ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မျဉ်းပြိုင်ခရီး လျှောက်ကြရာဝယ်

 

 မျဉ်းပြိုင်ခရီး လျှောက်ကြရာဝယ်

တူတော်မောင်နှစ်ဦး

တဦးကား အမဖြစ်သူ၏သား၊ ကျန်တဦးကား အကို၏သားတည်း။ သူတို့၂-ဦးသည် မျဉ်းပြိုင်ခရီးကို အတူလျှောက်ခဲ့ကြသည်။ တာထွက်စတွင်တူညီသလို ရှိပါသည်။ တဖြည်းဖြည်းနှင့် ဝေး၍လာသောအခါ အလှမ်း ကွာ၍သွားကြသည်။ အမဖြစ်သူ၏သားသည် ဖြောင့်ဖြောင့်မှန်မှန်ဖြင့် လိုရာပန်းတိုင်အထိ အရောက် လှမ်းနိုင်ခဲ့သည်။ အကိုဖြစ်သူ၏သားကား လမ်းခုလပ်တွင် ပြတ်ကျကျန်ရစ်ခဲ့သည်။

ယခုအချိန်တွင် အမဖြစ်သူ၏သားသည် ၁ဝ တန်း တာရိုးကြီးကိုကျော်လွှား၍ ကတ္တသိုလ်ပရိဝုဏ် အတွင်းဝယ် ခုံလှုံနေချေပြီ။ အကိုဖြစ်သူ၏သားကား ၁ဝ တန်း တာရိုးကြီးကို မကျော်လွှားနိုင်ဘဲ တဖုတ်ဖုတ် လိမ့်ကျရင်းဖြင့် လယ်ယာလုပ်ငန်းခွင့်သို့ အလုပ်ဝင်နေရပေပြီ။အစကမူ ၂ ဦးသားအတူပင် တက္ကသိုလ်ပရဝုဏ် ဆီသို့ ဦးတည်လျှက် မျဉ်းပြိုင်လျှောက်လှမ်းခဲ့ကြသည်။ သို့သော် ရည်မှန်းချက်အတိုင်း ၂- ဦးလုံးရောက်ရှိခဲ့ သည် မဟုတ်ပေ။

 

ဤမြင်ကွင်းလေးသည် စာရေးသူအား ကျယ်ဝန်းသော အသိကိုပေးနေပါသည်။ ကျယ်ဝန်းသော အတွေးကို တွေးစေပါသည်။ လူချင်းတူသော်လည်း အချို့မှာ အနှုတ်လက္ခဏာပြလျက် ရှိချေ၏။ အချို့ကား အပေါင်းလက္ခဏာ ပြနေသည်။ လူသားတို့၏ဘဝတွင် ခြားနားခြင်းသည် မားမားကြီး ရပ်နေလေသည်။ ''လူချင်းတူသော်လည်း အသက်ရှူ ခြင်းကွဲသည်''  ဆိုသကဲ့သို့သာတည်း။ 

 

ထိုမှတဖန် စာရေးသူနှင့် စာသင်ဖက် ရောင်းရင်းများကိုငဲ့စောင်း၍ ကြည့်မိပြန်ပါ၏။ အချို့လည်း သေဆုံးကြ လေပြီ။အချို့ကား သားတွဲလဲ သမီးတွဲလဲဖြင့် အိမ်ရာတည်ထောင်လူတို့ဘောင်ဝယ် ပျော်ပိုက်၍ နေကြပြီ။


ဟဲ့-အရူးနှမ်း၊ ရဟန်းပေါ့ပျက်
ငါ့ကိုမက်၍၊ လူထွက်ခဲ့သည်
ပညာပေတုံး၊ ထမင်းဖြုန်းသည့်
ကတုံးမွဲ၏သား အိပ်ပါတော့လား


စသည်ဖြင့် ချစ်ဇနီးသယ်၏ ကလေးချော့တေးပလီတွင်ကြည့်၍ ရီ၍ပင် နေကြလိမ့်မည် ထင်ပါသည်။ အနည်း ငယ်မျှလောက်သာ စာရေးသူကဲ့သို့ စာချဘုန်းကြီးပေါက်စလေး ဘဝဖြင့် သာသနာတာဝန် အားသွန်ထမ်းရွက် နေကြသည်။


မှတ်မိသေးသည်။ အသက်အရွယ်ကြီးမှ စာရေးသူတို့နှင့်တွဲ၍ စာမေးပွဲလုပ်နေသဖြင့်  နောင်ကြီး  ဟု အခေါ်ခံရသူ ကိုယ်တော်ကြီးတစ်ပါးရှိ၏။ သူသည် အလွန်ဆန္ဒထက်သန်သည်။ ယမိုက်ပဋ္ဌာန်းတို့ကို ရွတ်ရလျှင် စာရေးသူတို့က ငယ်ရွယ်သူများဖြစ်၍ အလွန်ပျင်းသည်။ သူကား စိုးစဉ်းမျှ ဝီရီယလျှော့သူမဟုတ်၊ မရမက တိုက်တွန်း၍ ရှေ့ဆောင် ရွတ်တတ်၏။ ထို့ပြင် သူအမြဲရွတ်လေ့ရှိသော သံဝေဂတေးထပ်တစ်ပုဒ် ရှိချေသေး သည်။ သူဟစ်ဖန်များသဖြင့် စာရေးသူတို့ပင် အလွတ်ရနေပါသည်။


ရွတ်တွယွင်းရို ခွေယိုင်နွဲ့လို့
တွေမှိုင်သနဲ့ လက်ခြေတုန်
နေထိုင်မတဲ့ ရက်တွေကုန်ပြီ
သက်မသေရုံ  ကျန်ပါတော့။
အရိုးခေါက်ခေါက် မှိန့်တမှိန်ငယ်
ပိန့်တလိန်လိန် အိုမင်းချေပေါ့နော့။
ရှုံ့တီးရှုံ့တွ သားအရေ
သွားကြွေ အားတွေ မသန်ပြော့
စားလေ  ဝါးလေ အန်တအော့နှင့်
တန်ပေါ့ မာန်လျှော့   ဇရာကောင်။
တောင်ဝှေးလက်ကိုင် အဖော်နဲ့မို့
ကရော်ကချဲ့ ယောင်တိယောင်တောင်တောင်။
န-တီး န-တ ပိန်ချောင်ချောင်ငယ်
မှိန်တမှောင်မှောင် အမြင်မှေးလို့
ဘဝင်သွေးက ခုန်ဆွခုန်ဆွနေ
ကြုံမှကြုံရလေ။
ရင်အုံချိုင့်လို့ ခါးကိုင်းချေပြီ
နားထိုင်းဝေတေ ရောင်ငေးမှိုင်လို့လေး။
ဆံဖြူကြီးနဲ့ သုံးမဝင်တယ်
မုန်းချင်စဖွယ် လွန်ကောင်းပါလှလေး။   ။


ဤသို့ပင် သံဝေဂတေးထပ်လေးကို မကြာခဏ ဟစ်လေ့ရှိခြင်း၊ အသက်လေးဆယ်ကျော်ပြီ ဖြစ်ခြင်းတို့ ကြောင့် ရဟန်းဘဝမှာမြဲ၍  ဤအဝတ်ဖြင့်ပင် တသက်လုံး အရိုးထုတ်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။  သို့သော် အကျွန်ုပ်တို့ အထင်မှာ ပါစင်အောင်လွဲခဲ့ရသည်။


ကတုံးကလည်း ကတုံး
လုံးကလည်း လုံးသနှင့်၊
နှုံးရော့မချွတ်
ဥသျှစ်သီး-ကရွတ်ခွေစွတ်သည့်နှယ်   


ဆိုသကဲ့သို့ပင်  ခေါင်းတုံးပြောင်ပြောင်ကို   တဘက်ဖြင့်ထုပ်ပေါင်း၍  လူပျံတော်ဘဝသို့  ကူးပြောင်းလိုက်သည် ကို တွေ့ရသောအခါ ကျွန်ုပ်တို့မှာ မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်မောမိသေးတော့သည်။ ဤကားစာရေးသူ ဝန်းကျင်တခို၌ တွေ့ရသောမြင်ကွင်းတို့ပေတည်း။

 

ကျွန်ုပ်တို့တတွေသည် တက်စုံရွက်ကုန်ဖွင့်၍ သံသရာဤဖက်ကမ်းမှ လွတ်လမ်းကို မျှော်ကာ ကူးခတ် နေကြသည်။ တလှေထဲစီး တခရီးထဲသွားများဖြစ်ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့အားလုံး ရှေ့သို့ချည်း ခရီးချီနိုင်ကြသည်မဟုတ်ပေ။ အချို့ကား လှိုင်းတံပိုးဘေး ရေဝဲဘေး မကရ်းဘေးတို့နှင့် တွေ့၍ တက်ကျိုး ရွက်စုတ် အတောင်ပြုတ်သည့် ငှက်ပမာ ချာချာလည် ဝဲလှည့်၍ နေခဲ့ကြရရှာသည်။ မျဉ်းပြိုင်ခရီးကို အတူ လျှောက်ခဲ့ကြသော်လည်း ပန်းဝင်ချိန်၌မူ မတူညီနိုင်ချေတကား။

 

ဤတွင် ဂဏက မောဂ္ဂလ္လာန်ပုဏ္ဏားကြီးနှင့် ဘုရားရှင်တို့ တွေ့ခန်းကို သတိရမိလာသည်။

''အို အရှင်ဂေါတမ-အရှင်ဂေါတမ  အဆုံးအမခံရသူတပည့် သာဝကတို့မှာ အကုန်လုံးပင် နိဗ္ဗာန်ရကြပါ သလား၊ အချို့မရဘဲ ရှိကြပါသလား''

''အကုန်မဟုတ်၊ အချို့ရ - အချို့မရကြောင်း   မိန့်တော်မူသော်  အရှင်ဂေါတမ နိဗ္ဗာန်လည်း ထင်ရှား ရှိ၍ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်လည်း အထင်အရှား အရှိသားပင်၊ နည်းပေး လမ်းပြ တတ်သူ အရှင်ဂေါတမလည်း ရှိနေသည်သာ၊ သို့ပါလျက် ဘာကြောင့် အချို့ ရ-အချို့မရဖြစ်ရ ပါသနည်း''  ဟု လျှောက် ထားပြန်၏။

 

''ပုဏ္ဏား -   ဤအချက်၌ သင့်ကိုပင်မေးရဦးတော့မည်၊ သင်ကြိုက်သလိုဖြေလော့၊ ရာဇဂြိုဟ်ပြည်သို့ သွားရာလမ်းကိုသင်သိပါသလော'' ဟုမိန့်တော်မူရာ သိကြောင်းလျှောက်၏။ ''လူတစ်ယောက်သည် သင့်အား ရာဇဂြိုဟ်ပြည်သို့သွားရာလမ်းကို ညွှန်ပြရန် မေးလာသော် သင်က ဘယ်ကနေသွား ဘယ်ရောက်လိမ့်မည်-ဟုလမ်း ညွှန်ရာ ထိုလူသည် သင်ညွှန်ပြသည့်အတိုင်းမဟုတ်ပဲ လမ်းလွဲလိုက်ကာနောက်သို့ပြန်လာရာ၏။ တယောက်ကမူ သင်ညွှန်ကြားသည့်အတိုင်းသွားရာ ရာဇဂြိုဟ်ပြည်သို့ရောက်ရာ၏။ ပုဏ္ဏား-ရာဇဂြိုဟ်ပြည် လည်း အထင်ရှား၊ ရာဇဂြိုဟ်သွားလမ်းလည်းရှိနေသည်သာ၊ လမ်းညွန်ပေးသူသင်လည်းအရှိပင်၊ သို့စင်လျက် တစ်ယောက်ကမူ ရာဇဂြိုဟ်ပြည်သို့မရောက်ဘဲရှိသည်မှာ ဘာ့ကြောင့်နည်း'' ဟုမေးတော်မူ၏။
''အသျှင်ဂေါတမ-တပည့်တော် ဘာလုပ်နိုင်မှာလဲ၊ တပည့်တော်က လမ်းညွှန်သူသာဖြစ်ပါသည်'' ဟု လျှောက်ထားရှာလေ၏။ 

 

ထိုအခါမြတ်စွာဘုရားကလည်း-

''ပုဏ္ဏား-နိဗ္ဗာန်လည်းရှိနေလျက်သာ၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလမ်းမှန်လည်း အထင်အရှား အရှိသားပင်၊ နည်းပေးလမ်းပြသူ ငါဘုရားလည်းရှိနေသည်သာ၊ သို့ပါလျက် အချို့နိဗ္ဗာန်ရကြ၏၊ အချို့ကား မရကြ၊ ဤအရာ၌ငါဘုရားကော ဘာတတ်နိုင်မည်နည်း၊ ငါဘုရားကားနည်းပေးလမ်းညွန်သူသာဖြစ် ချေသည်တမုံ့'' ဟုမိန့်မြွက်တော်မူခဲ့လေသည်။ (ဥပရိပဏ်၊နှာ-၅၂)။

 

ဤသို့လျှင် လောကီလောကုတ္တရာ ကြီးပွားတိုးတက်ရေးတို့အတွက်  နည်းကောင်းလမ်းများလည်း ရှိသည်။ ညွန်ကြားပေးမည့်သူလည်းရှိသည်။ ကြိုးစားလုပ်ကိုင်သဖြင့် တကယ်တမ်းကြီးပွားချမ်းသာ၍ သုခ၏ အရသာ ခံစားနေရသူတွေလည်းအရှိပင်၊ သို့သော်လူတိုင်းကားကြီးပွားသည်မဟုတ်၊ လူတိုင်းကား ခံစားနိုင် သည် မဟုတ်၊ အလွဲသို့ချော်တောငေါ့နေသူုတွေ ဒုနှင့်ဒေးပင်ရှိနေပေသည်။ တူတော်မောင် ၂-ဦးအကြောင်း၊ စာသင်ဖက်သူငယ်ချင်းများအကြောင်းကိုလျှောက်၍ စဉ်းစားမိရာမှ အတွေးနယ်ချဲ့ဖြစ်မိပါ၏။

 

အချုပ်ဆိုရသော် စာရေးသူတို့နိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီးလည်း နေမင်းအသွင် လမင်းအသွင် ထွန်း လင်းလျက်ရှိသည်။ ဗုဒ္ဓ၏နည်းပေးလမ်းပြမှုတို့ကိုလည်း ကြားခွင့်သိခွင့် လေ့လာခွင့်ရရှိကြသည်။ ဗုဒ္ဓ ညွန်ပြ ဆုံးမမှုအပေါ်၌ တည်သဖြင့်တကယ်တမ်း သုခအရသာခံစားရသူတွေလည်းအရှိပင်၊ သို့စင်လျက် ''သိသူဖော်စား မသိသူကျော်သွား'' ၍အသိခေါက်ခက် အဝင်နက်ကာ ဗူးလုံးနားမထွင်း မိုက်တွင်းနက် နေသူတို့အဖို့ (ဂဏက မောဂ္ဂလာန်ပုဏ္ဏားကြီး၏ အပြောမျိုးဖြင့်ပြောရသော်) ''စာရေးသူကကော ဘာများတတ် နိုင်မည်နည်း'' ဟုပြောရန် သာရှိပေတော့သည်။  ။


အရှင်မဟောသဓ ပဏ္ဍိတ
၁၁-၁ဝ-၇၃
ဓမ္မဗျူဟာ (အတွဲ-၁၂ အမှတ်-၇)

အသံဖိုင်များ

Copyright @ 2011 - Ve

Views: 163

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service