ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဓမ္မနဲ့ဘ၀ထပ်တူကျလိုက်ရင်..

ဓမ္မနဲ့ဘ၀ထပ်တူကျလိုက်ရင်..
ဆန္ဒနဲ့ဘ၀ ထပ်တူကျသူတို့၏ဘ၀က ပျော်စရာကောင်းလှတယ်ဆိုပေမယ့်..
ဓမ္မနဲ့ဘ၀ ထပ်တူကျသူတို့၏ ဘ၀က ပို၍ နှစ်သက်စရာကောင်းပါတယ်။ (သုခရိပ်)


ကျွန်တော့်အစ်ကိုကြီး သုခရိပ်(ဓမ္မသုခ) တင်ထားတဲ့ စာသားလေးပါ။ ဒီစာသားလေးဖတ်မိပြီး ရင်ထဲမှာ အတော်လေး နှစ်သက်ကြည်နူးမိပါတယ်။ စဉ်းစားရင်း စဉ်းစားရင်း.. ပိုပြီးတော့ သဘောကျမိပါတယ်။ ဒီစာလေးမဖတ်ရမိသေးခင် ကိုယ့်ဘာသာ စဉ်းစားကြည့်မိတာလေးတွေ ပြောချင်ပါသေးတယ်။ မိဘတွေ ဆရာသမားတွေ ကန်တော့တဲ့အခါတွေကျရင် ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေလို့ ဆုပေးတတ်ပါတယ်။ အဲ့တုန်းကတော့ ကိုယ့်ဘာသာစဉ်းစားပြီး.. အော်.. ဆုပေးတာလေးက ကောင်းလိုက်တာလို့ တွေးမိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ကိုယ်ဖြစ်နေတဲ့ဘ၀ ထပ်တူကျရရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့နော်။ အဲ့တုန်းကတော့ ကိုယ့်ဘာသာစဉ်းစားရင်း.. ဟုတ်လှပြီပေါ့..။ ဒါပေမယ့်လည်း.. ဆန္ဒနဲ့ဘ၀ ထပ်တူကျတယ်ဆိုတာ အရှားသား မဟုတ်ပါလား.. ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ဘ၀တွေက ထပ်တူမကျတာတွေများပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ဘ၀တွေကလည်း ဒုနဲ့ဒေးပါပဲ။ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါတယ်လို့ ဆိုတဲ့သူတွေ ဘယ်နှစ်ယောက်ရှိမှာလဲ..။ “လူ့အလို နတ်မလိုက်နိုင်” တဲ့.. လူတွေရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေနောက်ကိုသာလိုက်ပြီး လုပ်ပေးရရင် အရာရာဖန်ဆင်းပေးပါမယ်ဆိုတဲ့ နတ်တောင် ထွက်ပြေးရတဲ့အထိပါပဲနော်။ အော်.. ဒီတော့ တွေးမိပါရဲ့.. ဆန္ဒနဲ့ဘ၀က ဘယ်အချိန်မှာများမှ ထပ်တူကျနိုင်မှာပါလဲလို့..။

ဒီတော့ ထပ်တူမကျနိုင်တဲ့ ဆန္ဒနဲ့ဘ၀အကြောင်းကို သိပ်ပြီးတော့ မပြောချင်မိတော့ပါဘူး။ ထပ်တူကျနိုင်တဲ့ ဓမ္မနဲ့ဘ၀ အကြောင်းလေးတော့ ပြောချင်မိပါသေးတယ်။ ကိုယ့်အနေနဲ့ မဟုတ်ပေမယ့်.. ထပ်တူကျအောင် နေထိုင်သွားနိုင်တဲ့သူတွေရဲ့ အကြောင်းပေါ့။ ဓမ္မနဲ့ဘ၀ ထပ်တူကျတဲ့သူတွေ အကြောင်းပြောမယ်ဆိုတော့ ကိလေသာကုန်ခမ်းတဲ့ ဘုရား ရဟန္တာတွေရဲ့ အကြောင်းကိုပဲ ဆိုကြရမှာပါ။ ဘုရား ရဟန္တာအရှင်မြတ်တွေရဲ့ ဘ၀ကတော့ ဓမ္မနဲ့ထပ်တူကျသွားပြီလို့ ဆိုနိုင်ပါတယ်။ ဖြစ်နေတဲ့ဘ၀ကို ဓမ္မကဦးဆောင်သွားသူတွေရဲ့ စိတ်အစဉ်ဟာ ဘယ်လောက်ထိ အေးချမ်းလိုက်ပါဘိ။ စိတ်အစဉ်ထဲမှာ အမြဲတစေ ပူလောင်စေရတဲ့.. လိုချင်တက်မက်တဲ့ လောဘမီးတွေ၊ ကြမ်းတမ်းခက်ထန်မာကြောတဲ့ ဒေါသမီးတွေ၊ တွေဝေမိုက်မဲမှုဆိုတဲ့ မောဟမီးတွေဟာ ဓမ္မနဲ့ဘ၀ ထပ်တူညီသူတွေရဲ့ ရင်ထဲမှာတော့ ငြိမ်းအေးချင်တိုင်း ငြိမ်းအေးပြီး စိတ်အစဉ်ဟာ အေးချမ်းနေမှာပါပဲ။ ကိလေသာကင်းသူတွေရဲ့ စိတ်အစဉ်ဟာ ဘယ်လောက်အထိ ကြည်ညိုဖွယ်ရာ ကောင်းလိုက်မလဲဆိုပြီး တွေးမိပါတယ်။ ခဏတာ ၀င်ခံစားလိုက်ရရင်ကို ကိုယ့်ရဲ့ရင်ထဲမှာပါ ကူးစပ်အေးချမ်းနိုင်လောက်တဲ့အထိ အေးချမ်းမှုရဲ့ အရသာကို ခံစားရတာပါ။ ဓမ္မနဲ့ဘ၀ ထပ်တူကျနိုင်သူတွေရဲ့ စိတ်သန္တာန်အစဉ်ကို အားကျကြည်ညိုမိပါရဲ့..။

ဒီလိုပါပဲနော်.. ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာလည်း ဓမ္မနဲ့ဘ၀ကို ထပ်တူကျအောင် ကြိုးစားနေကြတဲ့သူတွေလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ နိဗ္ဗာန်ကိုရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အလုပ်တိုင်းဟာ ဓမ္မနဲ့ဘ၀ကိုထပ်တူကျအောင် လုပ်ဆောင်နေတာနဲ့ ထပ်တူပါပဲ။ ကိုယ့်ရဲ့ စိတ်အစဉ်မှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မီးသုံးပါးတွေ ၀င်ရောက်မလာနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး စိတ်ကိုဖြူစင်အောင်ထားကာ မဂ္ဂင်လမ်းကို လျောက်လှမ်းနေတာဟာ ဓမ္မနဲ့ဘ၀ကို ထပ်တူညှိနေကြတာပါပဲ။ ထပ်တူဖြစ်လာတာ မဖြစ်လာကတော့ ဓမ္မရဲ့အလုပ်ပါပဲ.. ထပ်တူညီအောင် ညှိနေရမှာကတော့ ကိုယ့်အလုပ်ပဲ မဟုတ်ပါလား..။ ဆရာတော်တစ်ပါး ဆုံးမသြ၀ါဒပေးသလိုပါပဲ.. “ဓမ္မကို ကိုယ်ကစောင့်ရှောက်ပါ.. အချိန်တန်ရင် ဓမ္မက ကိုယ့်ကိုပြန်ပြီး စောင့်ရှောက်သွားလိမ့်မယ်” ဆိုတဲ့ အတိုင်းပါပဲနော်။ အမြဲတမ်း ဓါးသွေးကျောက်ပေါ်မှာ တင်ပြီးသွေးထားတဲ့ ဓါးတစ်ချောင်းဟာ အမြဲထက်မြက်နေသလိုပါပဲ.. ကိုယ့်စိတ်အစဉ်ကို ကိလေသာတွေ မ၀င်ရောက်လာအောင် အမြဲစောင့်ရှောက်နေတဲ့ လူတစ်ယောက်ရဲ့ စိတ်အစဉ်ဟာလည်း အမြဲကြည်လင်နေသွားမှာပါပဲ။ အဓိကကတော့.. ဓါးထက်အောင်သွေးနေရသလို.. စိတ်ကိုလည်း အမြဲသန့်စင်အောင် စောင့်ရှောက်ပေးနေဖို့ပါပဲ။


ဓမ္မနဲ့ဘ၀ထပ်တူကျဖို့ အတွက်ဆိုရင် ကိုယ့်ကိုယ်ကို အမှတ်ပေး မမှားဖို့လည်း လိုအပ်ပါပေတယ်။ ဆရာတော်အရှင်ဇ၀န ဆုံးမဟောကြားပေးတဲ့ အဆုံးမလိုပါပဲ.. “လောကီစာမေးပွဲသည် မေးသူတစ်ယောက်၊ ဖြေသူတစ်ယောက် အမှတ်ပေးသူတစ်ယောက် ဖြစ်၏.. လောကုတ္တရာစာမေးပွဲကား မေးသူလည်း မိမိ၊ ဖြေသူလည်းမိမိ၊ အမှတ်ပေးသူလည်း မိမိပင်ဖြစ်၍ တစ်ယောက်တည်းသာဖြစ်၏” ဆိုတဲ့ အတိုင်းပါပဲနော်။ ဓမ္မနဲ့ဘ၀ထပ်တူကျဖို့ အတွက်ဆိုရင်.. လောကုတ္တရာစာမေးပွဲဖြေသလိုပါပဲ.. ကိုယ့်ကိုယ်ကို အမှတ်ပေးရင် မလိမ်မညာပေးတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို အမှတ်ပေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ကြည်ညိုအောင်နေတာပါပဲ.. ကိုယ့်ကိုယ်ကို ကြည်ညိုတဲ့သူ တစ်ယောက်ဟာ ဓမ္မနဲ့ဘ၀ထပ်တူကျဖို့ နီးစပ်လာပြီလို့ ဆိုရမှာပါပဲ..။ ဘာလို့လည်းဆိုတော့.. “သူတစ်ပါးကိုမကြည်ညိုရင် ကုသိုလ်မရယုံပဲ ရှိမယ်.. ကိုယ့်ကိုယ်ကို မကြည်ညိုရင် အပါယ်ကျလိမ့်မယ်.. အကြောင်းမှာ သူတစ်းပါးကို လိမ်ညာ၍ရသော်လည်း ကိုယ့်ကိုယ်ကို လိမ်ညာ၍ မရသောကြောင့်တည်း” ဆိုတဲ့ ဆရာတော် အရှင်ဇ၀နရဲ့ ဆုံးမစကားကလည်း ကိုယ့်ကိုကိုယ်ကြည်ညိုတတ်ဖို့ အရေးကြီးကြောင်းကို မီးမောင်းထိုးပြထားပြန်ပါဘိ။ ဒီတော့.. ဓမ္မနဲ့ဘ၀ ထပ်တူကျဖို့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုအောင်နေတတ်ဖို့ အရေးကြီးပြီပေါ့။


ခုတော့.. လူအများစုဟာ ကိုယ့်ကိုယ်ကိုအမှတ်ပေးတဲ့နေရာမှာ လိမ်ညာပြီး အမှတ်ပေးနေကြတာတွေ များပါတယ်။ အလိမ်တကာ့ အလိမ်ထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို လိမ်နေသ၍ ဓမ္မနဲ့ဘ၀ဟာ ထပ်တူကျဖို့ ဝေးကွာနေအုံးမှာပါပဲ။ ဓမ္မနဲ့ထပ်တူကျဖို့ဝေးကွာနေတယ်ဆိုရင်တော့ အဓမ္မတွေနဲ့ နီးသထက် နီးလာပြီလို့ပဲ ပြောရမှာပါ။ အဓမ္မတွေနဲ့ နီးရင်တော့ အဓမ္မတွေသွားရာလမ်းဖြစ်တဲ့ ငရဲ၊ တိရိစ္ဆာန်၊ြိပိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်(၄)ဘုံကိုပဲ လိုက်ကြရမှာပါ။ ဒီလိုမလိုက်ဖို့ဆိုရင် ဓမ္မနဲ့မဝေးဖို့ လိုအပ်သလို.. ဘ၀ကိုလည်း ဓမ္မနဲ့ထပ်တူကျအောင် နေထိုင်ကျင့်ကြံဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ရဲ့လောကနယ်ပယ် ဘ၀ထဲမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေတဲ့ နေ့ဓဒူဝ ကိစ္စတွေကို ဓမ္မနဲ့လျော်ညီစွာ နေထိုင်သွားနိုင်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ဘ၀ဟာ ဓမ္မနဲ့ထပ်တူကျနေတာပါပဲ။ ဘယ်နေရာမှာနေနေ.. ဘယ်အချိန်မှာပဲဖြစ်ဖြစ်.. ကိုယ့်ရင်ထဲမှာ ဓမ္မနှလုံးသွင်းထားရင်တော့ ကိုယ့်ရဲ့ဘ၀ဟာ ဓမ္မနဲ့ ထပ်တူကျနေပြန်တာပါပဲ..။ ဓမ္မမိတ်ဆွေအပေါင်း ဓမ္မနဲ့ဘ၀ကို ထပ်တူကျနိုင်ကြပြီးတော့ ထပ်တူကျတဲ့သူတွေသွားရာ အမြတ်နိဗ္ဗာန်လမ်းကို ဆိုက်ရောက် နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။ ဓမ္မနဲ့ဘ၀ ထပ်တူကျနိုင်ကြပါစေ…။ ကျွန်တော်လည်း ထပ်တူကျအောင် ကြိုးစားရင်းပေါ့..။

Views: 120

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service