ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“မော့ မော် မော နဲ့ မော့ မော မော်”

“မော့ မော် မော နဲ့ မော့ မော မော်”

     သာသနာပြုလုပ်ငန်းတွေထဲမှာ “ယဉ်ကျေးလိမ္မာသင်တန်း”ဆိုတဲ့ ခေတ်တစ်ခေတ်ကို စတင်စိတ်ကူးလံှု့ဆော်လိုက်တဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့ ကလေးများအတွက် ယဉ်ကျေးလိမ္မာ သင်တန်းစိုက်ခင်းကြီး အောင်မြင်ဖြစ်ထွန်းလာတဲ့အတွက် အနံ့လည်းသင်း၊ အဆင်း လည်းလှ၊ အရိပ် လည်းရရုံမျှမက မျိုးဆက်တွေ၊ မျိုးစေ့သစ်တွေပါ ဖြစ်ထွန်းပေါ်ပေါက်လာလိုက်ကြတာ အခုဆိုရင် မြန်မာပြည် တစ်နံ တစ်လျားအပြည့်လို့ ဆိုရလောက်အောင်ကို ပျံ့နှံ့သွားပြီဖြစ်လို့ “ကျောင်းပိတ်ရက်”ဆိုတဲ့ရာသီကို “ယဉ်ကျေးလိမ္မာရာသီ”လို့တောင်ဆိုလို့ ရလောက်နေပြီ ထင်ပါ တယ်။

 

    ဒီလိုပျံ့နှံ့ဖြစ်ထွန်းတဲ့ ယဉ်ကျေးလိမ္မာသင်တန်းစိုက်ခင်းတွေထဲမှာ တောင်တွင်းကြီးမြို့၊ တိုက်သစ်ကျောင်းမှာပြုလုပ်တဲ့ သင်တန်းကတော့ ဦးဆောင်ပြုလုပ်တဲ့ ကျောင်းတိုက်နာယက ဆရာတော်ကလေးရော၊ ပါဝင်ဆောင်ရွက်လူငယ်များကပါ စေတနာထား အပင်ပန်းအနစ်နာ ခံကြတဲ့အတွက် မြို့ပေါ်ကရော တောနယ်ကပါ သင်တန်းသားလူငယ်တွေ တစ်နှစ်ထက်တစ်နှစ် တိုးတိုးလာလို့ အခုဆို ဦးရေတောင် ကန့်သတ်ယူရတဲ့ အခြေအနေ ရောက်လာပါတယ်။


သားသမီးရှင် မိဘများကသာမက စာသင်ကျောင်းက ဆရာ၊ဆရာမများကပါ ဒီသင်တန်းရဲ့ အကျိုးဆက်အဖြစ်နဲ့ ကလေးတွေရဲ့ စိတ်ဓာတ် ယဉ်ကျေးမှုတွေ၊ ဣနြေ္ဒယဉ်ကျေးမှုတွေကို တွေ့သိလာရတော့ သင်တန်းအကြိမ်တောင် တိုးပေးဖို့ တောင်းဆိုလာကြတဲ့အထိပါပဲ။


    သင်တန်းစတင်ပြုလုပ်စဉ်ကတော့ ဒီဇင်ဘာကျောင်းပိတ်ရက်လို့သာ ယေဘုယျ သတ်မှတ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ မြန်မာရက်ဖြစ်တဲ့ တန်ဆောင်မုန်းလရဲ့ နောက်ဆုံး သုံးရက်ကို အတည်ပြု သတ်မှတ်ထားပါတယ်။ အကြောင်းကတော့ နတ်မှီတောရဆရာတော် ဘုရားကြီးရဲ့ မွေးနေ့အထိမ်းအမှတ်ပူဇော်ပွဲက နှစ်စဉ် တန်ဆောင်မုန်းလကွယ်နေ့မှာ ပြုလုပ်တာ ဆိုတော့ အဲဒီပွဲမှာ  နှစ်စဉ်ရောက်လာကြမည့် မိမိတို့ အပါအဝင် ဆရာတော်များရဲ့ ဟောကြားချက် ကိုလည်း ကလေးတွေ နာယူစေချင်လို့ပါတဲ့။


    သင်တန်းကို ပုံမှန်ဒိုင်ခံပြီး သင်ကြားပြသတာကတော့ မှော်ဘီအရှင်ဆေကိန္ဒကျောင်းမှာ အဓိကတာဝန်ယူ သင်ကြားပေးကြတဲ့ ဆရာ ဦးဝင်လှိုင်တို့၊ ဆရာမဒေါ်အေးအေးသန်းတို့ ဦးဆောင်တဲ့အဖွဲ့ပါ။ မိမိကတော့ နောက်ဆုံးနှစ်ရက်ဖြစ်တဲ့ အဖိတ်နေ့နဲ့ လကွယ်နေ့တို့မှာ ဟောပြော မှုအနေနဲ့ နံနက်တစ်ကြိမ်စီပဲ ဟောပြောကူညီပေးပြီး နေ့ခင်း ပူပြင်းချိန်မှာတော့ ကလေးများ မငိုက်ရလေအောင် မေးခွန်းကလေးတွေ စာရွက်နဲ့ရေးလာသမျှကို ဖြေကြားပေးတဲ့တာဝန် ယူပေးရပါတယ်။


    အဲဒီမှာ ဟောပြောဖြစ်ခဲ့တဲ့ အကြောင်းအရာများထဲက အခုစာရဲ့ခေါင်းစီးနဲ့ ဟောပြောချက် များကို တခြားလူငယ်တွေလည်း သိစေချင်လို့ စာတစ်ပုဒ်အဖြစ်နဲ့ ပြန်ရေးပေးဖို့ ကာယကံရှင် ကျောင်းတိုက်ဆရာတော်ကလေးရဲ့ တောင်းဆိုချက်အရ အခု ပြန်ရေးလိုက်တာပါ။ လူငယ်များကို ဟောပြောခဲ့တဲ့အတိုင်း တိုက်ရိုက်ရေးပြတာဖြစ်လို့ စကားအသုံးအနှုန်းမှာ “မင်းတို့၊ ငါတို့”ဆိုတဲ့ အသုံးအနှုန်းများပါနေတာရယ်၊ သင်တန်း လူငယ်များ မငိုက်ရအောင် ရယ်စရာမောစရာကလေးတွေ ပြောမိတာရယ်ကိုတော့… တကယ်လို့ ဒီစာကို လူကြီးများဖတ်မိခဲ့ရင် နားလည် ပေးကြပါလို့ ကြိုတင်တောင်းပန်လိုက်ပါတယ်။ ဟောပြောခဲ့တာကတော့ -


    ကလေးတို့၊ မင်းတို့ဟာ ဒီခေတ်ကြီးထဲမှာ လူဖြစ်ပြီး လူလားမြောက်လာရတာ တကယ့်ကိုမှ ကံကောင်းကြပါပေရဲ့လို့တောင် ဆိုရမလို ဖြစ်နေပြီနော်။ ခုလိုပြောလိုက်တဲ့အတွက် မင်းတို့စိတ်ထဲမှာ “ရွဲ့” ပြီး ပြောတယ်လို့ မထင်ကြပါနဲ့။ မင်းတို့သုံးစွဲနေကြတဲ့ ခေတ်မီအသုံး အဆောင်တွေကိုကြည့်ပြီး “တဲ့”ပြောတာပါ။ တစ်ခါတစ်ခါတော့ တို့တတွေ ကံဆိုးလို့များ လူ့ပြည်အရောက်စောခဲ့သလား လို့တောင် ထင်လိုက်မိသေးတယ်။


အေး၊ ဒါကတော့ အသုံးအဆောင် ရုပ်ဝတ္ထုပစ္စည်းတွေအရ ပြောတာပါကွာ၊ အထွေထွေ အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ စောစောစီးစီး လူဖြစ်ရသူတွေက မင်းတို့တွေလို ခေတ်မီ ရုပ်ဝတ္ထုပစ္စည်းတွေကို မတွေ့မကြုံရပေမဲ့ သုဂတိလူ့ဘုံသားပီပီ လူမှုသုခတွေကို ခံစားရတာ တွေကတော့ မင်းတို့ထက် ပိုတယ်လို့ ပြောနိုင်တာတွေလည်း အများကြီးရှိပါတယ်။


     ဟုတ်တယ်၊ တို့ရဲ့အရင်မျိုးဆက်တွေကစလို့ တို့အရွယ်လောက်အထိ ဆိုပါတော့ကွာ။ တခြားဟာ မကြည့်နဲ့၊ ပညာသင်ကြားရာမှာကိုက အလိမ္မာနဲ့ပညာဆိုတာ ကျောင်းသင်ခန်းစာမှာ ကတည်းက ပူးတွဲသင်ကြရတာဆိုတော့ အခုလို ကျောင်းပိတ်ရက်တွေမှာ ယဉ်ကျေး လိမ္မာသင်တန်း ဆိုတာ သီးခြားသင်စရာ မလိုကြတော့ဘူး။ သင်ရတာကလည်း ကျောင်းက ဆရာ၊ဆရာမသင်ကြား တာကိုက ပြည့်စုံလုံ လောက်နေပြီး အဆင့်မီနေတာဆိုတော့ အခုလို စာသင်ကျောင်းနဲ့ကျူရှင် လွန်းထိုးလူးလဲ ပြေးလွှားနေရတာကလည်း မရှိဘူးကိုကွ။


     ကဲ.. ထားပါတော့ကွာ။ ဒါကတော့ တို့ခေတ်နဲ့တို့ကံ၊ မင်းတို့ခေတ်နဲ့ မင်းတို့ကံလို့ပဲ ဆိုရမှာပေါ့။ ဟို ကာလပေါ် မနူးမနပ် တောသူကြီး တစ်ယောက် ပြောသလိုပေါ့။ “မင်းတုန်းမင်းတြားကြီး ဘုန်းကံကြီးမားတယ်ဆိုတာလောက်တော့ ကျုပ်တို့က သနားတယ်”တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ “ကျုပ်တို့လို ရေခဲမုန့်ကလေးတောင် စားမသွားရလို့”တဲ့လေ။


အခုလည်း အဲဒီလိုပဲပေါ့။ ကာလပေါ်ရုပ်ဝတ္ထု အသုံးအဆောင်တွေဖက်ကကြည့်ပြီး ပြောမယ်ဆိုရင် တော့ မင်းတို့ခေတ်လူငယ်တွေက တို့လို လူကြီးပိုင်းတွေကို “သနားတယ်”လို့ ပြောချင်လည်း ပြောနိုင်တာပေါ့။ အေး၊ တို့ကလည်း မင်းတို့ကို သနားမိတာကတော့ အမှန်ပဲ။


    ဘာလို့လဲဆိုတော့… အဲ “ဘာလို့ပါ”လို့ အကြောင်းတစ်ခုတည်း ပြလို့ကို မလုံလောက်တဲ့ အကြောင်းကြောင်းတွေကြောင့်လို့ပဲ ဆိုကြပါစို့ကွာ။ ကဲ ဒါတွေထားလိုက်တော့။ အဓိကအနေနဲ့ ပြောချင်တာကတော့ အခု မင်းတို့တွေ သုံးစွဲနေကြတဲ့ ခေတ်မီအသုံးအဆောင်တွေနဲ့  ပတ်သက်လို့ပါ။
အခု မင်းတို့ခေတ်မှာ တွေ့ကြုံနေရတဲ့ တိုးတက်တဲ့ကမ္ဘာကြီးက ထုတ်လုပ်တဲ့ ခေတ်မီပစ္စည်း အမျိုးမျိုးတွေနဲ့ ပတ်သက်လို့ပေါ့ကွာ။


      ဒါတွေကလည်း လူသုံးပစ္စည်း၊ ဇိမ်ခံပစ္စည်း၊ ပညာဗဟုသုတ ရှာမှီးစရာ အထောက်အကူပစ္စည်းတွေပါဆိုရင် အမျိုးအမည်အရ ပြောလို့ဆုံးမှာမဟုတ်တော့ “ပစ္စည်းအမျိုးမျိုးတွေ”လို့ပဲ အတိုချုပ် ဆိုကြပါစို့။ အဲဒီတိုးတက်ကမ္ဘာကြီးရဲ့ တိုးတက်ခေတ်မီပစ္စည်း တွေနဲ့ ပတ်သက်လို့ မတိုးတက်သေးတဲ့ နိုင်ငံသားတွေ၊ အထူးသဖြင့်တော့ မင်းတို့လို လူငယ်လူရွယ် တွေမှာ တုန့်ပြန်မှုအရ အမျိုးအစား နှစ်မျိုးကွဲပြားကြတယ်လို့ ငါတော့ အကဲခတ်မိတယ်၊ အဲဒါကို နည်းနည်းပြောချင်ပါတယ်။ ပြီးရင် မင်းတို့ကိုယ်တိုင် ဘယ်အမျိုးအစား ထဲမှာပါနေသလဲ၊ ပါချင်ကြသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် ဆုံးဖြတ်ကြဖို့ပေါ့နော့။


    ပထမတစ်မျိုးက တိုးတက်ခေတ်မီကမ္ဘာကြီးရဲ့ ခေတ်မီအသုံးအဆောင်တွေနဲ့ ပတ်သက်ပြီး သူများတွေ သုံးစွဲနေကြတာတွေကို ရုပ်ရှင်တို့၊ ရုပ်မြင်တို့၊ ဂြိုဟ်တုစလောင်းတို့ စသည်မှာပေါ့ကွာ၊ တွေ့နေရတော့ ပထမဆုံး အဲဒီအသုံးအဆောင်တွေကို မော့ပြီးကြည့်တယ်၊ မြင်ပါများတော့ ကျလာတာ ပေါ့ကွာ၊ ပစ္စည်းတွေ အောက်ကျလာတာ မဟုတ်ဘူးနော်။ သူတို့ရဲ့ ခန္ဓာကိုယ်က ကျလာတာ၊ ခန္ဓာကိုယ်က ကျလာတယ်ဆိုလို့ တခြားဟာတွေလို့လည်း မထင်လိုက်နဲ့ဦး၊ သရေ(သွားရည်)တွေ ကျတာ။


     သွားရည်ကျလာတော့ မသုံးရမနေနိုင် ဖြစ်လာကြတာပေါ့။ အဲဒီတော့ ဝယ်သုံးကြတော့ တာပေါ့။ ပြီးတော့ တိုးတက်တဲ့ကမ္ဘာာကြီးရဲ့ ခေတ်မီပစ္စည်းအမျိုးမျိုးကို သုံးစွဲနိုင်ကြသူများအဖြစ်နဲ့ ကယ့်ပတ်ဝန်းကျင်အပေါ်မှာ မော်ကြ၊ ဝံ့ကြ၊ ကြွားကြတာပေါ့ကွာ။ တကယ်တော့ တိုးတက်တဲ့ ကမ္ဘာကြီးဆိုတာကလည်း ရပ်တန့်နေတယ်ရယ်လို့ မရှိနိုင်ဘူး။


     တိုးတက်ပါတယ်ဆိုမှတော့ ရပ်တန့် နေလို့ကလည်း ဖြစ်မှမဖြစ်ဘဲကိုး။ အဲဒီတော့ တိုးတက် သူတွေက အသစ်အသစ်တွေ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် တိုးတိုးပြီး တိုးလို့မဆုံး ထုတ်လို့ မဆုံးနိုင်အောင် ထုတ်လုပ်ကြတာပေါ့။ ဘာမဆို အသစ်အသစ်တွေကိုသုံးနိုင်မှ ခေတ်မီတယ်လို့ ထင်ကြသူတွေကလည်း မော့ကြည့်လို့မဆုံး ဝယ်သုံးလို့ မဆုံး၊ မော်ကြွားလို့မဆုံး ဖြစ်လာကြတော့တာပေါ့။


     အဲ - ကြာတော့ ဘာဖြစ်လာသလဲ။ ထုတ်လုပ်သူတွေက အကျိုးအမြတ်ရသူတွေဖြစ်လို့၊ ဘယ်လောက်တိုးပြီး ထုတ်ရထုတ်ရ၊ မောတယ်လို့ မရှိနိုင်ပေမဲ့၊ ဝယ်သုံးကြသူတွေကတော့ နောက်ဆုံးမှာ ဖတ်ဖတ်မောဖြစ်ပြီး အမောဆို့ကြရတာပေါ့။ အဲဒီအုပ်စုကိုတော့ “မော့ မော် မော” အုပ်စုလို့ ဆိုကြပါစို့ကွာ။ ပထမ မော့ကြည့်တယ်၊ နောက် ဝယ်ယူသုံးစွဲပြီး မော်ကြတယ်၊ ပျော်ကြတယ်။ နောက်ဆုံးတော့ မောကြရတယ်လေ။ တကယ်တော့ ဒီလူမျိုးတွေဟာ ခေတ်မီသူတွေ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းမှာ မေ့မြောပြီးပါနေတဲ့ “ခေတ်မြောသူတွေ”ပါ။


     အဲ နောက်ထပ်တစ်မျိုးကတော့ ပထမအမျိုးလိုပဲ၊ ခေတ်မီတိုးတက်တဲ့ကမ္ဘာကြီးနဲ့ ခေတ်မီ အသုံးအဆောင်ပစ္စည်းတွေကို သူလည်း မေ့ပြီးကြည့်တာပဲ။ ကြည့်လို့မြင်ပါများတော့ သူလည်း ကျတော့ကျတာပဲ။ သူကတော့ ပထမအမျိုးလို သွားရည်ကျတာမဟုတ်ဘူး၊ အားကျတာ။ အားကျ တယ်ဆိုတာ အားတွေလျော့ကျသွားတာ မဟုတ်ဘူးနော်။ တို့မြန်မာစကားရှိတယ်မဟုတ်လား။ “အားကျမခံ”ဆိုတာလေ၊ အဲဒီလိုပေါ့။ သူတို့တောင် ဖြစ်အောင်လုပ်နိုင်သေးတာ တို့လည်း ဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ မခံချင်စိတ်တွေနဲ့ သူများနည်းတူဖြစ်အောင်လုပ်ဖို့ အားကျတယ် လို့ပြောတာ။


ဒီလိုလူမျိုးကတော့ သူများသုံးတာကို သွားရည်မကျတဲ့အတွက် ဝယ်သုံး၊ မော်ကြွားဆိုတာမျိုး မလုပ်ဘူး။ သူများကို အတုယူပြီး သူများနည်းတူ ဆည်းပူးလေ့လာတာတို့၊ စမ်းသပ်လုပ်ကိုင်တာတို့ ဆိုတာတွေနဲ့ ကြိုးစားတာ။ ဆရာကြီးမင်းသုဝဏ်ပြောတဲ့ “စုဆောင်း၊ တုပါ၊ ပြုစုကြလော့” ဆိုတာ ကဗျာအရာ စာပေအရာမှာသာ မကဘူး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အလားတူပဲ။ ပညာရပ် ဆိုင်ရာ အထောက်အကူပြု စာအုပ်စာတမ်းတွေ ရှာဖွေစုဆောင်းလေ့လာတာတို့၊ တုပစမ်းသပ်တာတို့နဲ့ အကြိမ်ကြိမ်ကြိုးစားပြီး နောက်ဆုံး ကိုယ်တိုင်ပြုလုပ်နိုင်သည်ထိ ဇွဲသန်ကြရတာပဲ။


ကြိုးစားလေ့လာ စမ်းသပ်လုပ်ကိုင်ကြရတာဆိုတော့ ဘယ်လွယ်လွယ်နဲ့တော့ ဖြစ်နိုင်ပါ့မလဲ။ “ငွေကုန်လူပန်း”ဆိုတဲ့အတိုင်း စိတ်မော၊ လူမောဆိုသလို အမောအမျိုးမျိုးတော့ ခံကြရတာပဲပေါ့။ အဲဒီလို အမောခံကြိုးစားပြီး အောင်မြင်တော့မှ သူများနည်းတူ ထုတ်လုပ်နိုင်၊ သုံးစွဲနိုင်ဖြစ်လာ ကြပြီဆိုရင်တော့၊ အဲဒီလူ မော်နိုင်ပြီ၊ ပျော်နိုင်ပြီပေါ့။


ဒါကမှ တကယ့် ကိုယ်စွမ်းကိုယ်စနဲ့ ပျော်တာ၊ မော်တာ။ ဒီအုပ်စုကိုတော့ “မော့ မော မော်” အုပ်စုလို့ ဆိုရလိမ့်မယ်ထင်တယ်။ ပထမ မော့ကြည့်တယ်၊ နောက် အမောခံ ကြိုးစားတယ်၊ နောက်ဆုံးတော့ ပျော်နိုင်၊ မော်နိုင်သွားတာကိုး။ အဲဒီလိုလူမျိုးတွေမှ တကယ်ခေတ်မီသူ အစစ်တွေ။ ဒီနေ့ ဒုတိယကမ္ဘာ လို့ ခေါ်နေကြတဲ့နိုင်ငံတွေ အလျှိုအလျှိုပေါ်လာကြတာဟာ အဲဒီ “မော့ မော မော်” အုပ်စုဝင်တွေပဲ ပေါ့။
ကဲ အမျိုးအစားနှစ်မျိုးအကြောင်း ခုလောက်ဆို သဘောပေါက်လောက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစစ်ဆေးကြည့်၊ မေးမြန်းကြည့်ပါဦး။ ဘယ်လိုလူမျိုးလဲ၊ သွားရည်ကျနေသူတွေလား၊ အားကျနေ သူတွေလား၊ ခေတ်မြောနေချင်ကြသူတွေလား၊ ခေတ်မီချင်ကြသူတွေလား၊ ဘယ်အမျိုးအစားထဲ ပါနေခဲ့ကြသလဲ၊ ပါဝင်ချင်ကြသလဲပေါ့။


အဲ - ဘယ်အမျိုးအစားလဲဆိုလို့ ငယ်ငယ်တုန်းက ရွာဦးကျောင်းဘုန်းကြီးပြောဖူးတဲ့ ပုံပြင်တစ်ပုဒ်ကိုတောင် ရုတ်တရက် သတိရမိ လိုက်သေးတယ်။


အရင်က သူဌေးကြီးတစ်ဦးမှာ သမီးချောလေးတစ်ယောက် ရှိတယ်တဲ့။ လိုချင်သူတွေ ဝိုင်းဝိုင်းလည်ပေါ့။ သူဌေးကြီးကလည်း အားကိုးလောက်တဲ့ သားမက်ကို လိုချင်တယ်။ ဒါနဲ့ လာရောက်ပိုးပန်းသူတွေထဲက သွက်သွက်လက်လက်နဲ့ သူအားကိုးလောက်မယ်ထင်တဲ့ လူတစ်ယောက်ကို သဘောကျသလိုလိုရှိတာနဲ့၊ ဘယ်အမျိုးအနွယ်ထဲကလဲ၊ ဘယ်လိုလုပ်ငန်ျးား ကျွမ်းကျင်မလဲဆိုတာ စုံစမ်းလိုတဲ့အတွက် အဲဒီလူငယ်ကို သူ့လုပ်ငန်းတွေ စစ်ဆေးဖို့ သွားနေတဲ့နေရာကို အဖော်အဖြစ်လိုက်ပါဖို့ ဖိတ်ခေါ်ပြီး မြင်းကိုယ်စီနဲ့ အိမ်ကထွက်ကြသတဲ့။


ပထမဆုံး သူဌေးကြီးက သူ ကုန်ရောင်းကုန်ဝယ်ပြုတဲ့နေရာကို ခေါ်သွားပြီး၊ ရောင်းပုံ၊ ဝယ်ပုံ၊ သိုလှောင်ဖြန့်ဖြူးပုံတွေအကြောင်း ပြောပြတော့၊ လူငယ်က အင်းမလုပ်၊ အဲမလုပ် ဘာမှစိတ်ဝင်စားဟန် မပြဘူးတဲ့။


ဒါနဲ့ သူဌေးကြီးက “ဒီသူငယ်ဟာ ကုန်သည်မျိုးနွယ်ထဲကတော့ ဟုတ်ဟန်မတူဘူး”လို့ အကဲခတ်မိပြီး၊ မြစ်ဆိပ်ဆီ ခေါ်သွားပြန်တယ်။ မြစ်ဆိပ်ရောက်တော့လည်း သူပိုင်တဲ့ ကုန်တင်လှေကြီးတွေကိုပြပြီး အောက်ပြည်နဲ့အညာ အစုန်အဆန် ကုန်စည်တွေ သယ်ပို့ရောင်း ဝယ်ရပုံအကြောင်း ပြောပြပြန်ရောတဲ့။ ဒီအခါမှာလည်း သားမက်လောင်းဖြစ်မယ့် လူငယ်က ဘာမှ စိတ်ဝင်စားဟန်မပြပြန်ဘူးတဲ့။


ဒါနဲ့ သူဌေးကြီးက “အင်း ငါ သားမက်တော်မယ်ကြတဲ့ သူငယ်က ကုန်စည်ကူးသန်းတဲ့ အမျိုးအနွယ်ထဲက မဟုတ်လို့ပဲကိုး”လို့ အကဲခတ်မိပြီး နောက်ဆုံး တောင်သူလယ်သမားမျိုးနွယ်ထဲက များလားလို့ သိရအောင် သူပိုင်ဆိုင်တဲ့ လယ်ယာတွေဆီခေါ်သွား ပြီး ပိုင်ဆိုင်သမျှလယ်တွေ၊ ယာတွေကိုပြ၊ စိုက်ပျိုးရတဲ့ ကောက်ပဲသီးနှံတွေအကြောင်း ပြောပြပြန် တော့ လည်း အင်းမလုပ်၊ အဲမလုပ်ပဲတဲ့။


ဒါနဲ့ သူဌေးကြီးက “ဒီသူငယ် ဘယ်အမျိုးအနွယ်ထဲကပါလိမ့်၊ စဉ်းစားရ ခက်လိုက်ပါဘိ”လို့ တွေးပြီး ပြန်လာခဲ့ကြရော။ လမ်းမှာလည်း စကားစွန်း စကားစ ရလိုရငြား မြင်းကိုယ်စီကို တဖြည်းဖြည်း ချင်းပဲ စီးလာကြပြီး ဟိုဟိုဒီဒီ စပ်မိစပ်ရာ ပြောကြည့်ပြန်တော့လည်း ဘာစကားမှ မယ်မယ်ရရ မပြောပြန်ဘူးတဲ့။

ဒီလိုနဲ့ ဆက်လာခဲ့ကြရာက လက်ပံပင်တောကြီးတစ်ခုနား ဖြတ်သွားတဲ့အခါမှာတော့ သူငယ်က မြင်းကိုရပ်ပြီး ကျန်ရစ်ခဲ့သတဲ့။ သူဌေးကြီးက “ဒီသူငယ် ဘာများလုပ်နေပါလိမ့်”ဆိုပြီး နောက်ပြန်ကြည့် လိုက်တော့ သူငယ်က မြင်းပေါ်ကနေ လက်ပံပင်ကြီးတွေကို လက်ဝါးစောင်းနဲ့ ရွယ်ရွယ်ကြည့်တာ တွေ့လိုက်ရသတဲ့။ အနားကိုရောက်လာတော့မှ “မောင်ရင်.. လက်ပံပင်ကြီးတွေကိုကြည့်ပြီး လက်ဝါး စောင်းနဲ့ ဆ,ဆနေတာ ဘာသဘောလဲကွဲ့”လို့ မေးကြည့်တော့ ဒီအပင်ကြီးတွေ ခေါင်းပျဉ် ဘယ်နှစ်ဖြတ်လောက်များ ထွက်လာမလဲလို့ ရာ(လျာထား)ကြည့် နေတာပါဗျာ”လို့ ပြောသတဲ့။  အဲဒီတော့မှပဲ - “သြော်.. လက်စသတ်တော့ ဒီသူငယ်က ခေါင်းလုပ်စားတဲ့ အမျိုးအနွယ်ထဲကကိုး”လို့ မှတ်ချက် ချပြီး သားမက်လောင်းလျာထားချက်ကို ပယ်ဖျက်လိုက်သတဲ့။


အဲ - ငါတို့မှာတော့ သမီးလည်းမရှိတဲ့အတွက် ဒီလို အကဲတော့ခတ်မနေတော့ပါဘူး။ သင်တန်းသားတပည့် အားလုံးကိုပဲ သားသမီးတွေလို သဘောထားနေရတာဆိုတော့ မင်းတို့အားလုံး ဟာ အောက်ဆုံးအမျိုးအနွယ်တွေ မဟုတ်ကြဘူးဆိုတာကလည်း ယုံကြည်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ်ပဲ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကဲ.. အချိန်လည်း စေ့သွားပါပြီ။ ။

 

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Views: 252

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service