ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စကားကောင်းကို ပြောဆိုပါ

 
စကားကောင်းကို ပြောဆိုပါ
“သုဘာသိတာစ ယာဝါစာ ဧတံ မင်္ဂလမုတ္တမံ-စကားကောင်းတွေကို ပြောဆိုနေခြင်းဟာလည်းပဲ မင်္ဂလာတစ်ပါးပါပဲ” (ဗုဒ္ဓမြတ်စွာ)
“မြန်မာမှုပြုထားတဲ့ “စကားကောင်း”ဆိုတဲ့ ဝေါဟာရမှာပါတဲ့ “စကား”ဆိုတာ ပါဠိဝေါဟာရအနေနဲ့ကတော့ “၀ါစာ” လို့ဆိုပါတယ်၊ “ကောင်း” ဆိုတာကတော့ “သမ္မာ” လို့ဆိုပါတယ်၊ ဒီတော့ စကားကောင်းဆိုတာကို ပါဠိဝေါဟာရအပြည့်အစုံကိုတော့ “သမ္မာဝါစာ” လို့ဆိုပါတယ်။ “သမ္မာဝါစာ” ဆိုတာဟာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း မဂ္ဂင်ရှစ်ပါးထဲက တတိယမြောက် ကျင့်စဉ်မဂ္ဂင်တစ်ပါးဖြစ်ပါတယ်။ ဒါကြောင့် စကားကောင်းပြောဆိုနေတယ်ဆိုတာဟာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ကျင့်ကြံအားထုတ်နေတာနဲအတူတူပါပဲ။”
တစ်ခါတုန်းက ရဟန်းတော်တစ်ပါးမှာ အလွန်အပျင်းထူတဲ့ ကပ္ပိယကျောင်းသားလေးတစ်ယောက်ရှိပါတယ်။ အဲဒီအပျင်းထူတဲ့ကျောင်းသားလေးဟာ မနက်ဆို တော်တော်လေးနောက်ကျမှ အိပ်ရာကနေ ထလေ့ရှိပါတယ်။ တစ်ခုသောမနက်ခင်းမှာတော့ ရဟန်းတော်ဟာ အိပ်နေတဲ့ကျောင်းသားလေးကို “မင်းကတော့ အခုထိ အိပ်နေတုန်းပါလား…..လိပ်တွေတောင် ကုန်းပေါ်တက်ပြီး နေရောင်အောက်မှာ နေလှမ်းနေကြတယ်” လို့ ပြောဆိုအော်ဟစ်ပြီး အိပ်ရာကနှိုးလိုက်ပါတယ်။
အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ မကျန်းမမာဖြစ်နေတဲ့ မိခင်အတွက် လိပ်စွပ်ပြုတ်ဟင်းချိုလုပ်ဖို့အတွက် လိပ်ဖမ်းဖို့ ကြိုးစားလိုက်ရှာနေတဲ့ လူတစ်ယောက်က ရဟန်းတော်ရဲ့ အော်ဟစ်ပြောဆိုသံကို ကြားသွားပါတယ်။ ဒါနဲ သူဟာ လိပ်ရှိတဲ့ ရေကန်ဆီကို သွားရှာပါတယ်။ သူ့အတွက် အဆင်ပြေပါတယ် ဘာဖြစ်လိုလဲဆိုတော့ မနက်ခင်းရဲ နေရောင်အောက်မှာ လဲလျောင်းနေကြတဲ့ လိပ်တွေကို တွေပါတယ်။ ဒါနဲ သူဟာ လိပ်တစ်ကောင်ကို ဖမ်းခဲ့ပြီး သူ့အမေအတွက် ဆေးအဖြစ် လိပ်စွပ်ပြုတ်ချက်ပြီးတော့ ရဟန်းတော်ကို သွားသတိရလိုက်ပါတယ်။
ကျေးဇူးတရားကို ဆပ်တဲ့အနေနဲ့ ရဟန်းတော်ကိုလည်း လိပ်စွပ်ပြုတ်သွားကပ်ရင်းနဲ့ အရှင်ဘုရားရဲ့ စကားကို ကြားလို့သာ တပည့်တော် လိပ်ကို အလွယ်တကူရှာတွေတာဘုရား…..ဒါကြောင့် တပည့်တော် အရှင်ဘုရားကို လာကပ်တာဘုရား…..ဆိုပြီး ရှင်းပြလျောက်ထားလိုက်တော့ ရဟန်းတော်မှာ သိပ်ကို တုန်လှုပ်သွားပါတယ် ဘာဖြစ်လိုလဲဆိုတော့ လိပ်တစ်ကောင် သေဆုံးသွားရတာဟာ သူစကားကြောင့်သာဖြစ်တယ် သူ့မှာ တာဝန်ရှိတယ်ဆိုပြီးတော့ ဒီနေ့ကစပြီး ငါစကားတစ်ခွန်းမှ မပြောတော့ဘူးလို့ သန္နိဌာန်ချလိုက်ပါတယ်…..။
ဒီလိုနဲ စကားမပြောဘဲ ၀စီပိတ်နေလာခဲ့တာ ရက်အတော်အတန်ကြာသွားတယ်ဆိုပါတော့၊ တစ်နေ့မှာ ကျောင်းပေါ်ဝရံတာပေါ်မှာ ရဟန်းတော်ထိုင်နေပါတယ်။ အဲဒီအချိန်မှာ မျက်စိမမြင်တဲ့ လူတစ်ယောက် ရေကန်စီတည့်တည်လျောက်လှမ်းလာတာကို မြင်လိုက်ပါတယ်။ ဒီတော့ ရဟန်းတော်က မျက်မမြင်ကို ရေကန်ထဲပြုတ်မကျအောင် ရှေဆက်မတိုးဖို သတိပေးတားမြစ်ချင်ပါတယ် ဒါပေမယ့် မိမိစောင့်ထိန်းထားတဲ့ စကားမပြောဘူးဆိုတဲ့ ၀စီပိတ်ကျင့်စဉ် ပျက်သွားမှာစိုးတာကြောင့် ဆိတ်ဆိတ်ပဲနေလိုက်ပါတယ်။ သတိပေးအော်ပြောလိုက်ရင်ကောင်မလား မပြောဘဲ ကျင့်စဉ်ကိုစောင့်ထိန်းရင် ကောင်းမလားလို ရဟန်းတော်ရဲစိတ်ထဲမှာ စဉ်းစားေ၀၀ါးဗြာများနေစဉ်မှာပဲ ရေကန်ဆီကို တည့်တည်မတ်မတ်လျောက်လှမ်းလာတဲ့ မျက်မမြင်တဲ့လူဟာ ရေကန်ထဲပြုတ်ကျပြီး ရေတွေရွှဲစိုသွားပါတော့တယ်။ 
ဒီအဖြစ်အပျက်တွေဟာ တကယ်တော့ ရဟန်းတော်ကို စိတ်မချမ်းမသာဖြစ်သွားစေပါတယ်။ နောက်ပြီးတော့ ရဟန်းတော်ဟာ ဒီလောကမှာ စကားမပြောဘဲနဲ့ မနေနိုင်သလို စကားတွေ အမြဲမပြတ်ပြောဆိုပြီးတော့လည်း နေလို့မရဘူးဆိုတာကို နားလည်လိုက်ပါတယ်။
လောကမှာ “ဆိတ်ဆိတ်နေ ထောင်တန်”၊ “စကားများ ရန်များ၊ စကားနည်း ရန်စဲ “ဆိုတဲ့ဝေါဟာရအဆိုတွေအရ အမှားစကားတွေ မပြောမိအောင်၊ ငြင်းခုန်ခိုက်ရန်ခြင်း အနေအထားတွေဆီ မကျရောက်အောင်၊ ရန်စဲအောင်ဆိုပြီး ဘာမှမပြောဘဲ တှဏှီဘာဝေါ ဆိတ်ဆိတ်နေတတ်ကြပါတယ်။ လူဆိုတာ တကယ်တော့ စွံ့အနေသူတိုမှတစ်ပါး နေ့စဉ်စကားနဲ့ဆက်သွယ်လုပ်ကိုင်နေကြရတာဆိုတော့ စကားမပြော ဆိတ်ဆိတ်နေလို့တော့ မရပါဘူး……။ စကားတော့ပြောကိုပြောရမှာပါပဲ။ 
ဘယ်လိုစကားကို ပြောဆိုရမလဲဆိုရင် အကောင်းဆုံးစကားဖြစ်တဲ့ စကားကောင်းတွေကိုပဲ ပြောရမှာပါ..။ နေ့စဉ် တစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့အခါမှာ စကားပြောဆိုခြင်းဆိုတဲ့အမှုနဲ့ များသောအားဖြင့် ဆက်သွယ်နေကြတာပါ..ဒီတော့ စကားကောင်းကိုပြောဆိုတတ်ဖို့ဟာ လောကုတ္တရာကြီးပွားချမ်းသာရေးသာမက လောကီချမ်းသာရေးအတွက်ပါ အရေးကြီးပါနေတာဆိုတော့ သိပ်ကိုအရေးကြီးလှပါတယ်။ 
ဒီတော့ ဘယ်လိုစကားတွေကို စကားကောင်း သို့မဟုတ် ကောင်းသောစကားလို့ဆိုသလဲဆိုတာ သိဖို့လိုအပ်တာကြောင့် ဗုဒ္ဓမြတ်စွာအလိုအကျ စကားပြောဆိုနည်းကိုပဲ ဒီနေရာမှာ အကျဉ်းလောက်ပဲ ပြောဆိုပါမယ်။ စကားပြောဆိုတဲ့နေရာမှာ မပြောခင်အခိုက်အတန့်လေးမှာပဲဖြစ်ဖြစ် ပြောဆိုနေဆဲအခါမှာပဲဖြစ်ဖြစ် “သတိ” လေးကပ်ပြီးတော့ ပြောဆိုဖို့ ဗုဒ္ဓမြတ်စွာက မဟာသတိပဌာနသုတ်မှာ ဟောကြားထားတော်မူခဲ့ပါတယ်။
စကားကောင်းပြောဆိုတတ်ဖို့ ဗုဒ္ဓမြတ်စွာက လိုအပ်တဲ့အချက်ငါးချက်ကို မဇ္ဈိမနိကာယ် မူလပဏ္ဍာသပါဠိ ကကစူမပသုတ္တန်မှာ အခုလို ဟောပြထားတော်မူခဲ့ပါတယ်။
၁။ ကာလေန ၀က္ခာမိ-ပြောသင့်တဲ့အချိန်မှ ပြောပါ၊ အကာလေန န ၀က္ခာမိ- မပြောသင့်တဲ့အချိန်မှာဆို မပြောပါနဲ့၊
မိမိက မှန်သောစကားကိုပြောဆိုတာဖြစ်ပေမယ့်လည်း အချိန်အခါမဟုတ်ဘဲ ပြောဆိုမိတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ၊ နားလည်မှုလွဲမှုတွေ၊ တစ်ဦးနဲတစ်ဦး မကျေနပ်တာတွေ၊ ခိုက်ရန်ငြင်းခုန်ခြင်းတွေများစွာ ဖြစ်တတ်တဲ့ အနေအထားတွေ လောက လူမှုဆက်ဆံရေးအလယ်မှာ အများကြီးပါပဲ။ ဒါကြောင့် ပြောသင့်တဲ့အချိန်ကို စောင့်ဆိုင်းပြီးမှ ပြောဆိုတတ်ဖို့ဟာလည်းပဲ သိပ်ကို အရေးကြီးပါတယ်။
၂။ ဘူတေန ၀က္ခာမိ- ဟုတ်မှန်တဲ့ စကားကိုသာ ပြောပါ၊ နော အဘူတေန- မဟုတ်မမှန်လိမ်ညာစကားတွေကို မပြောပါနဲ့၊
အရဟံဂုဏ်တော် ကိုးပါးထဲမှာ လေးခုမြောက် သုဂတ-ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဆိုတဲ့ ဂုဏ်တော်တစ်ခုပါပါတယ်။ အလောင်းတော်ဘ၀ကတည်းက မုသားစကားကို ဘယ်တုန်းကမှ မပြောဆိုခဲ့တာကြောင့် ဒီ သုဂတဂုဏ်တော်နဲ့ ထိုက်တန်ရရှိတော်မူခဲ့တာပါ။ ဗုဒ္ဓလမ်းစဉ် လိုက်စေချင်ပါတယ်။ “မုသားစကားပြောဆိုတတ်တဲ့သူဟာ သူမလုပ်ရဲတဲ့ အကုသိုလ်ဒုစရိုက်ဆိုတာ တစ်ခုမှမရှိဘူး..ဒါကြောင့် မုသားစကားကို ရယ်ရွှင်မြူးလိုသော သဘောနဲမျှ မပြောဆိုမိပါစေနဲ့” ဆိုပြီး ဗုဒ္ဓမြတ်စွာက သားတော်ရာဟုလာကို မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဍာသပါဠိ အမ္ဗလဌိကရာဟုလောဝါဒသုတ်မှာ ဆုံးမခဲ့ပါတယ်။ ဒီအတွက်ကြောင့် မုသားစကားမျိုးကို မပြောဘူး၊ မှန်ကန်တဲ့သစ္စာစကားမျိုးကိုသာ ငါပြောဆိုတဲ့ဆိုတဲ့ ခိုင်မာတဲ့သန္နိဌာန်ချနိုင်ဖို့ဟာလည်း သိပ်ကိုအရေးကြီးပါတယ်။ အများသိပြီးဖြစ်တဲ့ လူတိုအမြဲစောင့်ထိန်းသင့်တဲ့ နိစ္စသီလ-ငါးပါးသီလထဲက စတုတ္ထမြောက်သီလတစ်ပါးလည်းဖြစ်ပါတယ်။
၃။ သဏှေန ၀က္ခာမိ-နှုးညံ့သိမ်မွေ့ ယဉ်ကျေးစွာပြောဆိုပါ၊ နော ဖရုသေန- ကြမ်းကြမ်းတမ်းတမ်း စကားတွေကို မပြောပါနဲ့၊
ချိုသာတဲ့စကားမျိုးကို အသိဥာဏ်ရှိတဲ့ လူသားတစ်ယောက်တည်းသာ နှစ်သက်သဘောကျတာမဟုတ်ပါဘူး၊ လူ့ထက် အသိဥာဏ်နုံ့နည်းတဲ့ တိရစ္ဆာန်တွေတောင်မှ သဘောကျ နှစ်သက်တတ်ကြတယ်ဆိုတာ နန္ဒကဇာတ်တော်မှာ အထင်အရှား သိနိုင်ပါတယ်။ စကားကို ကြမ်းတမ်းစွာပြောဆိုမိတာကြောင့် မလိုလားအပ်တဲ့ ခိုက်ရန်ငြင်းခုန်မှုတွေ၊ အပေါင်းအသင်း ပျက်ပြားသွားတာတွေ လောကမှာရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နှစ်သက်အပ်တဲ့ အများလည်းနှစ်သက်သဘောကျတဲ့ နူးညံ့သိမ်မွေ့ ချိုသာယဉ်ကျေးတဲ့ စကားမျိုးကို ပြောဆိုနိုင်ဖို့ဟာလည်းပဲ လူမှုဆက်ဆံရေးမှာ အရေးကြီးတဲ့ လိုက်နာအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
၎။ အတ္ထသံဟိတေန ၀က္ခာမိ- မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စကားမျိုးကိုသာ ပြောဆိုပါ၊ နော အနတ္ထသံဟိတေန-သိမ်ဖျင်းတဲ့ အကျိုးမဲ့စကားတွေကို မပြောပါနဲ့၊
မိမိအတွက်ရော နားထောင်သူအတွက်ပါ ဘာအကျိုးတရား အစီးအပွားမှ အထောက်အကူမပြုတဲ့ အကျိုးမဲ့စကားတွေကို ဗုဒ္ဓမြတ်စွာကတော့ တိရစ္ဆာနကထာ -တိရစ္ဆာန်တိုပြောဆိုတဲ့ စကားမျိုးဖြစ်တယ်လို ဆိုပါတယ်။ ဓမ္မနဲစပ်တဲ့ စကားမျိုးကို မိမိအကျိုး သူတစ်ပါးအကျိုးကို ဖြစ်စေအောင် အထောက်အကူပြုအောင် အကျိုးရှိတဲ့စကားမျိုးကို ပြောဆိုဖို့လိုပါတယ်။
၅။ မေတ္တစိတ္တော ၀က္ခာမိ- သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့အနေနဲ့ ပြောဆိုတဲ့တိုင်းမှာလည်းပဲ မေတ္တာစိတ်နဲ့ ပြောပါ၊ နော ဒေါသန္တရေန- ဒေါသစိတ်နဲ့ မပြောပါနဲ့၊
လူတစ်ယောက်နဲတစ်ယောက် ပြောဆိုနေကြတဲ့အချိန်မှာ ဒေါသကို အခြေခံပြီး ပြောဆိုမယ်ဆိုရင် နူးညံ့ယဉ်ကျေး ချိုသာတဲ့စကားမျိုးကို ထိုသူပါးစပ်ကထွက်လာမှာ မဟုတ်ပါဘူး၊ ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ထန်ထန်စကားတွေကိုသာ ပြောဆိုပါလိမ့်မယ်။ ဒီလိုသာဆိုရင် မိမိသူတစ်ပါး နှစ်ဦးသားတို့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကတော့ အကျိုးမဲ့တွေချည်းပဲ ဖြစ်ပါလိမ်မယ်။ ဒါကြောင့် စကားကောင်းကို ပြောဆိုတဲ့နေရာမှာ မေတ္တာဝစီကံ-မေတ္တာကို အခြေခံပြီး အကျိုးစီးပွားလိုလားစွာ ပြောဆိုသင့်ပါတယ်။
ဒီအချက်ငါးချက်ကို အဓိပ္ပါယ်အကျယ်ရှင်းမပြပေမယ့်လည်း လူတိုင်းနားလည် သဘောပေါက်လွယ်ပြီး လိုက်နာကျင့်ကြံဖို့ အင်မတန်မှ လွယ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ လမ်းညွှန်ချက်တွေပါပဲ။ “စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတယ်” ဆိုတဲ့အတိုင်း “မှန်တဲ့စကားလည်းဖြစ်မယ်၊ အကျိုးစီးပွားလည်းဖြစ်စေမယ်၊ သူတစ်ပါးလည်း နားထောင်ချင်တဲ့ စကားမျိုး”နဲ့ “မှန်တဲ့စကားလည်းဖြစ်မယ်၊ အကျိုးစီးပွားလည်းဖြစ်စေမယ်၊ သူတစ်ပါးအနေနဲ့ နားမထောင်ချင်တဲ့စကားမျိုး”ကိုလည်း ပြောဆိုရမှာပါ။ 
စကားပြောဆိုတဲ့နေရာမှာ မိမိတို့ရဲ့ “လျှာ”ကို မိမိရဲ့ ကျေးကျွန်အဖြစ် သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ မိမိက မိမိ “လျှာ”ရဲ့ “အရှင်သခင်”ပဲ ဖြစ်နေပါစေ။ ကျေးကျွန် တစ်ယောက်အနေနဲ့ အရှင်သခင်ရဲ့ စေခိုင်းချက်အတိုင်း လုပ်ဆောင်ရတာပါ..။ အရှင်သခင် မိမိအနေနဲ့ ကျေးကျွန်ဖြစ်တဲ့ မိမိရဲ့ “လျှာ”ကို မိမိပြောစေချင်တဲ့အတိုင်း ချိုသာယဉ်ကျေးတဲ့စကား၊ မှန်ကန်တဲ့စကား၊ အကျိုးစီးပွားနဲ့စပ်တဲ့စကား၊ မေတ္တာနဲ့ယှဉ်တဲ့စကားတွေကို ပြောစေခိုင်းလိုက်ပါ။ ဒီလိုသာဆိုရင် ကောင်းသောစကားတွေ၊ ချစ်ဖွယ်စကားတွေကိုပြောဆိုမိခြင်းကြောင့် ပျော်ရွှင်ချမ်းမြေ့မှုတွေကို ရရှိနိုင်ပါလိမ့်မယ်။ 
ဘ၀မှာ အဆင်မပြေမှုတွေ ခိုက်ရန်ငြင်းခုန်မှုတွေ အမြင်မကြည်မှုတွေ နားလည်မှုလွဲမှားခြင်းတွေ ချစ်ခင်ပေါင်းသင်း ကွဲပြားသွားခြင်းတွေဖြစ်ပေါ်ရတာဟာ မိမိကိုယ်တိုင်က မိမိ “လျှာ”ရဲ့ “အရှင်သခင်”မဖြစ်ပါဘဲနဲ့ “ကျေးကျွန်”စစ်စစ်ဖြစ်နေတာကြောင့်ပါ။ အထိန်းမရှိ သတိမရှိ ပြောချင်ရာပြောမိတတ်ကြပါတယ်။ မိမိရဲ့ လျှာကို အကျိုးရှိစွာနဲ့ သတိရှိရှိ ပညာရှိရှိ အသုံးချခြင်းကြောင့်ပဲ လောကီ လောကုတ် အစီးပွားတွေ အောင်မြင် ကြီးပွားခြင်းတွေ အဆင်ပြေမှုတွေ ရရှိနိုင်သလို အကျိုးမဲ့စွာ သတိကင်းမဲ့ပြီး ပြောဆိုအသုံးချခြင်းကြောင့်လည်းပဲ ဘ၀ပျက်စီးရာ ပျက်စီးကြောင်း အခြေအနေတွေနဲ့ မကြုံချင်ဘဲ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
စကားကောင်းကောင်းပြောတတ်ဖို့ ဘ၀မှာ သိပ်ကိုအရေးကြီးပါတယ်……။ “စကားကောင်းပြောတတ်ဖို့အတွက်ကတော့ အတွေးလှလှလေးတွေ တွေးတတ်ဖို့ပါပဲ”၊ ဘာဖြစ်လို့လဲဆိုတော့ ၀စီကံ-စကားပြောဆိုမှုဆိုတာဟာ မနောကံ-အတွေးတွေကြောင့်သာ ဖြစ်လာရလို့ပါ။ အတွေးလှရင် စကားလှမယ်၊ အတွေးဆိုးရင် စကားဆိုးမယ်၊ အတွေးကြမ်းရင်း စကားကြမ်းမယ်၊ အတွေးနှုးညံ့ရင် စကားနှုးညံ့မှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ လောကီချမ်းသာ လောကုတ္တရာနိဗ္ဗာန်ချမ်းသာကို လိုလားတဲ့ သူတစ်ယောက်အနေနဲ့ ဗုဒ္ဓညွှန်ပြတဲ့အတိုင်း မိမိအလိုရှိတဲ့ ချမ်းသာဟူသမျှ ရရှိအောင် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ထဲက သမ္မာဝါစာ-စကားကောင်းကောင်းပြောဆိုခြင်းဆိုတဲ့ အကျင့်မြတ်ကျင့်စဉ်ကို နေ့စဉ်ဘ၀တိုင်းမှာ လက်တွေကျကျ အသုံးချပြီး တန်ဖိုးရှိတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေလိုက်ဖိုပါပဲလေ…………….။
ဥယျာဉ်မှူးလေး

Views: 121

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service