ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ကိုးနှစ်လုံးလုံး သီတင်း သုံးသာသနာပြုခဲ့တဲ့မဟာမြိုင်တောကြီးကို စွန့်ခွာပြီး ဘယ်ဆီဘယ်ဝယ်မှန်း မသိတဲ့ခရီး ကို နှင်တော်မူလေပြီ ဆိုတဲ့သတင်းက ကျွန်တော်တို့ရင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့ပါတယ်။ ငလျင်လှုပ်တာကမှ သက်သာလိမ့်ဦးမယ်။ ဆရာတော်ကြီး မဟာမြိုင်တောကြီးက ထွက်ကြွသွားပြီဆိုတဲ့ သတင်းက ရုတ် တရက်ဆောက်တည်ရာ မရနိုင်အောင်ဘဲ တုန်လှုပ်ကြေကွဲဖွယ် ကောင်းလှပါတယ်။


”ခင်ဗျားပြောတော့ မဟာမြိုင်တောကြီး ဟာဆရာတော်ကြီးရဲ့ နောက်ဆုံးစခန်းဆို”
”ဆရာတော်ကြီးက တောမကစားတော့ ဘူး(ဝါ) တောမပြောင်းတော့ဘူးလို့ ဆရာရေး ခဲ့တာပဲ”
မေးခွန်းတွေ၊ ပဲ့တင်သံတွေနဲ့ ကျွန်တော့် လက်ကိုင်ဖုန်းလေး တုန်ခါနေတော့တယ်။
မှန်ပါတယ်။ မေးတဲ့သူတွေ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရေးခဲ့တာပဲလေ။ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလထုတ် ‘မဟာမြိုင်ဆရာတော် မဟာမြိုင်တောကြီးမှာ သာသာနာပြုခြင်းနှင့် ပန်ထွာဘုရင်မ၏ ဘဝ ဓမ္မအလင်းရောင်’ စာအုပ်မှာ ဆရာတော်ကြီး ရဲ့ လင်္ကာမှတ်တမ်းလေးကို ဒီလိုဖော်ပြခဲ့ပါတယ်။


အံစာသိမ်းပြီ အငြိမ်းဆီ
ကိန်းမှီ မဟာမြိုင်၊
တာကူးရှစ်ဆန်း ဟိုင်းဆင်ဖမ်း
ခေါင်နန်းပလ္လင်ထိုင်၊
နေမဝင်မီလေးနာရီ ကိန်းပြီမြဂနိုင်။


အံစာသိမ်းပြီဆိုတဲ့ နံသင့်ဂဏန်းများကို ယူလိုက်ရင် (အံ-၁)(စာ-၃)(သိမ်း-၆)(ပြီ-၅) ဖြစ်ရာ မြန်မာသက္ကရာဇ် ၁၃၆၅ခုနှစ်ဟာ ဆရာတော်ကြီးမဟာမြိုင်တောသို့ ရောက်ရှိ တဲ့နှစ်ဖြစ်ပါတယ်။ တာကူးရှစ်ဆန်းဆိုတာက တော့ နှောင်းတန်ခူးလဆန်း(၈)ရက်၊ ဟိုင်း ဆင်ဖမ်းဆိုတာက ညနေ ၄နာရီရာဟုအချိန်၊ ခေါင်နန်းဆိုတာက မဟာမြိုင်သို့ သွားရာလမ်း၊ ပလ္လင်က စခန်းရဲ့အမည်ဖြစ်ပါတယ်။
အံစာဆိုတာ သုံးပုံဖဲကစားသမားတို့ သုံးတဲ့ပစ္စည်း။


မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ရဟန်းဘဝရောက်ပါပြီ ဆိုကတည်းက တောထွက်ပြီး ကျင့်ခဲ့လေရာ မြန်မာပြည်အရပ်ရပ် တောတောင်ပေါင်းများစွာ လှည့်လည်အား ထုတ်ခဲ့တာမို့ ‘တောကစား’တယ်လို့ တင်စားခေါ်ဆိုနိုင်ပါတယ်။ မဟာမြိုင်ရောက်တဲ့အခါ ‘အံစာသိမ်းပြီ’လို့ဆိုထားတဲ့အတိုင်း တောကစားတာကို ရုပ်သိမ်းလိုက်ပြီ (ဝါ)တောမကစားတော့ဘူး (ဝါ)နောက်ထပ်တောမပြောင်း တော့ဘူး။ မဟာမြိုင်ဟာ နောက်ဆုံးစခန်း နောက်ဆုံးတောရအဖြစ် ကြေညာလိုက်ခြင်း ဖြစ်တယ်လို့ ယူဆနိုင် ပါတယ်။


သို့သော်… မဟာမြိုင်တောကြီးမှာပဲ ဆရာတော်ကြီးက ဒီလိုအမိန့်ရှိခဲ့ဖူးပါတယ်။
”တို့များတရားရှင်၊ အကျင့်ရှင်ဆိုတာ ဈေးတောင်းခေါင်းရွက်ထားတဲ့ မုန့်သည်လိုပဲ ဟဲ့။ လာပါဦးဆို သွားရတာ”
မဟာမြိုင်တောကြီးသို့ ကြွလာတော်မူ ခြင်းပင်လျှင် ဒီတောကြီးရဲ့ အရှင်သခင် ပန်ထွာဘုရင်မကြီးက ပင့်လျှောက်လို့ ကြွလာခဲ့ခြင်း မဟုတ်ပါလော။ အခြား အခြားသော တောတောင်များသို့ ကြွရောက်သီတင်းသုံး သာသနာပြုခဲ့ရခြင်းများသည်လည်း ထိုထို အရပ်ဒေသများရှိ ‘မမြင်အပ်’တို့ရဲ့ ပင့်လျှောက်ခြင်းများကို ရင်ဝယ် သားကဲ့သို့ သဘောထားကာ တရားရေအေးတိုက်ကျွေးဖို့ပင် မဟုတ်ပါလော။ မမြင်အပ်တို့နဲ့အတူ မြင်အပ်တဲ့ ကျွန်တော်တို့လို သတ္တဝါများကိုပါ တရားအဆီ ကိန်းတည်စေလျက် ကမ်းတစ် က်သို့ ဆောင်ပို့ခဲ့သည်မဟုတ်ပါလော။


ဒီလိုနဲ့ ဆရာတော်ဘုရားကြီးဟာ မြန်မာပြည်အရပ်ရပ် တောတောင်တို့မှာ လှည့်လည်သီတင်းသုံးခဲ့တာ တောရေပေါင်း ၂ဝ ကျော်ခဲ့ လေပြီ။ တောတောင် အရပ်ဒေသဌာန တစ်ခုမှာ အကြာဆုံးသုံးနှစ်တာမျှသာ သီတင်းသုံးပြီး တောပြောင်းလေ့ရှိခဲ့ပါတယ်။ မဟာမြိုင် တောကြီးမှာကား ကိုးနှစ်ကိုးဝါ သီတင်းသုံးတော်မူခဲ့လေရာ အကြာဆုံး သီတင်းသုံးတဲ့ တောကြီးအဖြစ် စံချိန်တင်ရမှာ ဖြစ်ပါတယ်။

မဟာမြိုင်တောကြီးမှာ အတွင်းဓမ္မကိစ္စ များ အောင်တော်မူပြီးမှ ၁၃၇၁(၂ဝဝ၉)ခုနှစ် မှစပြီး တပည့်ဒကာဝေနေယျအပေါင်းတို့ကို ကျောင်းတံခါးဖွင့်အဖူးမြော်ခံခဲ့ခြင်းဖြစ်ပါ တယ်။ ဒီလောက်ဝေးလံသီခေါင် ခရီးလမ်းပန်း ကြမ်းတမ်းတဲ့မဟာမြိုင်တောကြီးဆီ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ရေမြေရပ်ခြားက တပည့်ဒကာများပင် အရောက် လာကန်တော့ ကြပါတယ်။ ပြည်တွင်း ပရိသတ် ဝေနေယျများအဖို့ကား ဆိုဖွယ်ရာမရှိပြီ။ အခွင့်ရ လျှင် ရသလောက် ရောက်ပေါက်ဖူးမြော် ကုသိုလ်ယူကြပါတယ်။ မဟာ မြိုင်တောကြီးရဲ့ အနီး အနားဝန်းကျင်ရှိ မြို့ ရွာများမှ ဒေသခံများရဲ့ သဒ္ဓါတရားကလည်း ဒီရေအလား တိုးပွားနေပါတော့ တယ်။ ဆရာတော်ကြီး မှာ နေပူ မိုးရွာမရှောင် ဆွမ်းခံတော်မူရ၊ တရားဟောရသဖြင့် ကာယိကဒုက္ခကို သည်းခံတော်မူပြီး ဝေနေယျတို့ကို ချီးမြှောက်တော်မူခဲ့ပါတယ်။


အကြိမ်ကြိမ်အခေါက်ခေါက် ရောက်လာတတ်တဲ့ ပရိသတ်တွေများလွန်းရကား တစ်နှစ်မှာတစ်ကြိမ်ဖူးခွင့်ရလျှင် လုံလောက်ပြီလို့ စည်းကမ်းထုတ်ယူ ရတဲ့အထိပါပဲ။ ကျွန်တော်တို့လည်း တပည့်ရင်းဆိုပြီး အခွင့်အရေးပိုမယူ။ တစ်နှစ်တစ်ခေါက် တစ်ကြိမ်ဆို ဆိုသလောက် အရောက်သွား အားရပါးရဖူးမြော် ခဲ့ကြပါတယ်။ အရင်နှစ် ၂ဝ၁၁ခုနှစ်ကတော့ ကျွန်တော်၊ ဒါရိုက်တာ မောင်သီနဲ့အဖွဲ့၊ လမ်းတံတားအင်ဂျင်နီယာ မှူးကြီးဦးစိုးမင်း၊ ဒေါ်နုနုလတ်အဖွဲ့တို့ နှစ်ဖွဲ့ပေါင်း တစ်ကြောင်းတည်းဖြစ်အောင် ကိုမြတ်သူက စီစဉ်ပေးပြီး မဟာမြိုင်သို့ အရောက်သွားကာ တရားနာခွင့်ရခဲ့ပါတယ်။


အခု၂ဝ၁၂ခုနှစ်အတွက်ကား ကျွန်တော်တို့အဖို့ ကံကောင်းထောက်မလိုက် ပုံ မှာ လက်မတင်ကလေးလို့ ဆိုရပါလိမ့်မယ်။ အမှန်စင်စစ်အားဖြင့် ဆရာတော်ဘုရားကြီး တရားမဟော စကားမပြောဘဲ ဆွမ်းခြံ<ွကပြီး အဖူးခံရုံသက်သက်နဲ့ နေခဲ့တာဟာ လေးငါး ဆယ်လကြာခဲ့လေပြီ။ ဆွမ်းလောင်းခွင့်၊ ဖူး မြော်ခွင့်ရနေသေးတာကိုက ကျွန်တော်တို့ အဖို့ ကုသိုလ်ဓမ္မတိုးပွားကြောင်း ကံကောင်း ထောက်မခြင်းပါပဲ။ ဘယ်သူကပဲဖြစ်ဖြစ် ဖူးခွင့်ရရင် ကျေနပ်ပါပြီလို့ ဆိုကြပါတယ်။
ဒေါ်နုနုလတ်တို့ မိသားစုကလည်း ”ဆရာရေ ဘယ်နေ့သွားမလဲ”လို့ လှမ်းလှမ်း မေးတတ်ပါတယ်။


”မတ်လကုန်လောက်ပေါ့။ ဆားလင်း ကြီးဘက်မှာ ကျွန်တော်နဲ့ဆရာချစ်ဦးညိုတို့ စာပေဟောပြောပွဲသွားဖို့ရှိပါတယ် ။ဟော ပြောပွဲပြီးရင် မဟာမြိုင်ခရီးဆက်ဖို့ စီစဉ်ထား ပါတယ်။ မုံရွာမှာဆုံပြီး အတူတူသွားကြတာပေါ့။
ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာမှာ စာပေဟောပြောပွဲဖြစ်မြောက်ဖို့ စာပေအနုပညာသမား မောင်ဆက်ပိုင်က တေးရေးကဗျာဆရာ ဝင်းမင်းထွေးဆီမှာ အကူ အညီ တောင်းပါတယ်။ ဆရာဝင်းမင်းထွေးက ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ကျွန်တော်တို့ဟောပြောဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဟောပြောပွဲပြီးရင် အလောင်းတော် ကဿပ၊ သမ္ဗုဒ္ဓေနဲ့ဗောဓိတစ်ထောင် စတဲ့ နေရာတွေဆီဘုရားဖူး ပို့ပေးဦးမယ်ဆိုပါတယ်။


”ဘုရားလည်းဖူးချင်ပါတယ်။ အထူးသ ဖြင့် ဆရာတော်ကြီးကို ဖူးချင်နေတယ်။ ဆရာတော်ကြီးကို မဖူးရတာ ၁၃နှစ်ရှိပြီ။ မဟာမြိုင်သွားရရင် မကောင်းဘူးလား”
ဆရာချစ်ဦးညိုကတော် ဒေါ်မြင့်မြင့်အေးက အားတက်သရောအကြံပေးပါတယ်။ အင်မတန်ကောင်းတဲ့ အကြံဥာဏ်ပါပဲ။ အစက ဆရာဝင်းမင်းထွေးလည်း မဟာမြိုင်ခရီး စဉ်မှာ လိုက်ခဲ့ဖို့ပါပဲ။ ဒါပေမဲ့ တကယ်သွားဖြစ်တဲ့နေ့မှာ မေမြို့( ပြင်ဦးလွင်)မှာ ဆရာကြီးဂိုအင်ကာ တရားစခန်းဝင်မှာနဲ့ တိုက်ဆိုင်နေလို့ ဆရာဝင်းမင်းထွေး မလိုက်ဖြစ်တော့ပါ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)လည်း ဟောပြောပွဲ ရက်ချိတ်ပြီးဖြစ်နေလို့ မလိုက်ဖြစ်တော့ပါ။ ဒါပေမဲ့ ဆရာချစ်ဦးညိုနဲ့ စကားလက်ဆောင်ပါး လိုက်တာက..”မြန်မာပြည်မှာ အတော်ဆုံးကဗျာဆရာဟာ မဟာဗောဓိမြိုင် ဆရာတော်ကြီးပါ”တဲ့။
ဒီလိုနဲ့ ၂ဝ၁၂ခုနှစ် မတ်လ ၃ဝ ရက်ည ဟောပြောအပြီး၊ မတ်လ ၃၁ မှာ မုံရွာက အသင့်စောင့်နေတဲ့ ဒေါ်နုနုလတ်တို့ရဲ့ ပါဂျဲရိုးကား၂စီးနဲ့ ဒက်ဗယ်လ်ကက်ကားပေါ် လူနဲ့ လှူဖွယ်ပစ္စည်းတွေပြောင်းခဲ့ရပါတယ်။ ဆက်ပိုင်ကို အတင်းခေါ်ပေမယ့် ကားပျက်တဲ့ နေရာမှာပဲ သူ့အဖော်ဦးလေးတွေနဲ့ ကျန်ခဲ့ပါ တယ်။

ည မဟာမြိုင်ရောက်တော့ ကပ္ပိယ ဥပသကာကြီးများဖြစ်တဲ့ ဒေါက်တာသန်း ထွေးအောင်၊ ဒေါက်တာအိုကေ၊ ဦးကျော်လွင်၊ ဦးဝင်းဆွေနဲ့ ဦးလှသိန်းတို့အဖွဲ့က ဝမ်းပမ်း တသာကြိုဆိုကြနဲ့ ဆရာတော်ကြီးအကြောင်း စကားလက်ဆုံပြောလို့မကုန်နိုင်တော့ပါ။
ဆရာချစ်ဦးညိုက နတ်တလူတောရ မင်းဘိသိက်ခံဘုရားထီးတင်ပွဲမှာ အခမ်းအနားမှူးလုပ်ခဲ့သူပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဆရာတော်ကြီးကို ဖူးခဲ့ရ ပုံတွေ ဒေါ်မြင့်မြင့်အေးကလည်း အလွမ်းသယ်လို့ မဆုံးနိုင်တော့ပါ။ ကျွန်တော်တို့ အခုရောက်လာတာ မဟာမြိုင်တောကြီးမှာ ဆရာတော်ကြီးကို နောက်ဆုံး ဖူးမြော်ခြင်းနဲ့ ရောက်လာတယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးပါ။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ မဲဆန္ဒပေးတဲ့နေ့ကြီးမှာ ကျွန်တော်တို့ ဆရာတော်ဘုရားကြီးကို ဆွမ်းလောင်းလှူခွင့်၊ ဖူးမြော်ခွင့်ရခဲ့ပါတယ်။


”ဆရာတော်ဘုရားကြီး နေမကောင်းဘူး  ထင်ပါရဲ့။ မျက်နှာတော်က အရင်တစ်ခေါက် နဲ့မတူဘူး။ နည်းနည်းအိုနေသလိုပဲ”လို့ ဒေါ်နုနုလတ်က ပြောပါတယ်။ တကယ်ပါ။ ဒါဟာ မဟာမြိုင်တောကြီးမှာ ဆရာတော်ကြီးကို နောက်ဆုံးဖူးမြော်ခွင့် ရလိုက်တယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ရိုးအမှန်ပါ။ ကျွန်တော်တို့ ရန်ကုန်ပြန်ရောက်ပြီး ဧပြီလ ၅ ရက်နေ့မှာ
”ဆရာတော်ကြီးမရှိတော့ဘူး။ မဟာမြိုင်က ထွက်ကြွသွားပြီ။ ဧပြီလ ၄ ရက် နေ့၊ ည၇ နာရီမှာ ပါဂျဲရိုးကားအဖြူရောင်နဲ့ ဒေါက်တာလှထွန်းဝင်းနဲ့ ဦးဝင်းဆွေတို့က ပင့်ဆောင်သွားတယ်လို့ သိရပါတယ်”လို့ မြတ်သူဆီက ဖုန်းဝင်လာပါတယ်။


မဟာမြိုင်အဝင်ဝက သက္ကယ်ကျင်းရွာ က ဓမ္မမိတ်ဆွေများကို ဖုန်းဆက်ပြီးသေချာအောင် စုံစမ်းခဲ့ပါတယ်။ သေချာလိုက်တာမှ ကားနံပါတ်ကအစ အတိအကျပါပဲ။ သတင်း ကအင်တာနက်ထက်ပင် လျင်မြန်စွာ တစ်ယောက်စကား၊ တစ်ယောက်နားဆိုသလို ပေါက်ကြားသွားပါတော့တယ်။ ကျွန်တော့် လက်ကိုင်ဖုန်းလေးလည်း မနားရတော့။ တစ်ချိန်လုံးမြည်နေပါတော့တယ်။ ဗိုလ်မှူး မြသန်းစံ၊ ဗိုလ်မှူးကြည်စိုးဝင်း၊ ဆရာချစ်ဦးညို၊ ဆရာဝင်းမင်းထွေး၊ ဒေါ်နန်းကလျာဝင်းနဲ့ ဒေါ်နုနုလတ်စတဲ့ မိတ်ဆွေများကို အကြောင်း ကြားလိုက်ရပါတော့တယ်။ အားလုံးက အံ့သြ တုန်လှုပ်နေကြပါတယ်။ အထူးသဖြင့် ဆရာ တော်ကြီးရဲ့ကျန်းမာရေးကိုစိုးရိမ်မိကြပါတယ်။
မကြာခင်ဒေါက်တာလှထွန်းဝင်းနဲ့ ဖုန်း အဆက်အသွယ်ရပါတယ်။


”ဧပြီလ ၅ ရက်နေ့၊ ည ၇ နာရီ တော ကြီးထဲမှာ ကားရပ်ခိုင်းပြီး ဆရာတော်ကြီး တောထဲဝင်သွားတာပဲ။ ဘယ်ကိုကြွသွားတယ်ဆိုတာ ကျွန်တော်တို့လုံးဝမသိဘူးနော်”
ဘယ်လိုမေးမေးအဖြေမရပါ။ တမူး၊ ဖောင်းပြင်၊ မိုးမိတ်စသဖြင့် ခန့်မှန်းကြည့်မိ ပါတယ်။ ဧပြီလ၇ ရက်နေ့မှာ သားသမီး ဇနီး တို့ ရိပ်သာဝင်သွားကြတော့ အိမ်မှာ ကျွန်တော်တစ်ယောက်တည်း။ မြတ်သူလာ နေပါတယ်။ ကျွန်တော်တို့ ဆရာတော်ကြီး ပုံတော်ရှေ့ ဖယောင်းတိုင်ထွန်းပြီး ဆု တောင်းမေတ္တာပို့ကြပါတယ်။


”ငါအိပ်မက်မက်တယ်ကွ။ ချောင်းကြီး တစ်ချောင်းကို ကျော်သွားတော့ ရွာအဝင်မှာ သွပ်မိုးအိမ်၂လုံးတွေ့တယ်။ ရွာကိုကျော်သွား တော့ မနိမ့်မမြင့်တောင်ကုန်းကလေး၊ အဲဒါ ဆရာတော်ကြီးရှိတဲ့နေရာပဲ’
ကျွန်တော်က မြတ်သူကိုပြောပြလိုက် မိတယ်။
”အဲဒါဘယ်မြို့နယ်၊ဘယ်ဒေသလဲဆရာ”
ကျွန်တော်ဆက်မပြောတော့၊ နိမိတ်ကတော့ ညကပဲ။ ကိုခင်မောင်ကြည် ရန်ကုန် ရောက်လာတယ်။ အစည်းအဝေး လာတက်တာ။ သူကကျွန်တော့်သူငယ်ချင်း၊ သစ် ထုတ်လုပ်ရေးမန်နေဂျာ။ သူမိုးမိတ်မှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က ကျွန်တော့်ကိုဖိတ်လို့ မိုးမိတ် ရောက်သွားသေးတာ။ ညက မိုးမိတ်အကြောင်းတွေချည်း ပြောဖြစ်ခဲ့တာ။ နိမိတ် ကတော့ အထင်အရှားပြနေတာပါပဲ။
ဧပြီလ၁ဝ ရက်နေ့၊ ည၈ နာရီခန့် ကျွန်တော့်ရဲ့ဓမ္မမိတ်ဆွေ ဘဏ်တစ်ခုရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းနဲ့ စကားကောင်းနေတုန်း ဖုန်းဝင်လာပါတယ်။


”ဆရာမောင်သွေးချွန်လားခင်ဗျာ။ ကျွန်တော်မိုးမိတ်က သာသနာရေးဦးစီးမှူးပါ။ ဆရာတို့ မဟာဗောဓိမြိုင်ဆရာတော်ကြီး မိုးမိတ်ကိုကြွလာပါတယ်။ အခုရွှေမြင်တင် ဘုရားမှာ သီတင်းသုံးနေပါတယ်။ တဖြည်း ဖြည်းလူတွေသိကုန်ပြီး ဝိုင်းအုံပြီးဖူးကြပါတယ်။ ဆရာတော်ကြီးကလည်း တရားချီးမြှင့်ပါတယ်။ ဟုတ်ကဲ့။ စိတ်မပူပါနဲ့ဆရာ။ ကျွန်တော်တို့ အထူးကြည်ညို၊ အထူးဂရုစိုက်နေပါတယ်။ ဆရာတော်ကြီးတရားတွေက နေလနဲ့ ပေါ်ပြူလာဂျာနယ်မှာ ဖတ်ရကတည်းက ကြည်ညိုနေတာပါ။ ဆရာ့ စာအုပ်တွေလည်း ကျွန်တော့်ဆီမှာရှိပါတယ်။ ကျွန်တော်တို့နယ်ကို ဆရာတော်ကြီးကြွလာတာ ဘယ်လိုဝမ်းသာမှန်းမသိဘူး။ ကျွန်တော် တို့သိပ်ကံကောင်းပါတယ်။ ဟုတ်တဲ့ ဆရာ။ ဘုရားပေါ်ကနေဂူထဲပြောင်းပြီး သီတင်းသုံးမှာပါ။

ဂူကသုံးမိုင်လောက်ဝေးသေးတယ်။ တောထဲမှာတောင်ပေါ်မှာ။ ဟုတ်ကဲ့ ကျွန်တော်ထပ် ဆက်ပေးပါမယ်ဆရာ…” စသဖြင့်။
ကျွန်တော် ဝမ်းသာလုံးဆို့သွားပြီး ပီတိနဲ့ တစ်ညလုံးအိပ်မပျော်တော့။ ဒေါက်တာ လှထွန်းဝင်း၊ ဒေါက်တာအိုကေ၊ ဦးဝင်းဆွေတို့ ထံ ဖုန်းဆက်သတင်းပေးဖို့ စီစဉ်ရပါတော့ တယ်။    ။


ဆက်ပါဦးမည်
မောင်သွေးချွန်

Views: 585

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service