာတော်ဖြစ်တော်မူသည့် လုံးတော်ဆရာတော်ဘုရားကြီးက သာသနာငါးထောင်ဟူ၍ ဘုရားဟောပါဠိ ပိဋကတ်တော်မှာ မလာမရှိ၊ ဦးဝဏ္ဏာစာရ ကိုးကား ထောက်ထားသော နေတ္တိကျမ်းလည်း ဘုရားဟောမဟုတ်၊ နေတ္တိကျမ်း၌ အနုဇာနာမိ ဘိက္ခဝေဟူသော ဤပါဠိသည် မရှိသင့်ဟူ၍ အကျဉ်းသင်္ခေပအားဖြင့် မိန့်တော်မူသည်။ ( မှတ်ချက်။ ဆဠသံဂါယနာ မူနေတ္တိကျမ်းတွင်လည်း ထိုပါဠိမပါရှိပေ။)

သာသနာငါးထောင်စကား အစဖြစ်ပေါ်လာပုံမှာ ၀ိနည်း စူဠ၀ါပါဠိတော် ဘိက္ခုနီခန္ဓကတွင် ” သစေ အာနန္ဒ နာလဘိဿ” စသည်ဖြင့် မိထွေးတော်ဂေါတမီ ဘိက္ခုနီအဖြစ် တောင်းပန်ရာတွင် ဝေသာလီပြည်၌ အရှင်အာနန္ဒာက ကူညီတောင်းပန်ရာ၌ မြတ်စွာဘုရားက ဘိက္ခုနီမအဖြစ် ပယ်မြစ်သော စကားတော်အရပင်ဖြစ်ပေသည်။

မိထွေးတော်ဂေါတမီက ”သာဓုဘန္တေ လဗ္ဘေယျ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” ဟု မြတ်စွာဘုရားသာသနာတော်၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်ခွင့်ပြုတော်မူပါဟု လျှောက်ထားတောင်းပန်လျှင် မြတ်စွာဘုရားသည် ” ဂေါတမီ သင်သည် မာတုဂါမအား ငါ ဘုရား အဆုံးအမတော် တည်းဟူသော ဓမ္မ၀ိနယသာသနာတော်၌ ရဟန်းအဖြစ်ကို မနှစ်သက်လင့်ဟု” ” အလံ ဂေါတမီ၊ မာတေရုစိ မာတုဂါမော မထာဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ” စသည်ဖြင့် ပယ်တော်မူသည်။ သို့သော် အရှင်အာနန္ဒာက သုံးကြိမ်တိုင်တိုင် ကူညီတောင်းပန်ပြီးနောက် အရှင်အာနန္ဒာသည် မူတစ်မျိုးပြောင်း၍ ” မြတ်စွာဘုရား မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကိုရသဖြင့် သောတပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်ပါ၏လော” ဟု မေးလျှောက်လေလျှင် ” အာနန္ဒာ မျက်မှောက်ပြုခြင်းငှာ ထိုက်၏” ဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ဤသို့ ထိုက်ပါလျှင် မိထွေးတော်ဖြစ်သော မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား အလွန်ကျေးဇူးများပါ၏။ မယ်တော်ကွယ်လွန်သဖြင့် မိထွေးတော်သည်ပင် ကိုယ်တော်ကို နို့ရည်တိုက်ကျွေးမွေး ပြုစုစောင့်ရှောက်ရ၏။ ထို့ကြောင့် မာတုဂါမသည် ဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယ သာသနာတော်၌ ရဟန်းအဖြစ်ကို ရပါမည့်အကြောင်း ထပ်လောင်းတောင်းပန်ရာတွင် ” ဂရုဓမ်ရှစ်ပါး တရားကို မဟာပဇာပတိဂေါတမီသည် အကယ်၍  အသက်ထက်ဆုံး ၀န်ခံကာ ကျင့်ကြံနိုင်လျှင် မဟာပဇာပတိ ဂေါတမီသည် ရဟန်းဖြစ်စေလော့” ဟု မိန့်တော်မူလေသည်။

ထို့နောက် ” သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာ ဂတပ္ပဝေဒိတေ ဓမ္မ၀ိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇံ” စသည်ဖြင့် ” အာနန္ဒာ  အကြင်အမျိုး၌ မိန်းမများသဖြင့် ယောကျားတို့သည် နည်းကုန်၏။ ထိုအမျိုး၌ အိုးဖြင့် မီးတောက်ကိုထည့်၍ ပစ္စည်းဥစ္စာကို ရှာဖွေ ခိုးယူကုန်သော သူခိုးတို့သည် နှိပ်စပ်ဖျက်ဆီးနိုင်ရာသကဲ့သို့လည်းကောင်း၊ သလေးခင်း၊ ကြံခင်းတို့၌ ပိုးတို့သည် ကိုက်ခြင်းကြောင့် သေတဠိက မဉ္စီဠိကမည်သော အနာတို့ နှိပ်စက်လတ်သော် ရှည်မြင့်စွာ မသုံးဆောင် မခံစားရ၊ တစ်ခဏချင်း ယိုယွင်းပျက်စီးလေသကဲ့သို့လည်းကောင်း၊ ထို့အတူ မာတုဂါမသည် ငါဘုရားအဆုံးအမတော်တည်းဟူသော ဓမ္မ၀ိနယသာသနာတော်သည် အနှစ်ငါးရာသာ တည်လတ္တံ့။

အာနန္ဒာ၊ အကြင်လယ်လုပ် ယောက်ျားသည် ကြီးစွာသော တစ်ဖက်ဆည်ကန်၌ ကန်သင်းလယ်ပေါင်တို့ကို မဖို့မဆည်ခဲ့သော် ရေတို့သည် တစ်ပေါက်တစ်စက်မျှ မကျန်မကြွင်း စီးဆင်းယိုထွက်လေရာ၏။ ရေမလွန်မီ ရှေးအဖို့ကာလက ကြီးစွာသော ကန်းသင်း ကန်ပေါင်ကို ဆည်ဖို့ တက်သက်ဖွဲ့ယှက် ခိုက်လုံစုံ ရှိခဲမူကား ရေတို့သည် မဆင်းမသက် မထွက်မယို အလိုရှိတိုင်းသာ ရှည်ကြာကာလ သုံးဆောင်ရသကဲ့သို့ ထို့အတူ အာနန္ဒာ ငါဘုရားသည် မဆွကပင် ထိုဘိက္ခုနီမတို့အား ဂရုဓမ္မတရားရှစ်ပါးကို အသက်ထက်ဆုံး စောင့်ရှောက်စေခြင်းငှာ ပညတ်တော်မူရကား ငါဘုရား၏ ပညတ်တော်တည်းဟူသော ဓမ္မ၀ိနယ ဗြဟ္မစရိယသဒ္ဓမ္မာသည် အနှစ်တစ်ထောင်တည်ပြန့်လတ္တံ့ ဟု ” သေယျထာပိ အာနန္ဒ ပုရိသော မဟာတဠာကဿ ပဋိကစ္စ၀ အာဠိံဗန္ဓေယျ ယာဝ ဥဒကဿ အနတိက္ကမာယ” စသည် ဟောကြားတော်မူလေသည်။

ထိုစကားတော်လာ အနှစ်တစ်ထောင်ဟူသည်ကို အဠကထာ ဆရာတော်များက ပဋိသမ္ဘိဒါ ပဘေဒပတ္တ ရဟန္တာခေတ်( အကောင်းဆုံး ရဟန္တမြတ်များရှိသောခေတ်) ဖြစ်ကြောင်း မိန့်ဆိုထားပေသည်။ ) ခုဒ္ဒက နိကာယ် ၀ိနည်းစူဠ၀ါ ဘိက္ခုနီခန္ဓက) ၊ ထို့ထက်အလွန် သုက္ခ ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်ခေတ်တစ်ထောင်၊ သကဒါဂါမ်ခေတ်တစ်ထောင်၊ သောတာပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးထောင်တည်လတ္တံ့ဟု

” ၀ဿသဟဿမ္ပိစေတံ ပဋိသမ္ဘိဒါပဘေဒပတ္တ ခီဏာသ၀ ၀သေန ၀ုတ္တံ၊ တတော ပန ဥတ္တရိ သုက္ခ၀ိပဿက ခီဏာသ၀ သသေန”

ဒီဃနိကာယ် သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဠကထာ၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ် အဠကထာဆရာတို့ အလိုအားဖြင့် ရှေးဦးစွာ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာ ဘိညရဟန္တာခေတ်တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿကရဟန္တာ ခေတ်တစ် ထောင်၊ ပါတိမောက္ခသံဝရခေတ် တစ်ထောင်အားဖြင့် သာသနာတော် ငါးထောင်တည်လတ္တံဟု ” ပဋိ သမ္ဘိဒါပတ္တေဟိ ၀ဿသဟဿံ ဆဠဘိညေဟိ ၀ဿသဟဿံ” စသည်ဖြင့် ဖွင့်ဆိုတော်မူကြသည်။( ဒီဠ ၃၊ ၈၃၊ သဠ ၁၊ ၃၅)

အင်္ဂုတ္တရနိကာယ် အဠကထာ၊ ခုဒ္ဒနိကာယ်(၀ိနည်း) သမ္မော ဟ၀ိနောဒနီအဠကထာ ဆရာတို့၏ အလိုအားဖြင့် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော် မူသည့်နောက် ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တစ်ထောင်၊ ဆဠာဘိညရဟန္တာခေတ် တစ်ထောင်၊ တေ၀ိဇ္ဇာရဟန္တာခေတ်တစ်ထောင်၊ သုက္ခ၀ိပဿက ရဟန္တာခေတ်တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတပန်ခေတ်တစ်ထောင်အားဖြင့် သာသနာငါးတောင် ပြဆိုတော်မူခဲ့ကြသည်။

အကောင်းဆုံး အမြတ်ဆုံး ရဟန္တာခေတ်မှ တစ်ဆင့်စီ တစ်ဆင့်စီ တစ်ထောင်စီသတ်မှတ်၍ လျော့ကျသွားပုံကို ပြရာပြပုံချင်း မတူညီသော်လည်း အားလုံးယုတ္တိတန်သော အဆိုအမိန့်များချည်းပင် ဖြစ်သည်။ ထိုအဆိုများအရ ယခုလက်ရှိအချိနှ်မှာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်၊ ဆဠာဘိညခေတ်တို့ ပြီးဆုံး၍ တေ၀ိဇ္ဇာခေါ် ၀ိဇ္ဇာသူံးပါး( ပုဗ္ဗေနိဝါသဥာဏ်၊ ဒီဗ္ဗစက္ခုဥာဏ်နှင့် အာသ၀က္ခယဥာဏ်) ရဟန္တာများရှိနိုင်သေးကြောင်းကို သိမှတ်၍ အကောင်းဆုံးအခြေအနေသို့ ရောက်အောင် ကျင့်သုံးနိုင်ရန် အရေးကြီးလှပေသည်။

သာသနာငါးထောင်ဟူသော စကားရှိလျှင် ထို၏ထက်ဝက် သာသနာ ၂၅၀၀ လည်း မုချရှိရပေတော့သည်။ ထို့ကြောင့်ပင် သာသနာ ၂၅၀၀ ပြည့်ဖြစ်သော မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်က မြန်မာနိုင်ငံတွင် သာသနာ ၂၅၀၀ ပွဲကြီးကို ဆင်နွဲခဲ့ကြည်မဟုတ်ပါလော၊ ထို့အချိန်ကလည်း သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်၊ သာသနာ ၂၅၀၀ သိကြားသာသနာဟူသော စကားများ ခေတ်စားလာခဲ့ပြီး ပညာရှင်များကလည်း ဆောင်းပါးအသီးသီးတို့ဖြင့် တင်ပြခဲ့ကြကာ သိကြားသာသနာဟူ၍ မရှိကြောင်း ရှင်းလင်းခဲ့ကြပါသည်။

မြတ်စွာဘုရားက သိကြားမင်းအား သာသနာကို အပ်နှင်းခဲ့သော စကားတော်သည်လည်း ပိဋကတ်တော်တွင်မရှိ။ သာသနာ ၂၃၆ တွင် သီဟိုဠ်ကျွန်း ကမ္ဗပါဏသို့ အရှင်မဟိန္ဒ သာသနာပြုကြွရာတွင် အဖော်အဖြစ် ကူညီရန်မျှသာ အရိပ်အမြွက် စကားရှိပေသည်။ ထို့ကြောင့် သာသနာတစ်ဝက် ၂၅၀၀ သည် သိကြားသာသနာဖြစ်သည်ဟူသော စကားတို့ကို မမှတ်သားသင့်ဟု ပြောလိုပါသည်။

ရဝေနွယ်(အင်းမ)

မြတ်သတီဝါဒီ မဂ္ဂဇင်း

ဇူလိုင်လ၊ ၂၀၀၁ ခုနှစ်။

Views: 136

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Gigi Jenner posted blog posts
6 hours ago
Cara Lima posted a blog post
12 hours ago
Profile IconCara Lima and Gigi Jenner joined ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
yesterday
Cara Lima posted a blog post
Tuesday

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service