ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဟုတ်လျှင် မခံသူ


ရွှေစကားတို့ရဲ့မြစ်ဖျား (၁၃)


”သြော် မင်းက မဟုတ်ရင် မခံချင်ဘဲကိုး၊ အဲသလိုဆိုရင်  မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံခိုက်ရန် ဖြစ်နေပေရော့၊ ဒီလောကကြီးက ဟုတ်ကဲ့လောကကြီးမှ မဟုတ်ဘဲ၊ မဟုတ်တဲ့လောကကြီးပဲကွယ့်၊  ဟုတ်  ဟုတ်၊ မဟုတ်  ဟုတ် သည်းခံပေါ့”

မစိုးရိမ်ဆရာတော်

လူသားတစ်ယောက် လောကကြီးထဲရောက်လာရင် သူရဲ့ အချိန်တိုင်း နေရာတိုင်းမှာ  လောကတာဝန်တွေက အသင့်ရှိနေပြီးသားပါ။ အသင့်ရှိနေပြီးသား လောကတာဝန်တွေကို အဲဒီလူသားအနေနဲ့ ပြုမယ်ဆိုရင်လည်း ပြုလို့ရပါတယ်။ မပြုဘဲနေမယ်ဆိုရင်လည်း နေနိုင်ခွင့်ရှိပါတယ်။ ဒါက ကိုယ်ပိုင်အခွင့်အရေးပါ။ ဥပမာ အများသောက်တဲ့ရေအိုးနားမှာ ချွဲသလိပ်တွေ့တယ်ဆိုပါတော့။ တွေ့တဲ့သူက  သန့်ရှင်းသွားရမှာပါ။ အများနဲ့ သက်ဆိုင်နေတဲ့ အလုပ်မှန်သမျှတော့ ဘယ်ဟာမှ မသေးငယ်ပါဘူး။ အားလုံးကြီးကျယ်တာချည်းပါပဲ။ ကိုယ့်ရှေ့မှာ တွေ့ရတဲ့ လောကတာဝန်ဟာ ကိုယ့်တာဝန်ပါပဲ။ လူဆိုတာ ပတ်ဝန်းကျင်တစ်ခုမှာ အသုံးတည့်အောင် နေဖို့လိုတယ်။ အသုံးတည့်နေရင် တန်ဘိုးရှိနေတာပါပဲ။ လူဆိုတာ ကိုယ့်အတွက်တော့ တစ်ကွက်ချန်စဉ်စားတတ်တယ်လို့ လောကပြောစဉ်ရှိပေမယ့် တကယ့်လူကတော့ ကိစ္စတိုင်းမှာ သူများအတွက် တစ်ကွက်ချန် စဉ်းစားပေးတတ်တာ သူတို့ရဲ့ ဗီဇဓမ္မတာပဲလေ။

ဒါပေမယ့် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိစမြဲဆိုတဲ့အတိုင်း လောကကြီးက ကာလာအတိုင်းအတာတစ်ခုအထိ သတိရနေ သင့်တဲ့သူကို သတိရနေကြပါလိမ့်မယ်။ မေ့သင့်တဲ့သူကို မေ့လိုက်ကြပါလိမ့်မယ်။ လောကကိုချစ်သူ၊ မချစ်သူ၊ လောကအပေါ် တာဝန်ကျေသူ၊ မကျေသူ၊ အဲဒီကြားကာလမှာနေသူ စသည်ဖြင့် အကောင်းအဆိုး အယုတ်အမြတ်တွေကတော့ ဒွန်တွဲနေကြမှာပါ။

အထက်ပါစကားတွေနဲ့ အစီချီနေရတာကတော့ ဒီအတောအတွင်း လောကအပေါ် တစ်နည်းပြောရရင် လူမျိုးနဲ့ သာသနာအပေါ် တာဝန်ကျေခဲ့တဲ့ ဆရာတော်တွေအကြောင်း စဉ်းစားနေမိလို့ပါ။ ရှင်အရဟံ၊ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဠသာရ၊ ဆရာတော်ဦးဗုဓ်၊ ကျော်အောင်စံထား ဆရာတော်၊ ရွှေကျင်ဆရာတော်၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဆရာတော်အရှင်ဇနကာဘိဝံသ၊ မစိုးရိမ်ဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော် စသည် စသည်ဖြင့်ပေါ့၊ ဒီဆရာတော်တွေရဲ့ ထေရုပ္ပတ္တိတွေဖတ်ရတာ တဒင်္ဂလူပီသချင်တဲ့စိတ် ဖြစ်မိတာ အမှန်ပါပဲ။

အခု ဒုတိယအကြိမ်ပြန်ဖတ်ဖြစ်တဲ့ စာအုပ်ကတော့ မစိုးရိမ်ဆရာတော်ဘုရားရဲ့ ထေရုပ္ပတ္တိစာအုပ်ပါ၊ တစ်ကြိမ်သာရိုက်ပြီး ပြန်မရိုက်ဖြစ်တဲ့ စာအုပ်ဖြစ်တဲ့အတွက် လူထုလက်ထဲ ပြန်ပြန်နှံ့နှံ့မရှိနေတာတော့ သေချာပါတယ်။

မစိုးရိမ်ဆရာတော်ဘုရားအား ၁၂၄၁ ခုနှစ်မှာ မွေးဖွားပြီး  ၁၃၃၇ ခုနှစ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ သက်တော်အားဖြင့် ၉၆ နှစ်ဆိုတော့ သက်တော်ရှည်ဆရာတော်တစ်ပါးလို့ ဆိုနိုင်ပါတယ်။ ခေတ်အားဖြင့်ခွဲရင် ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ဆရာတော်ပါ။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့လို့ မစိုးရိမ်ဆရာတော်ရယ်လို့ အမည်တွင်ခဲ့ပါတယ်။ ဆဌသင်္ဂါယနာတင်ပွဲမှာ ညောင်ရမ်းဆရာတော်ပျံလွန်တော်မူတဲ့အခါ ဥက္ကဌတာဝန်ယူခဲ့သလို စာသင်သားတွေ သင်ကြားပို့ချနေရတဲ့ အဘိဓမ္မာည၀ါ အရကောက်ကျမ်းတွေလဲ တည်းဖြတ်သုတ်သင်ခဲ့ပေးပါတယ်။

ဆရာတော်ရဲ့ ထေရုပ္ပတ္တိမှာ အထူးတွေ့ရတာက  ရိုးဂုဏ်နဲ့ သမာသမတ်ကျတဲ့ လမ်းညွှန်မှုပါ။ ဒါကိုတော့ ဆရာတော်တစ်သက်လုံး စွဲကိုင်သွားတော် မူခဲ့ပါတယ်။  ဆရာတော်ကိုရင်ဘ၀က ခေတ္တလူထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ရွယ်တူမိန်းကလေးကို နှစ်သက်နေလို့ ပြန်မ၀တ်တော့ဘူးဆိုပြီး ဇွတ်ပေကပ်နေလို့ လူကြီးတွေက ချော့ပြီး ပြန်ဝတ်ပေးခဲ့ရပါတယ်။ ဆရာတော် သင်္ကန်းပြတ်ဝတ်ပြီး ပထမကျော်၊ သကျသီဟစတဲ့ စာမေးပွဲတွေ အောင်ပြီးတော့မှာ ဆရာတော်အကို အမတွေက ” ဦးပဉ္စင်း လူမထွက်တော့ဘူးလားလို့ ” မေးတယ်လို့ ဆိုပါတယ်။

ဒီတော့ ဆရာတော်က ဘယ်လိုပြန်မိန့်သလဲဆိုတော့

ကိုယ့်လူတို့ ပထမ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကို ကြားဖူးကြမှာပါ။ အဲဒီ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကို အလွန်ကြည်ညိုတဲ့ ဦးဘိုးလှိုင်ဆိုတဲ့ ဒကာကြီးတစ်ယောာက်ရှိတယ်။ သူက တစ်နေ့မှာ သူ့ဆရာတော်ကို စကားတစ်ခွန်းလျှောက်တယ်။  ဘယ်လိုလျှောက်သလဲဆိုတော့ ဆရာတော် တစ်မဂ်တစ်ဖိုလ်ရအောင် ကျင့်တော်မူပါဘုရားတဲ့။ ဒါမှ တပည့်တော်တို့ ကြည်ညိုရာ အားရပါးရရှိပါတယ်ဘုရား။ တဲ့။  ဒီတော့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက  ဘိုးလှိုင် တစ်မဂ်တစ်ဖိုလ်ရအောင် ကျင်ဖို့နေနေသာသာ တို့လို ပုထုဇဉ် ရဟန်းတွေအဖို့ လူမထွက်ဖြစ်အောင်ကိုပဲ အတော်ကို အောင့်နေရသတဲ့ လို့ ပြန်မိန့်ခဲ့တယ်တဲ့။ အဲဒီမဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးရဲ့ စကားအတိုင်းပဲ  ဦးပဉ္စင်းတို့လည်း လူမထွက်ချင် အောင် လူမထွက်ဖြစ်အောင် အတော့်ကို အောင့်နေရတယ်တဲ့။

ရင်ထဲမှာ ရှိနေတာကို ရှိနေတဲ့အတိုင်း ဖွင့်ပြောလိုက်တဲ့ ဆရာတော်ဘုရားကြီးရဲ့ ရိုးဂုဏ်ပါ။ ရိုးဂုဏ်ဟာ လူသားတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဂုဏ်တစ်ခုပါ။ လောကမှာကြောက်ဖို့ အကောင်းဆုံးက ရိုးဂုဏ်နဲ့ ဆန့်ကျင်ဘက် ဟန်ဆောင်မှုပါပဲ။ ဟန်ဆောင်တယ်ဆိုတာ ဟန်ဆောင်တဲ့သူအတွက်ရော ဟန်ဆောင်ခံရသူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ကိစ္စပါ။ ပြီးတော့ ဟန်ဆောင်တယ်ဆိုတာ ၀န်းထုပ်ဝန်းပိုး တစ်ခုလို ဟန်ဆောင်သူအတွက် ပင်ပန်းလှပါတယ်။

ရွှေစကြာဦးစိုးမြင့်နဲ့ ဆရာတော်


ရွှေစကြာဦးစိုးမြင့်ဆိုတာ ခေတ်တစ်ခေတ်မှာ အထင်ကရရှခဲ့ဖူးတဲ့ စာရေးဆရာပါ။ နတ်သျှင်နောင်ကို အမျိုးသားရေးအမြင်နဲ့ ရေးပြသွားခဲ့တဲ့ နားခံတော်ဝတ္တုဆို၇င် လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ကိုယ်တိုင် လက်ဖျားခါ ချီးကျူးခဲ့ရတဲ့ဝတ္တုပါ။ စာတတ်တဲ့ လူပျံတော်တစ်ယောက်ဖြစ်သလို စိတ်လည်း အတော်တိုပုံရပါတယ်။

၁၃၀၉ ခုနှစ်မှာ မစိုးရိမ်ကျောင်းတိုက်က ဦးဥာဏောဘာသဆိုတဲ့ နာယကဘုန်းကြီးတစ်ပါးက ဓမ္မစရိယစချတန်းမှာ ၉ ကျမ်းလုံးကို တစ်နှစ်တည်းအောင်လာပါတယ်။ အောင်လာပုံကလည်း သူများနဲ့မတူပါဘူး။ ၁၃၀၈ ခုနှစ်မှာ စာချတန်းဝင်ဖြေတာ နှစ်မခြားတဲ့အပြင် ၉ ကျမ်းလုံးလည်း အောင်မြင်လာပါတယ်။ အောင်ပုံက တစ်သီးတစ်သန့် ထူးခြားနေပါတယ်။ ဒီအချိန်မှာ ရွှေစကြာဦးစိုးမြင့်က ပါဠိပညာရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေပါတယ်။ ကိုယ်တိုင်လည်း စာမေးပွဲတွေမှာ ထူးထူးချွန်ချွန်အောင်ခဲ့လေတော့ အခုလို ထူးထူးချွန်ချွန်အောင်လာတဲ့ ဦးဥာဏောဘာသကို ထူးထူးခြားခြားချီးမြှောက်လိုဟန်ရှိပါတယ်။ ဒါကြောင့် ရွှေစကြာဦးစိုးမြင့်က ထူးထူးခြားခြားအောင်လာတဲ့ ဦးဥာဏောဘာသကို ဘွဲ့ဂုဏ်ထူးတစ်ခု သီးသန့်ရွေးချယ်ပေးသင့်ကြောင်း ပါဠိပညာရေးအဖွဲ့ ဥက္ကဌဆီ စာတင်လိုက်ပါတယ်။ စာတင်ပြီးတော့ မစိုးရိမ်ဆရာတော်ဆီ ရောက်လာပါတယ်။ ရောက်တာနဲ့ ရွှေစကြာဥိးစိုးမြင့်ကလဲ စကားစဆိုပါတယ်။

ဦးဥာဏောဘာသကို ဘွဲ့ထူးဂုဏ်ထူးရွေးချယ်ပေးဖို့အတွက် ဥက္ကဌဆီ တပည့်တော် စာတင်ထားတယ်ဘုရား

စိုးမြင့် မင်းလုပ်ပုံမဟုတ်ဘူး။ မင်းက မစိုးရိမ်တိုက်ထွက်၊ သူတို့မစိုးရိမ်တိုက်က ထူးထူးခြားခြားအောင်လို့ ဒီစာတင်တယ်ထင်မှာပေါ့။ ဘွဲ့ထူးဂုဏ်ထူးရတော့လဲ ဘာမှဖြစ်မသွားပါဘူး။ ဆန္ဒာဂတိလိုက်တယ်လို့ ထင်သွား၇င် သိပ်ရှက်စရာကောင်းတယ်။

ထင်ရင်လဲ မတတ်နိုင်ဘူးဆရာတော်။ ပေးသင့်တာကတော့ အမှန်ပဲမဟုတ်လားဘုရား

မင်း ကဲ ဥာဏောဘာသအရင် ဒီလိုအောင်ဖူးတဲ့ပုဂ္ဂိုလ်မရှိဘူးလားကွာ

တစ်ပါးရှိတယ်လို့ ကြားဘူးပါတယ်ဘုရား။

မင်းကို အဲဒီဥပဉ္စင်းအောင်တုန်းကတော့ ဘာဖြစ်လို့ ဘွဲ့ဂုဏ်ထူးပေးဖို့ မစဉ်းစားခဲ့ကြသတုန်း။

တပည့်တော် အဖွဲ့ထဲမှာ မပါသေးလို့လား မပြောတတ်ပါဘုရား။ မှတ်တမ်းပြန်ကြည့်ပါဦးမယ်။

မင်းတို့ ဥာဏောကို ဘွဲ့ဂုဏ်ထူးပေးရင် ဥာဏောအရင်အောင်ခဲ့တဲ့ ဦးပဉ္စင်းကိုလဲ ပေးရမယ်မောင်ရ

ဒါကတော့ စဉ်းစားရမှာပေါ့ဘုရား

ဆရာတော်နဲ့ ရွှေစကြာဦးစိုးမြင့်တို့ အပြန်အလှန်ပြောခဲ့တဲ့စကားတွေပါ။ အဲဒီနှစ်က ဦးဥာဏောဘာသကို သိရောမဏိ ဘွဲ့ထူးပေးခဲ့သလို ဦးဥာဏောအရင်အောင်ခဲ့တဲ့ ဦးပဉ္စင်းကိုလည်း သိရောမဏိ ဘွဲ့ထူးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ မရှေးမနှောင်း ပါဠိပညာရေးအဖွဲ့ အစည်းအဝေးပွဲတစ်ခုမျာ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်နဲ့ ရွှေစကြာဦးစိုးမြင့်တို့ ကိစ္စတစ်ခုနဲ့ပက်သက်ပြီး အကြီးအကျယ်ဒေါသ အတော်ထွက်နေတယ်လို့ဆိုပါတယ်။ စည်းဝေးပွဲပြီးသွားတော့ မစိုး၇ိမ်ဆရာတော်က ဦးစိုးမြင့်ကိုခေါ်ပြီး ဒေါသမထွက်ဖို့၊ အရာရာသည်းခံဖို့ ဆုံးမသြ၀ါဒပေးပါတယ်။ ဒေါသအရှိန်မပြယ်သေးတဲ့ ဦးစိုးမြင့်က ဆရာတော်ကို ဘယ်လိုပြန်လျှောက်သလဲဆိုတော့

”တပည့်တော် မဟုတ်ရင်မခံချင်ဘူး ဆရာတေ်၊ ဟုတ်ရင်တော့ ဘယ်လိုလုပ်လုပ် ခံမှာပဲလို့” လျှောက်ပါတယ်။ ဒီတော့ ဆရာတော်က

”သြော် မင်းက မဟုတ်ရင် မခံချင်ဘဲကိုး၊ အဲသလိုဆိုရင်  မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံခိုက်ရန် ဖြစ်နေပေရော့၊ ဒီလောကကြီးက ဟုတ်ကဲ့လောကကြီးမှ မဟုတ်ဘဲ၊ မဟုတ်တဲ့လောကကြီးပဲကွယ့်၊  ဟုတ်  ဟုတ်၊ မဟုတ်  ဟုတ် သည်းခံမှပေါ့” လို့မိန်ပါတယ်။

ဒီတော့မှ ဦးစိုးမြင့်လည်း ဒေါသအရှိန်ပြယ်သွားတယ်လို့ ဆိုပါတယ်။ ရွှေစကြာဦးစိုးမြင့်နဲ့ ဆရာတော်ရဲက အခန်းကဏ္ဍမှာ ဥဒါန်းတွင်ရစ်ခဲ့တဲ့ ဆရာတော်ရဲ့ ရွှေစကားတစ်ခွန်းပါ။

လူပျံတော်ပတ္တမြားဦးမောင်မောင်နဲ့ ဆရာတော်


ဆရာတော့်အကြောင်းကိုရေးရင် မဖြစ်မနေပါရမယ့် ဒကာတစ်ယောက်လည်း ရှိပါသေးတယ်။အဲဒီသူက အခြားသူမဟုတ်ပါဘူး။ အားလုံးသိကြတဲ့ လူပျံတော်ပတ္တမြားသွေးဆေးကို စတင်ရောင်းချခဲ့တဲ့ လူပျံတော်ပတ္တမြားဦးမောင်မောင်ပါပဲ။

ဟိုဘက်ကာလတစ်ခုမှာ လူပျံတော်ပတ္တမြား ဦးမောင်မောင်က သူနေထိုင်ရာ ဖဆပလမှာ ဆရာတော်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဦးမောင်မောင်ရဲ့အိမ်က မိုးမလုံ လေမလုံ ခနော်ခနဲ့ အိမ်ကလေးပေါ်မှာ သင်ဖြူးဟောင်းကလေးခင်းပြီး ဆွမ်းကပ်ခဲ့ရတာပါ။ ဆွမ်းစားပြီးတော့ ဆရာတော်က စကားတစ်ခွန်းအမိန့်ရှိပါတယ်။ “ မင်းတို့ ကပ်တဲ့ဆွမ်းစားရတာ မျိုမကျဘူးကွာ။ မင်းတို့ကို ငါမေတ္တာပို့ပေးပါဦးမယ်တဲ့။

ဒီလိုနဲ့ ဦးမောင်မောင်က သွေးဆေးရောင်းရင်း တစ်နေ့တစ်ခြား ကြီးပွားချမ်းသာလာခဲ့ပါတယ်။ အဲဒီလို ကြီးပွားချမ်းသာလာတဲ့အခါ ဦးမောင်မောင်က တစ်ချိန်က ဆရာတော်ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးသတိရပါတယ်။ ဒါကြောင့် ဆရာတော်နဲ့တွေ့တဲ့အခါ ဦးမောင်မောင်က ဆရာတော် မေတ္တာပို့ပေးလို့ ကြီးပွားချမ်းသာလာတာလို့ ထင်ကြောင်း လျှောက်ပါတယ်။ ဒီတော့ ဆရာတော်ကပြုံးပြီး တိုက်ဆိုင်လို့ပါကွာ။ ဒီလို တိုက်ဆိုင်မှုလေးတွေ ရှိနေလို့လဲ ခုခေတ် ဘိုးတော်အမည်ခံတွေ စားသာနေကြရတာပေါ့ကွာလို့ ပြန်မိန့်ပါတယ်။ တစ်ဖက်က ပြောလာတဲ့စကား အတိုင်း ဆရာတော် မှိန်းမနေခဲ့ပါဘူး။ ဆရာတော်ရဲ့ ရိုးဂုဏ်တစ်ခုပါပဲ။

ဆရာတော်ရဲ့ ရိုးဂုဏ်ကို ဘယ်လောက်အထိတွေ့ရသလဲဆိုရင် ဆရာတော်ပျံလွန်တော်မူခါနီးအထိပါပဲ။ ဆရာတော် ပျံလွန်တော်မမူမီ သုံးလခန့်အလို ၁၃၃၇ ခုနှစ်၊ ၀ါဆိုလဆန်း (၂) ရက်နေ့မှာ တပည့်တွေကို ငါတော့ အသက် ၉၆ နှစ်ပြည့်တော့မယ်။ ဘာတရားထူးမှမရဘူး လို့  ပွင့်ပွင့်လင်းလင်း သြ၀ါဒမိန့်ပါတယ်။ ဒီစကားကို လူပျံတော်ပတ္တမြား ဦးမောင်မောင်ပြန်ကြားတော့ ဘယ်လိုပြောသလဲဆိုတော့ ” ဆရာတော်ဟာ တရားထူးမရပေမယ့် ပုထုဇဉ်ထဲမှာတော့ အနီးကပ် အကြည်ညိုခံနိုင်ဆုံးဆရာတော်ပါ” လို့ မှတ်ချက်ချခဲ့ပါတယ်။

ရိုးဂုဏ်ဆိုတာ သစ္စာနဲ့ယှဉ်တွဲဖြစ်နေတဲ့အရာပါ။ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု သစ္စာရှိနေကြမယ်ဆိုရင် အဲဒီမိသားစု၊ အဲဒီအဖွဲ့အစည်း၊ အဲဒီနိုင်ငံအတွက် လမ်းမပျောက်ပါဘူး။ လမ်းမပျောက်ရင် ပန်းတိုင်ဆိုတာ ကာလတစ်ခုဆီမှာပဲလေ …

ကျမ်းကိုး

ဘဒ္ဒန္တသူရိယာဘိဝံသ ထေရုပ္ပတ္တိကထာ

(အရှင်ရာဇဓမ္မဘိဝံသ ရေးသားသည်)

သူရဇ္ဇ ဇွန် ၊၂၀၀၁

Views: 271

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service