ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“နီးလျှက်ဝေးသူနှင့် ဝေးလျှက်နီးသူ”

“နီးလျှက်ဝေးသူနှင့် ဝေးလျှက်နီးသူ”
စောလဝါးတစ်ယောက် ဘာသာတစ်ပါးပြောင်းသွားပြီဟုကြားလိုက်ရတော့ ကျောင်းကိုရောက်လာတတ်သော သူတို့မိသားစုကို ပြန်မြင်ယောင် မိသည်၊  ပိန်ပိန်ညိုညိုသူ့ဇနီးနှင့် နို့စို့နို့ညှာ မတိမ်းမယိမ်း ကလေးငယ်သုံးယောက်၊ စောလဝါးဆိုတာ “ကျောက်ဖြူ”ဟု အဓိပ္ပါယ် ရကြောင်း သူ့နာမည်ကို ရှင်းပြရင်း...

  ရွာမှာဆို သူဟာ ရွာဦးကျောင်း၏ ကပ္ပိယလုပ်ကြောင်း၊ ကုသိုလ်လည်းရ ဝမ်းလည်းဝကြောင်း သူပြောသည့်စကားတို့ကိုလည်းကြားယောင် လာသည်။

  မကြာခဏကျင်းပလေ့ရှိသော ကျောင်းပွဲလမ်းပွဲတို့တွင် မိသားစုရောက်လာလေ့ရှိသည်။ ရောက်လာတိုင်း သတိပြုမိသည်က သူ၏ မူးယစ် ရီဝေနေဟန်၊ ဘာသာရေးထက် ကျန်မာရေးနှင့်ယှဉ်သော အသိဖြင့်သူ့ကို သေရည်သေရက်အပြစ်လေးတွေ ပြောပြဖြစ်ခဲ့သည်။

   နောက်တော့ အတွေ့က ကျဲလာသည်၊ အလုပ်ရသွားသလိုလို၊ I.L.C ကျောင်းပဲတက်နေသ လိုလို ၊ ပျောက်နေရာမှ  ဟော.. ခုတော့ပေါ်လာပြီ၊ ပေါ်လာတော့လည်း  သူဘာသာတစ်ပါးပြောင်းလိုက်ပြီတဲ့၊ ခုမှ ဘာသာအစစ်အမှန်ကို တွေ့ရပြီလို့ပင်ဆိုသေးသတဲ့၊ စိတ်ထဲမှာတစ်စုံတစ်ခုကို ခံစားလိုက်ရသည်၊ အမျိုးအမည် မခွဲခြားနိုင်၊ ဘာသာဝင်တစ်ယောက် လျော့သွား၍ ခံစားရခြင်းထက်၊ မိရိုးဖလာဘာသာ ဝင်တစ်ယောက်ကို မိမွေ ဖမွေလေးခံနိုင်အောင်ပင် ငါမကူညီနိုင်လိုက်မိလေရော့သလား။

   အို..သ့သဘောသူဆောင်တာပါလေ၊ ကိုယ်ဘာများတတ်နိုင်မှာလဲ၊ နောက်ပြီး သူ့လိုလူ တစ်ယောက်လျော့သွားလို့ကော … ကိုယ်ဆက် မတွေးသင့်တော့၊ ဒီလိုအတွေးအမြင်မျိုး ကိုယ်တစ်ခါမျှ မတွေးခဲ့မိရိုးအမှန်၊ ယခုမူ ကရုဏာဒေါသောကြောင့်ထင့်၊ မည်သည့် နိမ့်မြင့် ပုဂ္ဂိုလ်မဆို တန်ဖိုးထား အသိမှတ်ပြုရပေမည်။ နိမ့်သူကို ကရုဏာနှင့်ထွေးပွေ့ရမည်၊ မြင့်သူကို မုဒိတာနှင့်ကြိုဆိုရမည်၊ ဒါသည်ပင် အဖမြတ်စွာ၏ လမ်းရိုးမဟုတ်လား။

    သို့တစေ၊  “သုတဝါ အရိယသာဝကော အသုတဝါ ပုထုဇ္ဇနော”တဲ့၊ ကြားမြင်သုတများသူသာ ငါဘုရား၏ဓမ္မကို လိုက်နာကျင့်ကြံနိုင်သော သာဝကဖြစ်၍ ၊ သုတကြားမြင်နည်းပါးသူကတော့ ကြုံသမျှတွေ့သမျှသူတွေကို တမော့မော့ အားကိုးတကြီးကြည့်နေရရှာတဲ့ ပုထုဇဉ်သာဆိုသည့် စကား တော်က နား၌ပဲ့တင်ထပ်လာပြန်သည်။

  ခမြာတွေဟာ လာရာဒေသမှလည်း ကိုယ်ကိုးကွယ်ရာဘာသာတရား၏ အနှစ်သာရကို ဂဃဏနမသိခဲ့ရှာကြ၊ ဒေသသစ်ဒီနိုင်ငံေ၇ာက်ပြန် တော့လည်း အခွင့်မသာ၊ တွေးရင်းတွေးရင်းနှင့် “ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်”ဆိုသည့်စကားလေးက ကိုယ့်ကို ပြုံးလှောင်နေသကဲ့ သို့ ခံစားမိပြန်သည်။

   ခက်တာက သူတို့ကိုယ်တိုင်ကကော ဘဝငြိမ်းအေးမှုကိုလိုချင်တာဟုတ်ရဲ့လား၊ ရုပ်ဝတ္ထုတွေ ပြည့်စုံမှုကို လိုချင်ကြတာများလား၊ ဒါဆိုလျှင် သူတစ်ပါးနှင့်စပ်သည့် အသက်မွေးမှုရှိသူကိုယ့်မှာ စိတ်ငြိမ်းအေးမှုကို ဖေးမပံ့ပိုးကောင်းပံ့ပိုးနိုင်သော်ငြား သူတို့လိုအပ်သည့် ရုပ်ဝတ္ထုတွေဖြင့်မူ မပံ့ပိုးနိုင်ခဲ့၊ ပံ့ပိုးနိုင်သူတွေကတော့မူ တနင်္ဂနွေနေ့တိုင်း သူတို့ထံရောက်လာတတ်သတဲ့။ သည်မြို့မှာရှိသည့် ခန့်ညားခမ်းနားသည့် ဘုရားရှိခိုးကျောင်းကြီးများ၊ တနင်္ဂနွေနေ့တိုင်း အဝတ်အထည် အသုံးအဆောင်တွေပေးဝေမှုများ သူတို့အလျှင် ဘာသာတစ်ပါးပြောင်းနှင့်သော ရပ်ဆွေရပ်မျိုးများ၊ ဘယ်အရာက လက်ဝါးတို့ကို တိမ်းညွတ်စေသည်ကိုတော့ မသိနိုင်။  သေချာတာက စောလဝါး တစ်ယောက် သူ့လိုအင်ဆန္ဒ ပြည့်ဝမှုတစ်ခုခုက ခုမှပဲကိုးကွယ်ရာ အစစ်ကိုတွေ့တယ်ဟု ဆိုနိုင်လောက်အောင် လွှမ်းခဲ့ပေလိမ့်မည်။

  လဝါးကိုဘယ်လိုပြောရပါ့၊  “အကျိုးဆောင်ဘာသာနှင့် အကြိုက်ဆောင်ဘာသာ”တို့ အကြောင်းနှိုင်းယှဉ်ရှင်းပြချင်နေမိသည်။ အခွင့်မသာ တော့ပြီထင့်၊ အခွင့်သာခဲ့လျှင်တော့ သူနားမဝသည့်တိုင် ကြားဖူရုံမျှတော့ ပြောလိုက်ချင်သေးသည်။ နောက်ပြီး ကိုယ့်မှတ်စုထဲမှာ ကူးယူထားသည့် အကြောင်း အရာလေးတစ်ခုကိုလည်း သူတို့ကိုဖောက်သည်ချလိုက်ချင်သည်။

   2010-ခု၊ စက်တင်ဘာ(၅)ရက်နေ့က ဆွတ်ဇာလန်နိုင်ငံ ဂျနီဖာမြို့တွင် ကျင်းပသွားသည့် ပွဲတစ်ခုအကြောင်း၊ ကမ္ဘာအရပ်ရပ် ဘာသာပေါင်းစုံ ကိုယ်စားလှယ်တွေ (၂၀၀)ကျော်တက်ရောက် ကြသည့်ပွဲ၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ်မြင့်မားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း”က ကြီးမှုးကျင်းပခဲ့သည်။ ထိုပွဲတွင် တက်ရောက်လာသူပညာရှင်အားလုံးက “ဗုဒ္ဓဘာသာကိုကမ္ဘာ့ အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာ”အဖြစ် မဲပေးရွေးချယ်လိုက်ကြသည်တဲ့။ ကြားစဉ်က မွေးညင်း ရွှင်မျှကြည်နူးခဲ့ရသည်လေ။

  ဂုဏ်ယူမဆုံးဖြစ်ရသည်မှာ တက်ရောက်လာသူ ဘာသာအသီးသီး၏  ခေါင်းဆောင်တိုင်းက ဗုဒ္ဓဘာသာကိုမဲပေးခဲ့ကြခြင်းပင်၊ မဲပေးသူ ခေါင်းဆောင်အသီးသီး၏ မှတ်ချက်တွေကို အကုန်မဖေါ်ပြ လိုသော်လည်း ဂျေရုစလင်မှ ဂျူးဘုန်းတော်ကြီး၏ စကားလေးကိုမူ မျှဝေလိုက်ပါရစေ။ သူ ဗုဒ္ဓဘာသာ ကိုမဲပေးခြင်းနှင့်စပ်လျဉ်း၍ “သူဟာဂျူးဘာသာကို နှစ်သက်ကိုးကွယ်သူဖြစ်ပေမဲ့ ရိုးသားစွာဝန်ခံရလျှင် ဂျူးလိုဘုရားဝတ်မပြုခင် ဗုဒ္ဓရဲ့ဝိပဿနာတရားကိုအားထုတ်လာခဲ့သည့်မှာ ၁၉၉၃-ခု၊ကထဲကပင်”တဲ့။ ကိုယ့်အံ့သြစွာသာဓုခေါ်ခဲ့မိသည်၊ ယူတတ်သူအတွက်ရနေပါကလားဟု ကြည်နူးလိုက်မိသည်။

ဘာသာအတွင်းမှာနေရပါလျှက် မယူတတ်သူအဖို့မူ…..။

     ခုတော့ ပြောပြရန်နှောင်းခဲ့ပြီထင့်။ အို.. ပြောပြလို့ကော သူတို့နားနှင့် ဆံ့ပါ့မလား၊ ရှိစေတော့၊ မိုးလွန်ခဲ့ပြီမို့ ကိုယ့်မှာထွန်မချသာတော့။
 သည်လိုနှင့်မေ့မေ့လျော့လျော့ထားလိုက်တော့သည်၊ သူယုံကြည်ရာအရိပ်သစ်တွင် ငြိမ်းချမ်းပါစေ၊ မိသားစုဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ပါစေ၊ သုရာမေရယတွင်လည်း မနစ်မွန်း ပါစေလင့်ဟု ဆုတောင်းပေးလိုက်မိသည်။ သို့နှင့်ပင် သူတို့နှင့်မဆုံခဲ့တော့ ။

    တိုက်ဆိုင်စွာပင်၊ သူတို့နှင့်မဆုံသော်လည်း သူတို့အမျိုးအနွယ် သူတို့ကူးပြောင်းသွားရာ ဘာသာဝင်ဇနှီးမောင် နှံလေးတော့ ကိုယ့်ကျောင်းရိပ်သို့ရောက်လာကြပြန်သည်။ ငုဝါသဲနှင့် သီဟိုတဲ့၊ ရောက်လာတိုင်း မြတ်ဗုဒ္ဓကိုညွှတ်တွားမှု မပြုကြသည့်တိုင် ဘုရားပန်းနွမ်းလျှင် လဲတတ်သည်။  ပုဂံခွက်ရောက်တွေကြုံလျှင်ဆေးသွားတတ်သည်။ အမှိုက်တွေသိမ်းပေးသွားကြသည်။ နောက်ဆုံး ဆွမ်းပို့သူမရှိသည့်နေ့တွေမှာပင် သူတို့ဆွမ်းလာ ပို့တတ်ကြသည်။ ကိုယ်စားလိုတာရှိလျှင် ပြောဖို့ ဇနီးသည်လေးကပြောသလို သူ့ခင်ပွန်းလေးကလည်း “ဘုန်းဘုန်းရေ မြန်မာပြည်က ရိုးရာပွဲလေးတွေ ပြန်ဖော်ထုတ်နိုင်ရင်ကောင်းမယ်”တဲ့ ၊ ကိုယ်ရုပ်ချည်း မြင်လိုက်မိသည်။ စောလဝါးသည် နီးလျှက်နဲ့ ဝေးခဲ့ပြီး ၊ သည်မောင်နှံကမူ ဝေးလျှက်နှင့်နီးနေသူများဟု။

 ထို့ကြောင့် သူတို့မောင်နှံကောင်းမှုတစ်ခုခုပြုလုပ်တိုင်း  “ဘုရားသခင်နှစ်ပါးက ကောင်းချီးပေး ပါသည်ကွယ်”ဟု ကိုယ်ဆုတောင်းပေးတတ်မိသည်။ သူတို့ကလည်း လိုလိုလားလား ပေးတဲ့ဆုနဲ့ ပြည့် ပါစေတဲ့လေ။ သူတို့မောင်နှံကိုကြည့်ရင်း ဘုရားရှင်၏ “ နီးသူနှင့်ဝေးသူ ” သတ်မှတ်ပြတော်မူမှုကို အမှတ်ရ လိုက်သည်။ “ရဟန်းတို့အကြင်သူသည် ငါဘုရား၏သင်္ကန်းစွန်းကို ဆွဲကိုင်၍ လိုက်နေစေကာမူ ငါဘုရား၏တရားကိုကား မလိုက်နာ မကျင့်ကြံ၊ ထိုသူသည် ငါဘုရားနှင့်ယူဇနာများစွာခြား၏။ အကြင် သူကမူ ငါဘုရားနှင့် ယူဇနာများစွာဝေးကွာ၏ သို့သော် ငါညွှန်သည့်တရားတို့ကိုမူ လိုက်နာ ကျင့်ကြံ၏၊ ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်လိုက်သူကဲ့သို့နီး၏”။

   သည်လိုနှင့် မထင်မှတ်သည့် တစ်နေ့မှာတော့ စောလဝါးနှင့် ဆွေမျိုးနီးစပ်တော်သော ဖိုးကီးကီး နှင့် မယ်ထွန်းမယ်ဆိုသည့် ကျောင်းဒကာမောင်နှံ ရောက်လာကြသည်။ ရောက်မဆိုက် “ အရှင်ဘုရား၊ လဝါးတော့ အရှင်ဘုရားဆီလာမလို့တဲ့၊ နောက်ပြီး သင်္ကန်းစီမလို့တဲ့”။
 ကိုယ်အံ့သြသွားသည်။ တော်တော်နှင့် စကားမဆိုဖြစ်၊ နီးလျှက်နှင့်ဝေးသူ၊ ဝေးလျက်နှင့်နီးသူတို့ အကြောင်းပြန်စဉ်းစားနေမိသည်။

   လဝါးတစ်ယောက် သူ့အလိုမပြည့်တိုင်း တစ်ပါးပြီးတစ်ပါး ပြောင်းနေတာများလား၊  အင်း ကိုးကွယ်ရာကို စားဝတ်နေရေးနှင့် တိုင်းတာပြီး ရှာဖွေနေတာများလား၊ ကိုယ်တိုင်မကျင့်ကြံဘဲနှင့် ဘယ်ဘုရားကမှ ဖန်ဆင်းမပေးနိုင်ဘူးဆိုတာ သဘောမပေါက်သေးသရွေ့ သူ့အတွက် ဘုရားရှာ လို့ ဆုံးမည်မထင်တော့။

   အင်း … ရှိစေတော့၊ သူရောက်လာလျှင် နီးရာမှ ပိုနီးအောင်ကူညီဖို့ သရဏဂုံလေး ဆောက်တည်ပေးပြီး သင်္ကန်းပရိက္ခရာလေးတွေ ချီးမြှင့်ပေးရအုံးမှာပဲလေ။

ကံထွန်းသစ်
9.24.2011 ည ၁၂ နာရီ။

မေတ္တာများဖြင့်

Views: 126

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service