ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သဒ္ဓါလွန်လျှင် ကွန့်၊ ပညာလွန်လျှင် ဆွံ့

ရွှေစကားတို့ရဲ့မြစ်ဖျား(၈)

“သတ္တ၀ါတို့၏ ဓမ္မတာသည်လည်း သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်။ ၀ီရိယလွန်လျှင် ပြန့်သည်။ သမာဓိလွန်လျှင် တွန့်သည်။ သတိသာလျှင် လွန်သည်မရှိ၊ လိုသည်သာဖြစ်သည်။ ထို့ကြောင့် ယခု ငါသည် အဟာရကို မျှတစေလျှက် ကိုယ်လက်ကိုဖြည့်တင်း၍ သဒ္ဓါနှင့်ပညာ ၀ီရိယနှင့် သမာဓိကို မျှတစေတော့အံ့”

(ဘုရားလောင်း သိဒ္ဓတ္တ)

 

လောကမှာ အယူအဆတစ်ခု၊ ၀ါဒတစ်ခုပေါ်မှာ အစွန်းရောက်လာပြီဆိုရင် အောင်မြင်မူလမ်းကြောင်းက သွေဖည် သွားတတ်ပါတယ်။ ဒါကလောက ဓမ္မတာတစ်ခုရဲ့ ဖြစ်စဉ်ပါ။ လူသားတွေရှိနေသရွေ့ အယူအဆသစ်တွေ ၀ါဒသစ်တွေက တွေကတော့ ဆင့်ကဲ ဆင့်ကဲ ပေါ်နေဦးမှာပါ။ ဘာကြောင့်လဲဆို တော့ ဒီအယူအဆတွေ၊ ၀ါဒတွေကိုပဲ လူသားတွေက ဖန်တီးနေတာကိုး။

 

တစ်လောဆီက မဂ္ဂဇင်းတိုက်တစ်ခုမှာ လူငယ်လေးတစ်ယောက် တွေ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးပါ။ အသက်က နှစ်ဆယ်တောင်မပြည့်သေးပါဘူး။ ဆယ်တန်းအောင်ပြီးသားပါ။ အဂ်လိပ်စာမှာလည်း ဘာသာပြန်နိုင်တဲ့အဆင့်ထိရောက်နေပြီလို့ ဆိုပါတယ်။ စာရေးဆရာဦးဇင်းတစ်ပါးရဲ့ လမ်းညွှန်ပေးမူကြောင့် စာကြီးပေကြီးတွေနဲ့ ထိုက်သင့်သလောက် ထိတွေ့ပြီးနေပါပြီ။ စာပေ၀မ်းစာအတိုင်းအတာ တစ်ခုအထိ ရှိနေပြီးဆိုပါတော့။

သူက ဘာဆိုလာသလဲဆိုတော့ ”ဒီနေ့ခေတ် အချစ်ဝတ္တုနဲ့ နာမည်ကြီးနေတဲ့ စာရေးဆရာမလေးတွေကို လုံးဝအထင်မကြီးကြောင်း၊ ပြီးတော့ ဖတ်လဲ မဖတ်ကြောင်း ဆိုလာပါတယ်။ ဒီစကားကြားရတော့ ၀မ်းသာခြင်းတစ်ဝက်၊ ၀မ်းနည်းခြင်းတစ်ဝက် ခံစားလိုက်ရပါတယ်။ ၀မ်းသာတာက စာအလေး အပေါ့နဲ့ စာကောင်းပေမွန်တွေကို ခွဲခြားသိနေတာကြောင့်ရယ်ပါ။

 

ဝမ်းနည်းရတာကတော့ ဣဒမေ၀ သစ္စံ၊ မောဃညံ- ငါအယူအဆသာမှန်တယ်၊ အခြားသူရဲ့ အယူအဆက အချည်းနှီးအလကား” ဆိုတဲ့ တစ်ဖက်သားကို အထင်သေးတတ်တဲ့ အမြင်ပါ။ ပူးတွဲတွေ့လိုက်ရလို့ပါ။ တကယ်တော့  အယူအဆတစ်ခု ကိုင်ပြီး တစ်ဖက်သားကို အထင်သေးတတ်တဲ့ စိတ်ဝင်လာပြီဆိုရင် တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့ကများလာပါတယ်။ တစ်ချိန်က ပညာတတ်လူငယ်လေးတချို့ဟာ ရုပ်ကြမ်းဝါဒစတဲ့ အယူအဆတွေ အစွဲအလန်းကြီးခဲ့လို့ အရွယ်မတိုင်မီ နစ်မွန်းသွားကြတာ ကြားဖူးဖတ်ဖူးထားခဲ့ လိုပါ။ စောစောကပြောတဲ့ အချစ်ဝတ္တုရေးတဲ့ စာရေးဆရာမလေးတွေရဲ့စာဟာ စာပေတန်းနဲ့ချိန်ရင်တော့ တစ်မျိုးပေါ့။

ဒါပေမယ့် သူတို့အောင်မြင်မူကလည်း ကြောက်ခမန်းလိလိပဲလေ။ သူတို့ကိုကိုယ်က တစ်ဖက်သတ်သွားပြီး အထင်သေးလို့တော့ ဘယ်ကောင်းပါ့မလဲ။ ဒါက အတိတ်ကံနဲ့လည်း ဆိုင်ပါတယ်လေ။စာကြီးပေကြီးတွေဖတ်ပြီး ဒီလိုအတွေးမျိုးဝင်လာတတ်တာတော့ သိပ်ပြီးမဆန်းလှပါဘူး။ တကယ်တော့ အချစ်ဝတ္တုတွေဟာ စာကြီးပေကြီးတွေ၊ ဂန္တ၀င်စာပေတွေရဲ့ လှေကားထစ်တွေပါပဲ။ ကိုယ်က အဲဒီမှာတင် ရပ်မနေဘဲ တစ်ဆင့်ချင်း တက်သွားနိုင်ဖို့သာ အဓိကပါ။

 

”သားငယ် အယူအဆတစ်ခုအပေါ် သိပ်ပြီး အစွန်းရောက်သွားရင်တော့ မကောင်းဘူး။ သတိတော့ထား၊”

မိမိက ဒီလောက်ပဲ ပြောဖြစ်ခဲ့ပါတယ်။ ဒီထက်လဲ ပိုပြီး မပြောချင်ပါဘူး။ ပြောရအောင်လဲ မိမိကဘာမှဟုတ်သေးတာ မဟုတ်ပါဘူး။ ဒီတော့ ဒီလောက်ဘဲ ပြောနိုင်ခဲ့ပါတယ်။ အဓိကကတော့ စာပေလေ့လာခါစ ကလေးရဲ့ဦးနှောက်ထဲမှာ အယူအဆတစ်ခုတည်းကြောင့် အတွေးအခေါ်တွေ အညွန့်ကျိုးမသွားစေချင်ပါဘူး။ အရွယ်က ငယ်သေးတော့ လေ့လာစရာ၊ သိစရာတွေအများကြီးကျန်ပါသေးတယ်။ နှလုံးသားတံခါးကို တတ်နိုင်သမျှ ဖွင့်ထားစေချင်ပါတယ်။ ဒါမှ လောကကြီးကို နားလည်နိုင်ပြီး ကိုယ်ချင်းစာစိတ် ကရုဏာစိတ်တွေ ထားနိုင်မှာပါ။


ဗုဒ္ဓ၀င် ပြန်ဖတ်မိရင်းက အထက်ပါ အတွေးတွေဆက်စပ်ပြီး ၀င်လာတာပါ။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလဲ ဒီအယူအဆအစွန်းရောက်မူကို အားမပေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားကိုယ်တော်တိုင်ကလဲ အစွန်းရောက်မူ လမ်းကြောင်းပေါ်ကို လျှောက်ခဲ့ဖူးလို့ပါ။ ပြီးတော့ မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ဘုရားဖြစ်တဲ့နေ့မှာပဲ တရားဦးအဖြစ်ဟောခဲ့ပါတယ်။

ဒီစကားတို့ရဲ့ မြစ်ဖျားခံရာကိုကြည့်လိုက်တော့ ဗုဒ္ဓ၀င်ရှေ့ပိုင်းစာမျက်နှာပဲ တွေ့ရပါတယ်။ ဘုရားအလောင်းရဟန်းပြုပြီး ပထမဆုံး ဆွမ်းခံခဲ့တဲ့ပြည်က ရာဇဂြိုလ်ပြည်ပါ။  ရာဇဂြိုလ်ပြည်မှာ မင်းအဖြစ်အုပ်ချုပ်နေသူက ဗိမ္ဗိသာရမင်းပါ။ ဘုရားအလောင်းဆွမ်းခံကြွလိုက်တော့ ရာဇဂြိုလ်တစ်ပြည်လုံး အုတ်အုတ်ကြွက်ကြွက် ဖြစ်သွားပါတယ်။ဖြစ်မယ်ဆိုရင် ဖြစ်ရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ နန်းစည်းစိမ်ကိုစွန့်ပြီး သပိတ်တစ်လုံးနဲ့ အိမ်စဉ်လှည့်လည်နေတာက သူတို့စိတ်ထဲမှာ အံ့သြစိတ်နဲ့ ထူးခြားနေမှာပါ။ ကျန်တဲ့သာမန်လူတစ်ယောက်က ဒီလိုထလုပ်တယ်ဆိုရင်တော့ ထူးခြား ချင်မှ ထူးခြားမှာပါ။ ရပြီးလို့ စွန့်တာနဲ့ မရဘဲနဲ့ စွန့်တာက ကွာသေးတာကိုး။

 

ပြည်သူပြည်သားတွေတင်မကပါဘူး။ ဘုရင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကပါ ထူးခြားအံ့သြနေပါတယ်။ ဘုရားအလောင်း ဆွမ်းခံကြွနေတဲ့ မြင်ကွင်းကို ဗိမ္ဗိသာရမင်း ကိုယ်တိုင်ကလည်း လေသွန်ပြတင်းက မြင်တွေ့နေပါတယ်။ ပထမတော့ ရေရေရာရာ မသိသေးပါဘူး။ မင်းချင်းတစ်ယောက်ကို သွားကြည့်ခိုင်းပြီးမှ ရေရေရာရာ သိရတာပါ။ သိတော့ သူလည်း အံ့သြရတာပေါ့။ ဘုရားအလောင်းမင်းသား ဆွမ်းခံပြီးတော့ မြို့ထဲက ထွက်ခဲ့ပါတယ်။

မြို့ရဲ့အရှေ့ဘက် ပဏ္ဍ၀တောင်ရိပ်မှာ  အရှေ့ဘက်ကို မျက်နှာမူပြီး ထိုင်ပါတယ်။ ဆွမ်းဘုဉ်းပေးဖို့ သပိတ်ကိုဖွင့်လိုက်တော့ အနီေ၇ာင်တွေ၊ အဖြူရောင်တွေ၊ အကြောင်ကြောင်အကျားကျားနဲ့ ရောနှောနေတဲ့ ဆွမ်းတွေကိုမြင်လိုက်ရပါတယ်။ ဒီအခါမှာ အူးအသည်းတွေ ပြောင်းပြန်လန်ပြီး ပျို့အန်မတတ်ဖြစ်သွားပါတယ်။ နောက်မှ ကိုယ့်ကိုယ်ကိုပြန်ပြီး ဆုံးမဘုဉ်းပေးပါတယ်။ ဘယ်လိုဆုံးမသလဲဆိုတော့

 

သိဒ္ဓတ်မင်းသား သန့်စင်မွှေးပျံ့သော သလေးထမင်းကို စွန့်ခွါ၍ ရလွယ်သောအဟာရဖြင့် မျှတမှီတင်းလျက် သေမင်းမတွေ့ရဘ၀၏ အဆုံးကိုရှာအံ့ဟု ရည်မှတ်၍ ကြီးမြတ်သောထမင်း၏ ချမ်းသာကို စွန့်ခွါခဲ့သည်မဟုတ်လော။ အပုပ်အတိပြီးသော ဤကိုယ်ကို တန်ဆာဆင်ခြင်း၌ အဘယ်ကြောင့် ရောင့်ရဲခြင်းမရှိသနည်း” လို့ဆိုပြီး ဆုံးမဘုဉ်းပေးပါတယ်။ လောကမှာ သူတစ်ပါးက ဆုံးမတာထက် ကိုယ့်ကိုယ်ကို ပြန်ပြီးဆုံးမတာဟာ အကောင်းဆုံးပါ။

ဘုရားအလောင်းပျို့အန်မတတ်ဖြစ်သွားပုံနဲ့ ပက်သတ်ပြီး ဆရာဦးအောင်သင်းကတော့ ”ဘုရားအလောင်းက ဇာတ်မြင့်ကလာတဲ့သူဖြစ်ကြောင်း၊ ရလာတဲ့ဆွမ်းတွေထဲမှာ ဇာတ်နိမ့်တွေ့ရဲ့ ဆွမ်းတွေလဲပါလာကြောင်း ၊ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတတ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဓလေ့အရ အမှတ်တမဲ့ သတိလက်လွတ်ဖြစ်ပြီး ပျို့အန်မတတ်ဖြစ်သွားဟန် ထင်ကြောင်း မဂ္ဂဇင်းတိုက်တစ်ခုမှာဆုံတုန်း မှတ်ချက်ချပြပါတယ်။

 

စောစောက ဗိမ္ဗိသာရမင်းက လွှတ်လိုက်တဲ့မင်းချင်းက ဘုရားလောင်းကိုယ့်ကိုယ်ကို ဆုံးမပြီး ဘုန်းပေးနေတာကို မြင်လဲမြင်၊ ကြားလဲကြားသွားပါတယ်။ ဒီတော့ ချက်ချင်းပဲ ဘုရင့်ဆီပြန်ပြီး သံတော်ဦးတင်ပါတယ်။ ဗိမ္ဗိသာရမင်းကလည်း တော်တော်လေးအံ့သြသွားပါတယ်။ အံ့သြရုံနဲ့တင် ရပ်မထားပါဘူး။ ဘုရားအလောင်းဆီကို ထ လိုက်သွားပါတယ်။ ဘုရားအလောင်းရဲ့ အပြုအမူကို တွေ့လိုက်ရတော့ အနွယ်ရယ်၊ အရွယ်ရယ်၊ ပညာရယ်။ ဂုဏ်ရယ်တို့ကို ယှဉ်တွေးတွေးပြီး နှမြောသွားပုံရပါတယ်။ ဒါကြောင့် ဘုရားအလောင်းနား ကပ်သွားပြီး

” ပြည်တော်တစ်ဝက်ပေးပါမည်။ အသက်အရွယ်ကလည်း ငယ်ပါသေးသည်။ တောမထွက်ပါနှင့်။ မင်းပြု၍ ခံစားပါဥိး” လို့လျှောက်ပါတယ်။ အဲဒီတော့ ဘုရားအလောင်းက ဘယ်လိုပြန်မိန့်သလဲဆိုတော့

 

အဆွေတော်မင်းမြတ်၊ ခံစားအပ်သောမင်း၏ ချမ်းသာသည် ရေပေါ်၌တက်သောရေပွက်၏ပမာ တစ်သက်လျှာမျှသာ ဖြစ်ချေသည်။ ထိုစည်းစိမ်ကိုမှီ၍ ကိလေသာပွားသဖြင့် များသောအကုသိုလ်ဒုစရိုက်ဖြစ်၍ သံသရာ၌ နစ်မွန်းရခြင်း၏ အကြောင်းသာ ဖြစ်ချေသည်။ ထို့ကြောင့် ပြည်၏စည်းစိမ်ကို ဘင်အိမ်၌ လောက်၊ တံတွေးပေါက်ကဲ့သို့ရွံ့ရှာ၍ ငါ စွန့်ခွါထွက်ခဲ့သည်” လို့မိန့်ပါတယ်။

နောက်ကို တစ်ဖ၀ါးမှ ခြေလှမ်းပြန်မဆုတ်တော့မယ့် ဘုရားလောင်းစကားကြားရတော့ ဗိမ္ဗိသာရမင်းလဲ ထပ်ပြီး မတားတော့ပါဘူး။ ဒါပေမယ့် သူ့အတွက် အကျိုးရှိမယ့် စကားတစ်ခွန်းကိုတော့ မှာလိုက်ပါတယ်။ အမှာစကားက ” အရှင်သိဒ္ဓတ္ထ၊ ဖြောင့်မတ်စွာ အားထုတ်ပါလော့။ သို့ရာတွင် သင်ဘုရားဖြစ်လျှင်တော့ အကျွန်ုပ်ပြည်သို့ ရှေးဦးစွာ ကြွတော်မူပါတဲ့။ ဒီတော့ ဘုရားအလောင်းကလဲ ”ကောင်းပြီ”  လို့ ၀န်ခံဂတိပေးခဲ့ပါတယ်။

 

ဘုရားအလောင်းက အဲဒီကနေတောအုပ်ရှိရာကို ကြွသွားတော်မူပါတယ်။ တောအုပ်မှာ ပထမဦးဆုံး တွေ့ရ သူက လောကီဈာန်ကို စီးဖြန်းနေတဲ့ အာဠာရ ရသေ့ကိုပါပဲ။ အဲဒီ အာဠာရရသေ့ထံကပ်ပြီး ဈာန်သမာပတ်ကို နှီးနှောပြီး အားထုတ်လိုက်တော့ လောကီဈာန် ခုနှစ်တန်ကို ရပါတယ်။ နောက် ဥဒကရသေ့ထံကပ်ပြီး အားထုတ်လိုက်ပြန်တော့ သမာပတ်ရှစ်ပါးကို ရတော်မူပြန်ပါတယ်။ ဒီလိုရပြီး ဘယ်လို ထပ်စဉ်းစားပြန်သလဲဆိုတော့ ” ဒီသမာပတ်ရှစ်ပါးဟာ ဘုရားဖြစ်ကြောင်း သဗ္ဗညုတဥာဏ်ရဲက အကြောင်းမဟုတ်သေးဘူး။ အကြောင်းကို ရှားဦးမှ ဖြစ်ချေမယ်” လို့စဉ်းစားထား ပါတယ်။ ဒါကြောင့် ဥရုဝေလတောကိုဆက်ပြီး ကြွသွားပါတယ်။ အဲဒီဥရုဝေလတော့မှာ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တွေ့တာပါ။

 

ဒီနေရာမှာ ပဉ္စ၀ဂ္ဂီငါးဦးအကြောင်းကို ထည့်ပြောဦးမှဖြစ်မှာပါ။ ဘုရားအလောင်းဖွားမြင်ပြီး ငါးရက်မြောက်မှာ နာမည်မှည့်ဖို့ စီစဉ်ကြပါတယ်။ အဲဒီအမည်မှည့်ပွဲမှာ နာမည်ကျော် ပုဏ္ဏား တစ်ရာ့ရှစ်ယောက်ကိုပါ ဖိတ်ပြီး အဖျော်ယမကာ ဃနာနို့ထမင်းတွေနဲ့ ဧည့်ကျွေးမွေးပါတယ်။ ပြီးတော့ ဘုရားအလောင်းရဲ့ လက္ခဏနိမိတ်ကို စစ်ဆေးစေပါတယ်။

အဲဒီအခါမှာ ပုဏ္ဏားတစ်ရာ့ရှစ်ယောက်ထဲက ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဗောဓ၊ သုယာမ၊ ဆိုတဲ့ ပုဏ္ဏားခုနှစ်ယောက်က လက်ညှိုးနှစ်ချောင်းထောင်ပြီး ” အရှင့်သားတော်မြတ်သည် စကြာမင်းသော်လည်းဖြစ်လတ္တံ၊ ဘုရားသော်လည်း ဖြစ်လတ္တံ“ လို့ အယူနှစ်မျိုးဟောကြပါတယ်။ ပုဏ္ဏားတွေထဲက အငယ်ဆုံးဖြစ်ပြီး ကောဏ္ဍညအနွယ် သုဒတ္တဆိုတဲ့ ပုဏ္ဏား တစ်ယောက်ကတော့ လက်ညှိုးတစ်ချောင်းသာထောင်ပြီး  အရှင့်သားတော်မြတ်သည် ဘုရားစစ်စစ် ဧကန်ဖြစ်ပါလိမ့်မည်” လို့ စကားတစ်ခွန်းပဲ ဟောလိုက်ပါတယ်။

ဒါနဲ့ လက္ခဏာဖတ်တဲ့ ပုဏ္ဏားနှစ်ယောက်ဟာ ကိစ္စ၀စ္စတွေပြီးတော့ အိမ်ကို ပြန်ခဲ့ကြပါတယ်။ အိမ်ရောက်တော့ အသီးသီးပါပဲ ။ မိမိတို့ရဲ့ သားတွေကို ခေါ်ပြီး ” သုဒ္ဓေါဒနမင်းကြီးရဲ့ သားဟာဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မယ်။ အဲဒီမင်းသားဘုရားဖြစ်တဲ့အခါ သူရဲ့အဆုံးအမကို ခံယူပြီး ရဟန်းပြုကြပါ” လို့ မှာကြားပါတယ်။ ဒီလိုနဲ့ပဲ လက္ခဏာဖတ်ပုဏ္ဏားခုနှစ်ယောက်လည်း သေကုန်တယ်ပဲဆိုပါတော့။ ကောဏ္ဍညပုဏ္ဏားတစ်ယောက်တည်း သားအသက် ရှင်လျှက် ကျန်ခဲ့ပါတယ်။

 

ဒီနေရာမှာ စဉ်းစားစရာတစ်ခုက လက်နှစ်ချောင်းထောင်ခဲ့တဲ့ ပုဏ္ဏားခုနှစ်ယောက်ဟာ နန်းတော်ထဲက ဘုရင့်ရှေ့မှာ စကြာမင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ စကားနှစ်ခွန်းပြောခဲ့ပြီး အိမ်မှာသားတွေကိုကျတော့ ဘုရားဖြစ်လိမ့်မယ်လို့ စကားတစ်ခွန်းပဲ ပြောတဲ့ကိစ္စပါ။ အဲဒီအချိန်က သုဒ္ဓေါဒနမင်းကြီးအနေနဲ့ သူ့သားတော်ကို ဘုရားဖြစ်ခြင်းထက် စကြာမင်းဖြစ်ခြင်းကို ပိုပြီးလိုအပ်နေတဲ့အချိန်ပါ။

ပုဏ္ဏားခုနှစ်ယောက်က ဘုရားဖြစ်မယ့်အရေးကို သိပါလျှက် ဘုရင့်ဆန္ဒအလိုကိုကြည့်ပြီးစကားနှစ်ခွန်းကိုပဲ ပြောဟောခဲ့လေသလား။ ဒါမှမဟုတ် တစ်ကယ်ပဲ မသိလို့လား ဆိုတာကိုတော့ စဉ်းစားစရာပါ။ ဘုရားဖြစ်မှာသိပါလျှက်ကယ်နဲ့ လက်နှစ်ချောင်းထောင်ခဲ့တယ်ဆိုရင်တော့ ကိုယ့်ပညာနဲ့ သိက္ခာအပေါ် သစ္စာဖောက်ခဲ့ ကြတဲ့ ပုဏ္ဏားတွေလို့ ဆိုရမှာပါပဲ။


စောစောက စကားကို ပြန်ဆက်ရရင် ဥရုဝေလတောမှာ ပဉ္စ၀ဂ္ဂီငါးဦးက ဖခင်ပုဏ္ဏားတွေမှာခဲ့တဲ့အတိုင်း ဘုရားအလောင်းကို စောင့်နေကြတာပါ။ ဒီတော့ ဘုရားအလောင်းဥရုဝေလတောကို ကြွလာတဲ့အချိန်မှာ ပဉ္စ၀ဂ္ဂီငါးဦးတို့နဲ့အတူ တွေ့တာပါပဲ။ ပဉ္စ၀ဂ္ဂီငါးဦးဆိုတာကတော့  ကောဏ္ဍည၊ ၀ပ္ပ ၊ ဘဒ္ဒိယ၊ မဟာနမ်၊ အဿဇိတို့ဖြစ်ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးကလဲ ဘုရားအလောင်းကို တွေ့ရတာနဲ့ ဘုရားအလောင်းကို ပြုစုလုပ်ကျွေးကြပါတယ်။ ဘုရားအလောင်းက ပဉ္စ၀ဂ္ဂီငါဦးရဲ့ ပြုစုလုပ်ကျွေးမူကိုခံယူပြီး တစ်နေ့ကို ဆွမ်းတစ်လုပ်၊ သစ်သီးတစ်လုံး၊ တစ်ခါတလေ အဟာရမမှီဝဲပဲ တရားကျင့်ပါတော့တယ်။ အဟာရမမှီဝဲတာကြာတော့ ကိုယ်တော်က ကြုံလှီလာပါတယ်။

နောက် လက္ခဏတော်ကြီး လက္ခဏာတော်ငယ်တွေပါ ပျောက်ကွယ်သွားပါတယ်။ တဖြည်းဖြည်းနဲ့ အဟာရကို မမှီဝဲတာများလာတော့ စင်္ကြဦးမှာလဲ ကျသွားပါတော့တယ်။ ဒီလိုတွေကျင့်လိုက်တာ ခြောက်နှစ်တာကာလ အထိတောင် ရောက်လာခဲ့ပါတယ်။ အများသိကြတဲ့ ဒုက္ကရစရိယာခြောက်နှစ်ပါပဲ။ ဒီတော့ဘုရားလောင်းက ကိုယ့်လုပ်ရပ်တွေကိုယ် ပြန်သုံးသပ်ရင်း အစွန်းရောက်နေတာ သိသွားပါတော့တယ်။ အဲဒီလိုသိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ပြီးဆုံးမ လိုက်ပါတယ်။

 

သတ္တ၀ါတို့၏ ဓမ္မတာသည်လည်း သဒ္ဓါလွန်လျှင် ကွန့်သည်။ ပညာလွန်လျှင် ဆွံ့သည်။ ၀ီရိယလွန်လျှင် ပြန့်သည်။ သမာဓိလွန်လျှင်တွန်ပသည်။ သတိသာလျှင် လွန်သည်မရှိ။ လိုသည်သာဖြစ်သည်။ ထို့ကြောင့် ယခု ငါသည် အဟာရကို မျှတစေလျှက် ကိုယ်လက်ကိုဖြည့်တင်း၍ သဒ္ဓါနှင့်ပညာ ၀ီရိယနှင့်သမာဓိကို မျှတစေတော့အံ့။”

ဘုရားအလောင်းက အစွန်းရောက်နေတဲ့ လမ်းစဉ်ကနေ မဇ္ဈမပဋိပဒါလမ်းစဉ်ကို ပြောင်းလိုက်ပါတယ်။ ပြောင်းတဲ့အတိုင်း မြို့ရွာတွေကို လှည့်လည်ပြီး ဆွမ်းခံဘုဉ်းပေးတော်မူပါတယ်။ အဟာရတွေ ပြည့်တင်းလာတာနဲ့ အမျှစောစောပိုင်းက ပျောက်ကွယ်နေတဲ့ မဟာပုရိသလက္ခဏာတွေလဲ ပြန်ပေါ်လာပြီး နဂိုခန္ဓာကိုယ်အတိုင်း ပြန်ဖြစ်လာပါတယ်။

 

ဘုရားအလောင်း ဒီလိုလုပ်လိုက်တာနဲ့ အတူ ဘုရားအလောင်းရဲ့ မဇ္ဈိမပဋိပါဒါလမ်းစဉ်ကို ဆန့်ကျင်တဲ့သူတွေ ပေါ်လာပါတယ်။ အဲဒီသူတွေကတော့ တခြားသူတွေဟုတ်ရိုးလား၊ ဘုရားအလောင်းကို အလုပ်အကျွေးပြုနေကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးပါပဲ။ သူတို့ဘယ်လိုဆန့်ကျင်စကားပြောကြသလဲဆိုတော့ ” သိဒ္ဓတ်မင်းသားဟာ အလွန်ခြိုးခြံခေါင်းပါးစွာ ကျင့်နေတာတောင် ဘုရားမဖြစ်ဘူး၊ အခုလို ဆွမ်းခံစားပြီး ကျင့်မယ်ဆိုရင် ဘယ်မှာ ဘုရားဖြစ်တော့မှာလဲ” လို့ဆန့်ကျင့်စကားဆိုကြပါတယ်။ ပြီးတော့ ဘုရားအလောင်းနဲ့ အယူအဆ မတူတော့တာနဲ့ ဘုရားအလောင်းကို စွန့်ခွါပြီး ဘုရားအလောင်းနဲ့ တစ်ဆယ့်ရှစ်ယူဇနာလောက်ကွာဝေးတဲ့ ဣသိပတေန မိဂဒါဝုန်တောကို ထွက်ခွာသွားကြပါတယ်။

 

ဒီလိုနဲ့ ဘုရားအလောင်းဟာ မဇ္ဈိမပဋိပါဒါလမ်းကြောင်းပေါ်ကနေ ကျင့်ကြံအားထုတ်လိုက်တာ သဗ္ဗညုတရွှေဥာဏ်တော်ကို ရပြီး ဘုရားဖြစ်သွား ရော့ပဲဆိုပါတော့။ ဘုရားဖြစ်ပြီဆိုတော့ တရားဦးအဖြစ် ဓမ္မစကြာတရားကို ဟောရတော့မှာပါ။ ဒီတော့ ဘယ်သူကို အရင်ဟောရမလဲ။

ဒီနေရာမှာ မြတ်စွာဘုရားရဲ့အပြုအမူနဲ့ အတွေးအခေါ်ဟာ သတိမူစရာနဲ့ တစ်ကယ်အတုယူစရာပါ။ မြတ်စွာဘုရားက တရားဦးဟောဖို့ စဉ်းစားတော့ ကျေးဇူးတရားနဲ့ယှဉ်ပြီး စဉ်းစားပါတယ်။ ဘယ်သူဟာ ငါ့အပေါ် ပထမ ကျေးဇူးအများဆုံးလဲ။ ဘယ်သူဟာ ငါ့အပေါ် ဒုတိယ ကျေးဇူးအများဆုံးလဲ။ ဘယ်သူဟာ ငါ့အပေါ် တတိယ ကျေးဇူးအများဆုံးလဲ စသည် စသည်ဖြင့်ပေါ့။

တရားဦးဟောဖို့ ကျေးဇူးတရားတွေကို ရှေ့တန်းတင်ပြီး စဉ်းစားပါတယ်။ ဥာဏ်တော်နဲ့ ပထမကျေးဇူးရှင်ကိုကြည့်လိုက်တော့ ဘယ်သူ့ကို သွားမြင်သလဲဆိုတော့ သဗ္ဗညုတဥာဏ်ရလို့ ဘုရားဖြစ်တဲ့အချိန်မှာ အာဠာရရသေ့ဟာ လူ့ပြည်မှာ မရှိတော့ပါဘူး။ သေလွန်လို့ ခုနှစ်ရက်ရှိပြီး အာကိဉ္စဥာယတနဘုံမှာ ရောက်နေပါပြီ။

 

အာကိဉ္စညာရတာနာဘုံဆိုတာ ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတဲ့ အရူပဗြဟ္မာတွေ နေထိုင်ရာဘုံကိုပြောတာပါ။ အရူပဗြဟ္မာတွေမှာ နာမ်ပဲရှိတာပါ။ ရုပ်မရှိပါဘူး။ ရုပ်ခန္ဓာမရှိတော့ တရားနာလို့မရပါဘူး။ (တကယ်လို့သာ ၃၁-ဘုံထဲက တရားနာလို့ရတဲ့ ဘုံတစ်ဘုံမှာသာရောက်နေရင် မြတ်စွာဘုရားက အဠာရရသေ့ရောက်ဘုံကို လိုက်ပြီးဟောမှာပါ။) ဒီတော့ မြတ်စွာဘုရားက အာဠာရ ရသေ့အတွက် မဟာဆုံးရှုံးမူကြီးလို့ မိန့်ပါတယ်။

နောက် ဒုတိယကျေးဇူးရှင်ကိုကြည့်လိုက်တော့ ဥဒကရသေ့ကို တွေ့ပါတယ်။ ဥဒကရသေ့လဲ ကံမကောင်းရှာပါဘူး။ ယမန်နေ့ သန်းခေါင်ယံကပဲ သေလွန်သွားပြန်ပါတယ်။ သေလွန်လို့ နေ၀သညာ နာသညာယတနဘုံကိုတောင် ရောက်နေပါပြီ။ ဒီဘုံဟာလဲ အရူုပဗြဟ္မာများ နေထိုင်၇ာဘုံပါပဲ။ နောက်တတိယကျေးဇူးရှင်ကိုကြည့်လိုက်တော့ ပဉ္စ၀ဂ္ဂီငါးဦးဟာ မြတ်စွာဘုရားအနားမှာ မရှိတော့ပါဘူး။ မြတ်စွာဘုရားနဲ့ တစ်ဆယ်ယူဇနာဝေးတဲ့ မိဂဒါဝုန်တောကို ရောက်နေပါတယ်။

 

တကယ်တော့ ပဉ္စ၀ဂ္ဂီငါးဦးဟာ မြတ်စွာဘုရားရဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို မကြိုက်လို့ တနည်းအားဖြင့် ၀ါဒမတူလို့ မြတ်စွာဘုရားကို စွန့်ခွါခဲ့သူတွေပါ။ ဒါပေမယ့် မြတ်စွာဘုရားက ကျေးဇူးတရားကိုပဲ ရှေ့တန်းတင်ထားလေတော့ ၀ါဒတူခြင်း၊ မတူခြင်း၊ အယူုအဆတူခြင်း၊ မတူခြင်းတွေကို ထည့်စဉ်းစားမနေတော့ပါဘူး။ အဲဒီဝါဒတွေကို ဘေးကိုပဲ ချထားလိုက်ပါတယ်။ မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီငါဦးရှိရာ တစ်ဆယ့်ရှစ်ယူဇနာဝေးတဲ့ မိဂဒါဝုန်တောကို ကြွသွားရှာပါတယ်။ မိဂါဒ၀ုန်တောကို ရောက်ပြန်တော့လဲ ပဉ္စ၀ဂ္ဂီငါးဦးတို့ရဲ့အယူအဆပြင်းထန်ပုံကို ကြည့်ပါဦး။ မြတ်စွာဘုရား မိမိတို့ဆီကြွလာတာ အဝေးက မြင်လိုက်တာနဲ့ ချက်ချင်းအရေးပေါ်အစည်းအဝေးခေါ်ပြီး ”အရှင်ဂေါတမ ဘုရားဖြစ်ဖို့ ဒုက္ကရစရိယာကျင့်တယ်။ ဒါပေမယ့် ဘုရားမဖြစ်မီမှာပဲ အကျင့်ကထွက်ပြီး ဆွမ်းသင်္ကန်းများအောင်ရှာပြီး မြို့ရွာတွေကို လှည့်လည်တယ်။

 

ဒါက အကျင့်ပျက်တဲ့သဘော၊ အကျင့်ပျက်တဲ့သူပဲ။ ဒါကြောင့်  အရှင်ဂေါတမကို ခရီးဦးမကြိုဆိုဘူး။ နေရာထိုင်ခင်းမပေးဘူး။ အဲဒီလို တမုဟုတ်ချင်း ကတိက၀တ် ပြုလိုက်ကြပါတယ်။ တကယ်တမ်း မြတ်စွာဘုရားရှင် ပဉ္စ၀ဂ္ဂီငါဦးနားရောက်လာချိန်မှာတော့ မြတ်စွာဘုရားရဲ့ အသေရေ၊ ကရုဏာမျက်လုံး စတာတွေကိုကြည့်ပြီး ထားထားကြတဲ့ကတိက၀တ်တွေကို ပြိုင်တူပဲဖျက်လိုက်ကြပါတယ်။ တစ်ဦးက သပိတ်လှမ်းယူ၊ တစ်ဦးက နေရာထိုင်ခင်းပြင်၊ အသီးသီးကိုယ်စီလှုပ်ရှားကြတော့တာပါပဲ။ ဒီတော့ မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီငါးဦးကို ” မိမိဘုရားဖြစ်ပြီးဆိုတဲ့အကြောင်း၊ သင်တို့ကို တရားဦးဟောမယ့် အကြောင်း၊ တရားဦးနာယူကြဖို့ အကြောင်း၊” မိန့်ပါတယ်။ ဒါပေမယ့်  ပဉ္စ၀ဂ္ဂီငါးဦးက ဘုရားဖစ်ြပြီဆိုတာကို လုံးဝမယုံကြည်ကြပါဘူး။ မယုံတဲံအပြင် မြတ်စွာဘုရားရဲ့ တရားဦးဟောဖို့ ပြောဆိုချက်ကိုလဲ သုံးကြိမ်သုံးခါ ပယ်ချကြပါတယ်။

 

မြတ်စွာဘုရားက ကျေးဇူးတရားကိုပဲ ရှေ့တန်းတင်ထားတော့ ပရိယာယ်နဲ့ ဘုရားဖြစ်ကြောင်းကို သိစေပြီး သက္ကရာဇ် ၁၀၃- ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ညနေ နေ၀င်စအချိန်မှာ” ဒွေမေ  ဘိက္ခဝေ” အစချီတဲ့ ဓမ္မစကြာဒေသနာတော်ကို တရားဦးအဖြစ် ဟောတော်မူပါတယ်။ ပဉ္စ၀ဂ္ဂီငါဦးလဲ အသီးသီးရဟန္တာဖြစ်သွားကြပါတယ်။

 

ဘ၀မှာ အယူအဆတစ်ခု၊ ၀ါဒတစ်ခုပေါ်မှာ ကာလကြာကြာထိ အစွန်းရောက်ခဲ့ဖူးပါတယ်။ အစွန်းရောက်တဲ့အလျှောက် ပြုမူခဲ့၊ ပြောဆိုခဲ့ဘူးပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ကျေးဇူးတရားရဲ့ သရုပ်ကို ဖော်ရပြန်ပြီဆိုရင်လဲ ပစ္စုပ္ပန်ကာလတစ်ခုတည်းကိုသာကြည့်ပြီး  သရုပ်ဖော်ခဲ့ဖူးပါတယ်။ အတိကာလ အနာဂတ်ကာလာတွေကို ထည့်မစဉ်စားဖြစ်ခဲ့ပါဘူး။


ဒီဗုဒ္ဓ၀င်ကိုကြည်ညိုဖြစ်တော့မှ ” သြော် .. ငါဟာ နွားကျောင်းသူအဆင့်ပဲ ရှိသေးပါလား။ နွားပိုင်သူ၊ နွားနို့သောက်ခွင့် ရှိသူအဆင့် မရောက်သေးပါ့လား” ဆိုတဲ့ အတွေးက သက်ပြင်းတွေကို အကြိမ်ကြိမ်မွေးဖွားဖို့ ဖန်တီးပေးလိုက်သလို ပါပဲလေ။


ရဝေနွယ် (အင်းမ)

ကျမ်းကိုး

ဇိနတ္ထပကာသနီ( ကျီးသဲလေးထပ်ဆရာတော်)

မြတ်သတိ၊ ဧပြီလ၊ ၂၀၀၁

Views: 342

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service