ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အိုသူကို မနာရလေအောင်

အိုသူကို မနာရလေအောင်



အချို့ အချို့ သူတွေထံမှာ  အလှ တရားဟာ ဘယ်သော အခါမှာမှ ပျောက်ကွယ် မသွားနိုင် ပါဘူး။  နုပျိုစဉ် အခါက မျက်နှာပြင်မှာ ထင်ပေါ် ခဲ့တဲ့ အလှဟာ အရွယ်  ရာက်လာတော့ နှလုံးသားဆီ ပြောင်းသွား တာလောက်ပဲ ထူးသွား တာပါ-တဲ့။ အိုမှုကို အံတု တတ်စေဖို့  ညွှန်ပြတဲ့ စကားလေး တစ်ခုပေါ့။ သို့ပေမယ့်........


အိုမှုကနေ သယ်ယူလာတဲ့ အချို့မလှပမှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ဆိုတာက လူတိုင်းအတွက် လွယ်တာမှ မဟုတ်တာ။ ကံတရားအပေါ်မှာသာ မှီတည်နေတယ်လို့ ဆိုရမှာမျိုး။

ငယ်ရွယ်စဉ် ကာလမှာတော့ တစ်နေ့တစ်နေ့ဟာ သိပ်အကုန်မြန်တယ်။ တစ်နှစ်တစ်နှစ်ကတော့ ကုန်ခဲလွန်းတယ်။ ဒါပေမယ့် အရွယ်အိုလာသူတွေ အဖို့တော့ တစ်နေ့တစ်နေ့က သိပ်ကြာလွန်းတယ်။ အဲ တစ်နှစ်တစ်နှစ်ကြပြန်တော့ သိပ်တိုလွန်း တယ်၊ကုန်လွယ်လွန်းလှတယ်-လို့ အီဗန်နိုဗစ်ခ်ျ ဆိုသူက ပြောဖူးတယ်။ သူပြောတာ ဟုတ်ရဲ့လားလို့ ပြန်စဉ်းစားကြည့်မိ တယ်။ ကိုယ်က သူပြောတဲ့ အရွယ်အိုလာသူလို့ ဆိုရလောက်အောင် မအိုသေးပေမယ့်(ကိုယ့်ကိုယ်ကို ယူဆပါတယ်) သူ့ စကားကို ဟုတ်တယ်လို့ လက်ခံနိုင်လောက်အောင် လုံလောက်တဲ့အရွယ်တော့ ရောက်နေပါပြီ။

မိတ်ဆွေသူငယ်ချင်းများနဲ့ အပူပင်ကင်းမဲ့စွာ ကစားပျော်ပါးလို့ မဝနိုင်တဲ့ ကလေးဘဝမှာ တစ်နေ့တာအချိန်ကာလဆို သိပ် အကုန်မြန်လွန်း လှတာပေါ့။ အီဗန်နိုဗစ်ခ်ျရဲ့ စကားက ကစားပွဲတစ်ခုမှ မဆုံးမီ မိုးကချုပ်လာလို့ အိမ်ရှိလူကြီးသူမများရဲ့ တကြော်ကြော်ခေါ်ရတဲ့ ငယ်စဉ်ဘဝ ကို အောင့်မေ့ အမှတ်ရစေပါတယ်။ အဲဒီ ငယ်စဉ်အချိန်ကပေါ့။ ကိုယ့်ပတ်ဝန်းကျင်ရှိ အရွယ်ရောက်သူ အကိုအမတွေရဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်တာမျိုးကို ကြည့်ပြီး အားကျမိခဲ့တာ။

ကိုယ်လည်း မြန် မြန်ကြီးပြီး သူတို့လိုပဲ လူကြီးသူမတွေရဲ့ မျက်စိဒေါက်ထောက် ကြောင့်ကြကြီးစွာ စောင့်ကြည့်ခံရတဲ့ဘဝကနေ ကျွတ်ပြီး လွတ်လွတ်လပ်လပ် သွားလာနေချင်ခဲ့မိတာ။ ဒါကြောင့် အရွယ်မြန်မြန်ရောက်၊ အသက်မြန်မြန် ကြီးချင်နေခဲ့တာ။ သို့ပေမယ့် အဲဒီအချိန်က တစ်နှစ် တစ်နှစ်ဆိုတာက သိပ်ကြာလွန်းခဲ့တာပေါ့။


လူ့ဘဝသက်တမ်းရဲ့ ထက်ဝက်ကျော်လွန်လာတဲ့ ခုများမှာတော့ တစ်နှစ်ဆိုတဲ့ အချိန်က အကုန်မြန်နေခဲ့ပြီ။ နှစ်ကူးတဲ့နှစ် ဆန်းတစ်ရက်ဆိုတာ မနေ့တစ်နေ့ကပဲလို့ ထင်နေဆဲမှာပဲ နောက်တစ်နှစ်ကူးဖို့က တာစူနေခဲ့ပြန်ပြီလို့ ထင်နေတတ်ပြီ။ အချိန်တွေကလည်း အကုန်မြန်လွန်းလိုက်တာ။ အာဏာရှိသူ၊ တန်ခိုးရှိသူတစ်ဦးဦးက ကိုယ့်အချိန်တွေကို အနိုင်အထက် လုယူသွားသည့်အလား။

အိုနာသေဆိုတဲ့စကားက အရွယ်လွန်သူတို့အတွက် ညွှန်းဆိုတဲ့ စကား။ အိုခြင်းပြီးလျင်ဖြင့် နာခြင်း၊ ဒီကမှ သေခြင်းဆီ။ ဒီ စကားလုံးသုံးလုံးက လူတစ်ယောက်နဲ့ တွဲစပ်လိုက်ရင် တွဲစပ်ခံရသူမှာ ကောင်းခြင်းလက္ခဏာ ဆောင်တယ်လို့ မဆိုသာ တော့ဘူး။ လူအို လူနာ လူသေဆိုတဲ့ စကားလုံး ကိုယ်တိုင်ကိုပင်လျင် မင်္ဂလာရှိတယ်ရယ်လို့ အများက လက်မခံချင်ကြပါဘူး။

ဒါကြောင့် အိုတယ် နာတယ် သေတယ်ဆိုတဲ့စကား ကိုယ့်ဆီကို ကျရောက်လာမှာမျိုးကို မလိုလားတတ်ကြပါဘူး။ သို့ ပေမယ့် ဒီအိုနာသေ ဧည့်သည်က အချိန်တန်လျင် မခေါ်ပဲ ပုံမှန်ဆိုက်ရောက် လာတတ် တဲ့  ငြင်းမရနိုင်တဲ့ ဧည့်သည်လေ။ နောက်ဆုံး သူပြန်သွားတဲ့အခါ ကိုယ့်ကိုယ်ပါ မရဏဆိုတဲ့ သေခြင်းဆီအထိ မရမက အပါခေါ်သွားနိုင်အောင် လည်း သူက အင်အားကြီးသူ မဟုတ်လား။

ပြောရလျင်တော့ ဇရာ ဗျာဓိ မရဏ ဆိုတဲ့ အိုနာသေ ဖြစ်စဉ်က ရှောင်လွှဲ လို့ မရတာ သဘာဝ။ သို့ပေမယ့် ရုပ်ခန္ဓာ ဇရာကျချိန်မှာ စိတ်ဒဏ်ရာ အနာမရစေဖို့ ဖေးမကူညီကြမယ် ဆိုလျင်ဖြင့် အိုနေသူတွေအတွက် နာခြင်း ဒဏ် အတန်ငယ် သက်သာပေလိမ့်မယ်။ ကိုယ်နာပေါ်မှာ စိတ်နာမထပ်လေသမို့ အတန်ငယ် သက်သာရာ ရနိုင်ပါလိမ့်မယ်။

ဗီဒီယို မှတ်တမ်းတိုလေးတစ်ခု ကြည့်ရတယ်။ အရွယ်အိုသူတစ်ယောက်ရဲ့ မှတ်ဉာဏ်အားနည်းမှုအကြောင်း ရိုက်ထားတာ။  ပန်းခြံထဲက ခုံတန်း တစ်ခုပေါ်မှာ သားအဖနှစ်ယောက် ထိုင်လို့။ သားက သတင်းစာကို ဖတ်လျက်။ ဖခင်ကြီးကတော့ သစ် ကိုင်းဖျားပေါ်နားလာတဲ့ ငှက်ကလေးကို ကြည့်နေတယ်။ သတင်းစာဖတ်နေတဲ့ သားကို ဒါ ဘာကောင်လဲလို့မေးတယ်။ သားက ငှက်လေးဆီ အသာမော့ကြည့်ပြီး ဒါ "စာ" လို့ဖြေတယ်။

စာလေးက ခုန်ဆွခုန်ဆွနဲ့ ကျောက်တုံးတစ်တုံးပေါ် ရွှေ့ သွားတယ်။ ဒီတော့ ဖခင်ကြီးက ဒါ ဘာကောင်လဲလို့ မေးပြန်တယ်။ သားဖြစ်သူရဲ့အသံက နည်းနည်းမာလာတယ်။ "ဒါ စာ"လို့ ပြန်ဖြေပါတယ်။ စာလေးက တစ်နေရာကို ရွှေ့သွားပြန်တယ်။ ဒီတော့ ဖခင်ကြီးက ဒါ ဘာလဲလို့ မေးပြန်ပါတယ်။ သားက မော့ မကြည့်ပဲ အသံကျယ်ကျယ်နဲ့ "စာ စာ" လို့ အော်ပါတယ်။ စိတ်လည်း အတော်တိုနေတဲ့ဟန်နဲ့။


စာလေးက တစ်နေရာရွှေ့သွားပြန်တယ်။ ဒါဘာကောင်လဲလို့ မေးလို့မှ မဆုံးမီ သားက။ ဒါ "စာ စာ စာ"။ "စလုံး ရေးချစာ" လို့ ကလေးငယ် တစ်ယောက်ကို စာလုံးပေါင်းပြဟန်နဲ့ အော်ပြောပါတယ်။ အသံရော အမူအယာပါ အဆုံးစွန် စိတ်တိုနေ ဟန်။ ပြီးတော့ နှုတ်ကလည်း ခုတင်ပဲ ပြောပြီးပြီ။ ဒါတောင် မမှတ်မိဘူးလားလို့ စိတ်ဆိုးမာန်ဆိုး အော်ငေါက်ပါတယ်။

ဒီတော့ ဖခင်ကြီးက ထိုင်နေရာက အသာထကာ အိမ်ထဲကို ဖြေးဖြေးဝင်သွားပါတယ်။ သားက အတော်စိတ်ပျက်လက်ပျက် အမူအယာနဲ့ သတင်းစာကို ပစ်ချပြီး ဒါက ဘယ်သွားမလို့လဲ လို့ အော်ငေါက်ပါတယ်။ သားက သူ့လက်ကို နဖူးမှာထောက် ပြီးငိုင်တွေလို့။ တော်တော်မှပဲ စိတ်ဆိုးစိတ်ပျက်နေဟန်။

ဖခင်ကြီး အိမ်ထဲက ပြန်အထွက်မှာတော့ လက်ထဲမှာ မှတ်စုစာအုပ်ဟောင်းလေးတစ်ခုကို ကိုင်လို့။ ခုံပေါ်ထိုင်နေတဲ့ သူ့ သားကို အသာလက်တို့ကာ သူ့လက်ထဲမှာ အထူးမှတ်ထားတဲ့ စာမျက်နှာလေးကို သားကို ပေးဖတ်ပါတယ်။ ကျယ်ကျယ် ဖတ်ပါလို့လည်း နှုတ်ကပြောပါတယ်။

သားက စာကိုအသံထွက်ဖတ်ပါတယ်။မှတ်တမ်းလေးထဲမှာ "ဒီနေ့ သားလေးသုံးနှစ်ပြည့်တဲ့နေ့။ သားက ကျနော်နဲ့ ပန်းခြံ ထဲက ခုံတန်းလေးမှာ ထိုင်နေခဲ့တယ်။ စာလေးတစ်ကောင်က ခုံနဲ့မလှန်းမကန်း ပန်းရုံလေးပေါ် လာနားတယ်။ တီတီတာ တာ စကားပြောတတ်စအရွယ် သားငယ် က ဖေဖေ ဒါဘာကောင်လဲလို့ မေးတယ်။ ဒါ စာလို့ခေါ်တယ်သားလို့ ကျနော်က ဖြေခဲ့တယ်။ နောက်ပြီးသားလေးကိုလည်း ဖက်ခဲ့တယ်။


ခဏအကြာတော့ စာလေး တစ်နေရာကို အနည်းငယ်ရွှေ့သွား တယ်။ ဖေဖေ အဲဒါဘာကောင်လဲလို့ မေးပြန်တယ်။ ဒါ စာလို့ခေါ်တယ်သားလို့ ကျနော်က ပြန်ဖြေတယ်။ နောက်ပြီး ကျ နော်က သားလေးကို တစ်ချက်ပွေ့ဖက်လိုက်တယ်။ ဒီလိုနဲ့ ဒီမနက်ခင်းလေးမှာ စာလေးတစ်နေရာရွှေ့သွား တိုင်း သားလေး က ဒါဘာကောင်လဲ ဖေဖေလို့ မေးခဲ့တာ။ နှစ်ဆယ့်တစ်ကြိမ်ရှိခဲ့တယ်။ သားလေးမေးလေတိုင်း "စာ" လို့ခေါ်တယ်လို့ ကျ နော်က ဖြေပေးခဲ့ပြီး ဖြေပြီးတိုင်းပဲ သားလေးကို ကျနော်က တစ်ကြိမ်ပွေ့ဖက်ခဲ့တယ်။ ဒါလေးတောင် မမှတ်မိနိုင်ရကောင်း လားလို့ ကျနော်က အပြစ်မတင်ခဲ့သလို စိတ်လည်း မဆိုးမိပါဘူး။ အပြစ်မဲ့တဲ့ကျနော့်သားလေးရဲ့ နှစ်လုံးသားနုနုလေး ဒဏ် ဖြစ်မသွားစေချင်ဘူးလေ"။

စာကိုဖတ်ပြီး သားဖြစ်သူက အတန်ငယ်တွေသွားတယ်။ သူ့အပေါ်ထားခဲ့တဲ့ ဖခင်ကြီးရဲ့ တုနှိုင်းမဲ့မေတ္တာကို နားလည်သွားပုံ ပါ။ ဖခင်ကြီးကို ပွေ့ဖက်ပြီး ဖခင်နဖူးကို အသာနမ်းပါတယ်။ (၃) မိနစ်ခန့်ကျော်ကျော်လေးသာကြာတဲ့ ဒီဗီဒီယိုခွေလေးက အချိန်ပမာဏမဲ့ ကာလမဲ့တဲ့ လူအို(ဖခင်)တစ်ယောက်ရဲ့ အကြင်နာနဲ့ မေတ္တာတရားကို ကောင်းကောင်းဖော်ပြနိုင်ခဲ့ပါတယ်။ နောက်ပြီး လူအိုတစ်ယောက်ရဲ့ ဘဝမှန်ကိုလည်း ပိုလွင်စေပါတယ်။

ဇရာဆိုတာက ယိုယွင်းယုတ်လျော့ခြင်းကို ဆိုလိုတာ။ အိုခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းတွေ၊ တက်ကြွသန်မာခြင်းတွေ ယုတ်လျော့ပြီး အိုဆွေးအားနည်းလာမှုပဲ မဟုတ်ပါလား။ အိုချိန်ရောက်လာရင် ကျန်းမာသန်စွမ်းစဉ်က သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလုပ်တွေကိုလည်း လုပ်နိုင်တော့မယ် မဟုတ်ပေဘူး။ အရွယ်ရလာလို့ ရှောင်လွှဲ မရနိုင်တာကြောင့် အိုတာတော့ အိုကြရမှာပါ။

အိုခြင်းနောက်ကပ်ရက်မှာပဲ အမျိုးမျိုးသော ရောဂါအထွေထွေကြောင့် နာခြင်းကလည်း လိုက် ပါလာမှာ မလွဲပါဘူး။ သဘာဝကပေးခဲ့တဲ့ ဒီမလွှဲမရှောင်သာ နာခြင်းမျိုးကြောင့် အဖိုးအဖွားတွေမှာ စိတ်ဒဏ်သင့်စေမှာ အမှန်ပဲလေ။ ဒါပေမယ့် ငယ်ရွယ်သူတွေဆီက အကြင်နာ မရလို့ နာကျင်ကြရမှာမျိုးတော့ မဖြစ်စေဖို့ လိုပေလိမ့်မယ်။ ဖြစ်စဉ်သဘောအရ အိုပြီးလို့ နာကြရတဲ့ ခန္ဓာနာအပေါ်မှာ ဖြစ်စဉ်ထဲမှာ မပါလေတဲ့ ငယ်ရွယ်သူတွေပေးလို့ နာကြရမည့် ဝေဒနာဒဏ်နာထပ်ကာ မသင့်စေဖို့ လိုပေလိမ့်မယ်။

ဒို့တွေ ခုလိုနေနိုင်အောင် သူတို့တွေက ဒို့အတွက် ရှေ့ကနေ အရာရာ ဖန်တီးထားပေးကြတာ မဟုတ်လား။ ဒို့စားနေတဲ့ အစာတွေ၊  ဒို့ဝတ်နေတဲ့ အဝတ်တွေ၊ ဒို့ဖြတ်နေတဲ့တံတားတွေ၊ ဒို့လျှောက်နေတဲ့လမ်းတွေ။ ဒါတွေဒါတွေကို ဒို့တွေရဲ့ အဘိုး တွေ၊အဘွားတွေ၊ အဖေအမေတွေက သူတို့တွေရဲ့ သွေးတွေ ချွေးတွေနဲ့ ခင်းခဲ့ကြ တည်ဆောက်ခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ဒို့တွေရဲ့ အသက်ရှင်ဖြစ်တည်နေမှုကိုက သူတို့တွေပေးခဲ့ကြလို့သာပဲ မဟုတ်လား။

တကယ်တော့ အိုခြင်း ဆိုတာ ဒုတိယအကြိမ် ကလေးဘဝကို ပြန်လည်ရောက်သွားခြင်းပါ။ ဒီအကြိမ်မှာ ကလေးပမာ ထပ်ခါထပ်ခါမေး တဲ့ မေးခွန်း ကို စိတ်ရှည်စွာ ဖြေကြားရမှာက လူကြီးတစ်ယောက်ရဲ့ တာဝန်ပါ။ ဒို့တွေဟာ လူကြီးလူကောင်းတစ်ယောက်ပါလို့ ကိုယ့် ကိုယ်ကို ယူဆတယ်ဆိုရင် ဒါ ဒို့တာဝန် ဒို့အလှည့်ပဲလေ။

"ခု အချိန်မှာ ငါ့ရဲ့အချိန်များစွာနဲ့ ဘယ်လောက်နည်းနည်းလေးပဲ ငါလုပ်နိုင်ခဲ့တယ်ဆိုတာ နားလည်ခဲ့ပါပြီ။ ငါ့ရဲ့ နည်းနည်း လေးသာကျန်တော့တဲ့ အချိန်နဲ့ဆို ဘာတွေကို ဘယ်လောက်များများ ငါလုပ်နိုင်ဦးတော့မှာလဲ"လို့  အသက် ကြီးရင့်သူတွေ က အားလျော့စွာ စဉ်းစားမိတတ်ပါတယ်တဲ့။ အားနည်းလာတဲ့ ကိုယ်အားစိတ်အားတွေအပေါ်မှာ အားမရနိုင်စွာ ဖြစ်တတ် တာ အသက်ကြီးရင့်သူများရဲ့ သဘာဝပဲလေ။

နှေးရမည့်အရွယ် များမို့ နှေးတတ်တာ၊ လေးရမည့်အရွယ်ရောက်ကြလို့ လေး ကြတာကို နှေးရလေးရကောင်းလားလို့ အပြစ်မတင်မိဖို့ အရေးကြီးပါတယ်။   မေ့ချိန်ရောက်လို့ မေ့ကြတာကို မေ့ရကောင်း လားလို့လည်း အပြစ်တင်သင့်မယ် မဟုတ်ဘူးပေါ့။ ဖေးမရမည့် သူတွေကို ဖေးမခြင်း ဆိုတာ   ကောင်းမြတ်လှတဲ့ မင်္ဂလာ တစ်ရပ်သာပါ။ ။

မေတ္တာများဖြင့်

အရှင်ဉာဏိက

Views: 96

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service