ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“ဝိသာခါကျောင်းအမ(၄)

 “ဝိသာခါကျောင်းအမ(၄)

“ဝိသာခါကျောင်းအမနဲ့ သုမနမင်းသမီးလေးအပြင် စုန္ဒီမင်းသမီးလေးလည်း ရထားငါးရာစီးပြီး သွားလာနိုင်သူဖြစ်မယ်ထင်တယ်၊ စာ ပြန်ကြည့် ပါဦး” ဟု ဆွမ်းဝိုင်းမှာ စာချဘုန်းကြီး ဦးသုနန္ဒက သတိပေးလာပါသည်။
   မှန်ပါသည်။ စုန္ဒီမင်းသမီးကလေးသည်လည်း အခြံအရံငါးရာ၊ ရထားငါးရာနှင့် သွားလာနိုင်သူ ဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ကျမ်းစာ ပဉ္စကနိပါတ်တွင် တွေ့ရပါသည်။ ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရမင်း၏ သမီးတော်ဖြစ်၏။

 

   ဤဇမ္ဗူဒိပ်တစ်ကျွန်းလုံးတွင် ဖခင်ထံမှ ရထားငါးရာရရှိသူများသည် ဤသုံးယောက်မျှသာ ရှိ၏ဟု မှတ်တမ်းတင်နှင့်တကွ ပြဆိုထား၏။ ဝိသာခါကျောင်းအမနှင့် သုမနမင်းသမီးတို့လို ခုနစ်နှစ် အရွယ်မျှဖြင့် သောတာပန်အရိယာ ဖြစ် မဖြစ်တော့မသိရပါ။


အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့သူ ဝိသာခါကျောင်းအမသည် သောတာပန်အရိယာဖြစ်ပြီး မကြာခင်မှာဘဲ ဇာတိဒေသကို စွန့်ခွါဖို့ အကြောင်းဖန်လာခဲ့၏။
အင်္ဂတိုင်းကို ဘုရင်ဗိမ္ဗိသာရအုပ်စိုးပြီး၊ သာဝတ္ထိမြို့ကို ဘုရင်ကောသလအုပ်စိုးတော်မူသည်။ နှစ်ပြည်ထောင်မင်းတို့သည် အချင်းချင်း နှမပေးနှမယူ ယောက်ဖတော်များဖြစ်ကြသည်။


တစ်နေ့တွင် ကောသလမင်းကြီးသည် “ ယောက်ဖတော်ဗိမ္ဗိသာရရဲ့ တိုင်းနိုင်ငံမှာတော့ ဘုန်းကံအလွန်ကြီးမားပြီး မနှိုင်းယှဉ်လောက်အောင် ချမ်းသာတဲ့သူဋ္ဌေးကြီး ငါးဦးတောင်ရှိပြီး၊ ငါ့နိုင်ငံမှာတော့ တစ်ယောက်တောင်မရှိဘူး၊ ယောက်ဖ တော်ဆီ သူဋ္ဌေးတစ်ယောက်လောက်တော့ သွားတောင်းဦးမှဘဲ” ဟူ၍ အကြံ ဖြစ်ပါသတဲ့။


ကောသလမင်းကြီး ကိုယ်တော်တိုင် ဗိမ္ဗိသာရမင်းကြီး၏ နိုင်ငံတော်ရာဇဂြိုဟ်မြို့တော်သို့ ရောက်လာပြီး သူ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုကာ သူဋ္ဌေးတစ်ယောက်တောင်းပါတော့သည်။


ဗိမ္ဗိသာရမင်းကြီးက “သူဋ္ဌေးကြီးတွေကို အရွှေ့အပျောင်းလုပ်ရန် ငါရှင်ဘုရင်လဲ မတတ်နိုင်ပါ” လို့ ပြောတော့-
“ကောသလမင်းကြီးကလည်း  ငါလဲ သူဋ္ဌေးတစ်ယောက်မှ မရရင် မပြန်ဘူး” လို့ အကြပ်ကိုင် ပါတော့၏။
နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာကျီတိုက်နှင့်အလားတူသော သူဋ္ဌေးကြီးကို ပေးလိုက်ရခြင်းကား နိုင်ငံ့ဘဏ္ဍာတိုက်ကို အလဟဿ ဖေါက်ပစ် လိုက်ခြင်းမျိုးဖြစ်၏။


ထို့ကြောင့် ဗိမ္ဗိသာရမင်းကြီးကလည်း မပေးလို၊ကောသလမင်းကြီးကလည်း သူဋ္ဌေးမရ လို့ကတော့ ပြန်မယ့်ပုံမပေါ်၊ သမီးယောက်ဖ မင်းနှစ်ပါး၏ သူဋ္ဌေးအပေးအယူကိစ္စကို ထောက်ဆ၍ နိုင်ငံတော်တွင်သူဋ္ဌေးကြီးတွေ ရှိခြင်း မရှိခြင်းကား အဘယ်မျှအရေးပါ အရာရောက်သည်ကို သိရ၏။


  အဆုံးမှာတော့ ဗိမ္ဗိသာရမင်းကြီးက အမတ်ကြီးများနှင့်လည်းတိုင်ပင်ပြီ“ဇောတိကစတဲ့ သူဋ္ဌေးကြီးတွေကို နေရာမှ ရွှေ့ခြင်းဟာ မဟာပထဝီမြေကြီးကို ရွှေ့ရသလိုမျိုး၊ မဖြစ်နိုင်ဘူး၊ မေဏ္ဍကသူဋ္ဌေးကြီးရဲ့သား ဓနဉ္စယသူဋ္ဌေးတော့ ရှိတယ်၊ သူ့ဆန္ဒ မေးကြည့်မယ်၊ သူက လိုက်မယ် ဆိုရင်တော့ ပေးလိုက်မယ်” လို့ ပြောရသည်။


  ဓနဉ္စယသူဋ္ဌေးကို ဆင့်ခေါ်ပြီး “အမောင်သူဋ္ဌေး၊ ကောသလမင်းကြီးက သူဋ္ဌေးတစ်ယောက် လာတောင်းနေပါတယ်၊ သူဋ္ဌေးမှာ လိုက်လိုတဲ့ဆန္ဒရှိမယ်ဆိုရင် လိုက်စေချင်ပါတယ်” လို့ မိန့်တော်မူ၏။


  “မင်းတရား စေလွတ်မယ်ဆိုရင် လိုက်ပါရန် ဝန်မလေးလှပါ”ဟု ဓနဉ္စယသူဋ္ဌေးက သံတော်ဦးတင်သဖြင့် ယနေ့ခေတ်စကားဖြင့် ပြောရရင်တော့ “လိုက်ပါရန်ဆန္ဒရှိတဲ့အတွက် ကျေးဇူး တင်ပါတယ်၊ ပြင်ဆင်စရာများကို ပြင်ဆင်ပြီး လိုက်သွားပါလို့” အမိန့်တော်ချမှတ်ပြီး ခန်းနား ကြီးကျယ်စွာဖြင့် ဓနဉ္စယသူဋ္ဌေးကို ဗိမ္ဗိသာရမင်းကြီး နှုတ်ဆက် ပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော် မူပါသည်။


  ကောသလမင်းကြီးကား ကလေးဆန်သောသဘာဝ ရှိဟန်တူပါသည်။ သူလိုချင်၊ ရချင်တာ တောင်းရမှာကိုသိပ်ပြီး ဝန်လေးခြင်း၊ အားနာခြင်းမရှိတတ်၊ သင့်မသင့်ကိုလည်း သိပ်ပြီးတွေးဟန်မတူ။ တစ်ခါလည်း မြတ်စွာဘုရားနှင့် ဆွေမျိုးတော်ချင်လို့ဆိုကာ သာကီဝင်မင်းများထံ မင်းသမီး တစ်ပါး သွားပြီးတောင်းသည်။


  ထိုအခါ ရှင်ဘုရင်တစ်ပါးက တောင်းသည့်ကိစ္စဖြစ်နေ၍ ငြင်းဖို့ရာလည်း မသင့်တော်၊ မိမိတို့သာကီဝင်မျိုးမှာ ဇာတ်နှိမ့်သွေးရောမည်ကိုလည်း မလိုလားကြသဖြင့် ကျွန်မနှင့် သာကီဝင်မင်းသား ဖေါက်ပြန်မှားယွင်းပြီး မွေးလာခဲ့သည့် သာကီဝင် မင်းသမီးအတု ဝသဘခတ္တိယ အမည်ရှိသူကို ပေးလိုက်ကြ၏။


   ကောသလမင်းကြီးသိတော့ “ဘုရားအမျိုးတွေက မကောင်းဘူး၊ တပည့်တော်ကို သာကီဝင် မင်းသမီးအစစ်ကို မပေးကြ ဘူးလို့” ဆိုကာ မြတ်စွာဘုရားကို ရန်တွေ့တော့၊ မြတ်စွာဘုရားက“မင်းကြီးကလည်း အဖေက အဓိကပါလို့”  ချွေးသိမ့်တော်မူပါမှ ဟုတ်ပါတယ် ဘုရားဆိုကာ”  ကျေနပ်တော်မူရှာသည်။


   နောင်တွင် သူနှင့်ဝဘသခတ္တိယတို့မှ မွေးဖွားလာသူ ဝိဋဋူပမင်းသားက သူ၏နန်းရိပ်ထီးဖြူကို လုယူပြီး နန်းချ ပစ်လိုက်သဖြင့် တူတောင်မောင် အဇာတသတ်မင်းထံအသွား လမ်းမှာပင် ကံတော် ကုန်ခဲ့ရရှာသည်။


   ကောသလမင်းကြီးသည် မိမိဆန္ဒရှိသည့်အတိုင်း သူဋ္ဌေးကြီးတစ်ဦးကို မရခဲ့သော်လည်း၊ သူဋ္ဌေးကြီး၏သား သူဋ္ဌေး တစ်ယောက်ကိုတော့ ရအောင်အပါခေါ်ခဲ့နိုင်၏။


   ဓနဉ္စယသူဋ္ဌေးသည် ဇနီးသုမနဒေဝီ၊သမီး ဝိသာခါတို့နှင့်အတူြွေခရံများ၊ စီးပွားဥစ္စာများပါ တပေါင်းတစီးတည်း ကောသလမင်းကြီးနှင့်အတူ မင်းကြီး၏နေပြည်တော် သာဝတ္တိမြို့တော်သို့ လိုက်ပါ လာခဲ့ကြ၏။


   တစ်ညတာခရီးလွန်မြောက်၍ သာဝတ္တိမြို့နှင့် ခုနှစ်ယူဇနာမျှ ဝေးကွာရာ အရပ်သို့ အရောက် တွင် နေရာဒေသမြေအနေအထား ကောင်းမွန်လှသဖြင့် ဓနဉ္စယသူဋ္ဌေးက “ဤအရပ်ဒေသသည် အဘယ်သူရဲ့ တိုင်းနိုင်င့ပါလဲလို့” ကောသလမင်းကြီးကို မေးမြန်းရာ မင်းတရားက မိမိနိုင်ငံဖြစ်ကြောင်း ကို မိန့်တော်မူသဖြင့်-


  “ကျွန်တော်မျိုးတို့မှာ အြွေခအရံ စည်းစိမ်ဥစ္စာ အလွန်များလှပါတယ်၊မြို့တော်တွင်းမှာဆို အလွန်ကျဉ်းမျှောင်းမယ်၊ ဒါကြောင့် ခွင့်ပြုမယ်ဆိုရင် ဒီအရပ်မှာ အခြေချနေလိုပါတယ်လို့” ဓနဉ္စယသူဋ္ဌေးက သံတော်ဦးတင်ပါသည်။


“ကောင်းလှပေပြီ” ဟု မိန့်တော်မူကာ မြို့သစ်တည်ထောင် ပေးပါသည်။


ထိုမြို့ကို ကိုယ်တိုင်တည်ထောင်၍ ယူရသောမြို့သစ်ဖြစ်သောကြောင့် သာကေတမြို့-ဟု ခေါ်ဆိုရ၏။ ဝိသာခါကျောင်းအမ (၁၆)နှစ်အရွယ် ရောက်ချိန်တွင် အလှသွေြးွကယ်လျှက် ဖြစ်လာ၏။


  ဝိသာခါကျောင်းအမ၏အလှကို ကောင်းခြင်းငါးဖြာနှင့် ပြည်စုံသော အလှဟူ၍ ဆိုပါသည်။ ဘုန်းကံကြီးမားကြသည့် အမျိုးသမီးများမှသာ ထိုကဲ့သို့ကောင်းခြင်းငါးဖြာနှင့် ပြည်စုံနိုင်သည်ဟု ဆို၏။


ကောင်းခြင်းငါးဖြာဟူသည်-
၁။ အကြင်အမျိုးသမီး၏ ဆံပင်တို့သည် ဥဒေါင်းမြီးစီးနှင့်တူ၏။နောက်သို ဖီးချလိုက်ပါက ခြေဖျားတိုင်ရောက်ပြီး ထမိန်အနားထိ၍ အထက်သို့ ဆံဖျားများ ကော့လန်နေ၏။ထိုအမျိုးသမီးသည် ဆံပင်၏ကောင်းခြင်းနှင့်ပြည့်စုံသူဖြစ်၏။


၂။ အကြင်အမျိုးသမီး၏ နှုတ်ခမ်းနှစ်လွှာသည် ကျီးအာသီးမှည့်နှင့်တူစွာ အဆင်း နီထွေး၏၊ အညီအမျှ ကောင်းစွာ ပိပိရိရိထိနေ၏။ထိုအမျိုးသမီးသည် အသား၏ကောင်းခြင်း နှင့်ပြည်စုံ၏။


၃။ အကြင်အမျိုးသမီး၏ သွားတို့သည် ဖြူလွလွ ရှိကြ၏၊ ကြဲမနေဘဲ ညီညီညာညာ ရှိကြ၏၊ စိန်ကလေးများကို ထောင်လျှက် စီထားသလိုမျိုး၊ အညီဖြတ်ထားသည့် ခရုသင်းကလေးများကို အစဉ်လိုက် စိုက်ထားသမျိုး တင့်တယ်၏၊ ထို အမျိုးသမီးသည် အရိုး၏ကောင်းခြင်းနှင့်ပြည့်စုံ၏။


၎။ အကြင်အမျိုးသမီးသည် အသားညိုဖြစ်က မှက်ခြောက်၊အဖုအပိန့်တို့နှင့် မလိမ်းကျံ မရောထွေးဘဲ ကိုယ်သားကိုယ်ရေသည် ပြေပြစ်၏၊ကြာညိုပန်အဆင်းနှင့်တူ၏။ အသားဖြူက မဟာလှေကားပန်းကုံးနှင့်တူ၏၊ ထိုအမျိုးသည် အသား၏ကောင်းခြင်းနှင့်ပြည့်စုံ၏။


၅။ အကြင်အမျိုးသမီးသည် ဆယ်ကြိမ် မီးဖွားခဲ့ပြီးဖြစ်ပေမယ့် တစ်ကြိမ်မီးဖွားသူကဲ့သို့ အရွယ် မကျဘဲ အရွယ်တင်၏။ ထိုအမျိုးသမီးသည် အရွယ်၏ကောင်းခြင်းနှင့်ပြည့်စုံ၏။


  ဝိသာခါကျောင်းအမ အရွယ်တင်နုပျိုသည့် အလှကို ပိဋကတ်တွင် ဤသို့ ဖေါ်ပြထားပါသည်။
ညအချိန် အဇဋာလွင်ပြင် ကောင်းကင်ယံတွင် လပြည့်ဝန်ကြီးသည် ထင်ရှားစွာ ထွန်လင်း နေသလိုမျိုး၊ ကျောင်းအမဝိသာခါသည်လည်း ထိုခေတ်က အလွန်ထင်ရှားသော အမျိုးသမီး ဖြစ်ပါသတဲ့။


   ကျောင်းအမတွင် နောင်တွင် သားဆယ်ယောက်၊သမီးဆယ်ယောက် ထွန်းကားပြီး၊ ထိုသားသမီးတို့မှလည်း နှစ်ဆယ်စီထွန်းကားသဖြင့် မြေးနှစ်ရာ၊ မြစ်ရှစ်ထောင်ရှိပါသည်။ ဝိသာခါဆိုသောအမည်သည် သစ်ခက်သစ်ကိုင်းတို့ဖြင့် ဝေဆာနေသော သစ်ပင်ကြီးပမာ သားမီးမြးမြစ် တို့ဖြင့် ဝိုင်းရန်ဝေဆာနေသူဟူ၍ အဓိပ္ပါယ်ရှိ၏။


   အသက်တစ်ရာ့နှစ်ဆယ်တိုင် ဆံပင်တစ်ပင်မျှ ဖြူခြင်းမရှိဘဲ၊ အမြဲတမ်း တစ်ဆယ့်ခြောက်နှစ် အရွယ် သမီးပျိုကဲ့သို့အလှသွေးမှာ ယုတ်လျော့ခြင်းမရှိ၊ လှဆြွဲကယ်မြဲ-ဟု ဆိုသည်။ “ကျောင်းအကြီးရဲ့ ဝိသာခါ မြေးတွေရတောင် လှနေတာ”ဆိုသော သီချင်းအတိုင်းပင်ဖြစ်၏။
သားသမီးမြေးမြစ်တွေ ခြံရန်ပြီး ကျောင်းတော်သို့ တအုပ်တမကြီးသွားမှဖြင့် “ဘယ်သူက ဝိသာခါကျောင်းမလဲ”ဟု မေးရအောင် သမီးတွေ၊ မြေးမတွေနှင့် အလှခြင်းပြိုင်၍ နုပျိုမြဲ အသွင်ရှိနေသူ ဖြစ်၏။


   အကြင်သူတို့သည် ဝိသာခါကျောင်းအမ သွားနေတာကို မြင်လိုက်ရပါက “အရှင်မ၊ ဆက်ပြီးတော့ အနည်းငယ် လျှောက်ပြပါဦး၊ ကြည်လို့လှလိုပါ” ဟူ၍လည်းကောင်း-


ထိုင်နေတာ၊ ရပ်နေတာ၊ လျောင်းနေတာကို တွေ့မြင်ကြရင်လည်း“အရှင်မရယ်၊ ခဏလေး အဲလိုလေးရပ်ပြပါ၊ ထိုင်ပြပါ၊ အိပ်ပြပါ၊ တယ့်တယ်လွန်းလို့ပါ၊ ကြည့်မဝလို့ပါ”ဟူ၍လည်းကောင်း တောင်းဆိုချင်စိတ်တွေတောင် ဖြစ်ကြရသတဲ့။ ဣရိယာပုထ် လေးပါးလုံး မလှမပ၊ မတင့်တယ်သော အနေအထားမျိုးမရှိဘဲ ဣရိယာပုထ်တိုင်းမှာ လှရက်သူမို့ အကြည့် ခံအလှပိုင်ရှင်ဖြစ်၏။ ခေတ်စကားနှင့်ပြောရရင် “ပက်ပက်စက်စက်ကြီးကို လှတဲ့ကျောင်းအမ” ဟူ၍ ဆိုရပါမည်။


   ဝိသာခါကျောင်းအမမှာ ရောဂါကင်းသော သားသမီးမြေးမြစ်တွေ များလှ၏။ ရောဂါအားလုံး လည်း ကင်းရှင်းကြ၏။ ထိုသားသမီး မြေးမြစ်တို့သည်လည်း တစ်ဦးတစ်ယောက်မျှ အသေအပျောက် မရှိကြ၍ မင်္ဂလာဟုသတ်မှတ်ကြပြီး ပွဲလန်းသဘင်နှင့်ကုသိုလ်ပွဲတို့တွင် ဝိသာခါကျောင်းအမကို အလေးထားပြီး ဖိတ်ကြားကြရကုန်၏။ ကျွေးမွေးဧည့်ခံကြရကုန်၏။


   အကြောင်းမှာ သာဝတ္ထိမြို့တော်မှာ ထိုအခါက ပေါ်ပြူလာအဖြစ်ဆုံး ကိစ္စတစ်ရပ်ကား အနာထပိဏ်ကျောင်းဒကာနှင့်ဝိသာခါကျောင်းအမတို့ မလာရောက်သည့်ပွဲဆို တစ်ခုခုလိုနေသလိုမျိုး ဖြစ်ကြရသတဲ့။သူတို့ပါမှ ပွဲလယ်တင့်ပြီးဂုဏ်အရှိန်အဝါကြီးမားခြင်းကြောင့် ဖြစ်သည်။


ဝိသာခါကျောင်းအမနည်းတူ သက်တမ်းရှည်ကြသူများကို ဗုဒ္ဓလက်ထက်တော်တွင် ဖေါ်ပြပါပုဂ္ဂိုလ်များကို တွေ့ရ၏။


အသက်ရှည်ခြင်းကား လူ့ဘဝ၏ ရနိုင်ခဲသော ဆုလတ်ဖြစ်၏။ ဘုရားရှင်လက်ထက်တော်က လူတို့၏သက်တမ်းသည် နှစ်တစ်ရာတမ်းဖြစ်၏။ အများစုသည် နှစ်တစ်ရာအတွင်း သေဆုံးကြရ ကုန်၏။ ဘုရားရှင် သက်တော်(၈၀)၊အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည် သက်တော် (၇၉)တွင် ပရိနိဗ္ဗာန် စံဝင်တော်မူကြရကုန်၏။


  ဝိသာခါကျောင်းအမ၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ပေါက္ခရသာတိပုဏ္ဏား၊ ဗြဟ္မယုပုဏ္ဏား၊ သေလပုဏ္ဏားနှင့်ဗာဝရိယပုဏ္ဏား တို့သည်အသက်(၁၂၀)။ အရှင်အနုရုဒ္ဓါ(၁၅၀)နှင့် အရှင်ဗာကုလ(၁၆၀) သက်တော်ရှည်ကြကုန်၏။ ရာကျော်နေခွင့်ရသူတို့ကား အနည်းငယ် မျှသာ ဖြစ်ကြကုန်၏။


   ယနေ့ကမ္ဘာတွင် လူဦရေသန်း(၆၀ဝ၀)ဟုဆိုကြ၏။ ရာကျော်အသက်ရှင်သန်ခွင့် ရသူတို့မှာ အလွန်နည်းသည်ကို ထောက်ရှု့၍ အသက်ရှည်ခြင်းကား လူဘဝ၏ ရနိုင်ခဲ့သောအရာ ဧကန်ဖြစ်ပေသည်။


      “ရေစစ်၊ဆေး၊ကျောင်း၊အဟောင်းပြုပြင်၊ဤလေးအင် လူတွင်သက်ရှည်ကြောင်း”ဟူ၍ ဆရာ မြတ်တို့ ဆိုကြ၏။
အသက်ရှည်ရန်-  ရေစစ်(ရေသန့်)အလှူ၊ ဆေးဝါးဓာတ်စာအလှူ၊ ကျောင်းအလှူ၊ ဟောင်းနွမ်း ပျက်စီးနေသော ဘုရားတန်ဆောင်း၊ သိမ်ကျောင်း၊ ဓမ္မာရုံ၊တံထားအိုတံထားပျက် စတာတွေကို ပြုပြင် လှူဒါန်းပေးရမည်ကို ဆုံးမတော်မူခြင်းဖြစ်၏။


ငါးပါးသီလမြဲရန်ကိုလည်း နောက်ဆရာတို့က ထည့်သွင်းတော်မူကြကုန်၏။ ကာမေသု မိစ္ဆာစာရနှင့် သုရာမေရယ လွန်ကဲသူတို့ အသေစောတတ်ကြသည်ကို တွေ့မြင်နေရသောကြောင့် ဖြစ်ဟန်တူသည်။


  သီရိလင်္ကာနိုင်ငံတွင် ဝသဘမင်း နန်းစံခဲ့ဖူးသည်။ပုရောဟိတ်များက မင်းတရား၏ ထီးနန်း စိုစံသက်သည် တစ်ဆဲ့နှစ်နှစ်မျှသာ စိုးစံရပြီး နတ်ရွာစံ ကံတော်ကုန်မည်ဖြစ်ကြောင်းကို သံတော်ဦး တင်ကြသည်။


    ထိုအခါ မင်းတရားက “ယတြာအစီအရင်တွေနဲ့ နန်စံစသက်ကို ဆွဲဆန့်လို့ မရနိုင်ဘူးလား” လို့ မိန့်တော်မူသည်။
မင်းတရား၏ ကုသိုလ်ကံအနေအထားကို ရှုပြီး ဟောကြခြင်းဖြစ်၍ “မရနိုင်ကြောင်းပါဘုရား” လို့ လျှောက်ထားကြ၏။


     လူဘဝဆိုတာ ကုသိုလ်ကံကြောင့် ရတာဖြစ်လို့ ကုသိုလ်ပြတ်ဆဲရင် ခန္ဓာဆိုတာ ပြိုကွဲ တတ်သည့်ဓမ္မတာကို မင်းတရားက သိမြင်ဟန်တူသည်။ ထို့ကြောင့် ကံဖြည့်ကံဆက် ကုသိုလ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ရဟန်းတော်များကို-


   “အရှင်မြတ်တို့ဘုရား၊ ဒကာတော်မင်းရဲ့ နန်းစံသက်မှာ ၁၂-နှစ်လို့ ပရောဟိတ်များက ဟောကြပါတယ်၊ ဒီထက် နန်းသက်တာရှည်အောင် ဘယ်ကုသိုလ်ကို ဆောင်ရွက်ရမှာပါလဲဘုရား” လို့ မေးလျှောက်ရာ-


   “မင်းတရား၊ တိုင်းနိုင်ငံအဝှမ်း ဘုရားအိုဘုရားပျက် ကျောင်းအိုကျောင်းပျက် တံထားအို တံထားပျက် လမ်းဟောင်း လမ်းပျက်တွေကို ပြင်ပါ” လို့ မိန့်တော်မူကြ၏။


   ရဟန်းတော်များမိန့်တော်မူသည့်အတိုင်း အဟောင်းမှန်သမျှ အားလုံးသစ်လွင်အောင် နိုင်ငံအဝှမ်းပြုပြင်တည် ဆောက်ပါတော့သည်။ သို့အတွက် မင်းတရား၏ နန်းစံသက်သည် ၂၄နှစ်လည်းမက၊ ၃၆-နှစ်လည်းမက အသက်ရှည်သွားသတဲ့။ (အခြေပြုပဋ္ဌာန်းတရားတော်)


  ဗုဒ္ဓသာသနာထွန်ကားနေချိန်မှာ ဗုဒ္ဓနည်းကျ ကံကိုပြင်ရမှာ၊ ကုသိုလ်ကံနှင့် ထောက်ကန် ရမှာကို နည်းလမ်းကောင်း အဖြစ် သိမြင်ပြီး ယုံကြည်လေးနက်စွာ မင်းတရား၏ ဆောင်ရွက်ခြင်းကို အသက်ရှည်စွာဖြင့် စည်းစိမ်ခံစားချင်သူများ အဖို့ နမူနာယူချင်စရာ ဖြစ်၏။


   မြတ်စွာဘုရားကိုယ်တော်တိုင် ကောသလမင်းကြီးကို ဟောပြတော်မူသော အသက်ရှည်စွာ အနာမဲ့ရေးအတွက် စားသောက်နေထိုင်နည်း သည်လည်း အလွန်မှတ်သားစရာ ကောင်းလှသည်။


   ကောလမင်းကြီးသည် အစားကို ခုံမင်လှသူဖြစ်သည်။ အစားကြူးလှ၍ ဆန်တစ်စိပ်နှင့် ဆိတ်တစ်ကောင်း စားသူဟုပင် ပြောစမတ်တွင်၏။ ဆန်တစ်စိပ်ကုန်ကြောင်းနှင့်ထိုနှင့်သင့်လျော်သော ဟင်းလျာကို စားကြောင်းကို စာ၌ဖေါ်ပြ၏။


  နေ့စဉ် ပွဲတော်တည်ပြီး ကျောင်းတော်သို့ လာလေ့ရှိသော မင်းတရားသည် ထမင်းဆီယစ်၍ မမြဲမအီမသာ ဖြစ်နေရရှာ၏။ ဘုရားရှေ့မို့ အိပ်နေလို့လည်း မဖြစ်၊ငိုက်မြည်းလျှက် ဆောက်တည်ရာမရ လှုပ်လှုပ်ရွရွ ခန္ဓာကိုယ်ကို ပြင်လို့ချည်နေရ၏။ ဣနြေ္ဒမရလည်း ဖြစ်နေတော့၏။


“မင်းတရား၊ စားသောက်ပြီး အနားမယူဘဲနဲ့ ကျောင်းတော် လာခဲ့တယ်ထင်ရဲ့”


“မှန်လှပါဘုရား၊ ပွဲတော်တည်ပြီးကထဲက အတော်ဒုက္ခရောက်ရတယ်ဘုရား”


“မင်းတရား၊ အစားများရင်တော့ အဲလိုဘဲ ဒုက္ခရောက်ရတာ ဓမ္မတာဘဲ”လို့ မိန့်တော်မူပြီး ဖေါ်ပြပါဒေသနာတို့ကို ဟောပြသည်။


“အစားကြီးက ငိုက်မြည်းရ၏၊
အစားကျွေး၍ မွေးမြူထားရာ၊
ဝက်ပမာနှယ်၊ လူးကာလှိမ့်ကာ
နေရပါ၏။
နည်းစွာအသိ၊နှံနှေးဘိ၍
မလွတ်သံသရာ ဖြစ်မြဲသာတည်း” ဟူ၍ ဖြစ်၏။


အစားကြူးသူသည် အိမ်အောက်တွင် ငယ်စဉ်ကပင် မွေးမြူးထားသော ဝက်သည် အစားတအားစား၍   တအီးအီးတအဲအဲဖြစ်ကာ လူလိမ့်ပြီး မရှုနိုင်မကယ်နိုင်သလို အစားကြူးသူ သည်လည်း ဣရိယာပုထ်တစ်မျိုးဖြင့် ကြာရှည်မနေနိုင်၊ငိုက်မြည်းယိမ်ယိုင်နေရ၏။ အနိစ္စ ဒုက္ခ အနတ္တတင်၍ ဝိပဿနာတရား အားမထုတ်နိုင်သဖြင့် သံသရာဘဝမှမလွတ်မြောက် နိုင်သည်ကို ဟောတော်မူလိုရင်း ဖြစ်သည်။


အသက်ရှည်ဖို့ဆိုရာမှာ သတိရှိစွာဖြင့် အစားအသောက်ကို စားသောက်ရ၏။ မိမိနှင့် သပ္ပါယမျှတသည့် နေထိုင် မှုမျိုးဖြင့် နေတတ်ရ၏။ ကျေညက်လွယ်သောအစာ (အသီးအရွက်)ကို များစွာစားရ၏။ အစာစားပြီးရင် ရေသောက်ရ၏။ထိုအခါ ရောဂါဝေဒနာ နည်းပါး၏။ ဖြေးဖြေးအိုသဖြင့် အရွယ်တင်၏။ အသက်ရှည်၏။ (ဓမ္မပဒ၊ဋ္ဌ၊၂။၃၁၅။)


သာဝတ္ထိမြို့တော်တွင် မိဂါရသူဋ္ဌေး၌ ပုဏ္ဏဝုဎုနအမည်ရှိသော သားတစ်ယောက်ရှိ၏။ ထိုသားအရွယ်ရောက်ချိန်၌ မိဘများက “ချစ်သား၊ ငါ့သား နှက်သက်သဘောကျနိုင်လောက်တဲ့ သတိုး သမီးကို ရှာ၍ အိမ်ထောင်ပြုပါ”


“မိန်းမ မလိုချင်သေးပါဘူးဗျာ”
“ဟ-မလိုချင်လို့ဖြစ်မလား၊ ဇနီးမယားမရှိရင် သားသမီးမရှိနိုင်ဘူး၊ သားသမီးမရှိရင် မျိုးဆက်ပြတ်၍ မျိုးကဏ်းမှာ ပေါ့ကွ” ဟု မိဘများက ဇွတ်မိန်းမ ယူရန်တိုက်တွန်းကြသဖြင့်-


 “ကောင်းခြင်းငါးပါးနဲ့ပြည့်စုံတဲ့ အမျိုးသမီးကိုရရင် အမေတို့အဖေတို့ စကားနားထောင်မယ်” ဟု သားဖြစ်သူကပြောဆိုသောကြောင့် (၁၀၈)ယောက်သော ပုဏ္ဏားတို့ကို ဖိတ်မံကျွေးမွေးဧည့်ခံပြီး “ကောင်းခြင်းငါးပါးနဲ့ပြည့်စုံတဲ့ အမျိုးသမီး ရှိနိုင်ပါသလားလို့” မေးမြန်းကြရာ-


  “ရှိနိုင်ကြောင်း” ပြောဆိုသဖြင့် “ဒါဆို အကူအညီတောင်းလိုပါတယ်၊ ကောင်းခြင်းငါးပါးနဲ့ပြည့် စုံတဲ့အမျိုးသမီးကို ရှာတွေ့ဖို့ ပုဏ္ဏား(၈)ယောက် စေလွတ်ပေးပါ၊ ဥစ္စာများများ ပေးပါမယ်၊ ကောင်းခြင်း ငါးပါးနဲ့ပြည့်စုံတဲ့ သတိုးသမီး တွေ့လို့ပြန်လာရင်လည်း ဒီထက်မကပေးပါဦးမယ်၊ အကယ်၍ တွေ့ခဲ့ ရင်လည်း ဤတစ်သိန်းတန်တဲ့ရွှေပန်းကုံးကို တန်ဆာဆင်ရန် လက်ဆောင်အဖြစ်ပေးခဲ့ပါ” ဟု ဆိုကာ စေလွတ်လိုက်ကြသည်။


   ပုဏ္ဏားများသည် မြို့များစွာသို့ သွားရောက်ကြပြီး ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော အမျိုး သမီးကို လိုက်လံရှာဖွေကြရာ မတွေ့နိုင် ဖြစ်နေ၏။ အမျိုးသမီးများ လွတ်လာစွာ သွားလာနိုင်သည့် နက္ခတ်သဘင်ပွဲနေ့တွင် သာကေတမြို့သို့ ရောက်လာကြ၏။ ယနေ့တော့ ငါတို့ကိစ္စ ပြီးနိုင်တန် ကောင်းဟု တွေးမိကြသတဲ့။


   ထိုနက္ခသဘင်ပွဲကို နှစ်စဉ်ကျဉ်းပလေ့ရှိ၏။ အိမ်တွင်းပုန်း အမျိုးသမီးများသည်ပင် အခြွေအရံများနှင့်ခေါင်းမြီးမခြုံကြတော့ဘဲ မြစ်ဆိပ်သို့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိ၍ ထွက်လာ ကြကုန်၏။


   မင်းသားများ၊ သူဋ္ဌေးသားများကလည်း မျိုးနွယ်တူ ချစ်ခင်စုံမက်နိုင်သည့် သတိုးသမီးကို ချစ်ကြိုးသွယ်နိုင်ဖို့ရန် ပန်းကုံးကိုင်ပြီး လမ်းတလျှောက် စောင့်ဆိုင်းနေကြကုန်၏။ နှစ်သက် သူတွေ့ကလည်း ပန်းကုံးစွတ်နိုင်ဖို့ အသင့်ဖြစ်နေကြ၏။ ပုဏ္ဏားများလည်း မြစ်ဆိပ်တွင် စောင့်ဆိုင်း နေကြသည်။


   သို့နှယ် သဘင်ပွဲဆင်နွဲနိုင်ရန် ၁၅နှစ်၊ ၁၆နှစ်အရွယ်သာသာ ဝိသာခါကျောင်းအမသည် တန်ဆာများစွာဆင်ယင်ခြွေရံများစွာအုပ်စွဲခြံရန်၍ “မြစ်ဆိပ် ရေးချိုးသွားကြမယ်”ဟု ဆိုကာ ဦးဆောင် ၍ ခြေလျှင်လျှောက်လာနေခိုက် မိုးကြီးသီးထန်စွာ ရွာချလိုက်ပါတော့သည်။


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

Views: 336

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service