ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သီလပါရမီ (စိတ်ညစ်ရင် ရေချိုးပါ။)


တစ်ခါတုန်းက သားအဖ နှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖ နှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့ အုပ်တစ်ခုကို ဖြတ်သန်း
သွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း
ရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့ လုပ်ထုံး အစဉ်အလာ တစ်ခုက သားအဖ နှစ်ယောက်
လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့်
လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူ စေပါတယ်။ ဒီလုပ်ထုံး
အစဉ်အလာကိုသိထားတော့ သားအဖ နှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား
ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖ တော်တယ်လို့ မပြောနဲ့ ဘာမှ
မတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်း ပါပဲ။ ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက“ဘာမှ မတော်ဘူးလို့”
ပြန်ဖြေ လိုက်ပါတယ်။ ဒီတော့ သားအဖ နှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး
ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။ နားရမယ့် နေရာမှာနားပြီး ညချမ်း ရောက်တော့
ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကောကြည် နေတဲ့အတွက်
သားဖြစ်သူက မိမိရဲ့ တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့
တာကို ပြန်သတိရ ပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး“ဒီအကုသိုလ်ဟာ ငါ့ကို
အပါယ်ချ တော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာ ပွားလိုက်တာ ပစ္စေကဗုဒ္ဓါ
အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး
နန္ဒမူ လိုဏ်ဂူကို ကြွသွားပါတော့တယ်။ (ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ် ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုး လိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့
စိတ်ကော ရုပ်ပါကြည် နေပါတယ်။ စိတ်ရုပ် ကြည်နေတဲ့ အတွက် တရား
အားထုတ်ရတာလည်း ပိုပြီး အဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ
တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ် တာလောက်တော့ အထူး
ပြောစရာ မလိုတော့ ပါဘူး။ ဒါက ၀တ္ထု သာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့
ကိုင် ပြောမယ်ဆိုရင်လည်း ၀ိဘင်း အဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို
ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာ ပွားဖို့ အတွက်
ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။
သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်း ပြထားပါတယ်။
ဆံပင်တွေ ရှည်နေမယ်၊ ခြေသည်း လက်သည်းတွေ ရှည်နေမယ်၊ ခန္ဓာကိုယ်မှာ
ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုး
တွေရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထု မသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊
ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ
ဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။
အမှိုက်တွေရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။အဲဒီလို ကိုယ်တွင်း
ကိုယ်ပ မသန့်ရှင်း တော့ဘူးဆိုရင် စိတ်ရှုပ် လာပါလိမ့်မယ်။

စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင် တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင် တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေး ညစ်ပတ် နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာ ရှိတာလျှော်
ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ
ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ
အပူ အပုပ် တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ၀မ်းသက်စေတဲ့ ဆေးစသည်
စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။ နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာ
ရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ
ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု
သန့်ရှင်းအောင် လုပ်ပေးတာပါ။
ကိုယ်တွင်း ကိုယ်ပ သန့်ရှင်း နေရင် စိတ်ကြည်လင် လာပါလိမ့်မယ်။စိတ်ကြည်လင် လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။
တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေး လုပ်နေတဲ့ သူကော၊ ကျောင်းသူ
ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက်
လုပ်ပေးနေရပါမယ်။

ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံ တရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့
တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူး ပြောနေစရာ
မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်းပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်း ဆန်းဆန်း ဖြစ်နေတာပါ။ ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ
စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး
ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်း နေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေး တွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ်
အဆင်ပြေ နေပါလိမ့်မယ်။
တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို
လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။
ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ် ပြီးသား အ၀တ်လေးကို
ဝတ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယ
ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်
ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊
ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး
တော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ
အားနာ နေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား
ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။

မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။ အားလုံးပြီးရင်
လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊
ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါ လိမ့်မယ်။
မယုံရင်စမ်းကြည့်ပါ။
စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့
စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့
အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။
ရေချိုးလိုက်တာကတော့ သိပ်ပြီးမခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက် ၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော် မေတ္တာလေး ပွားလိုက်” နဲ့ကျင့်ပါများ
သွားရင် အထုံ ဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။
ကောင်းတဲ့ အထုံ လေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ်။
စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့
သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့်
အကုသိုလ် မကင်းတဲ့
အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီ ဖုန်းဆက် အကြံဉာဏ်တောင်း လို့ ကိုယ် အကြံတောင်းတဲ့ သူက“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊
ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး
ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။ စိတ်ညစ်တဲ့အခါ ထွက်ပေါက်
မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊
ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို
အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။

စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ်။ တကယ်တော့လည်း တရား သဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်
တာလည်း အမြဲ တည်မနေနိုင်ပါဘူး။ ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘော
တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက်
အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ
ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ်
နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊
ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့်
လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက်
အောင်လုပ်ပစ် ရမှာပါ။ ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊
ကိုယ့်ရင်ထဲကို ပြန်ကြည့် လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး
ဖြစ်နေတော့တာပါ။

ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာနောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ် နေဦးမှာပါ။ ဒါဆိုရင်
နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွား တော့မှာပါ။ အဓိကကတော့ ဘယ်လို အာရုံပဲ
ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား
ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့် ထားဖို့ပါ။
လေ့ကျင့် ထားရင် စွဲသွား တတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြ စိုက်စရာ
မလို တော့ပါဘူး။ ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင်
စိတ်ချမ်းသာ လာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ်

Views: 102

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service