ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အလှူနဲ့ရေစက်

အလှူနဲ့ ရေစက်

 ဒီအကြောင်း အမေးအမြန်းကလေးတွေ ကြုံရတာကတော့ အကြိမ်လဲများလှပြီး အချိန်လဲ ကြာခဲ့လှပြီ၊ ခုထိလဲ ရံဖန်ရံခါတော့ ကြုံရဆဲပါပဲ။ ဒီအကြောင်းဆိုတာ အလှူ နဲ့ ရေစက် အကြောင်းပါ၊ `ရေစက်မချရင် အလှူမဖြစ်ဘူးလား၊ ရေကို ဘယ်လိုချရမလဲ၊ တစ်စက်တစ်စက် ချရမလား၊ အကုန်လုံး လောင်းချလိုက်ရင်ကော မဖြစ်ဘူးလား၊ ခွက်ထဲကို လောင်းချရမှာလား၊ အလှုခံပုဂ္ဂိုလ် လက်ပေါ်ကို လောင်းချရမှာလား´ စသဖြင့်ပေါ့။


မိမိကတော့ ဒီကိစ္စဟာ `စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ´ဆိုတဲ့ စကားကို ကြားဖူးသူ၊ နားလည်သဘောပေါက်သူတိုင်းအတွက် ဘာမျှ အရေးကြီးခွင်ကျယ်လုပ် ပြီး မေးနေစရာလိုတဲ့ကိစ္စ မဟုတ်ဘူး။ `စေတနာကိုသာ ကံလို့ ဘုရားရှင်က ဟောပါတယ်´ ဆိုနေမှတော့ ကံတစ်ခုပြည့်စုံ မြောက်ဖို့ဆိုတဲ့ ကိစ္စမှာ စေတနာကသာ ပဓာန ကျတယ်၊ ရေစက်တို့ သက်သေတို့က ပဓာန မကျဘူး ဆိုတာကိုလဲ  သဘောပေါက်ရမှာပေါ့´ လို့ပဲ ပြောခဲ့ဖြစ်တယ်။ စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့တော့ ရေးဖို့ လိုအပ်တယ်လို့ မထင်ခဲ့မိဘူး။


အခုတော့ မရေးဘဲ မနေနိုင်လောက်အောင် အကြောင်းက တိုက်ဆိုင်လာလို့ ရေးလိုက်ပါတယ်။ အကြောင်းတိုက်ဆိုင်လာပုံက ဒီလိုပါ….


မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ကြီးကို လက်ဦး တည်ထောင်ခဲ့ကြတဲ့ ဆရာ တော်ကြီးများထဲမှာ အပါအ၀င်ဖြစ်တဲ့ ဘဒ္ဒန္တသောမာဘိသိရီဆရာတော် ရေးသား ပြုစုခဲ့တဲ့ စစ်ကိုင်းမြိုံ၊ ၀ါးချက်မင်းကျောင်းဆရာတော် ထေရုပ္ပတ္တိနဲ့ ကျင့်စဉ်(ထေရ၀ံသ စာရက္ကမပဒီပိကာ) စာအုပ်ကို မန္တလေး၊ မစိုးရိမ်နာယကဆရာတော် များရဲ့ ခွင့်ပြုတိုက်တွန်းချက်အရ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဓမ္မဒါနကုသိုလ်ရှင်အဖြစ် ခံယူ လိုက်တဲ့အတွက် မိမိက စီစဉ်ဆောင်ရွက်ရမည့် တာဝန်ကြုံလာပါတယ်။


ဝါးချက်မင်းကျောင်းဆရာတော်ဆိုတာ မြန်မာပြည် သာသနာဝင်မှာ ပရိယတ် ပဋိပတ် စွယ်စုံထူးချွန်တဲ့ ဆရာတော် တစ်ပါးဖြစ်ခဲ့ရုံမကဘူး၊ ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာမှာ လောကယုတ္တိ၊ ဓမ္မယုတ္တိ သဘာဝယုတ္တိ သာဓက ယုတ္တိတို့နဲ့ ပြည့်စုံ ခိုင်မာလှတဲ့အတွက် ဂိုဏ်းဂဏမရွေး ပုဂ္ဂိုလ်မရွေး လူမျိုးမရွေး အးလုံးက လေးစား လက်ခံရတယ်ဆိုတာကို ဆရာစဉ်ဆက် ပြောစမှတ်များအရ  ဖြတ်ထုံးသဓက အချို့ ကိုပါ ကြားဖူးနားဝရှိတယ်ဆိုတာ အရင်က မကြားဖူးခဲ့ဘူး၊ မကြားဖူးဆို စာအုပ်ရိုက်ခဲ့ တာကလဲ မြန်မာ သက္ကရာဇ် ၁၂၈၉ ခုနှစ်ဆိုတော့ မိမိတို့မိဘများ ကျောင်းနေစ အရွယ် ကတည်းကကိုး။


ရှေးစောင်းစာအုပ်ကို ကော်ပီကူးပြီတဲ့အခါ ကွန်ပြုတာနဲ့ စာစီလို့ပြီးအောင် မစောင့်နိုင်ဘူး၊ ကြားဖူးနားဝနဲ့ ကြည်ညိုရင်းစွဲရှိခဲ့တဲ့ ဆရာတော်အကြောင်းကို သိချင် လွန်းလှတဲ့အတွက် ကောင်ပီပူများကိုပဲ ယူပြီးဖတ်လိုကတာ သန်းခေါင်းကျော်မှ ပြီး တော့တယ်။


ဖတ်ကြည့်လိုက်တဲ့အခါမှာလဲ ကြားဖူးထားတဲ့ အတိုင်းပါပဲ ကျင့်စဉ်အရပဲကြည့် ကြည့်၊ ဟောပြောဆုံးမမှု ပြဿနာဆုံးဖြတ်မှု အရပဲ ကြည့်ကြည့် လေးစားအားကျ အတုယူစရာများနဲ့ ပြည့်နေပါတယ်၊ အဲဒီအချက်တွေထဲကမှ အလှူနဲ့ ရေစက် ချခြင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့ ဟောညွှန်ဆုံးမချက်ကို ဖတ်ရှုရတဲ့အတွက် ဒီစာကို ရေးဖြစ်သွားခဲ့တာပါ၊ စာအုပ်မှာပါတာကတော့…..


သက္ကရာဇ် ၁၂၇၃-ခုနှစ်လောက်က မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဒါယကာကြီး ဦးသက်ရှည်က မစိုးရိပ်ကျောင်းတိုက်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ကျောင်းတစ်ကျောင်းကို ရေစက်ချ လှူဒါန်းပွဲလုပ်တော့ ကျေးဇူးတော်ရှင် လှေသင်းမင်း ကျောင်း(၀ါးချက်မင်းကျောင်း) ဆရာတော်ကြီးကိုလဲ ပင့်တဲ့အတွက် အကြိုနေ့ ညရောက် ကြွလာပါတယ်။


ညအခါ ကျောင်းဒကာ ဦးသက်ရှည်ကို တရားဓမ္မ ဟောပြဆုံးမတဲ့အခါ … ဆရာတော်ကြီးက ` ဒကာရဲ့ ဆောက်လုပ်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ ကျောင်းကို ဘယ်လို ဖြစ်စေချင်လို့ ရေစက်ချမှာလဲ´လို့ မေးပါတယ်။ ` ဒါန ကုသိုလ်ကံ မြောက်ဖို့ပါဘုရား´ ဆိုတော့ `နွားသတ်သူသများဟာ နွားသတ်ပြီး ရေစက်ချ ပါဏာတိပါတ အကုသိုလ်ကံ မြောက်ပါသလား´လို့ မိန့်ကြားတော်မူပြီး…


`ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ၊ ၀ိနည်းအလိုမှာ အင်္ဂါစုံညီက ကံ မြောက် ၏ ဟု ဆိုရသည်။

ဝေါဟာရ ဒေသနာဖြစ်တဲ့ သုတ္တန်အလိုမှာ ၀တ္ထု ကိုယ် သမ္ဘာရပြည့်စုံက ကံမြောက်၏ဟု ဆိုရသည်။


အမှန်စင်စစ်ကို ဟောရာမှာ ပရမတ္ထဒေသနာဖြစ်တဲ့ အဘိဓမ္မာအလိုမှာ စေတနာစတဲ့ တရားကိုယ် ထင်ရှားဖြစ်ပေါ်မှ ကံမြောက်၏ဟု ဆိုရသည်။

ဒါကြောင့် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ရေစက်ချမှ ကံမြောက်တယ်လို့ အပရိကမျှ ဖြစ်တဲ့  ဟန်ပန်အမူအရာကို အခိုင်အမာကြီး စွဲလန်းမထားနဲ့၊ ဒါန၊ သီလ၊ ဘာဝနာအမှု တစ်ခုခုကို ပြုလုပ်ရာမှာ ယောနိသောမနသိကာရ အစွမ်းကြောင့် ကုသိုလ်စေတနာ အစရှိတဲ့ တရာများ ဖြစ်ပွားလျှင် ကုသိုလ်ကမ္မပထမြောက်တယ်လို့ မှတ်လို့ ဟောကြားတော်မူပါတယ်။


(ထေရ၀ံသ စာရက္ကမ ပဒီပိကာ-အခန်း ၂၇)

ဆရာတော်ကြီး မိန့်ကြားတဲ့အထဲမှာ ၀ိနည်းအလိုနဲ့ သုတ္တန်အလိုအရ ကျောင်းဆို လျှင် ကျောင်းအဆောက်အဦး ပြီးပြည့်စုံလျှင် ကျောင်းကုသိုလ်ကံမြောက်ပြီး၊ အဘိဓမ္မာ အလိုအရဆိုရင် ကျောင်း အဆောက်အဦး(သို့မဟုတ်)လှူဖွယ်ဝတ္ထုကို လှူမယ်လို့ အခိုင်အမာ ဆုံးဖြတ်တဲ့ စေတနာဖြစ်တဲ့ စေတနာဖြစ်ပြီး ချိန်ကစပြီး ကုသိုလ်ကမ္မပထ မြောက်ပြီလို့ ဆိုတာပါ။


ဒါကြောင့်လဲ ရဟန်းတော်တို့ရဲ့ ၀ိနည်းစည်းကမ်းများမှာ ` ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ် စေ၊ သံဃာကိုဖြစ်စေ၊ စိတ်ညွတ်ပြဌာန်း(ဆုံးဖြတ်)ပြီးသား လှူဖွယ်ဝတ္ထုကို တစ်ခြား ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဂိုဏ်းဂဏ အဖွဲ့အစည်းတစ်ခုခုကို ဖြစ်စေ ပြောင်းလဲ လှူဒါန်းစေခြင်း မပြုရ။ စေတီပုထိုး တစ်ခုခုအတွက် ညွှတ်ပြီးသား လှူဖွယ် ၀တ္ထုကို တစ်ခြား စေတီကို ဖြစ်စေ၊ ပုဂ္ဂိုလ်၊ ဂိုဏ်း၊ သံဃာကိုဖြစ်စေ ပြောင်းလဲ လှူဒါန်းမှုမျိုး မပြုလုပ်စေရ လို့ ပညတ်တော်မူတာပါ။


   ကျောင်းအလှူလို ရေရှည်တည်တန့်မည့် ပစ္စည်း ၀တ္ထုမျိုးကို လှူဒါန်းရာမှာတော့ အသုံးပြုမည့် ပုဂ္ဂိုလ်များအနေနဲ့ လှူဒါန်းတဲ့ ဒါယကာရဲ့ နှုတ်မြွက်စကား အတိုင်းသာ လိုက်နာကျင့်သုံးတာဖြစ်လို့ ပြုပြင်ခြင်း၊ မွမ်းမံခြင်း၊ ထစ်ခွါကပ်ရိုက်ခြင်း စသည် လိုအပ်သလို ပြုလုပ်သုံးဆောင်ခွင့် ရအောင် ကျွမ်းကျင်လိမ္မာတဲ့ ဆရာသမားများက ရှေ့ ကြောင်းပေးပြီး လှူဒါန်းသူက နှုတ်မြွက်လိုက်ဆို စေရပါတယ်။


ဒက္ခိဏောဒက- အလှူရေ ဆိုတာနဲ့ ပတ်သက်လို့ ပခုက္ကူမဟာဝိသုတာရာမ ဂဏ၀ါစက စာချအဖွဲ့ ဆရာတော်များရဲ့ တိပိဋက-ပါဠိမြန်မာ အဘိဓာန် အတွဲ-၁၀ မှာ ရှာဖွေ စုဆောင်းတင်ပြထားတာကတော့-


ဒက္ခိဏောဒက ဆိုတာ အလှူဝတ္ထုကို မပေးလှူမီ ရှေးကာလမှယ တင်ကြိုပေး လှူရတဲ့ (နံ့သာရေစတဲ့) ရေစင်ရေသန့်ဖြစ်တယ်။ လှူဖွယ်ဝတ္ထုကို ရေနှင့်တွဲပြီး  လှူဒါန်းခြင်းဟာ ကမ္ဘာစဉ်ဆက် အလှူရှင်တို့ရဲ့ လောကရိုးရာ ဓလေ့ထုံးတမ်း ကျင့်စဉ် ဖြစ်တယ်။


ရိုးရာဓလေ့ထုံးတမ်းဖြစ်သော်လဲ ဒေသနာ တစ်ခုနဲ့တစ်ခု အဓိပ္ပါယ် သတ်မှတ် ပုံချင်း တော့ ကွဲပြားပါတယ်။ ဇမ္ဗူဒိတ်ခေါ်တဲ့ မဇ္ဈိမဒေသမှာတော့ အလှူရေစက်ကို ခံယူလျှင် အလှူဝတ္ထုကို ခံယူပြီးလို့ သတ်မှတ်ပါတယ်။ အလှူရေ ဆိုတာ အလှူဝတ္ထုကို ကိုယ်စား ပမာဏပြုတဲ့ သဘောပါ။ ဒါကြောင့်လဲ ဆရာဇီဝကရဲ့ ဆွမ်းအလှူပွဲမှာ အရှင် စူဠန္ထကထေရ် မပါသေးတဲ့အတွက် သံဃာမစုံမီမှာ ယာဂု ဆွမ်းကို မခံယူလိုသေးတာ ကြောင့် သပိတ်တော်ထဲ အလှူရေလောင်းလှူတဲ့အခါ ဘုရားရှင်က လက်တော်နဲ့ သပိတ် ပိတ်ထားလိုက်ပါတယ်။


သီဟိုဠ်ကျွန်းမှာတော့ အလှူရေကို ပမာမပြုဘဲ အလှူဝတ္ထုကို ခံယူမှသာ အလှူ ခံမြောက်တယ်လို့ သတ်မှတ်ပါတယ်။ ဒီမှာ ပြဆိုတဲ့ အလှူရေလောင်းလှူတယ်ဆိုတာ အခုခေတ် ရေစက်ချသလိုမျိုး မဟုတ်ပါဘူး၊ အလှူကို ကိုယ်စားပြုထားတဲ့ရေကို အလှူ ခံ ပုဂ္ဂိုလ်ရဲ့  သပိတ်စသည်ထဲကို လောင်းထည့်လှူဒါန်းတာပါ။


ရေကို သပိတ်ထဲလောင်းထည့် လှူဒါန်းရာမှာ သောက်ရေ သုံးရေနဲ့ (အလှူကိုယ်စားပြု)  အလှူရေတို့ကို ခံယူပုံချင်း မတူပါဘူး။ သောက်ရေသုံးရေကို ခံယူ ရာမှာ သပိတ်ကို လက်နဲပိုက်ပြီး အလှူခံရမယ်။ ဒက္ခဏောဒက ဆိုတဲ့ အလှူရေကို တော့ သိပတ်ခြေမှာ တင်ထားတဲ့ သပိတ်နဲ့ ခံယူရမယ်လို့ ၀ိ၊ဌ၊၄၊၁၂၀ နှင့် ၀ိနယ သင်္ဂဟ-၂၃၄ တို့မှာ ဖွင့်ဆိုပါတယ်။


အနာထပိတ်သူဌေးကြီး ဇေတ၀န်ကျောင်းတော်ကို လှူဒါန်းရာမှာ `ရွှေကရားကို ယူပြီး ဘုရားရှင်လက်တော်၌ ရေကို ကျစေ၍ လှူတယ် လို့ ဆိုပါတယ်။ ကုရုမင်း၊ ဝေဿန္တရာမင်းတို့ရဲ့ ဆင်ဖြူတော် အလှူမှာလဲ ` အလှူခံ ပုဂ္ဂိုလ်လက်၌ အလှုရေကို လောင်းထည့် လှူဒါန်းတယ်လို့ လာပါတယ်။ မဇ္ဈိမနိကာယ် အဌကထာ ၄-၂၂၅ မှာတော့ ရေခံခွက်တစ်ခုခုမှာ ရေကိုလောင်းထည့် လှူဒါန်းတယ်လို့ လာပါတယ်။


အလှုရေကိုလှုရာမှာ ယနေ့ခေတ်လိုလှူပြီးမှ သွန်းလောင်းခြင်းမဟုတ်ဘဲ အလှူ ၀တ္ထုမလှူရသေးမီ ရှေးကာလ၌ လှူဒါန်းခြင်း အစီအရင်ကို ကျမ်းဂန်များမှာ တွေ့ရပါတယ် တဲ့။


အာစရိယ၀ါဒအဖြစ် မှတ်ယူခဲ့ရတာကတော့ အလှူရေဆိုတာ လှူဖွယ်ဝတ္ထုကို ကိုယ်စားပြုထားတဲ့ သင်္ကေတ ဖြစ်တယ်။ အလှူရေကို အလှူခံပုဂ္ဂိုလ်ရဲ့ လက်မှာဖြစ်စေ သပိတ်မှာဖြစ်စေ လောင်းထည့်လိုက်လျှင် အလှူဝတ္ထုအားလုံးကို ပေးလှူပြီးဖြစ်တယ် လို့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။


ဒါကြောင့် အလှူရေစက်ကို တစ်စက်ချင်းပဲ သွန်းချချ တစ်ကြိမ်တည်းနဲ့ပဲ လောင်းသွန်းချချ အတူတူပါပဲ။ ခွက် စသည်မှာ ထည့်ထားတဲ့ရေကို သွန်းလောင်း လိုက်တဲ့အခါ ခွက်က ရေကို ဆွဲယူထားခြင်း မရှိဘဲ လွတ်လွတ်ကြီး သွန်းချလိုက်သလို အလှူဝတ္ထုပေါ်မှာဖြစ်စေ၊ အလှူဒါန ကုသိုလ်ကို အကြောင်းပြုပြီး ပစ္စည်းဥစ္စာ ချမ်းသာ သုခ၊ ဘုံဘ၀တို့ကို ဖြစ်စေ တပ်မက်တွယ်တာခြင်း၊ တောင့်တခြင်း၊ မဖြစ်ကြဘဲ လွတ်လွတ် စွန့်လှူကြဖို့သာ လိုရင်းဖြစ်တယ်`လို့ မှတ်သားရဖူးပါတယ်။


သေချာတာကတော့ အခုကာလ လူတစ်ချို့ထင်ထားသလို ၀သုနြေ္ဒနတ်သမီးရဲ့ ဆံပင်မှာ ရေတွေစုပုံ သိုလှောင်ထားပြီး အရေးကြုံရင် ဆံပင်ရေညှစ်ရေနဲ့ သက်သေ ခံခိုင်းဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဆံပင်ညှစ်ပြီး သက်သေခံတယ်ဆိုတာမျိုးလဲ ပိဋကတ်တော် ပါဠိ အဋ္ဌကထာ ဋီကာ စတဲ့ ကျမ်းကြီး ကျမ်းခိုင်များမှာ  လုံးဝမရှိဘူး ဆိုတာကိုတော့ သံသယမရှိမှတ်ယူကြစေလိုပါတယ်။


တိုတိုချုပ်ကတော့ ၀ါးချက်မင်းကျောင်းဆရာတော်ကြီးရဲ့ သြ၀ါဒအတိုင်း ပဲ` လှူပါ၏ ´ဆိုတဲ့ စေတနာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဘာကိုမှ မတောင့်တဘဲ လှူဒါန်း လိုက်ခြင်းဟာ အရိုးရှင်းဆုံး ကုသိုလ် ဖြစ်ပါလိမ့်မယ်။


ရိုးရှင်း စင်ကြယ်တဲ့ ကုသိုလ်ရှင်များ ဖြစ်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Views: 256

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service