ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကမ္ဘာ့စံပြ သီလရှင် ဆရာကြီး ဒေါ်ဥာဏစာရီဏီ

ကမ္ဘာ့စံပြ သီလရှင် ဆရာကြီး ဒေါ်ဥာဏစာရီဏီ

 

နံနက်အလင်း နေရောင်ဖျော့ဖျော့အောက်တွင် ဗန်းနက်ကလေးတွေ ရွက်၍ တန်းစီထွက်လာသော သီလရှင်တွေကို အဖိတ်နေ့တိုင်း တွေ့ရသည်မှာ ကျက်သရေရှိသော ရှုခင်းပေတကား။ ဘယ်သူ့သမီးလေးတွေ ဒီနွေကျောင်းပိတ်တုန်း ဒေါ်ဥာဏစာရီ ကျောင်းတိုက်မှာ သီလရှင်ဝတ်ကြမလို့တဲ့ ဟူ၍ နှစ်တိုင်းကြားဖူးခဲ့သည်၊ တူမလေးတဦးမှာ ထိုကျောင်း တိုက်တွင် သီလရှင်ဝတ်ခဲ့ပြီး ယခုဘွဲ့ရသည်အထိ ဆရာကြီး၏ သြ၀ါဒကို ခံယူပူဇော်ဆဲ၊ ထိုတူမလေး အကြောင်းပြုပြီး ဆရာကြီး ဒေါ်ဥာဏစာရီဏီအား ကန်တော့ခွင့် ရခဲ့လေသည်။

မြန်မာသီလရှင်ကြီးများ ရှေးခေတ်က သြဇာတိက္ကမကြီးခဲ့ပုံ၊ အမျိုးသမီးလေးများကို ကျောက်ထီးတမျှ ငြိမ်းချမ်းသော အရိပ်အာဝါသ ပေးခဲ့ကြပုံနှင့် သီလရှင် သာသနာပြုလုပ်ငန်း အကြောင်းများကို ဆောင်းပါး အစောင်စောင် ရေးခဲ့ဖူးပါသည်။ သီလရှင်များနှင့် ထနေ့အမျိုးသမီးကလေးများ အနေချင်း စိမ်းပြီး ကင်းကွာနေကြကြောင်းများကိုလည်း တင်ပြခဲ့ဖူးသည်။ သို့သော် ဆရာကြီး ဒေါ်ဥာဏစာရီဏီနှင့်ကား မဆက်သွယ်မိခဲ့၊ အတွေ့အလွန် နောက်ကျခဲ့သည်။

ဆရာကြီး ဒေါ်ဥာဏစာရီဏီ၏ အထုပ္ပတ္တိကို လေ့လာသိရှိသည့်အခါ၌ကား ပိုပြီး စိတ်ဝင်စားရတော့သည်။ ဆရာကြီး၏ မိဘများမှာ မြန်အောင်မြို့ ထန်းသုံးပင် ရိုးရာတိုက်သူကြီး ဦးအင်ကြင်းနှင့် တိုက်သူကြီးကတော် ဒေါ်ငွေယုံတို့၏ သားသမီးတကျိပ်နှင့် တယောက်အနက် အဌမမြောက် သမီးဖြစ်လေသည်။ ၁၂၅၉ ခုနှစ်၊ ကဆုန်လဆန်း (၁၁)ရက်၊ အင်္ဂါနေ့ (၅)နာရီတွင် မိဿလဂ် တနင်္ဂနွေ သောကြာ ပူးယှဉ်လျက် ဖွားမြင်ခဲ့သည်။ ဖခင်၏ ငွေကောက်စာရင်း သွင်းလုပ်ငန်းများတွင် အားကိုးအားထားရသော သမီးအလိမ္မာလည်းဖြစ်သည်။

ဆရာကြီး၏ မိဘများမှာ လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်းများဖြစ်ကြသဖြင့် ငယ်စဉ်ကပင် တရားစာပေနှင့် အကျွမ်းတ၀င် ရှိခဲ့ပြီးဖြစ်သည်။ မြန်မာစာပေ (၅) တန်း သင်ကြားပြီးနောက် လယ်တီဆရာတော် ဘုရားကြီး၏ ပရမတ္တခံခိပ် (၇) ပိုင်း၊ ပဋိစ္စသမုပါဒ် (ဆိုပိမ့်မည့ာ) လင်္ကာနှင့် တကွသင်္ဂဟပါဠိအချို့ကို အသက်(၁၂) နှစ်သမီးအရွယ်တွင် အာဂုံနှုတ်တက် အရကျက်၍ ဇာတ်ကြီးဆယ်ဘွဲ့၊ ဇိနတ္တပကာသနီ၊ သံဝေဂစက္ကူကျမ်းစာများကို အချိန်ရသရွေ့ ကြည့်ရှုလေ့လာ မှတ်သား လာခဲ့သည်။

ပါရမီ ထူးချွန်လှသော မယ်ဥာဏစာရီဏီလောင်း အမျိုးသမီးကလေးသည် သင်္ဂဇာဆရာတော်ဘုရား၊ ထွဋ်ခေါင် ဆရာတော်ဘုရားတို့၏ ကျမ်းစာ ပ၊ ဒု၊ တ၊ စ၊ ပဉ္စမတွဲအထိလည်းကောင်း၊ ဦးပေါ်ဦးလျှောက်ထုံး (၅)တွဲကို လည်းကောင်း၊ လေ့လာခဲ့ပြီးလျှင် ဦးတိအိန္ဒြိယ အရှင်မြတ်၏ ၀ိပဿနာ တရားတော်များကို ညလုံးပေါက်ကြားနာ မှတ်သားလာခဲ့ပြီးနောက် သံဝေဂရကာ အရွယ်နှင့်မမျှအောင် တရားရေယာဉ်ကြော၌ နစ်မျောပျော်ပိုက်ခဲ့လေသည်။

အသက် (၁၆) နှစ်ဖြစ်သည့် ၁၂၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်၊ အင်္ဂါနေ့၌ကား ထိုအမျိုးသမီးလေးသည် မြန်အောင်မြို့၊ ဘ၀နာတိုက်ဟောင်း ရွှေဘိုဆရာတော်ဘုရားကြီး၏ တပည့် ဒေါ်ဝိလာသီထံတွင် သီလရှင် ဘ၀သို့ ရောက်ရှိခဲ့လေသည်။ ခဲရာခဲဆစ် စွန့်စား၍ သီလရှင်ဘ၀ပန်းတိုင်သို့ အပြေးအလွှား တက်လှမ်းခဲ့ပုံများမှာ ဒဏ္ဍာရီ ပုံပြင်လေးသဖွယ် စိတ်ဝင်စားဖို့လည်းကောင်းသည်။ ကျမသွားတွေ့စဉ်က မကျန်းမာနေဆဲဖြစ်သော်လည်း စိတ်ရှည် လက်ရှည် ပြောပြ၍ မှတ်သားလိုက်ရသည်။

‘ဘွားဘွားကြီး သီလရှင်ဝတ်ပါရစေလို့ မိဘများကို တစ်နှစ် သုံးကြိမ်ခွင့်တောင်းခဲ့တယ်။ ရမိဘများက ခွင့်မပြု။ သမီးထွေးမို့ မိဘအိုစာမင်းစာအဖြစ် ပြုစုပါကြောင်း ရှင်းပြတယ်။ ဘွားဘွားကြီးဟာ ရပ်ဝေးကိုလည်း မရောက်ဖူးဘူး။ ဒီတော့ အိမ်ဖော်မလေးကိုဘဲ တစ်လလောက် အဖော်ညှိယူရတယ်။ သီလရှင်ဘ၀ဟာ မိန်းမအတွက် အမြတ်ဆုံးပဲလို့ တရားချမှ ကောင်းပါပြီဆိုပြီး အဖော်လိုက်ဖို့ ကတိပြုပါတယ်။ တဏှာကျွန်ဘ၀က လွတ်ရာကျွတ်ရာသို့ သွားပါပြီ။ မိဘများခွင့်လွှတ်ပါလို့ စာတစောင်ကိုလည်း ရေးထားခဲ့တယ်။ ၀တ်နေတဲ့ စိန်နားကပ်နဲ့ လက်ကောက်ခြေကျင်းတွေကိုလည်း အဒေါ်ကို နေရာပြထားပြီး သာသနာစောင့်နတ်များကို တဏှာကျွန်ဘ၀မှ လွတ်အောင် ကူညီပါလို့ တိုင်တည်ခဲ့တယ်။’

‘မနက် အာရုံတက်မှာ ဇီးကွက်နဲ့ ဥသြလေးတွေ အော်သံကြားတော့ ထမှဘဲဆိုပြီး ဆံပင်ကို ကပ်ကြေးနှင့် ညှပ်ပစ်ကာ အဆင်သင့် ဆေးဆိုးထားတဲ့ သီလရှင် အ၀တ်အစားတွေကို ယူပြီး အစ်မ၀မ်းကွဲတယောက်ရယ် ဝေလီဝေလင်းမှာ အိမ်က ထွက်ခဲ့တယ်။ သွားရမယ့် ဒေါ်ဝိလာသီရဲ့ ကျောင်းက (၄) မိုင်ခွဲဝေးတဲ့ အင်တိုင်းတောကြီးကို ဖြတ်ရမှာဖြစ်တယ်။ လမ်းလဲမသိ၊ ဒါပေမဲ့ ရှေ့ကကြားရတဲ့ လှည်းသံကို အဖော်ပြုပြီး လိုက်လာခဲ့တာ မနက်လင်းလို့ ကျောင်းရောက်တော့ ဘယ်သူကမှ ဆံပင်မရိတ်ပေးရဲဘူး။ ဘဒွေးဖြစ်တဲ့ ရာဇ၀တ်ဝန်ကြီး ဦးကျော်ရဟာ အင်မတန် သြဇာကြီးပြီး စိတ်ထန်တဲ့အတွက် ဆရာလေးတွေက ဒါးပါးလေးတောင် ငှားမပေးရဲကြဘူး။ ဒါနဲ့ အတူပါလာတဲ့ အစ်မက ဓားတောင်းပြီး ရိတ်ပေးရတယ်။ မြန်အောင်ဆရာတော် ဘုရားကြီးကတော့ ကောင်းလစွလို့ သာဓုခေါ်တာပေါ့’

မိဘနှစ်ပါးဟာ မနက်လင်းလို့ သမီးမရှိတော့ စာကိုဖတ်ပြီး မျက်ရည်လည်ရွှဲနဲ့ (၈) နာရီလောက်မှာ လှည်းနဲ့ ရောက်လာကြတယ်။ ကောလိပ်က အစ်ကိုကြီး ဦးလှိုင်ဘွားဆီလည်း သံကြိုးရိုက်ပြီးခေါ်တယ်။ အလိုလိုက်ရမလားလို့ ဦးလှိုင်ဘွားက မလာဘူး။ လားရှိုးက အင်စပက်တော် အစ်ကို ဦးခန့်ကြီးကတော့ ချက်ချင်း ဆင်းလာတယ်။ အင်ကြင်းမြောင် ဆရာတော်ဘုရားကြီး ဦးအာသဖရှေ့မှာ ငိုတာနဲ့ ညီမသီလရှင်ဖြစ်တာ ၀မ်းသာစရာမဟုတ်လားလို့ နှစ်သိမ့်ရသတဲ့။ ဘခင်ကြီးကတော့ အလုပ်မလုပ်တော့ပဲ ပင်စင်တခါတည်း ယူလိုက်တော့တယ်။

မိဘဆွေမျိုးတွေလိုက်လာတော့ ဘွားဘွားကြီးက ‘ဇာတိစမ္မေ၊ ပဋိသန္ဓေတည်နေခြင်းတရား၌၊ အဒိန၀ံ၊ အပြစ်ကို၊ အဒိတ်သွာ၊ မမြင်သောကြောင့်၊ ဇာတိဓမ္မမေ၀၊ ပဋိသန္ဓေတည်နေခြင်း တရားကိုသာလျှင် ပရိယေသတိ၊ နေ့တိုင်းရှာကြ၏’ လို့ ဟောလိုက်တော့ ဘခင်ကြီးဟာ ဘာမှမပြောတော့ဘဲ ကျောင်းမှာ အပ်နှံထားခဲ့ပြီး ချက်ချင်း ကျောင်းတဆောင်ဆောက်ပေးတယ်။ အပျိုထွတ်ထွတ်ကလေးက ဘာကြောင့် ၀တ်ချင်ရသလဲလို့ ဆွေမျိုးတွေက ငိုကြတော့ ဘွားဘွားကြီးက ရုပ်နာမ်တရားကိုဘဲ ဟောပြလိုက်တယ်၊ မယ်ဥာဏစာရီဆိုတဲ့ ဘွဲ့ကိုရပြီး ဘွားဘွားကြီးက ဆရာသီလရှင် ဒေါ်ဝိလာသီထံ ဆည်းကပ်ခဲ့တာ တလအတွင်းမှာ သီလရှင် လိုက်ဝတ်ကြတဲ့ ကျောင်းသူတွေ နှစ်ဆယ်လောက်ရှိလာတယ်’ ဟု အမိန့်ရှိပါသည်။

သို့ဖြင့် (၁၆) နှစ်အရွယ် မယ်ဥာဏစာရီလေးသည် သူအလွန်တောင့်တခဲ့သော အထွတ်အမြတ်ဘ၀ကို ရောက်ခဲ့ပြီး အချိန်ရတိုင်း စာပေပရိယတ္တိ၌သာ နစ်မြုပ်ခဲ့လေသည်။ သတိပဠာန် အနက်နှင့်တကွ၊ သဒ္ဒါ၊ သင်္ဂဟစသော စာဝါများကို လိုက်စားခဲ့ပြီး ၊ ဘာဝနာ အားထုတ်ရင်းငါးနှစ်အကြာတွင် စစ်ကိုင်းတောင် သမိဒ္ဓေါချောင် ဆရာကြီး ဒေါ်မာရီထံသို့လည်း ဆည်းကပ်ရန် ရောက်ခဲ့ရလေသည်။

သရိုင်ဆရာတော်ကြီးထံ၌လည်း သဒ္ဒါဘက်ဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ ကျမ်းစာအမျိုးမျိုးကို သင်ယူခဲ့ပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ၀ံသာနုစာမေးပွဲများ သမိဒ္ဓေါချောင်၌ ကျင်းပရာ အကြီးတန်း၌ ပထမဘွဲ့ကို ရခဲ့လေသည်။ ရာမမြန်အောင်ကျောင်းတိုက်ဟူသော အမည်နာမဖြင့် တိုက်သစ်တည်ခဲ့ပြန်သည်။ တပည့်ပရိတ်သတ် (၁၆၀)ကို စောင့်ရှောက်ကွပ်ကဲပြီး ပညာအရပ်ရပ် သင်ကြား ပို့ချပေးခဲ့ရာ ပထမကြီး အောင်မြင်ပြီး တပည့်မှာ (၂၆၀)ပါး၊ ဓမ္မာစရိယအောင်ပြီး (၆)ပါး၊ ၂ ကျမ်းပြီး (၂)ပါး၊ အားထုတ်ဆဲ (၇)ပါး၊ ပထမကြီးအောင်ပြီး တပည့် (၂၆)ပါးအနက် အကျော် (၁)ပါး၊ ပထမလတ်အောင်ပြီး တပည့် (၅၀)အနက် အကျော် (၅)ပါး၊ ပထမငယ်အောင်ပြီး တပည့် (၇၀) အနက် အကျော် (၁)ပါးရှိခဲ့သည်။ ရှေးက ဘိက္ခူနီတပါးပင် တပည့် (၅၀၀) ရှိရသည့်နည်းတူ ဒေါ်ဥာဏစာရီဏီ၌လည်း တွံတေး၊ မအူပင်၊ ပဲခူး၊ မော်လမြိုင်၊ မြန်အောင် တိုက်ခွဲများနှင့် ရန်ကုန်အပါအ၀င် တပည့် (၅၀၀) မက ရှိခဲ့ပေပြီ။ စာပေ ကျမ်းဂန်နှံ့စပ် ကျွမ်းကျင်ကြောင်း ဆရာတော်၊ သံဃာတော်များ၏ ချီးကျူးသံကိုလည်း ကြားရသည်၊

သာသနာပြုရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးကလေးများသည် ဘာသာခြား သီလရှင်ကျောင်းများ၌နေပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို နားမလည်ပဲ ဗုဒ္ဓဘာသာမရေရာဖြစ်ကာ သရဏဂုံ သုံးပါးနှင့် ပဉ္စသငါးပါးကိုသော်မျှ မသိရှိတော့ဘဲ ရိုးရာဘာသာဓလေ့ထုံးစံများမှ လမ်းလွဲနေကြသည်ကို ကယ်တင်ရန်ဖြစ်သည်။ ခေတ်မီသည်ဟူသော အယူအဆများကြောင့် အမျိုးသမီးကလေးများမှာ တိုင်းတပါးယဉ်ကျေးမှုကိုသာ အလေးထားပြီး စိတ်ကြမ်း ကိုယ်ကြမ်း ဖြစ်နေကြသည်။ ထိုအမျိုးသမီးကလေးများကို စင်ကြယ်သော သီလရှင်များကသာ ကွပ်ကဲပေးနိုင်မည်ဖြစ်ရာ သီလရှင်လောကနှင့် ခေတ်အမျိုးသမီးလေးများကို တနည်းနည်းနှင့် ဆက်သွယ်မိဖို့ စေတနာရှင်များကလည်း တင်ပြလာခဲ့ကြသည်။ သာသနာပြု သီလရှင်ကျောင်းကြီးများ၊ တက္ကသိုလ်များ ပေါ်ထွန်းစေချင်ကြသည်။

သို့သော် သီလရှင်များကို လောကီလူမှုရေးတာဝန် လွှဲအပ်ပေးရန်ကား မဟုတ်ပေ။ ဗုဒ္ဓယဉ်ကျေးမှုများနှင့် အလှမ်းဝေးနေပြီး လောကုတ္တရာ စာပေ ကျမ်းဂန်လေ့လာမှု နည်းပါး၍ စာရိတ္တ မခိုင်ခံ့သေးသော အမျိုးသမီးငယ်လေးများကို အဖတ်ဆယ် ကယ်တင်လမ်းညွှန်ပေးရန် ဖြစ်လေသည်။ ဗုဒ္ဓဘာသာ သီလရှင်ကျောင်းများသည် ဗုဒ္ဓယဉ်ကျေးမှုကို အဘယ်မျှ ကျေးဇူးအထောက်အကူ ပြုသည်ကို အချို့ သတိမထားမိသူတွေလည်း ဒုနဲ့ဒေးရှိနေသေးသည်။ သီလရှင်အမျိုးသမီးနှင့် ယနေ့အမျိုးသားလောကသည် အဆက်ပြတ် ကင်းကွာသကဲ့သို့ ရှိနေသည်။

သီလရှင်များ၏ တည်ငြိမ်အေးမြသော ဘ၀ရိပ်မြုံအကြောင်းကို ၀တ်ကြောင် အမျိုးသမီးသည် အကဲမခတ်မိသေး။ ယဉ်ကျေးမှု လမ်းလွဲနေသော အမျိုးသမီးလေးများကို လောကုတ္တရာ ကျမ်းဂန်စာပေဖြင့် လမ်းဖြောင့်ပေးလိုသောဆန္ဒမှာ ဒေါ်ဥာဏစာရီ၌ အပြည့်အ၀ ရှိခဲ့သည်။ သီလရှင်ကျင့်ဝတ်နှင့် မဆန့်ကျင်စေသော ခေတ်ပညာ ကျမ်းဂမ်စာပေဖြင့် လမ်းဖြောင့်ပေးလိုသော ဆန္ဒမှာ ဒေါ်ဥာဏစာရီ၌ အပြည့်အ၀ရှိခဲ့သည်။ သီလရှင်ကျင့်ဝတ်နှင့် မဆန့်ကျင်စေသော ခေတ်ပညာ သင်ကြားမှုကိုလည်း ဆရာကြီးက ခွင့်ပြုသည်။

ထိုမျှမကသေး။ နိုင်ငံရပ်ခြား နီပေါ၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ယိုးဒယား၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် အင်္ဂလန်နိုင်ငံများမှ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများလာရောက်သင်ကြားကြသော သီလရှင်များအနက် ဆွီဒင်မှ ဒေါ်အမိတ္တာ၊ ဗီယက်နမ်မှ မဓမ္မောဘာသီ၊ မ၀ိသုတ္တဥာဏီ(အလတ်အောင်ပြီး) ယိုးဒယားမှ မသုန္ဒရ၊ နီပေါမှ မသီရီ၊၊ ကမ္ဘောဒီးယားမှ မကုသုမစာရီ၊ ဥာဏီ၊ မ၀ိသုတ္တ၊ ဂျပန်မှ သီလရှင်စသည်တို့၏ ဓါတ်ပုံများ ချိတ်ဆွဲထားလျက် တွေ့ရသည်။

ဆရာမကြီး ဒေါ်ဥာဏစာရီဏီကား စာပေနှင့်ပတ်သက်၍ စည်းကမ်းစနစ်အလွန်ကြီးကြောင်း မပြီမသ ဖတ်သံကို ကြားနိုင်သူမဟုတ်၊ အဝေးက နားစွင့်၍ ချက်ချင်း ပြုပြင်ကြောင်း၊ သူမသိလျှင်လည်း မည်သည့် ရဟန်းသံဃာကိုမဆို ဆည်းပူးလိုစိတ်နှင့် မေးမြန်းတတ်သည့်အတွက် အချို့မှာ မဖြေနိုင်မှာစိုး၍ ရှောင်နေကြရသည်ဟုပင် ဆရာတော်တပါးထံမှ ကြားသိရသည်။

သူကိုယ်တိုင်ကလည်း ကဗျာ လင်္ကာများရေးသား စီကုံးဖွဲ့နွဲ့လေ့ရှိသည်၊ သီလရှင်ဝတ်သူ၏ အတ္ထုပတ္တိဘွဲ့များ၊ အလှူအတန်းများနှင့် ဂုဏ်ပြုပွဲများတွင် တေးထပ်များ ကိုယ်တိုင်စပ်ဆို စီကုံးဖွဲ့နွဲ့ခဲ့သည်၊ တခါက ဗန်းမော်သင်္ဘောကြီး ပေါ်တွင် ကန်ဘောက်ရွာမှ ကျောင်းသားလေး ငချစ်နှင့် ဘုန်းကြီးတပါး သင်္ဘောစီးလာသည်ကိုကဗျာဖွဲ့ချင်သော ဒေါ်ဥာဏစာရီဏီက ....

‘ကန်ဘောက်မှာ လူဖြစ်၊ ငချစ်တို့ တူဝရီး၊ ဆွမ်းချိုင့်ကြီးရယ်နှင့် အဆန်ကို အစုန်မှတ်တယ်၊ ရမ်းတက်လို့စီး’ဟု ကောက်ကာငင်ကာ စာဖွဲ့လိုက်သည်ဟု ဆရာလေးတပါးက ပြောပြပါသည်။

ထို့အတူ ခင်မင်ရင်းနှီးသော တကာ မိတ်ဆွေစာပေရှင် အမျိုးသမီးများနှင့်လည်း မကြာမကြာ ကဗျာလင်္ကာာဖြင့် အပြန်အလှန် ရေးရင်းဆုံးမလေ့ရှိသည်။ ကုန်းသတ္တ၀ါကိုမူ (၇၇) နှစ်အထိ မစားခဲ့ပေ။ အဟာရဖြစ်စေရန် စွတ်ပြုတ်စားရမည်ဆိုရာ ငါ ‘အကုသိုလ်ကြီးလေခြင်း’ဟု မျက်ရည်ကျရှာသည်ဟု သိရသည်။ အာဇီပဠက သီလဖျက်ရမည်ကို စိုးရိမ်၍ ဖြစ်သည်။ ငါးခြောက်၊ ငါးပိလေးသာ စားချင်၍ အားအင်မဖြစ်ဘဲရှိခဲ့သည်။ သို့နှင့် လူကြီးရောဂါဖြင့် ၁၃၃၇ ခုနှစ်၊ တန်ခူးလဆုတ် ၂ ရက်နေ့ည ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီး၌ ဘ၀တပါးပြောင်းရွှေ့သွားခဲ့ရာ အန္တိမ ဈာပနကား စည်ကားလှပေသည်။ တကာ /တကာမများ၏ ကြည်ညိုလေးစားခြင်း အထူးခံရသဖြင့် အလှူအတန်းများလည်း မြိုင်ဆိုင်လှသည်။ ရုပ်ကလာပ်ကို တပည့်သားသမီးများက စဏ္ဍားကြိုးများဆွဲ၍ နတ်မြင်းပျံနှင့် အလောင်းကိုတင်ကာ သယ်ယူပို့ဆောင်ခဲ့ကြသည်။ တပည့်တကာများ၏ ဆန္ဒအရ နှစ်ညတိုင် ဧယဉ်ကျူး၍ ၇ ရက်ထားကာ နောက်ဆုံး ဂါရ၀ပြုခဲ့ကြသည်။

မြန်မာ့ယဉ်ကျေးမှု သာသနာ့ယဉ်ကျေးမှုများ ပြန့်ပွားအောင် သွန်သင်ဆုံးမ သြ၀ါဒ ပေးခဲ့သော သာသနာပြု သီလရှင်ကြီးသည် ဓမ္မာစရိယဘွဲ့ရ ဆရာတော်အများအပြား၏ ပစ္စည်းလေးပါးဖြင့် ချီးမြှောက်ခံခဲ့ရုံမက ဂါရ၀နိမာန အရာတွင် သူမတူအောင် ရှိခဲ့ပါသည်။ ပြုသစ်စ သာမဏေကိုပင် ရိုကျိုးစွာ ထိုင်ရှိခိုး လျှောက်ထားလေ့ရှိသည်။ မြန်မာနိုင်ငံတော်လှန်ရေး အစိုးရ၏ ပြည်တွင်းရေကြောင်းနှင့် မီးရထားလမ်းခရီးတို့တွင်လည်း ဆရာကြီးသည် အလွတ်စီးနင်းလိုက်ပါခွင့် အလှူခံရရှိသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူမ၏ကျောင်းတိုက်ပရ၀ုဏ်ကြီးကား စိမ်းစိုသော အရိပ်အာဝါသများဖြင့် ငြိမ်းချမ်းပါဘိ၏။ သီလရှင်များ၏ စာဝါတက်သံတို့နှင့် ကြည်နူးဘွယ်ကောင်းလှသည်။ ဤအေးချမ်းရိပ်မြုံသို့ ရောက်လာကြသူတို့အားလည်း လုမနီ အင်ကြင်းပန်းရနံ့များက ရွှင်လန်းစေဘိသည်။ ကမ္ဘာ့စံပြ သမဒ္ဓေါ ဒေါ်ဥာဏစာရီ မရှိတော့သော်လည်း သူရှိနေသည်နှင့်မခြား တပည့်များက ဆက်လက် သာသနာပြုနေကြပေသည်။

စောမုံညင်း

Views: 470

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

dsfdsa is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
8 hours ago
Goldena Gooser posted blog posts
yesterday
Moncler Ots posted blog posts
Monday
Goldena Gooser posted blog posts
Friday

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service